ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၁
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ဆဲန်ထန်နယ်၊ ဘွန်လုံးကျေးရွာထဲ ယမန်နေ့ အောက်တိုဘာ ၁၉ ရက်နေ့က ဒရုန်းမှ ကြဲချတဲ့ဗုံးအမျိုးအစားဟု ယူဆရတဲ့ ဗုံးကျရောက်ပေါက်ကွဲလို့ အသက်မပြည့်သေးတဲ့ ချင်း ကလေးငယ် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုတွေဆီက သိရပါတယ်။
အိမ်ခေါင်မိုးသွပ်ပြားပေါ် ကျော်ခဲတုံးကြီး ကျလာသလို အသံအကျယ်ကြီး ကြားလိုက်လို့ ထွက်ကြည့်တော့ ဗုံးက ချက်ခြင်း ပေါက်ကွဲသွားတယ်လို့ မိသားစုဝင် တဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပြပါတယ်။
“ကလေးငယ်တွေ ကျောင်းဆင်းပြန်လာပြီး အတူဆော့ကစားနေတဲ့အချိန် အနီးမှာ ကျရောက် ပေါက်ကွဲလာတယ်၊ အဲဒီပေါက်ကွဲတဲ့ ဗုံးဆံတွေက ကလေးငယ် ၃ ဦးကို သွားထိတယ်။ ဒဏ်ရာတွေနဲ့ သွေးတွေအများကြီးဘဲ အဲဒီမှာ နာရီဝှက် လောက်ကြာတော့ ၆ နှစ်အရွယ် ကလေး Henry Bawi Za Lian က အရင်ဆုံးသွားတယ်။ အဲဒီနောက် ညနေ ၆ နာရီကျော်မှာတော့ ၇ နှစ်အရွယ် ကလေး James Siang Zauk ကလည်း ထပ်ဆုံးသွားတယ်။ အဲဒီ ပေါက်ကွဲမှုမှာ Nancy ဆိုတဲ့ ကလေးမလေးလည်း ကျောကုန်းမှာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တယ် အခုသူကတော့ Surkhua တိုက်နယ်ဆေးရုံမှာ ကုသမှု ခံယူနေတယ်” လို့ ပြောပြပါတယ်။
သေဆုံးသွားတဲ့ ၇ နှစ်အရွယ် James Siang Zauk ဟာ ၎င်း၏ ညီမလေး ၁ နှစ်ခွဲအရွယ် နေမကောင်းလို့ သူ့၏ မိဘတွေက ဟားခါးမြို့ပေါ် ဆေးကုသဖို့ ခရီးသွားနေတုန်း အဖိုးနဲ့နှစ်ဦးတည်း အတူရှိနေချိန် အခုလို အဖြစ်ဆုံးနဲ့ ကြုံတွေ့ခဲ့ရတာပါ။
သေဆုံးသွားတဲ့ ကလေးငယ် ၂ ဦး ရုပ်အလောင်းကိုတော့ ကျေးရွာတာဝန်ရှိသူ များက ဦးဆောင်ပြီး ချင်းရိုးရာအရ သဂြိုလ်ပေးခဲ့တာလို့ သိရပါတယ်။
အခုလို ဘွန်လုံးကျေးရွာအတွင်း ဗုံးကျရောက် ပေါက်ကွဲမှုမဖြစ်ခင် အရင်ရက် များမှာတော့ စစ်ကောင်စီ ထောက်လှမ်းရေးဒရုန်း ပျံဝဲနေခဲ့တာကို တွေ့ခဲ့ရ တယ်လို့ ရွာခံတွေက ပြောပြကြပါတယ်။
“အခုဗုံးကျလာတာကတော့ စစ်ကောင်စီဖက်ကနေ ပစ်လာတဲ့ ဗုံးထင်ပါတယ်။ အရင်ရက်တွေ ကတည်းက အမဲရောင်နဲ့ လေယဉ်ပျံသေးသေးတွေလိုမျိုး မကြာခဏ ဆိုသလိုတွေ့ရတယ်”လို့ ရွာခံတဦးက ပြောပြပါတယ်။
ဒါ့အပြင် CDF-Hakha Battalion-2 (ဆဲန်ထန် တပ်ရင်း)က စစ်ကောင်စီက ဒရုန်းနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
အလားတူ ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) က လည်း “စစ်ကောင်စီတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဘွန်လုံးရွာ ကလေး နှစ်ယောက် သေဆုံးခြင်းဖြစ်တယ်လို့” ဆိုထားပါတယ်။
လက်ရှိမှာတော့ ဟားခါးမြို့အပါအဝင်၊ အနီးဝန်းကျင် ကျေးရွာတို့မှာ CDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေး တင်းမာမှု ဖြစ်ပွား နေပြီး နေရာတချို့မှာတော့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုလည်း ဖြစ်နေ တယ်လို့ သိရပါတယ်။