စုဖွဲ့မှုတွေ မြဲစေ
●─ ๑۩۩๑ ─●
-ချစ်ဝင်းမောင်
တိုင်းပြည်ရဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ခုခံတော်လှန်စစ်မှာ ပါဝင်ဆင်နွှဲကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရက တရားဝင် ထုတ်ဖော်ပြောကြား ကြေညာခဲ့တာ တစ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်ဖော် ကြေညာမှု မလုပ်ခင်ကတည်းက နေရာအနှံ့က လူငယ် လူရွယ်အချို့ဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေထံ ရောက်ရှိပြီး စစ်ပညာ သင်ကြားနေခဲ့ကြပါပြီ။
ခုခံတော်လှန်စစ် ကြေညာပြီး တစ်နှစ်ကျော်ကြာတဲ့ ယခုအချိန်ထိ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ အသိအမှတ်ပြုမှု၊ ထောက်ပံ့မှုတွေ မရဘဲ ကိုယ်ထူကိုယ်ထ ရုန်းကန်နေရတဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေလည်း အများအပြား ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေသာမက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အနေနဲ့လည်း ရိက္ခာ၊ လက်နက် အစစအရာရာကို ရုန်းကန် ဖြည့်တင်းနေကြရတာ ဖြစ်ပါတယ်။
ဒီလို ရိက္ခာ၊ လက်နက် အစစအရာရာကို ကိုယ်ထူကိုယ်ထ ရှာဖွေ ဖြည့်တင်းနေကြရတာ ဖြစ်လို့ တပ်ဖွဲ့တိုင်းဟာ မိမိတို့ရဲ့ တပ်ဖွဲ့ကို ပိုမို အင်အားကြီးမားလာစေဖို့၊ ပြည်သူ့ ယုံကြည်အားကိုးမှုတွေ ရရှိဖို့အတွက် နည်းမျိုးစုံနဲ့ တည်ဆောက်နေကြတာကို တွေ့ရပါတယ်။ ရန်သူဖြစ်တဲ့ ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုကို ရင်ဆိုင်နိုင်ဖို့အတွက် ခိုင်မာ အားကောင်းအောင် ဆောင်ရွက်ကြတာဟာ အင်မတန် သဘာဝကျလှသလို လုပ်ဆောင်သင့်တဲ့ ဖြစ်စဉ် တစ်ခုလည်း ဖြစ်ပါတယ်။ သို့သော် ဒီလို ဆောင်ရွက်ကြရင်း တော်လှန်ရေး အင်အားစုတွေကြားမှာ မလိုလားအပ်တဲ့ အားပြိုင်မှု၊ ပွတ်တိုက်မှုတွေ ရှိလာတယ်ဆိုတာကိုလည်း ကြားသိလာရပါတယ်။
မလိုလားအပ်တဲ့ အားပြိုင်မှုတွေ
မကြာသေးမီက ကြားသိရတဲ့ သတင်းတွေအရ လက်နက်အင်အား၊ လူအင်အား ကြီးမားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တချို့ဟာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များကို ဩဇာခံသဖွယ် ဆက်ဆံတာတွေ၊ အနိုင်ကျင့်တာတွေ ရှိတယ်လို့ သိရပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ကာကွယ်ရေးအင်အားစုတွေ အကြားမှာလည်း အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ ပဋိပက္ခ ဖြစ်စဉ်တွေ ဖြစ်လာတာကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ခပ်စိတ်စိတ် တွေ့လာရပါတယ်။
ဩဂုတ်လ ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်တဲ့ ဗိုလ်ကျားကြီးအဖွဲ့တို့ရဲ့ ပစ်ခတ်မှု ဖြစ်စဉ်ဟာ ပြည်သူတွေကြားမှာ စိုးရိမ်ပူပန်မှုတွေနဲ့အတူ စိတ်ဝင်စားမှုတွေ အလွန်မြင့်တက်ခဲ့ပါတယ်။ ၂၀၂၂ခုနှစ် မတ်လက ပေါ်ပေါက်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင် ခရိုင်အတွင်းက ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YMB/PDF)နှင့် သစ္စာခံ တပ်ရင်း/တပ်ဖွဲ့တွေက ဒေသခံ ပြည်သူလူထု အပေါ် ခြိမ်းခြောက် နှိပ်စက်မှုတွေ အပါအဝင် ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သိရှိကြရတဲ့ အချိန်ကလည်း ပြည်သူလူထု အနေနဲ့ စိုးရိမ်ပူပန်ခဲ့ကြရပါတယ်။
ဒီဖြစ်ရပ်တွေဟာ ပြည်သူ့တော်လှန်ရေးကြီး ဖြစ်တဲ့ နွေဦးတော်လှန်ရေးရဲ့ ပုံရိပ်ကို ထိခိုက်လာစေနိုင်ပါတယ်။ ဖော်ပြခဲ့တဲ့ ဖြစ်စဉ်နှစ်ခုဟာ လူသိရှင်ကြားဖြစ်ရပ်တွေ ဖြစ်ခဲ့လို့ ပြည်သူတွေ သိရှိခဲ့ကြရတာဖြစ်ပြီး ဒီဖြစ်စဉ်တွေလို လူသိရှင်ကြား ဆိုးဆိုးရွားရွား မဖြစ်ခဲ့တဲ့၊ မဖြစ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အကြား အငြင်းပွားမှုတွေ၊ အားပြိုင်မှုတွေ ရှိနေပါတယ်။ ဒီလို မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေ ထပ်မဖြစ်လာဖို့ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
ဘုံရန်သူကို တိုက်ကြရင်းဖြင့်
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေက နွေဦးတော်လှန်ရေးကြီးရဲ့ ဘုံရန်သူဟာ အကြမ်းဖက် ဖက်ဆစ် စစ်အုပ်စု ဖြစ်ကြောင်း ကြိမ်ဖန်များစွာ ထုတ်ပြန်၊ ပြောကြားခဲ့တာတွေ ရှိပါတယ်။ ဒီလို ထုတ်ပြန်၊ ပြောကြားမှုတွေကြားကနေ မိမိတို့ရဲ့တပ်ဖွဲ့ကို ပိုမို အင်အားကြီးမားလာစေဖို့၊ ပြည်သူ့ ယုံကြည်အားကိုးမှုတွေ ရရှိဖို့အတွက် မိမိတို့ရဲ့ တပ်ဖွဲ့ကို အားကိုးယုံကြည်ထိုက်ကြောင်း ပြောဆို ထုတ်ပြန်နေကြတာကို တွေ့ရပါတယ်။
ဒီလို မိမိတို့ရဲ့ တပ်ဖွဲ့ကို အားကိုးယုံကြည်ထိုက်ကြောင်း ပြောဆို ထုတ်ပြန်ကြရာမှာ ကိုယ့်တပ်ဖွဲ့ရဲ့ ရပ်တည်ချက်၊ ဆောင်ရွက်ချက် အစစ်အမှန်တွေကို အမွှန်းတင် ပြောကြားခြင်းဟာ အားပေးထိုက်တာ မှန်လှပေမယ့် အခြား တပ်ဖွဲ့တွေ၊ အင်အားစုတွေကို ချိုးနှိမ်၊ ခုတုံးလုပ်ပြီး ကိုယ့်တပ်ဖွဲ့ကို အမွှန်းတင် ပြောကြားခြင်းမျိုးကတော့ ရှောင်ရှားကြရမှာ၊ ဖယ်ကြဉ်ရမှာ ဖြစ်ပါတယ်။
ဘုံရန်သူဟာ အကြမ်းဖက် ဖက်ဆစ် စစ်အုပ်စုပဲ ဖြစ်ပါတယ်။ မိမိရဲ့တပ်ဖွဲ့ကို အားကိုးယုံကြည်ထိုက်ကြောင်း ပြောဆိုထုတ်ပြန်ရာမှာ အခြားတော်လှန်ရေး အင်အားစုများကို ချိုးနှိမ်၊ ခုတုံးလုပ်ပြီး ကိုယ့်တပ်ဖွဲ့ကို အမွှန်းတင် ပြောကြားခြင်းမျိုးဟာ “ငါနဲ့ ငါ့အဖွဲ့က လွဲပြီး ကျန်တဲ့အဖွဲ့အားလုံးဟာ ဘုံရန်သူ”ဆိုတဲ့ အပြုအမူသာ ဖြစ်ပါတယ်။ ရှောင်ရှားကြရမယ့်၊ မလုပ်အပ်တဲ့ ကိစ္စဆိုတာ အမြဲ သတိချပ်ကြရပါမယ်။
ပွတ်တိုက်မှုတွေ ထပ်မဖြစ်စေဖို့ ဒါတွေလို
တော်လှန်ရေး အင်အားစုတွေကြားမှာ မလိုလားအပ်တဲ့ အားပြိုင်မှု၊ ပွတ်တိုက်မှုတွေ ထပ်မံ မဖြစ်ပေါ်လာစေဖို့ နွေဦးတော်လှန်ရေးကြီးရဲ့ ပန်းတိုင်ဟာ ” စစ်အာဏာရှင် စနစ် အကြွင်းမဲ့ ပပျောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ထွန်းလာဖို့”ဆိုတာကို အမြဲ ဦးထိပ်ထားကြရပါမယ်။ တော်လှန်ရေး အင်အားစုများအကြားမှာ အပြန်အလှန် လေးစားပြီး နားလည်မှု၊ ယုံကြည်မှုတွေ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ကြဖို့ လိုပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးမှာ အောက်ခြေ တပ်စိတ် အဆင့်ကနေစပြီး အဆင့်ဆင့်မှာ ခိုင်မာအားကောင်းတဲ့ အမိန့်ပေးကွပ်ကဲမှု စနစ်တွေ စနစ်တကျ တည်ဆောက်ဖို့ လိုပါမယ်။ ဒေသအလိုက် ကာကွယ်ရေးအင်အားစု အချင်းချင်း ထိရောက်တဲ့၊ ကျစ်လျစ်တဲ့ မဟာမိတ်စုဖွဲ့မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဖော်ဆောင်ဖို့ လိုပါတယ်။
ပြည်သူ့ကြားက ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ ဖြစ်တာနဲ့အညီ ပြည်သူကို ဦးထိပ်ထား ကာကွယ်စောင့်ရှောက်ရေးကို အစဉ် နှလုံးသွင်းကြရပါမယ်။ “ပြည်သူ့အတွက် ထီးတွေ ဖြစ်ကြဖို့ လိုပါတယ်။ ပြည်သူ့အတွက် မီးတွေ မဖြစ်အောင် ပြုမူ နေထိုင်ရပါမယ်”။
ပြည်သူအပေါ် ကျင့်ကြံရမယ့် ကျင့်ဝတ်တွေ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ နောက်ဆုံး သုံ့ပန်းတွေ အပေါ် ကျင့်ကြံရမယ့် ကျင့်ဝတ်တွေ အားလုံးကို လေးစား လိုက်နာ ကျင့်ကြံကြဖို့ အထူးလိုအပ်ပါတယ်။ လိုအပ်တဲ့ နိုင်ငံရေး၊ စစ်ရေး သင်တန်းတွေကိုလည်း တပ်ဖွဲ့ အသီးသီးမှာ စနစ်တကျ သင်ကြား ပျိုးထောင်ကြရပါမယ်။
ဆိုခဲ့တဲ့ လိုအပ်ချက်တွေကို ကြိုးစားဖြည့်ဆည်းပြီး ခိုင်မာ အားကောင်းတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေသာ အပြိုင်းအရိုင်း ဖြစ်ပေါ်လာပြီဆိုရင်၊ အဲ့ဒီလို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စုဖွဲ့မှုတွေက မြဲမြံလာပြီဆိုရင် အရိုင်းအစိုင်း ဖက်ဆစ် စစ်အုပ်စုရဲ့ ကျဆုံးခန်းဟာ ပိုမို မြန်ဆန်စွာ ရောက်လာမှာ ဖြစ်ပါကြောင်း…
(မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်၏ အတွဲ(၁)၊ အမှတ်စဉ်(၃၆)တွင် ဖော်ပြထားသည့် ဆောင်းပါးကဏ္ဍမှ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။)