– အနာ နိုင်ငံတော်ထဲ ။
သူလဲ ရ ကိုယ်လဲ ရ ခဲ့တဲ့
သူလို ကိုယ်လို ဒဏ်ရာများ
ဆိုတော့…
သူ ပြောစရာမလို ကိုယ် ပြောစရာမလိုသော ဒဏ်ရာများ ဖြစ်တယ် ။
သူ့ စိတ် မလန်းသလို
ကိုယ့် စိတ်မှာလည်း နွမ်းလျဆဲ
သူ ပြော သလို ကိုယ် မောနေတာ
ကိုယ် ထင်သလို သူ အရင်လို ဘယ် အဆင်ပြေနိုင်မလဲ
သူ့ ခေတ် ကိုယ့်ခေတ်လဲ မင်းသိတဲ့အတိုင်း
မလို့….
သူ့ အပြစ်ကို ကိုယ် ဖာထေး
ပြီးရင်
ကိုယ့် အပြစ်ကို သူ ရှာမတွေး… ။
သူလဲ နာ ကိုယ်လဲ နာ မလို့
သူက ကိုယ့်ကို ညှာ
ကိုယ်က သူ့ကို ညှာ
အဲသလို ညှာညှာတာတာ … ။
သူလဲ ခံ ကိုယ်လဲ ခံ ဆိုသော်လည်း
သူလဲ မှန် ကိုယ်လဲ မှန် နေဆဲ… ။
သူ ငိုရင်
အတူဆိုမယ့် သီချင်းတစ်ပုဒ် ရှိပြီးတော့
ကိုယ် ငိုရင်
ကြိုဆိုမယ့် ရင်ဘတ်လေးတွေဟာ တန်းတန်းစီ… ။
သူ့ပြည် ကိုယ့်ပြည် ထဲ
သူ့ညီ ကိုယ့်ညီ လဲ တကွဲတပြား… ။
ကိုယ့်လက်ကို သူ တွဲပြီး
သူ့လက်ကို ကိုယ် ဆွဲ လို့
သူပြေး ကိုယ်ပြေး ဒီ ဘေးကြီးထဲ…
ကိုယ့် ဒဏ်ရာမှာ သူ့ သွေး လာကပ်နိုင်သလို
သူ့ ဘေးမှာလဲ ကိုယ့်သွေးဟာ ပေချင်ပေမှာပဲ လေ
ဟူး ………
သူ့ အတွေး ရော ကိုယ့် အဆွေးရောဟာ ခြောက်ခြားစရာ
သို့သော်လည်း
သူရော ကိုယ်ရောဟာ ခြောက်ခြားစရာကို ကြောက်မသွား
သူ လုပ်နိုင်တာ သူ လုပ်ပြီး
ကိုယ် လုပ်နိုင်တာ ကိုယ် လုပ်ရင်း
သူ လိုချင် ကိုယ်လိုချင်နေခဲ့တဲ့ လွတ်လပ်ရေး အစစ်
သူ ရချင် ကိုယ်ရချင်နေခဲ့တဲ့ လွတ်လပ်ရေး အစစ်
ထို လွတ်လပ်ရေး အစစ်ကိုသာ
သူ လဲ ခေါ် ကိုယ်လဲ မျှော်…. ။
လူမိုက်ကို
သူတိုက် ကိုယ်တိုက် ဖိုက် နေရတဲ့ နေ့ရက်တွေမှာ
ကိုယ် နှလုံးမအေးသေးပါ ဆိုလို့
သူ အရှုံးမပေးသေးတာ တဲ့ ……
အဲ သလို
သူသူကိုယ်ကိုယ် လောကဓံလေးတွေကို
တူတူကြိုဆို ခဲ့တယ် ။ ။
– ကြည်လင်