ဓာတ်ပုံ – KNU
ဖက်ဒရယ်ဂျာနယ်၊ သြဂုတ် ၈
ကရင်အမျိုးသားအစည်းအရုံး KNU စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲကို လာရောက် ပစ်ခတ် စစ်ကောင်စီ လေယာဉ်တစ်စီး လက်နက်ထိမှန်ပြီး အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ဒီကနေ့ သြဂုတ် ၈ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်က လေယာဉ် နှစ်စီးနဲ့ ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ စာသင်ကျောင်းအနီးတဝိုက်မှာ (၅)ကြိမ် ပစ်ခတ်ခဲ့ပြီး အဲဒီပစ်ခတ်မှုအတွင်း သစ်ပင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်
လာရောက် ပစ်ခတ်တဲ့ စစ်ကောင်စီ လေယာဉ်တစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)က ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် စက်ချို့ ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်းဝန်းအတွင်းသို့ အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။
အဲဒီ လေယာဉ် နှစ်စီးနဲ့ လာရောက် မပစ်ခတ်မီ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့ ညနေ ၄ နာရီလောက်ကလည်း စစ်ကောင်စီတပ်က ဒိုးဒါးတာစုံကျေးရွာကနေ ကျောက်စရစ်ကျေးရွာသို့ ဝင်ရောက်လာတာကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)နဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှု မသိရသေးပါဘူး။
နှစ်ဖက်တိုက်ပွဲကြောင့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနဲ့ တောကြောင်ပေါက်ကျေးရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။