ဆောင်းပါး

ဗမာတို့ မြင်ဖို့

*ဗမာတို့ မြင်ဖို့*

ဗမာလူမျိုးကြီးဝါဒ ရှိနေတာ၊ အဲဒီ့လိုရှိနေတယ်ဆိုတာကို ဗမာအများစုက မမြင်တာဟာ ပြည်တွင်း စစ်သက်ဆိုးရှည်ရခြင်း၊ မငြိမ်းချမ်းရခြင်း အကြောင်းရင်းတစ်ခုပဲ။

ဒီအဆိုကို ကန့်ကွက်မယ့်၊ ငြင်းမယ့်သူတွေ အများကြီးပေါ်လာမယ်ဆိုတာ ကျမသိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူများစုကြီးဖြစ်တဲ့ဗမာတွေဟာ ကိုယ့်ကိုယ်ကို ဗမာလူမျိုးကြီးဝါဒီလို့ မမြင်ကြလို့ပါ။

ဗမာလူမျိုးကြီးဝါဒ ရှိတယ်လို့ ပြောတဲ့သူဟာ ဖြိုခွဲရေးသမားပဲလို့ ဗမာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုတာကိုတွေ့ရတာကြောင့် ဒီစာကို ကျမရေးဖြစ်တာပါ။ (ကျမက ကိုယ့်ကိုယ်ကို လူကို လူလို့မြင်တဲ့ လူတစ်ယောက်လို့ပဲ မှတ်ယူပါတယ်။ ဒါပေမဲ့ ရွေးချယ်ခွင့်မရှိတဲ့ မွေးဖွားခြင်းအကျိုးပေးအရ  ဗမာသွေးရာခိုင်နှုန်းများများရောနှောနေတဲ့လူတစ်ယောက်၊ National identityနဲ့ လူမျိုးစု တထပ်တည်းကျနေတဲ့ မှတ်ပုံတင်ကဒ်ပါ ဗမာ/ဗုဒ္ဓ တစ်ယောက် ဖြစ်နေတာကြောင့်၊ ဒီနေရာမှာ ဗမာမှုပြုခြင်းနဲ့ ဗမာလူမျိုးကြီးဝါဒအကြောင်း ဗမာအချင်းချင်း ဗမာတွေကို ပြောခွင့်ရှိတယ်လို့ မြင်ပါတယ်။ ဒါဟာ ပြည်ထောင်စုမှာ ဗမာနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေအကြား တန်းတူညီမျှရေး၊ တရားမျှတရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပါတယ်။)

တကယ်တော့ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်ပြီး  ကိန်းဝပ်နေတဲ့၊ မြင်လွှာမှာ တိမ်သလ္လာဖုံးကာခံထားရတဲ့ ဒီလူမျိုးကြီးဝါဒအနာစိမ်းရှိနေတယ်ဆိုတာကို အရှိအရှိအတိုင်း ဖွင့်ထုတ် သိမြင်လက်ခံကြ၊ ဆွေးနွေးကြ ၊ ဆင်ခြင်ကြ၊ ပြုပြင်ပြောင်းလဲကြတာကြောင့် ပြည်ထောင်စုကြီး ပြိုကွဲစရာ မရှိပါဘူး။ ဒီအနာစိမ်းဝါဒကြီးကို မျက်ကွယ်ပြုပြီးနေရင်သာ အနာပိုရင်း ပိုဆိုးမယ့် ဆိုးကျိုး ရှိတာပါ။

ဗမာလူမျိုးကြီးဝါဒရှိတယ်ဆိုတာကို လက်မခံကြသရွေ့၊ မချေချွတ်ကြသရွေ့ အမျိုးသားပြန်လည်ရင်ကြားစေ့မှု ရမှာမဟုတ်ဘူး။ ပြည်တွင်းစစ်တွေ ရပ်စဲမှာမဟုတ်ဘူး။ ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာမဟုတ်ဘူး။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအိပ်မက် ရွှေပြည်တော်မျှော်တိုင်းဝေးဦးမှာပါ။ ဒါကြောင့် ဒီဝါဒကိုသာ ဆေးကြော ဖောက်ထုတ် ကုသသင့်တာပါ။  ဒီလိုကုသဖို့တာဝန်ဟာလည်း ဗမာတွေကိုယ်တိုင်မှာသာ တာဝန်လုံးလုံးရှိတယ်လို့ မြင်ပါတယ်။ 

ဒီတော့ ဗမာအရပ်သားပြည်သူ လူများစုအမြင်မှာ ဒီဝါဒက invisible  ဖြစ်နေစေအောင် ဘယ်အရာတွေက ဖုံးကွယ်ထားသလဲ။ ဒါမှမဟုတ် ignorance ဖြစ်နေကြတာလား။ ဗမာတွေကို ဖိနှိပ်သူလူမျိုးစုလို့ ကျန်လူမျိုးစုတွေက ဘာကြောင့်ရှုမြင်ကြပြီး၊ ဗမာတွေကိုယ်တိုင်ကကျတော့ ကိုယ့်ကိုယ်ကို ဘာကြောင့် အဲဒီ့လိုမမြင်ကြတာလဲ ဆိုတာကို ကျမတို့တွေ နားလည်အောင်စောကြောကြဖို့ လိုပါတယ်။

“တခြားဘယ်တိုင်းရင်းသားလူမျိုးစုအပေါ်မှာမှ တို့က မတရားသဖြင့် သဘောမထားဘူး၊ မဆက်ဆံဘူး။ တိုင်းရင်းသားတွေကို တို့ကချစ်တာပဲ။”လို့ အရပ်သားပြည်သူဗမာတွေက ယုံကြည်ကြပါတယ်။ လူမျိုးရေးခွဲခြားမှုဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ပဲသက်ဆိုင်တယ်၊ လူတစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းမတူ အပြုအမူချင်းမတူကြလို့ လူတစ်ယောက်ချင်းစီ ကောင်းမှု မကောင်းမှု အပေါ်မှာသာ မူတည်တယ်၊ စနစ်ကြီးနဲ့ ဝါဒကြီးနဲ့ ခွဲခြားထားတာ မရှိဘူးလို့လည်း ယူဆတတ်ကြပါတယ်။

ဗမာအများစုရဲ့ အမြင်ကတော့  “စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုဒဏ်ကို ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေ ခံစားရသလို ဗမာတိုင်းရင်းသားလူမျိုးစုလည်း ခံစားရတာပဲ၊ အာဏာရှင်ဖိနှိပ်မှုဒဏ် ခံကြရတာ အတူတူပဲ” ဆိုတဲ့ အမြင်ပါ။ ၁၉၈၈ဒီမိုကရေစီအရေးတော်ပုံ ချေမှုန်းခံရပုံနဲ့ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေးကာလဟာ သက်သေတွေပေါ့။ နောက်ပြီး “ဆင်းရဲနွမ်းပါးဒုက္ခရောက်မှုကို တိုင်းရင်းသားဒေသတွေမှာ ခံစားရသလို ဗမာအများစုနေထိုင်ရာဒေသတွေမှာလည်း ခံစားနေရတာ အတူတူပဲ။ အညာမှာဆို စားစရာတောင်မရှိတဲ့ ဗမာတွေ အများကြီးပဲ” လို့ ပြောကြပါတယ်။ “စစ်တပ်ဟာ ဗမာအများစုပါတဲ့ ဗမာစစ်တပ်ဖြစ်တာကိုထောက်ပြီး စစ်တပ်လုပ်သမျှဟာ ဗမာလုပ်တာပဲလို့ အခြားတိုင်းရင်းသားတွေက မဆီမဆိုင်ရောမြင်တာဟာ မတရားဘူး။” လို့လည်း အမြဲတစေ ငြင်းချက်ထုတ်လေ့ရှိကြပါတယ်။ “ဗမာလူမျိုးကြီးဝါဒက ငါနဲ့ဘာဆိုင်လို့လဲ။ ငါလည်း ဘယ်တိုင်းရင်းသားကိုမှ မတရားမလုပ်ဘဲနဲ့” လို့ ဗမာတစ်ယောက်က တွေးမိနိုင်ပါတယ်။

ဒါပေမဲ့ တကယ်တော့ လူမျိုးကြီးဝါဒဆိုတာဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပြောတာမဟုတ်ပါဘူး။ စနစ်အရ ဒီဝါဒတစ်ခုကနေ အကျိုးကျေးဇူးခံစားနေရတာကို လူမျိုးကြီးဝါဒလို့ ခေါ်တာပါ။ ကိုယ်တိုင်ကျူးလွန်တာမဟုတ်ပေမယ့် ကျူးလွန်တဲ့စနစ်ကနေ အကျိုးကျေးဇူးကိုခံစားခွင့်ရတာကလည်း လူမျိုးကြီးဝါဒပါပဲ။

ဗမာဖြစ်တာကြောင့်မို့လို့ ရနေတဲ့ အလိုအလျောက်အခွင့်အရေး၊ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေထက်စာရင် အကျိုးခံစားခွင့်ပိုရှိတဲ့ invisible privilegeတွေရှိပါတယ်။ တကူးတကပိုကြိုးစားအားထုတ် တွန်းဖွင့်စရာမလိုဘဲ ဗမာဖြစ်နေမှုကြောင့် ပွင့်တဲ့ invisible doorတွေ ရှိပါတယ်။

ခါကာဘိုရာဇီကနေ ဝိတိုရိယအငူအထိ၊ ရှမ်းကုန်းပြင်မြင့်အရှေ့စွန်းဆုံးအချွန်းလေးကနေ ရခိုင်အနောက်စွန်းဆုံးအထိ၊ မြန်မာနိုင်ငံမြေပုံဧရိယာတခုလုံး အရှေ့အနောက်တောင်မြောက် တနိုင်ငံလုံးကို ငါတို့မြန်မာပြည်လို့ ဗမာတိုင်းရင်းသားလူမျိုးစု လူများစုက မြင်ကြ ခံစားမိကြတတ်ပါတယ်။ ဒါပေမဲ့ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစု အများအပြားရဲ့အမြင်မှာတော့ အဲဒီ့လို တနိုင်ငံလုံးကို ငါတို့ပြည်လို့ မခံစားနိုင်အောင်၊ ကိုယ်နေထိုင်ရာဒေသကိုပဲ ကိုယ့်ပြည်လို့ မှတ်ယူရအောင် နှစ်ပေါင်း(၇၀)ကျော်ခါးသီးတဲ့သမိုင်းက ဟန့်တားခံထားရပါတယ်။

လူမျိုးစုအချင်းချင်းကြားမှာ တန်းတူညီမျှမှုမရှိဘူးလို့ ဗမာမဟုတ်တဲ့လူမျိုးစုတွေက မြင်နေကြချိန်မှာ ဗမာတွေကတော့ အဲဒီ့လိုမမြင်ကြပါဘူး။ ပွဲလမ်းသဘင်တွေမှာ အရောင်အသွေးစုံလှပတဲ့ တိုင်းရင်းသားဝတ်စုံဝတ် ဖျော်ဖြေကပြမှုရှိတာ၊ တိုင်းရင်းသားဝတ်စုံလေးတွေကြိုက်တာ ၊ ရခိုင်မုန့်တီကြိုက်တာ၊ နန္ဒာလှိုင် စိုင်းစိုင်းခမ်းလှိုင် နေတိုး သက်မွန်မြင့် လေးလေးဝါး လုလုအောင်တို့ကို အားပေးတာ အစရှိတာတွေဟာ ဗမာတွေက လူမျိုးမခွဲခြား အားလုံးကိုတပြေးညီစိတ်ထားတာပဲလို့ ပြောကြပါတယ်။ တိုင်းရင်းသားဒေသတွေကို ဗမာတွေက ခရီးထွက်နေကြတာပဲ၊ မခွဲခြားတတ်ဘူးလို့လည်း ဆိုပြန်ပါတယ်။ ဒါပေမဲ့ အဲဒီ့လို စားကောင်းတဲ့အစားအစာကိုကြိုက်တာ၊ celebrityကိုကြိုက်တာ၊ ခရီးသွားတွေအတွက် လမ်းပန်းပွင့်တဲ့ သာယာလှပတဲ့နေရာကွက်ကွက်လေးတွေကို သွားတာဟာ ပြည်တွင်းစစ်ပဋိပက္ခဒဏ်ကို ခံစားနေခဲ့ရတဲ့ ဒေသခံလူမျိုးစုတွေအကြောင်းကို နားလည်မှုလို့ ပြောလို့မရပါဘူး။ ဟိုင်းဝေးလမ်းမကြီးတွေ၊ ဖွံ့ဖြိုးမှုအထိုက်အလျောက်ရှိတဲ့ ပြည်နယ်မြို့တော်လေးတွေ၊ ရှုမဆုံးအောင်လှပတဲ့တောင်တန်းနယ်တွေရဲ့ မျက်နှာပြင်အောက်မှာတော့ သမိုင်းခါးခါးတွေအပြည့်ပါ။ ၁၉၇၃ခုနှစ်ထုတ် စိုင်းခမ်းလိတ်ရေးပြီး၊ စိုင်းထီးဆိုင် ဆိုခဲ့တဲ့ ‘တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ’ ဆိုတဲ့သီချင်းကို နားဆင်ခံစားကြည့်ကြစေချင်ပါတယ်။

“…ကဗျာဆရာတွေ၊ ဒါရိုက်တာတွေနဲ့ သီချင်းစပ်ဆရာတွေ၊ စာရေးဆရာတွေ မြင်တာတွေ ပြန်ပြန်ပြီးပြောပြတာတွေ တကယ်ထပ်လို့နေ၊ တောင်ပေါ်မြေရဲ့ လှပမှုကို မြင်ကာနေတဲ့ ပရိသတ်များမလေ၊ တောင်ပေါ်မြေရဲ့တခြားတဖက်တမျက်နှာမှာ ဘာတွေရှိမှန်းမသိကြပေ၊ တောင်ပေါ်မြေရဲ့ တခြားတဖက်မျက်နှာမှာ ချယ်ရီတွေလည်း ယမ်းနံ့စွဲနေ၊ သာယာတယ်ဆိုတဲ့ ထင်းရှုးတောတွေဟာ လောင်ရာတွေနဲ့ရုပ်ပျက်နေ၊ မြင်စရာတွေ တကယ်တမ်းပြောပြစရာတွေ ပုံလို့သာနေ၊ အကိုတို့ရေ ပျော်နေတဲ့အိပ်မက်ကနေ အပြင်ထွက်ခဲ့လေ…” တဲ့။

မြန်မာနိုင်ငံမှာ “တိုင်းရင်းသားလား”လို့ မေးလိုက်တဲ့မေးခွန်းဟာ ဗမာမဟုတ်တဲ့လူမျိုးစုတစ်ခုခုကလားလို့ ဆိုလိုတာဖြစ်နေပါတယ်။ တိုင်းရင်းသားဆိုတာကို ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတစ်ခုခုကိုပဲ ဗမာ့လူ့အဖွဲ့အစည်းမှာ ရည်ညွှန်းလာခဲ့တာ နှစ်အတော်ကြာပါပြီ။ တကယ်တော့ ဗမာကိုယ်တိုင်ဟာလည်း တိုင်းရင်းသားလူမျိုးစုတစ်ခုပဲ ဆိုတာကို မေ့လျော့သတိမမူမိတော့ဘဲ ဗမာက ပင်မလူမျိုး၊ ကျန်လူမျိုးစုတွေကတော့ တိုင်းရင်းသားတွေ ဆိုတဲ့အသွင်ဟာ ဗမာကြီးစိုးထားခဲ့တဲ့အုပ်ချုပ်ရေးကာလအဆက်ဆက်မှာ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဗမာဟာ တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်ပြီး မြန်မာကတော့ တိုင်းရင်းသားလူမျိုးစုအားလုံးကိုကိုယ်စားပြုတဲ့အမည်လို့ နိုင်ငံအမည်ကိုပြောင်းခဲ့တဲ့ စစ်အစိုးရက တရားထူထောင်ခဲ့ပါတယ်။ ဒါပေမဲ့ ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာစကားဟာ ဗမာလူမျိုးစုရဲ့စကားဖြစ်ပြီး မြန်မာစာဟာ ဗမာစာဖြစ်တာကိုကြည့်ရင် မြန်မာနဲ့ဗမာဟာ အတူတူပဲ၊ National identityနဲ့ လူမျိုးစု နှစ်ပေါက်တစ်ပေါက်ရိုက်တာပဲဆိုတာ အရှင်းကြီးပါ။

ဗမာမှုပြုခံရခြင်းကို ဥပမာတခုပြောရရင်- ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေဟာ လူ့လောကထဲရောက်ရောက်ချင်း မွေးစာရင်းမှာကတည်းက ခံစားကြရသလို မွေးစာရင်းမလုပ်နိုင်သူတွေဟာလည်း သူငယ်တန်းစတက်ကတည်းက ခံကြရလေ့ရှိပါတယ်။ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုဝင် အများစုမှာ လူတစ်ယောက်ကို နာမည်နှစ်မျိုး ပိုင်ဆိုင်ထားကြရပါတယ်။ မိခင်ဘာသာအမည်နဲ့ ဗမာအမည်ပါ။ ကျောင်းစအပ်ချိန်မှာ ဗမာတိုင်းရင်းသားလူမျိုးစုဝင် ဆရာမဖြစ်သူက  ကျောင်းသားကလေးငယ်ရဲ့တိုင်းရင်းဘာသာစကားအမည်ကို မခေါ်တတ်တာ၊ ခေါ်ဖို့ ရေးဖို့ခက်တာ စတဲ့အကြောင်းပြချက်တွေကြောင့် ဗမာနာမည်ကို ဆရာမစားပွဲမှာတင် အမည်ပေး ကင်ပွန်းတပ်ပြီး ဖောင်ထဲဖြည့်ထည့်လိုက်တတ်ကြတာလည်း အများအပြားပါ။ ကိုယ့်နာမည်မဟုတ်တဲ့ ကိုယ်မပေးတဲ့ ဗမာနာမည်နဲ့ နေဖို့ဖြစ်လာရသူတွေ အများကြီးရှိပါတယ်။

မူလတန်းမှာပညာစသင်ကတည်းက ဗမာဘာသာစကားနဲ့ စာသင်ကြားရတယ်။ ဗမာကလေးငယ်တယောက်အတွက် ဒါဟာ ဘာမှမထူးဆန်းပေမယ့် နယ်စပ်ဒေသတလျှောက်က ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုကလေးငယ်အတွက်တော့ အခက်အခဲတခုပါပဲ။ မိခင်ဘာသာစကားမဟုတ်တဲ့ ဗမာဘာသာစကားကို တဆင့်ဘာသာပြန်ပြီး နားလည်အောင် လုပ်ကြရတဲ့အခါ ဗမာကလေးငယ်ထက် နှစ်ဆပို အခက်အခဲကြုံကြရပါတယ်။ ဒါ့အပြင် ကဗျာတွေ၊ စကားပြေတွေ၊ ဇာတ်ထုပ်တွေ အရာရာဟာ ဗမာ့ရိုးရာယဉ်ကျေးမှုတွေပဲ ဖြစ်နေပြန်တယ်။ မြန်မာ့သမိုင်းဆိုတာကိုသင်ကြတဲ့အခါမှာလည်း မြန်မာနိုင်ငံလို့ခေါ်တဲ့နိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးစုအသီးသီးကို ကိုယ်စားမပြုဘဲ ဗမာတိုင်းရင်းသားလူမျိုးစုရဲ့သမိုင်းရာဇဝင်နဲ့ သားအဖချင်း မိသားစုချင်း ဆွေမျိုးချင်း အပြန်အလှန်သတ်ဖြတ်နန်းလုပွဲတွေ၊ တိုင်းရင်းသားလူမျိုးစုလူနည်းစုတွေအပေါ် ဘယ်လိုနှိမ်နှင်းခဲ့ပုံ၊ ဗမာအင်ပါယာကြီး ကြီးကျယ်ခမ်းနားခဲ့ပုံတွေကိုသာ သင်ကြရပြန်တယ်။ ကျောင်းမှာ တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်တာကအစ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား စတဲ့ အသင်းဝင်တွေအဖြစ် ဗမာအင်ပါယာဟောင်းတွေကို ကိုယ်စားပြုစရာကြံုရတယ်။ တောင်သုံးလုံးလောက် ခြေကျင်လျှောက်ကျော်ဖြတ်ပြီး ခနော်နီခနော်နဲ့ မည်ကာမတ္တဝါးတဲကျောင်းလေးမှာ မိခင်ဘာသာစကားမဟုတ်တဲ့ သိပ်နားမလည်တဲ့ဘာသာစကားနဲ့ သင်နေရတဲ့၊ ကိုယ့်ရိုးရာမဟုတ်တဲ့ မကျွမ်းဝင်တဲ့ရိုးရာမှာအသင်ခံရတဲ့၊ ကိုယ့်သမိုင်းမဟုတ်တာကို ကိုယ့်သမိုင်းအဖြစ်အသင်ခံရတဲ့၊ ကလေးငယ်တွေ အများကြီးတွေ့ဖူးပါတယ်။ တရားဝင်ရုံးသုံးဘာသာစကားအဖြစ် ဘာသာစကားတစ်ခုတည်းကိုသုံးမှ အဆင်ပြေမယ်ဆိုရင်တောင်မှ နိုင်ငံရဲ့၄၀ရာခိုင်နှုန်းရှိတယ်ဆိုတဲ့ကျန်လူမျိုးစုတွေဟာလည်း သူတို့ရဲ့မိခင်ဘာသာစကားကို သူတို့ထိန်းသိမ်းမြှင့်တင်ခွင့်၊ မိခင်ဘာသာစကားနဲ့ စာသင်ကြားခွင့်ရှိသင့်တယ်ဆိုတဲ့အချက်ကို ဗမာတွေက လက်ခံအကောင်အထည်ဖော်ရမှာပါ။ ဗမာအများစုလွှမ်းမိုးထားတဲ့ အစိုးရအဆက်ဆက်အနေနဲ့ နယ်စပ်ဒေသတွေ ဝေးလံခေါင်ဖျားဒေသတွေမှာ စာသင်ကျောင်းအပါအဝင် အခြေခံအဆောက်အအုံပြည့်စုံအောင် မလုပ်ပေးနိုင်၊ ဆရာ/ဆရာမ လောက်လောက်ငင မရှိ၊ ရှိတဲ့ ဆရာ/ဆရာမတွေကလည်း ဒေသခံတိုင်းရင်းသားလူမျိုးဘာသာစကားကို မတတ်၊ ဒေသခံကျောင်းသားတွေကလည်း ဗမာစကားကိုမတတ်တဲ့ နေရာတွေအများအပြားရှိနေတာမို့ မိခင်ဘာသာစကားနဲ့သင်ကြားခွင့်ကို အပြည့်အဝအကောင်အထည်ဖော်ရပါမယ်။

အိမ်နီးချင်းတရုတ်နိုင်ငံဟာလည်း လူများစုဟန်တွေအပါအဝင် လူမျိုးစု(၅၆)ခုရှိတဲ့ လူမျိုးပေါင်းစုံနိုင်ငံဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တရုတ်ဟာ အတုယူစရာနိုင်ငံတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်ပြည်မမှာ မန်ဒရင်းဟာ တရားဝင်နိုင်ငံတော်ဘာသာစကားဖြစ်ပြီး လူနည်းစုလူမျိုးစုတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာလည်း လူမျိုးစုဘာသာစကားတွေကို တရားဝင်ဘာသာစကားတွေအဖြစ် လက်ခံကျင့်သုံးကြတယ်။ တရားဝင်စာရင်းတွေအရ တရုတ်နိုင်ငံအတွင်းမှာပြောဆိုနေကြတဲ့ ဘာသာစကားပေါင်း သုံးရာလောက်ရှိပါတယ်။ လက်ရှိ တရုတ်နိုင်ငံကိုသွားကြည့်မယ်ဆိုရင် ဒေသအလိုက် တိုင်းရင်းသားလူမျိုးစု လူနည်းစုတွေရဲ့ သရုပ်လက္ခဏာတွေကို မြင်သာထင်သာ မြှင့်တင်ပေးထားတာကို မြင်ရပါတယ်။ အနီးစပ်ဆုံး ဥပမာကြည့်ရင် ယူနန်ပြည်နယ်မှာ  ကချင်လူမျိုးတွေရှိရာမြို့တွေမှာ ကချင်သရုပ်လက္ခဏာ၊ ရှမ်းတွေရှိရာမြို့တွေမှာ ရှမ်းသရုပ်လက္ခဏာတွေ တမြို့လုံး ကြည့်လေရာရာ လွှမ်းမိုးထားတဲ့မြို့တွေရှိပါတယ်။ ဒီလူမျိုးစုတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစုအုပ်စုတွေထဲ ပါဝင်သူတွေလည်းဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာထက် တခြားနိုင်ငံမှာ ပိုအသိအမှတ်ပြုခံနေရတဲ့အသွင်ပါ။

ဒါ့အပြင် ဘာသာနဲ့လူမျိုးဟာ အတူတူမဟုတ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ဗမာဆိုရင် ဗုဒ္ဓဘာသာပဲဆိုတဲ့ အလိုအလျောက်ထင်မြင်ယုံကြည်ချက်က အသားကျနေပြန်ပါတယ်။ ဒါကို နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်ကဒ်) ပြုလုပ်ချိန်မှာ ကြုံကြရလေ့ရှိကြောင်း ဗမာမဟုတ်တဲ့လူမျိုးစုတွေက မကြာခဏဖွင့်ဟပြောဆိုလေ့ရှိပါတယ်။ ဗမာ/ဗုဒ္ဓလို့ ကဒ်ပြားမှာ အဖြည့်ခံရလေ့ရှိသလို၊ ဗမာ/ဗုဒ္ဓဆိုရင် အိုင်ဒီရဖို့အဆင်ပြေတယ်ဆိုတဲ့ ဖြစ်စဉ်တွေကို ပြောပြကြသူအများအပြားပါ။

မြန်မာနိုင်ငံရဲ့ပထမဆုံး သမ္မတဟာ ရှမ်းလူမျိုး၊ ပထမဆုံးကာကွယ်ရေးဦးစီးချုပ်က ကရင်လူမျိုး ဖြစ်ခဲ့ဖူးပေမယ့် ဒီနောက်ပိုင်းမှာ ဗမာ/ဗုဒ္ဓဘာသာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ တပ်မတော်မှာ ရာထူးကြီးကြီး ဆက်မရနိုင်တာ၊ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုဝင်ဖြစ်ပေမယ့် ရာထူးမြင့်မြင့်ရနေသူ အနည်းငယ်လေးကလည်း ဗုဒ္ဓဘာသာဖြစ်နေတာ၊ အရပ်သားအစိုးရလက်ထက် အုပ်ချုပ်ရေးပိုင်းမှာလည်း tokenအဖြစ်ပါရပေမယ့် သာရေးနာရေးတာဝန်ထက် ဆက်လုပ်ခွင့်မရှိတာ အစရှိတာတွေက institutionalized ခွဲခြားမှုတွေပါပဲ။ ပြည်တွင်းစစ်က ရှည်ကြာလွန်းတဲ့အခါ ဒီပြည်ထောင်စုကို ဘယ်လိုတည်ထောင်ခဲ့ပုံ၊ ပဋိပက္ခ ဘယ်ကစပုံ၊ ဘာကြောင့်ဖြစ်ပျက်ပုံတွေအပေါ် ဖုံးလွှမ်းသွားတဲ့ ဝါဒဖြန့်မှုတွေအကြား ပြည်ထောင်စုအပေါ် sense of ownership မောင်ပိုင်စီးခံရသလိုဖြစ်ခဲ့ပါတယ်။

၁၉၄၇ခုနှစ်မှာ ပြည်ထောင်စုကို ဗမာပြည်မခေါင်းဆောင်နဲ့ ဗမာမဟုတ်တဲ့ တောင်တန်းနယ်ဒေသ လူမျိုးစုခေါင်းဆောင်တွေ ပေါင်းစည်းထူထောင်ခဲ့ပုံ၊ အကြိပ်အနယ်ဆွေးနွေးညှိနှိုင်းမှုတွေ ကတိကဝတ်တွေနဲ့ချုပ်ခဲ့ရတဲ့ ပင်လုံစာချုပ်၊ တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံမှာ ဗမာခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းနယ်တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တေကို တန်းတူညီမျှခွင့် အထပ်ထပ်ပေးခဲ့တဲ့ကတိကဝတ်တွေ၊ တောင်တန်းနယ်တွေအရေးကို တောင်တန်းသားတွေကသာ စီမံအုပ်ချုပ်ခွင့်ရှိဖို့ ကတိနဲ့အတူ ပြည်ထောင်စုကိုစုပေါင်းတည်ထောင်လိုက်ကြပုံတွေဟာ စစ်အစိုးရအဆက်ဆက်လက်အောက်မှာ နှစ်ပေါင်း ၅၀ကျော် မှေးမှိန်မျက်ကွက်ပြုခံထားခဲ့ရတယ်။ ဒါ့အပြင် လူမျိုးဆက် နှစ်ဆက်ကျော်စာ ဝါဒဖြန့်မှုတွေ ထပ်ဆောင်းခံခဲ့ရခြင်းတွေဟာ ဒီကနေ့ဗမာအများစုရဲ့ ပြည်ထောင်စု sense of ownership မြင်လွှာမှာ တိမ်သလ္လာဖုံးရခြင်းအကြောင်းရင်းတွေပါပဲ။

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့နိုင်ငံမှာ ဗုဒ္ဓဘာသာကို တရားဝင်နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်တာ၊ သာသနာရေးဝန်ကြီးဌာနကိုကြည့်လိုက်ရင်လည်း နိုင်ငံမှာရှိတဲ့ ဘာသာအားလုံးကိုကိုယ်စားမပြုဘဲ ဗုဒ္ဓဘာသာတခုတည်းကိုသာ promoteလုပ်တာ၊ ဗုဒ္ဓဘာသာဆိုင်ရာ ပွဲလမ်းသဘင်တွေကို ဆယ့်နှစ်လရာသီ လော်စပီကာတွေနဲ့ ကျယ်ကျယ်လောင်လောင် နေ့ရောညပါ ကြိုက်သလို ကျင်းပလို့ ပြဿနာမဖြစ်ပေမယ့် ကျန်ဘာသာတွေမှာ အဲဒီ့လိုလုပ်နိုင်ခွင့် မရှိနေပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ကိုယ့်ခြံဝန်းထဲမှာကိုယ် ခရစ္စမတ်ပွဲကျင်းပသူတွေကို ခဲတွေနဲ့ပေါက် ဖျက်ဆီးပြီး မတရားဗိုလ်ကျမှုဖြစ်ခဲ့သေးတယ် မဟုတ်လား။ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုရဲ့ ကျောင်းသင်ရိုးညွှန်းတမ်းမှာ ဗမာလူမျိုးရဲ့ဖြစ်တည်မှုက နေရာအများဆုံးယူထားတာ၊

အမျိုးသားယဉ်ကျေးမှုအမွေအနှစ်အကြောင်း ပြောတဲ့အခါ ဗမာလူမျိုးရဲ့သမိုင်းကြောင်းနဲ့ အမွေအနှစ်ကိုသာ အလိုအလျောက်ဦးတည်တာ၊

တခြားတိုင်းရင်းသားလူမျိုးစုတွေဟာ ပွဲလမ်းသဘင်မှာ ဝတ်စုံဝတ်ကပြရုံ တိုကင်အဖြစ်ထက် မပိုတာ၊ National identityဆိုရင် ဗမာ့ဝိသေသလက္ခဏာကိုသာ ရှေ့တန်းတင်တာ၊ အစရှိတာတွေဟာ ဗမာမှုပြုခြင်းနဲ့ ဗမာလူမျိုးကြီးဝါဒရဲ့ ခြေရာလက်ရာတွေပါပဲ။ ဒါဟာ ကျန်တိုင်းရင်းသားလူမျိုးစုတွေနဲ့မတူဘဲ ဗမာကြီးစိုးတဲ့အုပ်ချုပ်သူတွေရဲ့စနစ်အောက်မှာ ဗမာတွေအကျိုးကျေးဇူး ရတာပဲဖြစ်ပါတယ်။

ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုဒေသ ပြည်နယ်တွေဆီကနေ ထွက်သမျှကို ဗဟိုအစိုးရဖြစ်တဲ့ ဗမာတွေကနေ ထိန်းချုပ်နေခဲ့ပြီး ပြန်အသုံးချမှုမှာတော့ ပြည်နယ်အတွက်နည်းနည်းနဲ့ ဗမာအများစုနေထိုင်ရာ ပြည်မဖွံ့ဖြိုးရေးအတွက်များများ ဖြစ်နေခဲ့တာ ငြင်းမရတဲ့အချက်ပါ။ အခုထက်ထိတောင် ပြည်နယ်ကထွက်တာရဲ့ ၃၀ရာခိုင်နှုန်းကို ပြည်နယ်ဖွံ့ဖြိုးရေးပြန်သုံးပေးဖို့ဆိုတာကိုတောင် မပေးနိုင်ကြသေးဘူး မဟုတ်လား။ တကယ်တော့ ပြည်နယ်တွေရဲ့သယံဇာတက မြန်မာတနိုင်ငံလုံးကို ကျားကန်ပေးထားတဲ့ ပင်မထောက်တိုင်တွေပါ။ ဒီနေရာမှာ ပြည်တွင်းငြိမ်းချမ်းရေးဟာ သယံဇာတခွဲဝေရေး၊ အာဏာခွဲဝေရေးသက်သက်တော့လည်း မကပါဘူး။ အဲဒါတွေနဲ့အတူ ပိုကျယ်ပြန့်တဲ့ လူမျိုးစုတွေအချင်းချင်းကြား တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းခွင့်ရှိရေးတွေ အများကြီးရှိနေတာပါ။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးစတင်ခဲ့တဲ့ ၂၀၁၁ခုနှစ်နောက်ပိုင်းမှာလည်း ဒီတံခါးဖွင့်မှုကို ဗမာတိုင်းရင်းသားလူမျိုးစုလူများစုနေထိုင်ရာ ပြည်မဒေသမှာ ခံစားရပေမယ့်၊ နယ်စပ်ဒေသက ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေကတော့ တိုက်ပွဲတွေနဲ့ စစ်ဘေးဒဏ်ကို ဆက်ခံစားနေရဆဲပါ။ အာဏာရှင်ဖိနှိပ်မှုကိုခံရတာခြင်းအတူတူပဲလို့ ညီမျှခြင်းချကြပေမယ့် တကယ်တမ်းမှာတော့ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေဟာ နှစ်(၇၀)ကျော်ပြည်တွင်းစစ်ကြောင့်  ပိုခံစားကြရပါတယ်။ ပဋိပက္ခဒေသတွေက ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစု အရပ်သားပြည်သူတွေဟာ နေရပ်စွန့်ခွာပြေးလွှား စစ်ဘေးရှောင်ရတာတွေ၊ ဒုက္ခသည်စခန်းတွေ၊ မြေမြုပ်မိုင်းတွေ၊ ဒေသခံအရပ်သားတွေကို မိုင်းရှင်းလူသားအဖြစ် အသုံးချခံရတာတွေ၊ ဥပဒေအထက်က တရားစီရင်မှုတွေ၊ ရွာလုံးကျွတ် သေလုမြောပါးထွက်ပြေးရတာတွေ၊ ကိုယ့်ရွာမှာ ကိုယ်နေရင်း အရိုက်အနှက်ခံရတာတွေ၊ ဖမ်းဆီးခံရတာတွေ၊  အသားလွတ် ပစ်သတ်ခံရတာတွေ၊ မုဒိမ်းမှုအပါအဝင် တရားမျှတမှုမရတဲ့ အမှုတွေ၊ မရှိ ရှိတာ ရှာကြံပြီး ရိက္ခာပေးရတာတွေ၊ အဓမ္မလုပ်အားပေးရတာတွေ စတဲ့ ဖိနှိပ်မှုပေါင်းများစွာကို ခံကြရပြီး ဒီပြည်တွင်းပဋိပက္ခကြောင့် ကိုယ်လက်အင်္ဂါပျက်စီးရသူတွေ အသက်ဆုံးရှုံးရသူတွေ နေ့စဉ်ရှိနေတာပါ။ ဗမာပြည်သူတွေလဲ ဆင်းရဲနေကြတာပဲ၊ ဖိနှိပ်မှုကို ဗမာတွေလဲ ခံရတာအတူတူပဲ ဆိုပေမယ့်၊ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ အဲဒီ့လို စားစရာမရှိ၊ နေစရာမရှိ ဆင်းရဲနွမ်းပါးမှုအပြင် အထက်မှာ ဖော်ပြခဲ့တဲ့ မလိုလားအပ်တဲ့ တရားမျှတမှုမရှိတဲ့ အတိဒုက္ခတွေ ပဋိပက္ခအနိဌာရုံတွေကို နေ့စဉ် ရင်ဆိုင်နေကြရတာပါ။ ဘယ်အချိန် ကိုယ့်အပေါ်ကျလာမယ်မှန်းမသိတဲ့ ကျည်ဆံတွေကို ကြောက်လန့်ရင်း  ကျီးလန့်စာစား ရှင်သန်နေရတဲ့ဘဝတွေပေါ့။ ဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေဟာ သူတို့ရဲ့အိမ်၊ သူတို့ရဲ့ရွာ၊ သူတို့ရဲ့ဒေသ၊ သူတို့ရဲ့နေရာမှာ နေရင်းထိုင်ရင်းနဲ့ စစ်ဘေးဒဏ်ကိုခံရတယ်။ ငါတို့ ရှမ်းပြည်နယ်မှာ ငါတို့နေရင်း၊ ငါတို့ကချင်ပြည်နယ်မှာ ငါတို့နေရင်း၊ ငါတို့ရခိုင်ပြည်နယ်မှာ ငါတို့နေရင်း၊ ငါတို့ကရင်ပြည်နယ်မှာ ငါတို့နေရင်း နှိပ်စက်တာခံရတယ်လို့ ခံစားကြတယ်။ အခု ရခိုင်ပြည်နယ်ကပဋိပက္ခကိုကြည့်ရင်လည်း ဗမာတွေက တို့တွေဟာ ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံရဲ့အနောက်တံခါးကိုကာကွယ်ပေးနေတာလို့ မြင်ကြပြီး၊ ရခိုင်တွေကတော့ မြန်မာစစ်တပ်နဲ့ရဲတွေက ရခိုင်နယ်မြေထဲ ဝင်အုပ်ချုပ်နေကြတာလို့ မြင်ကြပါတယ်။

“ဗမာနဲ့ အာဏာရှင်ကို ခွဲမြင်ပါ” လို့ ဗမာတွေက ချေပလေ့ရှိပါတယ်။ အာဏာရှင်ဟာ ဘာသာ လူမျိုး မခွဲခြားဘဲ အားလုံးကိုဖိနှိပ်တာပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သူ အာဏာရှင်အဆက်ဆက်ရဲ့ဖိနှိပ်မှုကို ခံရတဲ့နေရာမှာ ဗမာတစ်ယောက်ဟာ ဗမာဖြစ်နေလို့ဆိုပြီး အဖိနှိပ်ခံရတာမရှိခဲ့ပါဘူး။ ဒါပေမဲ့ ကချင်ဖြစ်မှုကြောင့်၊ ကရင်ဖြစ်မှုကြောင့်မို့လို့ကို အာဏာရှင်ရဲ့ဖိနှိပ်ခံရတဲ့ သင်္ကာမကင်းဖမ်းဆီးစွပ်စွဲခံရတဲ့ အရပ်သားပြည်သူတွေရှိနေခဲ့ပါတယ်။

လူများစုကြီးစိုးမှုဆိုတာ ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ သဘောတရားပိုင်းဆိုင်ရာကြီးစိုးမှုပါ ပါဝင်ပါတယ်။ လူတယောက်ချင်းစီကစလို့ လူမျိုးစုတစ်စုဟာ ကိုယ့်ကိုယ်ကို ပြဌာန်းခွင့် ကိုယ်တိုင်ဆုံးဖြတ်ခွင့် ရှိသင့်တာ အခြေခံအခွင့်အရေးပါ။ အဲဒီ့လိုမဟုတ်ဘဲ အကိုကြီး ညီလေး အမြင်နဲ့၊  တယောက်က အမြဲအုပ်ချုပ်သူဖြစ်ပြီး ကျန်တဲ့သူတွေကို အမြဲအုပ်ချုပ်ခံအဖြစ်မြင်တာ၊ အိမ်တအိမ်မှာ စုပေါင်းနေကြပြီး အိမ်ထောင်ဦးစီးက အိမ်သားတွေဆီကရှိသမျှ အကုန်ယူပြီး အိမ်သားတွေကို သူထားရာနေ သူစေရာသွားစေချင်ရင်၊ ဖိနှိပ်ရင် ခွဲခြားဆက်ဆံရင် အဲဒီ့အိမ်ဟာ ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ပါဘူး။

ခေတ်အဆက်ဆက် ဗမာနိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေဟာ အာဏာကို လူတစ်စုကပဲ ကြီးစိုးလွှမ်းမိုးထားတာမကောင်းကြောင်းနဲ့

တန်းတူညီမျှခွင့်အခွင့်အရေးအကြောင်းကို ပြောဟောခဲ့ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့ဟာ အဲဒီ့အာဏာကြီးစိုးတဲ့နေရာကိုရအောင် တန်းတူကြိုးစားခွင့်ရဖို့ ပြောတာသာဖြစ်လာခဲ့ပြီး  အာဏာကြီးစိုးနိုင်တဲ့နေရာကိုရောက်တဲ့အခါ အဲဒီ့လိုဖြစ်နေတဲ့စနစ်ကြီးကို မပြင်ကြပါဘူး။

ဗမာမှုပြုခြင်းနဲ့ ဗမာလူမျိုးကြီးဝါဒအကြောင်းကို ဗမာတွေက မပြောဘဲ ရှောင်နေတာဟာ အဖြေမဟုတ်ဘူးလို့ ကျမထင်ပါတယ်။ အဲဒီ့လိုဝါဒမရှိဘူးလို့ ငြင်းရုံနဲ့လည်း ရှိနေတာကြီးက ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းခွင့်၊ တရားမျှတမှု၊ စနစ်အရ ခွဲခြားဖိနှိပ်မှု တွေအကြောင်းကို ဗမာတွေက ပိုတွေးဆဆင်ခြင်သင့်ပါတယ်။ ခွဲခြားမှုဟာ စနစ်ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုကြရပါမယ်။ ကျမတို့က ကိုယ့်ကိုယ်ကို – ငါကတော့ လူမျိုးရေးခွဲခြားသူမဟုတ်ပါဘူး၊ ငါက လူကောင်းတယောက်၊ ငါက ဘယ်သူ့ကိုမှ မဖိနှိပ်ဘူး၊ ငါက ဘယ်သူ့ကိုမှလည်း လေယာဉ်နဲ့ဗုံးကြဲမနေဘူး၊ ပစ်မသတ်နေဘူး … စသဖြင့် ခံယူသည်ဖြစ်စေ မခံယူသည်ဖြစ်စေ institutionalized ဖြစ်နေတဲ့ခွဲခြားမှုဟာ ကျမတို့နိုင်ငံမှာ ရှိနေပါတယ်။ ကျမတို့ဖန်တီးခဲ့တာမဟုတ်ပေမယ့် ကျမတို့ဆန္ဒမဟုတ်ပေမယ့် ကျမတို့ကိုယ်တိုင်မသိဘဲ အဲဒီ့ဝါဒကနေ ကျမတို့အကျိုးကျေးဇူးခံစားနေရတာရှိပါတယ်။ ခေတ်အဆက်ဆက် ဗမာအများစုကြီးစိုးတဲ့နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဖြစ်ခဲ့ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကြွေးကြော်တဲ့အတိုက်အခံတွေဟာလည်း အုပ်ချုပ်သူနေရာရောက်တဲ့အခါ ဒီဗမာကြီးစိုးတဲ့ ဗမာမှုပြုတဲ့ဝါဒကို မချေချွတ်ကြပြန်ပါဘူး။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုအချို့ကို tokenအနေနဲ့ ပါဝင်မှုတစ်စုံတစ်ရာပြရုံ၊ ရာထူးအချို့ခန့်ထားရုံလောက်နဲ့တော့ အမျိုးသားရင်ကြားစေ့ရေးဖော်ဆောင်တာလို့ ပြောလို့မရပါဘူး။

အမေရိကန်သမိုင်းကိုကြည့်မယ်ဆိုရင် လူဖြူကြီးစိုးတဲ့ဝါဒကို ချေဖျက်တဲ့နေရာမှာ သမ္မတကနေဒီက ဦးဆောင်မှုပေးခဲ့ပါတယ်။ ရှေ့နေချုပ်က ဥပဒေရေးဆွဲပြီး လူမျိုးဆိုင်ရာ တန်းတူညီမျှကို ပြဌာန်းခဲ့ပါတယ်။

ဒါကို “အုပ်ချုပ်သူတွေက လုပ်တာပဲ။ ငါတို့သာမန်ပြည်သူတွေလုပ်တာမှ မဟုတ်တာ” ဆိုပြီး မသိလိုက် မသိဖာသာနေရင် မျက်နှာလွှဲခဲပစ်ရာ ကျမှာပါ။ ဗမာလူထုကိုယ်တိုင်က ဒီinvisible privilegeရှိနေတာကို အရင်သိမြင်လက်ခံနိုင်အောင် ကြည့်ရမှာပါ။ ကိုယ်မဲပေးတင်မြှောက်တဲ့ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တွန်းအားပေးသင့်ပါတယ်။ ဗမာလွှမ်းမိုးထားတဲ့ ဗဟိုအုပ်ချုပ်ရေးနဲ့ နိုင်ငံတော်အနေနဲ့ လက်တွေ့ကျကျ တန်းတူညီမျှမှု အာမခံချက်ပေးနိုင်တဲ့ လိုအပ်တဲ့ဥပဒေသစ်တွေ ပြဌာန်းပေးဖို့လိုပါတယ်။ ဗဟိုချုပ်ကိုင်မှုများနေတာကို ဖြေလျှော့ပေးရပါမယ်။ ပထမဆုံးအဆင့်အနေနဲ့ ထင်သာမြင်သာလုပ်ပြနိုင်တာကတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)၊ အပိုဒ် ၂၆၁ ပါ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်မှုကို ပြင်ဆင်ပြီး ပြည်နယ်တွေအနေနဲ့ ကိုယ့်ဝန်ကြီးချုပ်ကို ကိုယ်တိုင်ရွေးကောက်တင်မြှောက်ခွင့် ပေးသင့်ပါတယ်။ အဲဒီ့လို တရားမျှတမှုရှိဖို့အတွက် ပြင်ဆင်သင့်တဲ့ ဥပဒေကိုပြင်ဆင်တာ၊ လိုအပ်တဲ့ဥပဒေသစ်တွေ ပြဌာန်းတာတွေနဲ့ပဲ ယုံကြည်မှုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စု အမှန်တကယ်စည်းလုံးငြိမ်းချမ်းဖို့၊ လူမျိုးစုတွေအကြား ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက်

ဒီဗမာလူမျိုးကြီးဝါဒကို ဗမာတွေကိုယ်တိုင်က ချေချွတ်မှပဲ ကျွတ်မှာဖြစ်ပါတယ်။

စိုင်းထီးဆိုင်သီချင်းလို “အကိုတို့ရေ ပျော်နေတဲ့အိပ်မက်ကနေ အပြင်ထွက်ခဲ့လေ” လို့ တိုက်တွန်းပါရစေ။

တန်းတူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စု အမှန်တကယ်ဖြစ်ဖို့ ကြိုးစားကြပါစို့။ (ဆယ်စုနှစ်တွေနဲ့ချီ ကြာချင်လည်း ကြာမှာပေါ့။

May there be peace on earth!

ငြိမ်းငြိမ်းပြည့် (ဆောင်းပါး)

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၉၊ ၂၀၂၁

Related Articles

Back to top button