“မြန်မာနိုင်ငံပြည်တွင်းစစ်တွင် စစ်အုပ်စုက ရှုံးနိမ့်နေသည်”
– ဂျိုရှူဝါ ကာလန့်ဇစ်(ဝေါလ်ဒ် ပိုလစ်တစ်ရီဗျူး – ဇွန်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်)
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ အရပ်သား အစိုးရအား ဖြုတ်ချခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းမှုအပြီး နှစ်နှစ်ခွဲနီးပါးကြာခဲ့ပြီးသည့်နောက်၊ မြန်မာစစ်အုပ်စုက နိုင်ငံ၏နေရာဒေသအများအပြားကို ထိန်းချုပ်မှုများ ဆုံးရှုံးလာလျက် ရှိနေသည်။
စစ်အုပ်စုသည် နယ်စပ်ဒေသများတွင် ကာလရှည်ကြာ ခုခံတော်လှန်တိုက်ခိုက်နေခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်၊ အာဏာသိမ်းပြီးနောက်ပိုင်း အလျင်အမြန်နှင့် အများအပြား ပေါ်ပေါက်လာခဲ့ကြသည့် တိုက်ခိုက်ရေးသမားများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ နယ်မြေအများအပြားကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
မကြာသေးမီအချိန်အထိ ရက်စက်ကြမ်းကြုတ်မှုဖြင့် ထိန်းသိမ်းထားခဲ့သည့် အကြီးဆုံးမြို့ကြီးများတွင်ပင် ယခုအခါ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်လာနေရသည်။
မကြာသေးမီလများအတွင်း စစ်အုပ်စုက မကြာမီအနာဂတ်တွင် ၎င်း၏ အုပ်ချုပ်မှုကို တရားဝင်ဖြစ်လာစေရန် ကြိုးပမ်းမှုအဖြစ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါဝင်နိုင်မှုကို ပယ်ဖျက်ထားသော်လည်း ရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေငြာခဲ့သည်။
လက်တွေ့တွင် ထိုကဲ့သို့သော အတုအယောင် ရွေးကောက်ပွဲမျိုးကို စစ်တပ်က ကျင်းပလိုသည့်တိုင်၊ နိုင်ငံဒေသအများအပြားတွင် မဲရုံများကို ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ခြင်း ရှိလာမည်မဟုတ်ဘဲ အမှန်တကယ် ရွေးကောက်ပွဲကျင်းပနိုင်ခြေက မဖြစ်နိုင်သလောက်ပင် နည်းပါးသည်။
မကြာမြင့်မီလများအတွင်း တပ်မတော်ဟု လူသိများသည့် မြန်မာစစ်တပ်၏ အားနည်းချက်များစွာကို အသေးစိတ်ဖော်ပြထားသည့် အစီရင်ခံစာများ ထွက်ပေါ်လာခဲ့သည်။ မြေပြင်တိုက်ပွဲများအတွင်း ၎င်းတို့ ရှုံးနိမ့်ဖွယ်ရှိသည့်နေရာများတွင် စစ်တပ်က၊ မကြာခဏ အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သည့် လေကြောင်းမှတိုက်ခိုက်မှုများကို ပိုမိုအသုံးပြုလာခဲ့သည်။
သို့ရာတွင် အဆိုပါနည်းဗျူဟာများက စစ်တပ်အား နယ်မြေများကို ပြန်လည်ရယူနိုင်ရန်အတွက် အကူအညီ မဖြစ်စေခဲ့ဘဲ၊ လူထုကို ၎င်းတို့အပေါ် ပိုတိုး၍သာ ဆန့်ကျင်လာစေခဲ့သည်။
စစ်တပ်က မြေပြင်စစ်ဆင်ရေးများလုပ်ဆောင်သည့်အခါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သို့မဟုတ် ပီဒီအက်ဖ် တိုက်ခိုက်ရေးသမားများက ၎င်း၏တပ်ဖွဲ့များကို ထပ်ခါတလဲလဲ ချုံခိုတိုက်ခိုက်ခဲ့ကြသည်။
ထို့အပြင် စစ်မြေပြင်တွင် ထိုကဲ့သို့ ပြင်းထန်ဆိုးရွားသည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည့် လက်နက်ကိုင်တပ်ဖွဲ့အတွင်းသို့ လူငယ်များက ဝင်ရောက်လိုခြင်း မရှိကြတော့သဖြင့်၊ ၎င်း၏ ဗိုလ်သင်တန်းကျောင်းရှိ အတန်းသစ်များအတွက် လိုအပ်သည့် သင်တန်းသားများကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိတော့ပေ။
တချိန်တည်းမှာပင် အဆင့်အမျိုးမျိုးရှိကြသည့် စစ်ခေါင်းဆောင်များနှင့် စစ်ဘက်နှင့်ဆက်စပ်နေသည့် အရာရှိအများအပြားမှာ မြို့ကြီးများတွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ ဤအချက်များအားလုံး၏ အကျိုးဆက်အဖြစ် စစ်တပ်အတွင်း စိတ်ဓာတ်မှာ အလွန်နိမ့်ကျနေပြီး တပ်ပြေးမှုများမှာ ပုံမှန်ဖြစ်လာနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
မကြာသေးမီက လေ့လာဆန်းစစ်မှုတစ်ခုအတွင်း မြန်မာရေးရာကျွမ်းကျင်သူ ရဲမျိုးဟိန်းက – အရှေ့တောင်အာရှရှိ အင်အားအကြီးဆုံးတပ်ဖွဲ့များအကြား တစ်ခုအဖြစ် လူအင်အား ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ အထိ ရှိနေသည်ဟု ယခင်က ခန့်မှန်းထားခဲ့ကြသည့် လက်နက်ကိုင်တပ်ဖွဲ့များမှာ – ယခုအခါ အရေအတွက် ၁၅၀,၀၀၀ ခန့်အထိသာ ရှိတော့သည့် စစ်တပ်တစ်ခုအဖြစ်သို့ လျော့နည်းကျဆင်းသွားကြောင်း ကောက်ချက်ချခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးမှု၊ တပ်ပြေးမှုနှင့် ဘက်ပြောင်းမှုများကြောင့် ကျန်ရှိသည့်တပ်ဖွဲ့ဝင်အင်အားတွင် အရေအတွက် ၇၀,၀၀၀ ခန့်မျှကသာ တိုက်ပွဲဝင်စစ်သားများဖြစ်ကြောင်း ၎င်းက ဆက်လက်ကောက်ချက်ချခဲ့သည်။
စစ်တပ်အတွင်း တပ်ဖွဲ့ဝင်အင်အားများကို “လွဲမှားစွာသတင်းပို့ကြခြင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသဖြင့်၊ အမှန်တကယ် ရှိနေသည့် တပ်ဖွဲ့ဝင်အရေအတွက်ကို စစ်ဦးစီးချုပ် မင်းအောင်လှိုင်နှင့် ၎င်း၏လက်ထောက် စိုးဝင်းတို့သည်ပင်လျင် သိရှိကြခြင်း မရှိပေ။” ၎င်းရရှိထားသည့် တပ်တွင်း စာရွက်စာတမ်းများအရ၊ စစ်တပ်၏ အမာကျောဆုံးတပ်ဖွဲ့များဟု လူသိများသည့် စစ်အုပ်စု၏ ခြေလျင်တပ်မအချို့တွင်ပင် အင်အားပြည့်မီခြင်းမရှိဘဲ “ဆိုးဆိုးရွားရွား လူအင်အား လျော့နည်းနေသည်” ဟု ဆက်လက်ဖော်ပြခဲ့သည်။
ဤတပ်ဖွဲ့ဝင်အင်အားအဆင့်ဖြင့် “အားနည်းချည့်နဲ့နေသည့် စစ်တပ်က ခုခံတော်လှန်ရေးလှုပ်ရှားမှုကို ကျော်လွှားနိုင်မည်ဟု ထင်မြင်ယူဆရန်မှာ ကျိုးကြောင်းဆီလျော်မှု မရှိတော့ပေ” ဟု ရဲမျိုးဟိန်းက နိဂုံးချုပ်ရေးသားထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် ချက်ခြင်းပင်ဖြစ်ပေါ်လာခဲ့သည့် မြန်မာနိုင်ငံသား အများအပြား၏ အကြမ်းမဖက်သည့် ဆန္ဒပြမှုများကို စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် တုံ့ပြန်ခဲ့ကာ၊ နောက်ဆုံးတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများနှင့် ဖမ်းဆီးခြင်းများအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
ထိုအချိန်က မြို့ကြီးများနှင့် ဗမာလူမျိုးစု၏ အချက်အချာကျသည့် နှလုံးသည်းပွတ်ဒေသများ အပါအဝင်၊ နိုင်ငံအစိတ်အပိုင်း အများအပြားကို စစ်တပ်က အခိုင်အမာ ထိန်းချုပ်ထားနိုင်ခဲ့ပုံရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက နိုင်ငံအတွင်း ဆက်လက်၍ရှိနေသော်လည်း ထိုအချိန်မတိုင်မီနှစ်များအတွင်း စစ်အုပ်စု၏တပ်ဖွဲ့များထံ နယ်မြေများ ဆုံးရှုံးခဲ့ရခြင်းကြောင့် အဖွဲ့အများအပြားမှာ အားနည်းလျက် ရှိနေခဲ့သည်။
၎င်းတို့၏ အကြမ်းမဖက်သည့် နည်းလမ်းများက အောင်မြင်မှုမရှိသည်ကို မြင်တွေ့လာခဲ့ကြပြီးနောက်၊ မကြာမီအချိန်တွင်ပင် လက်နက်ကိုင်တိုက်ပွဲဝင်နိုင်ရန် အရပ်သားများက တောတောင်များဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ သို့ရာတွင်၊ တိုက်ရည်ခိုက်ရည် ပြည့်ဝနေပြီးဖြစ်သည့် စစ်တပ်နှင့် တန်းတူတိုက်ပွဲဝင်နိုင်ရန်အတွက် ထိုအရပ်သား တိုက်ခိုက်ရေးသမားများအနေဖြင့် ကာလအတန်ကြာ အချိန်ယူရလိမ့်မည်ဟု စစ်တပ်က ထင်မြင်ယူဆနေခဲ့နိုင်သည်။
သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ၎င်းတို့အချင်းချင်းအကြား သမိုင်းတစ်လျှောက် ရှိနေခဲ့သည့် ရန်လိုမှုအချို့ကို ခြွင်းချက်အနည်းငယ်ဖြင့် ဘေးဖယ်ထားလိုက်ကြကာ၊ ဘုံရန်သူကို ဆန့်ကျင်ရာတွင် စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် တိုက်ခိုက်လာခဲ့ကြရာတွင်၊ ပင်ပန်းနွမ်းနယ်နေပြီး မျှော်လင့်ချက်ပျောက် စိတ်ပျက်နေသည့် စစ်တပ်တပ်ဖွဲ့များအား တိုး၍သာ အပြင်းအထန် ထိခိုက်ပျက်စီးမှု ဖြစ်လာစေခဲ့သည်။
မကြာသေးမီက ခန့်မှန်းချက်တစ်ခုအတွင်း၊ စစ်တပ်က တစ်နေ့လျင် စစ်သည် ၁၅ ဦးနှုန်းဖြင့် သေဆုံးနေပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပီဒီအက်ဖ်) တပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဆုံးရှုံးရများမှုထက် များစွာသာလွန်နေကြောင်း တွေ့ရှိရသည်။
အများက တွေးထင်ထားခဲ့ကြသည်ထက် တစ်စိတ်တစ်ပိုင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လေ့ကျင့်သင်ကြားပေးမှုနှင့် ပံ့ပိုးမှုများကြောင့်၊ ပီဒီအက်ဖ်တပ်ဖွဲ့များကလည်း ထိရောက်သည့် တိုက်ခိုက်ရေးသမားများအဖြစ်သို့ ပိုမိုလျင်မြန်စွာ တိုးတက်ပြောင်းလဲ လာခဲ့ကြသည်။
၎င်းတို့က အထူးသဖြင့် စစ်ယာဉ်တန်းများကို ပစ်ခတ်-ဆုတ်ခွာနည်းဖြင့် တိုက်ခိုက်ခြင်း၊ စစ်အုပ်စု အရာရှိများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် စစ်သားများအား ဘက်ပြောင်းလာရေး စည်းရုံးရာတွင် လူမှုကွန်ရက် အသုံးပြုမှုတွင် အထူးကျွမ်းကျင်မှု ရှိကြသည်။
ယခုအခါ စစ်တပ်က စစ်မျက်နှာအများအပြားတွင် ဖြန့်ကျက်တိုက်ခိုက်လျက် ရှိနေရသဖြင့်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက နှစ်ပေါင်းများစွာအတွင်း ၎င်းတို့ ဆုံးရှုံးသွားခဲ့ရသည့် နယ်မြေအများအပြားကို ပြန်လည်ရရှိခဲ့ကြကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး မဏ္ဍိုင်အဖွဲ့ (ယူအက်စ်အိုင်ပီ) မှ ဂျေဆန် တာဝါ၏ ပြောကြားချက်အရ သိရှိရသည်။ ဥပမာအားဖြင့်၊ မြန်မာနိုင်ငံအနောက်ဘက်ရှိ ရခိုင်ပြည်နယ်တွင် အင်အားကြီးမားသည့် ရက္ခိုင့်တပ်တော်က ပြည်နယ်တစ်ခုလုံးနီးပါးကို ချုပ်ကိုင်ထားနိုင်လာခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့ (အက်စ်အေစီ-အမ်) သုတေသနအဖွဲ့၏ မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာဆန်းစစ်မှုအရ၊ တစ်နိုင်ငံလုံးရှိ မြို့နယ်များအားလုံး၏ ငါးပုံတစ်ပုံခန့်ကိုသာ စစ်အုပ်စုက တည်ငြိမ်စွာ ထိန်းချုပ်ထားနိုင်ကြောင်း တွေ့ရှိခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် အခြားသုတေသနပြုချက်များအရ စစ်တပ်အနေဖြင့် နိုင်ငံအလယ်ပိုင်းတွင် မြို့နယ်အနည်းငယ်၏ အပြင်ဘက်ရှိ လမ်းများကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း ထောက်ပြထားသည်။ ယခုအခါ အတိုက်အခံတပ်ဖွဲ့များက မြို့တော်နေပြည်တော်မှ မိုင်အနည်းငယ်မျှသာ ဝေးကွာသည့်နေရာများတွင် တိုက်ခိုက်လျက် ရှိနေကြပြီး၊ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် တိုက်ပွဲများကို အရှိန်မြှင့်လာလျက် ရှိနေသည်။
စစ်အုပ်စုအနေဖြင့် ၎င်းတို့ဆုံးရှုံးသွားခဲ့ရသည့် နယ်မြေများကို ပြန်လည်ရယူနိုင်မည့် အရိပ်အယောင် မရှိတော့ပေ။ စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး လေကြောင်းမှ တိုက်ခိုက်မှုများပြုခြင်းဖြင့် လူထုအား အကြမ်းဖက် ခြိမ်းခြောက်လျက် ရှိနေသော်လည်း၊ မိမိတို့၏ တပ်ဖွဲ့ဝင်များကို ဆက်လက်ဆုံးရှုံးရလျက်ရှိပြီး လက်တွေ့တွင် နယ်မြေများကို ပြန်လည်ရရှိခြင်း မရှိသေးပေ။
နိုင်ငံတကာ ပတ်ဝန်းကျင်ကလည်း စစ်အုပ်စုကို ဆန့်ကျင်မည့် အလားအလာရှိနေပြီး၊ ၎င်း၏ အုပ်ချုပ်မှုကို တိုး၍သာ အန္တရာယ်ရှိလာစေသည်။ အာဏာသိမ်းမှုနောက်ပိုင်းတွင် အမေရိကန်အပါအဝင် ဖွံ့ဖြိုးပြီး ဒီမိုကရေစီဦးဆောင်နိုင်ငံ အများစုက စစ်အုပ်စုအပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့ကြသည်။
ယခုအခါ အဆိုပါနိုင်ငံ အများအပြားက အမျိုးသားညီညွတ်ရေး အစိုးရကိုလည်း အကူအညီများ ပေးလျက်ရှိနေကြပြီး၊ မကြာမီကာလတွင် ၎င်းတို့အနေဖြင့် ပီဒီအက်ဖ်တပ်ဖွဲ့များကို လူသေစေမှု မဖြစ်နိုင်သည့် အကူအညီများကိုပင် ပေးလာနိုင်စရာ ရှိနေသည်။
မြန်မာနိုင်ငံ၌ အာဏာသိမ်းမှု ဖြစ်ပွားသည့်အချိန်တွင်၊ မြန်မာနိုင်ငံအတွက် အရေးအပါဆုံး အရှေ့တောင်အာရှမှ မိတ်ဖက်နိုင်ငံဖြစ်သည့် အိမ်နီးချင်းထိုင်းနိုင်ငံ၌ ၎င်းကိုယ်တိုင် ၂၀၁၄ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုဖြင့် အာဏာရလာခဲ့သည့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဦးဆောင်လျက်၊ စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် ပါတီများ၏ ညွန့်ပေါင်းအစိုးရအဖွဲ့က အုပ်ချုပ်လျက် ရှိနေသည်။
ပရာယွတ်၏အစိုးရက မြန်မာစစ်အုပ်စုအပေါ် နားလည်စာနာမှုရှိပြီး၊ ထိုင်းနိုင်ငံအား စွမ်းအင်အရင်းအမြစ်များ ဆက်လက်ပေးပို့နေသည့် မြန်မာစစ်အုပ်စု၏ နိုင်ငံသားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ပြောဆိုမှုအလွန်နည်းပါးကာ စစ်အုပ်စုက တရားဝင်ဖြစ်လာစေရန် ကြိုးစားပေးလျက် ရှိနေခဲ့သည်။
ယခုအချိန်တွင်၊ စစ်တပ်လိုလားသော ပါတီများက ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့သည့် မကြာသေးမီက ကျင်းပခဲ့သည့် ထိုင်းနိုင်ငံရွေးကောက်ပွဲများအပြီး၊ ဒီမိုကရေစီလိုလားသည့် ပါတီများ၏ ညွန့်ပေါင်းအဖွဲ့က အစိုးရသစ်ကို ဖွဲ့စည်းလာနိုင်ခြေ ရှိနေသည်။ အကယ်၍ စစ်တပ်က ထိန်းချုပ်ထားသည့် အထက်လွှတ်တော်က အစိုးရသစ်ဖွဲ့စည်းမှုကို ပိတ်ဆို့တားဆီးခြင်းမပြုပါက ရွေးကောက်ပွဲအတွင်း လွှတ်တော်နေရာအများဆုံးကို အနိုင်ရရှိထားသည့် ရှေ့သို့ချီ (မုဗ်ဖော်ဝါ့ဒ်) ပါတီက ညွန့်ပေါင်းအစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်လိမ့်မည် ဖြစ်သည်။
ရှေ့သို့ချီပါတီအနေဖြင့်၊ “အမေရိကန်လွှတ်တော်က မကြာမီကအတည်ပြုပေးခဲ့ပြီး၊ မြန်မာနိုင်ငံရှိ ခုခံတော်လှန်ရေး တပ်ဖွဲ့များထံ လူသေစေမှု မဖြစ်နိုင်သည့် ပံ့ပိုးကူညီမှုကိုကို ပေးအပ်သွားရန် ခွင့်ပြုထားသည့် ဘားမားအက်ခေါ် မြန်မာနိုင်ငံဆိုင်ရာဥပဒေ အကောင်အထည်ဖော်ရေးတွင် ပံ့ပိုးပေးသွားမည်” ဟု ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်ဟု သည်ဒီပလိုမက် မဂ္ဂဇင်းမှ ဆဘက်ရှန် စထရန်ဂီယို၏ ဖော်ပြချက်အရ သိရှိရသည်။
ရှေ့သို့ချီပါတီသည် အမျိုးသားညီညွှတ်ရေး အစိုးရနှင့်လည်း ပိုမိုနီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံကို ဗျူဟာမြောက် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု၏ ဦးတည်ရာအဖြစ် ကြည့်မြင်ပြီး၊ စစ်အုပ်စုကို ကျောထောက်နောက်ခံပြုပေးနေသည့် တရုတ်နိုင်ငံသည်ပင်လျှင် ခြံစည်းရိုးကိုခွလျက် နှစ်ဘက်စလုံးနှင့် ကစားလျက် ရှိနေသည်။
စစ်တပ်က အပယ်ခံအနေအထားဖြင့် ရှိနေသော်လည်း၊ ဘေဂျင်းက မြန်မာနိုင်ငံအတွင်းသို့ ငွေကြေးရင်းနှီးမြှုပ်နှံမှုများနှင့် လက်နက်ပေးပိုမှုများကို ဆက်လက်လုပ်ဆောင်နေပြီး၊ နိုင်ငံတကာဆွေးနွေးမှုများအတွင်း စစ်အုပ်စုအား သံတမန်ရေးအရ အကာအကွယ် ပေးထားလျက် ရှိသည်။
ဘေဂျင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ၎င်းတို့၏ နိုင်ငံရေးအဖွဲ့အစည်းများနှင့် ဆက်နွယ်ပတ်သက်မှုကိုလည်း ထိန်းသိမ်းထားပြီး၊ စစ်တပ်က စစ်မြေပြင်တွင် ဆုံးရှုံးလာနေသောကြောင့် နေပြည်တော်အား ၎င်း၏ ကျောထောက်နောက်ခံပြုမှုတွင် အားတက်သရောရှိမှုက တိုး၍သာ လျော့နည်းလာလျက်ရှိသည်။
ရုရှားနှင့်ပတ်သက်၍ စစ်အာဏာရှင်အုပ်စုအား လက်နက်များ ထောက်ပံ့ပေးခဲ့သော်လည်း၊ မော်စကိုအနေဖြင့် ၎င်း၏ အထင်အရှားရှိနေသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသဖြင့် နိုင်ငံရပ်ခြားသို့ လက်နက်များကို ကြာရှည်တင်ပို့နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ အတိုက်အခံများက အောင်ပွဲရမည်ဆိုသည့်တိုင်၊ ထိုသို့ဖြစ်လာရန်မှာ ဝေးကွာလျက် ရှိနေသေးသည်။ ရေရှည်ကာလတွင်၊ ယခုအခါ ကျရှုံးနိုင်ငံဖြစ်လာနေသည့် နိုင်ငံတစ်ခု၌ ထိုအောင်ပွဲရမှုက “ပေးဆပ်ရမှုတန်ဖိုး ကြီးမားသည့် အနိုင်ရမှု” ဖြစ်ကောင်းဖြစ်လာနိုင်သည်။
အကယ်၍ အဆုံးနှင့် ရင်ဆိုင်ရပါက စစ်တပ်၏ အကြီးတန်း တပ်မှူးများအတွက် နိုင်ငံတကာခုံရုံးတွင် ရင်ဆိုင်ရမည့် ဖြစ်နိုင်ခြေအပါအဝင် တာဝန်ခံရမှုများနှင့် တွေ့ကြုံရမည်ဆိုသည်ကို သိရှိနေကြပြီး၊ ကြံရာမရမျှော်လင့်ချက်မဲ့နေသော စစ်တပ်တစ်ခု ဖြစ်နေသည်။
ဤနေရာတွင် စစ်တပ်အတွက် ရွေးချယ်စရာများကလည်း တိုး၍သာ နည်းလာနေပုံရသည်။ သို့ရာတွင် မကြာသေးမီလများအတွင်း ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့် နည်းပရိယာယ်များက သက်သေပြနေသကဲ့သို့ပင်၊ စစ်တပ်သည် ပျက်စီးဆုံးရှုံးရများကို ဖြစ်လာစေနိုင်စွမ်း ရှိနေဆဲဖြစ်သည်။
—————–
Myanmar’s Junta Is Losing the Civil War
By Joshua Kurlantzick
https://www.cfr.org/article/myanmars-junta-losing-civil-war
အီဂေါ သတင်းစာမျက်နှာ၏ တင်ဆက်မှုကို ခွင့်ပြုချက်သဘောတူညီမှုဖြင့် ပြန်လည် ဖော်ပြသည်။