အတွေးအမြင်

သူ့အတွေးသူ့အမြင် | တော်လှန်ရေးကို အမည်းစက်မစွန်းစေနဲ့ 

တော်လှန်ရေးကို အမည်းစက်မစွန်းစေနဲ့ 

မေ | သူ့အတွေးသူ့အမြင်

တော်လှန်ရေးဆိုတဲ့စကားလုံးဟာ လူတိုင်းနားလျှံအောင် ကြားနေရတဲ့ စကားလုံးဖြစ်ပါတယ်။ သို့ပေမဲ့ တော်လှန်ရေးဆိုတာ ဘာလဲဆိုတဲ့ အတိအကျအနက်အဓိပ္ပါယ်သတ်မှတ်ချက်နဲ့ပတ်သက်ပြီး နားလည်မှု ရှုပ်ထွေးနေပါသေးတယ်။ ပြည်သူ့တော်လှန်ရေးဆိုတာ လက်မခံနိုင်သော နိုင်ငံရေးစနစ်၊ လက်မခံနိုင်သော အုပ်ချုပ်သူများ (အစိုးရများ) ကို ခေါင်းငုံ့အုပ်ချုပ်မခံဘဲ နည်းလမ်းပေါင်းစုံ တွန်းလှန်ပြီး မိမိလိုလားတောင်းတတဲ့ နိုင်ငံရေးစနစ်တစ်ခု အုပ်ချုပ်ရေးယန္တရားတစ်ခု တည်ဆောက်ခြင်းကို ဆိုလိုပါတယ်။

တော်လှန်ရေးလမ်းစဉ်ကို ဘယ်လို သတ်မှတ်မလဲ

တော်လှန်ရေးလမ်းစဉ် ရွေးချယ်မှု မှန်ကန်ခြင်းနှင့် လမ်းစဉ်အပေါ် မဖောက်မပြန်လိုက်နာခြင်းဟာ တော်လှန်ရေးအောင်မြင်ရေးအတွက် အဓိကသော့ချက်ဖြစ်ပါတယ်။ ဘယ်တော်လှန်ရေးနည်းစနစ်တွေနဲ့ လမ်းစဉ်တွေကို ပြဌာန်းမလဲဆိုတာ တော်လှန်ရေးခေါင်းဆောင်၊ သို့မဟုတ် တော်လှန်ရေးအစိုးရက တရားဝင်ပြဌာန်းကြေညာချက်ထုတ်ပြန်ရတာဖြစ်ပါတယ်။

ထိုလမ်းစဉ်နဲ့ နည်းလမ်းဆိုင်ရာ သတ်မှတ်ချက်နှင့် ကန့်သတ်ချက်များကို အတိအကျ ပြဌာန်းသတ်မှတ်ချက်တွေ ထုတ်ပြန်ရပါတယ်။ အကြမ်းမဖက်လမ်းစဉ်တွေအတွက် တိကျစွာ လိုက်နာရမဲ့ စည်းကမ်းရပ်တွေ ရှိသလို လက်နက်ကိုင်တော်လှန်ရေးအတွက် တိကျတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေ၊ လက်နက်ကိုင်ဆောင်ခြင်းဆိုင်ရာဥပဒေသတွေ၊ စစ်ရေးစည်းကမ်းသတ်မှတ်ချက်တွေ၊ စစ်ရာဇဝတ်မှုဆိုင်ရာ သတ်မှတ်ချက်တွေ၊ စစ်ရေးဆိုင်ရာ အမိန့်ပေးစနစ်တွေ၊ စစ်ရေးဆိုင်ရာတရားရေးစနစ်( အပြစ်ဒဏ်ချမှတ်ခြင်း) တွေကို အတိအကျ ပြဌာန်းထားရှိထားပြီး ဖြစ်ပါတယ်။ ထိုစည်းကမ်းချက်များကို တော်လှန်ရေးရဲဘော် တစ်ယောက်ချင်းစီနှင့် အဖွဲ့အစည်းတိုင်းက လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။

တော်လှန်ရေး ကိုယ်ကျင့်တရား

တော်လှန်ရေးနှင့် ပတ်သက်ပြီး အသက်ထက်တန်ဖိုးထားရမဲ့ သံမဏိစည်းမျဉ်းတစ်ခုတော့ တော်လှန်ရေးကိုယ်ကျင့်တရားဘဲ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ မြင့်မြတ်သူ၊ တိုင်းပြည်အပေါ် ချစ်မြတ်နိုး၊ တာဝန်သိသူတွေသာ လုပ်နိုင်တဲ့အလုပ်ဖြစ်တဲ့အတွက် တော်လှန်ရေးရဲဘော်ဆိုသူတွေဟာ မြင့်မြတ်တဲ့တိုင်းပြည်သူရဲကောင်းတွေ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ကျင့်တရားကောင်းတဲ့သူတစ်ယောက် ဖြစ်ဖို့လိုသလို တပါးသူအပေါ် ထည့်သွင်းစဉ်းစားတတ်တဲ့စိတ်နှင့် သနားညှာတာတတ်တဲ့စိတ်တွေကို ကျင့်ကြံဖို့ လိုပါတယ်။ လောကီစည်းဘောင်တွေကို မချိုးဖောက်ဖို့ လိုသလို၊ မိမိကြောင့် တော်လှန်ရေးကြီး အမည်းစက်မစွန်းဖို့ လိုပါတယ်။ တော်လှန်သူတို့သည် မကောင်းမှုမှ ကောင်းမှုကို ကူးပြောင်းသူဖြစ်တာကြောင့် မိမိကိုယ်တိုင် မကောင်းမှုကို ချွင်းချက်အနေဖြင့်တောင် မလုပ်ဖို့ လိုပါတယ်။

တော်လှန်ရေးရဲ့ ရန်သူဆိုတာကို ဘယ်အပေါ်မှာ အခြေခံသတ်မှတ်သလဲ

တော်လှန်ရေးဟု ဆိုရာတွင် မိမိတို့အနေဖြင့် ဘယ်အရာကို ဆန့်ကျင်ပြီး ဘယ်အရာကို တည်ဆောက်နေသလဲ ဆိုတာကို သေချာသိရှိ နှလုံးသွင်းဖို့ လိုပါတယ်။ တော်လှန်ရေးတစ်ခုမှာ ဘယ်အရာကို ဖြိုချပြီး ဘယ်အရာကို တည်ဆောက်ရမလဲဆိုတာကို သေချာသိရှိဖို့လိုပါတယ်။ နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို ဖြိုချပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဖြိုချရာမှာ ရန်သူအနေဖြင့် () စစ်အာဏာရှင်စနစ်ကို ဖန်တီးနေသော စစ်ခေါင်းဆောင်များ၊ () စစ်အာဏာရှင်စနစ်ကို ကာကွယ်ပေးနေသော စစ်တပ်ရင်းအသီးသီးမှ တပ်ရင်းမှူးများ၊ ရဲမှူးများ၊ () စစ်အာဏာရှင်များ စေခိုင်းမှုကို မငြင်းဆန်ဘဲ ကကြိုးရုပ်သေးဖြစ်နေကြသော တပ်သားများ၊ ရဲများ ကို စစ်ရေးစည်းကမ်းသတ်မှတ်ချက်နှင့်အညီ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။

ထို့ပြင် စစ်အာဏာရှင်စနစ်အတွက် အောက်ခြေအဆင့်ဖြစ်သော အလွတ်တန်းစစ်ရေးသတင်းပေး (ဒလန်) များကို ဖမ်းဆီးပြီး နောင်ကျဉ်အောင် ထိုက်သင့်သည့်အပြစ်ဒဏ်ပေးရမည် ဖြစ်သည်။ ထို့နည်းအတူ တော်လှန်ရေးအတွက် အဟန့်အတားဖြစ်စေမဲ့ သူများကို ထိုက်သင့်သည့်အပြစ်ဒဏ်ပေးရမည်။ ထိုအပြစ်ဒဏ်သတ်မှတ်ချက်ကို တပ်မှူးများမှ ချမှတ်ဆောင်ရွက်ကြရမည် ဖြစ်သည်။

တော်လှန်ရေးရဲဘော်တွေအနေနဲ့ ရန်သူဟု အတိအကျမသတ်မှတ်နိုင်သေးခင်မှာ အပြစ်ပေးသင့်သလား

အရေးကြီးတဲ့အချက်အနေနဲ့ တော်လှန်ရေးသည် နိုင်ငံရေးစနစ်ကောင်းကျိုးကို ရှေ့ရှုတာကြောင့် မိမိတို့အနေနဲ့ လူ့အခွင့်အရေးတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစည်းမျဉ်းတွေအရ ရန်သူဟု သတ်မှတ်နိုင်သော အချက်အလက်များ၊ သက်သေများကို မဖော်ထုတ်နိုင်သေးခင်မှာ အပြစ်ဒဏ်ပေးခြင်း မပြုလုပ်ရပါ။ ( တော်လှန်ရေးကာလ၊ အရေးပေါ်ကာလ ဟူသော ချွင်းချက်မရှိပေ)

မိမိတို့အနေနဲ့ ရန်သူကို တော်လှန်နေခြင်းသာ ဖြစ်ပြီး ရန်သူကို ကလဲ့စားချေခြင်းမဟုတ်ဆိုသည်ကို အစဉ်နှလုံးသွင်းဖို့ လိုပါတယ်။ တော်လှန်ရေးသည် နိုင်ငံရေးစနစ်အပေါ် အခြေခံတိုက်ခိုက်တွန်းလှန်နေခြင်းသာ ဖြစ်ပြီး၊ ရန်ကြွေးကလဲ့စားချေပွဲမဟုတ်ပေ။ ထိုသို့သော လုပ်ရပ်မျိုးနှင့် တော်လှန်ရေးကို သေးသိမ်အောင် မပြုလုပ်အပ်ပေ။

လက်နက်ကိုင်သူတိုင်း လက်နက်ကိုင်ဆောင်ခြင်းဥပဒေသတွေကို လိုက်နက်ရမည်

တော်လှန်ရေးဘက်တော်သားတိုင်း လွတ်လပ်စွာ လက်နက်ကိုင်ဆောင်ခွင့်ရှိလား ဆိုတဲ့ မေးခွန်းရှိပါတယ်။ လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီအရေးအတွက်၊ ဖက်ဒရယ်အရေးအတွက် တော်လှန်ရေးပြုလုပ်ရာမှာ အရင်းအနှီးအနေဖြင့် တော်လှန်ရေးရဲဘော်တစ်ဦးချင်းမှ မိမိတို့ တကိုယ်ရေလွတ်လပ်ခွင့်ကို စွန့်လွတ်ကြရပါတယ်။ စစ်ပွဲတစ်ခုကို မိမိတို့ဆုံးဖြတ်ချက်ဖြင့် မတိုက်ခိုက်နိုင်ပေ။

မိမိတို့ ရပ်တည်ချက်ဖြင့် တော်လှန်ရေးလမ်းစဉ်ကို ချိုးဖောက်ပိုင်ခွင့်မရှိပေ။ မိမိတို့ယူဆချက်ဖြင့် မဟာဗျူဟာကို မရေးဆွဲနိုင်ပေ။ တော်လှန်ရေးဆိုင်ရာမူဝါဒအပေါ် အခြေခံရေးဆွဲထားသော မဟာဗျူဟာအရ ရေးဆွဲထားသော နည်းဗျူဟာများဖြင့် အဆင့်ဆင့်သော စစ်ရေးတာဝန်ခံများက ပေးသောစစ်ရေးအမိန့်အရသာ တိုက်ခိုက်တွန်းလှန်ရမည်ဖြစ်သည်။ အမိန့်ကို ဖီဆန်ပြီး စည်းကမ်းမလိုက်နာခြင်းသည် အမိန့်ဖီဆန်ခြင်း ဖြစ်ရုံသာမက တော်လှန်ရေးလမ်းစဉ်ကို သစ္စာဖောက်ခြင်းပင် ဖြစ်ပါတယ်။

တော်လှန်ရေးဘက်တော်သားတွေရဲ့ လုပ်ရပ်ကို ဘယ်လို အရေးယူရမလဲ

လက်နက်ကိုင်လမ်းစဉ်အရ တော်လှန်နေသောရဲဘော်တွေအနေနဲ့ စစ်ရေးစစ်မိန့်မလိုက်နာပါက တော်လှန်ရေးကာလတွင်းမှာပင် အရေးယူဖို့လိုပါတယ်။ တော်လှန်ရေးအတွက် တရားဥပဒေ မတင်းကြပ်ပါက တော်လှန်ရေးကြီး ယိမ်းယိုင်းလာမှာဖြစ်သလို ပြောင်းပြန်ရလဒ်ကိုတောင် ရလာနိုင်ပါတယ်။

တော်လှန်ရေးရဲဘော်အချင်းချင်း ထိန်းကျောင်းကြပါ

စစ်ရာဇဝတ်မှုကြီးတွေ တော်လှန်ရေးအတွင်း မဖြစ်ပေါ်ရအောင် တော်လှန်ရေးရဲဘော်အချင်းချင်း ထိန်းကျောင်းဖို့ လိုပါတယ်။ တော်လှန်ရေးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို အတိအကျ လိုက်နာဖို့လိုသလို၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေတွေကိုလည်း လိုက်နာဖို့ လိုပါတယ်။

တော်လှန်ရေးကြီး အောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက် မိမိတို့အနေဖြင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရာမှ မလိုလားအပ်တဲ့ အမည်းစက်တွေ မစွန်းစေဖို့ တော်လှန်ရေးလမ်းစဉ်အပေါ် မဖောက်မပြန်ဘဲ စစ်ရေးစည်းကမ်းတွေကို လိုက်နာဖို့ လိုပါကြောင်း။

Related Articles

Back to top button