တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုအတွင်း ပဋိပက္ခများ လျော့ချနိုင်ဖို့ ပြည်ထောင်စုအတွင်းက EAOs တို့နှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း RCSS ထုတ်ပြန်

ဓါတ်ပုံ – Getty

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၀

 

ရှမ်းပြည်နှင့် ပြည်ထောင်စုရဲ့ လက်ရှိ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုအတွင်းက တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်း (EAOs) တို့နှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) ဘက်က ကမ်းလှမ်းချက်တစောင် ထုတ်ပြန် ကြေညာလာပါတယ်။

 

လက်ရှိနိုင်ငံရေး၊ စစ်ရေး၊ ပဋိပက္ခများကြောင့် စီးပွားရေးကျဆင်းခြင်း၊ စိုက်ပျိုးသီးနှံများစျေးကွက်မရှိခြင်း၊ စားဝတ်နေရေး ကျပ်တည်းခြင်းနှင့် ခရီးသွားလာရေး ခက်ခဲခြင်းတို့ကြောင့် နေရပ်စွန့်ခွာသည့် ပြည်တွင်း၊ ပြည်ပ စစ်ပြေးရှောင်များ အမြောက်အများဖြစ်လာတာကို ဖြေလျော့နိုင်ဖို့ ရည်ရွယ်တာလို့ ဗိုလ်းမှူးခမ်းစံက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

 

“ကျနောတို့ ကောက်ခံထားတဲ့ စာရင်းတွေအရ မြန်မာလူထုတွေ ထိုင်းဘက်ကို တနေ့တနေ့ နေရပ်စွန့်ခွာတာ ရာနဲ့ချီရှိတယ်၊ တလတလဆိုရင်တော့ ထောင်နဲ့ချီရှိနေပြီပေါ့နော်၊ ကျနောတို့ လက်လှမ်းမှီသလောက် အချက်အလက်လောက်ဘဲ ပြောတာပေါ့နော် လက်လှမ်းမမှီတဲ့ စာရင်းတွေအရဆိုရင်တော့ သောင်းချီ ရှိနိုင်ပါတယ်။ တချို့ရွာတွေဆိုရင် ပျက်သလောက်ရှိသွားပြီ၊ အခုလို ပြည်သူလူတွေ နေရပ်စွန့်ခွာကြတာက စားဝတ်နေရေး ကျပ်တည်းလာသလို၊ စိုက်ပျိုး ထုတ်ကုန်တွေကိုလည်း ရောင်းမထုတ်နိုင်ဘူး၊ ကုန်စျေးနှုန်း အရကော်၊ စီးပွားရေးကလည်း ချွတ်ခြုံကျသွားတယ် ဒီလိုအခြေအနေကြောင့် ဒီပဋိပက္ခတွေကို ဖြေလျော့ နိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့” သူက ပြောပါတယ်။

 

ဒါ့အပြင် တွေ့ဆုံဆွေးနွေးနိုင်မယ်ဆိုရင် “ရှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ကြား တွေ့ဆုံဆွေးနွေးပြီး ပဋိပက္ခတွေကို လျော့ချနိုင်ဖို့ မျှော်လင့်သလို၊ သတင်းအချက် အလက်တွေကိုလည်း ဖလှယ်နိုင်မယ်၊ အထင်အမြင်လွဲမှားမှုတွေကိုလည်း လျော့ချနိုင်မယ်၊ နားလည်မှုနဲ့ ယုံကြည်မှု ပိုအားကောင်း အောင် တည်ဆောက်နိုင်မယ် ဒီလိုတွေ့ဆုံဆွေးနွေးခြင်းအားဖြင့် တိုက်ပွဲပဋိပက္ခတွေကြားက လူထုတွေ အတွက် တဖက်တလှမ်းကနေ ကူညီဖေးမ ပေးနိုင်မယ့် နည်းလမ်းတခုဖြစ်တယ်”လို့ ဗိုလ်းမှူးခမ်းစံ က ဆက်ပြောပါတယ်။

 

တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ကာလကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်ထိ ဖြစ်တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) ဘက်က ထုတ်ပြန်ကြေညာထားပါတယ်။

 

အလားတူ အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြား တွေ့ဆုံဆွေးနွေးခြင်းဟာ မဟာမိတ် ဖြစ်လာနိုင်ရေး၊ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင် ရေးအထိ ဆောင်ရွက် နိုင်ဖို့ ယုံကြည်တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)က ဆိုပါတယ်။

Related Articles

Back to top button