တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်

(No. 138, October 19, 2021)

၁။ နှစ်လအတွင်း အဆောက်အအုံ ၂၀၀ နီးပါး ဖျက်ဆီးခံရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်
October 18, 2021

ပြီးခဲ့တဲ့ သြဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်း ချင်းတိုင်းရင်းသားတွေ အများစု နေထိုင်ကြတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ စစ်တပ်က လူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခဲ့ပြီး လူနေအိမ်တွေနဲ့ ဘာသာရေး အဆောက်အအုံပေါင်း ၂၀၀ နီးပါး ဖျက်ဆီးခံခဲ့ရသလို လူ ၈၀၀၀ လောက်လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က အောက်တိုဘာ ၁၅ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မင်းတပ်၊ မတူပီ စတဲ့ မြို့နယ်တွေအပြင် မကွေးနဲ့ စစ်ကိုင်းတိုင်း အစပ်မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသား လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေ အနေတွေကို ချင်းလူ့အခွင့်အရေးအဖွဲ့က စာရင်းပြုစုထားတာ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတ ကာက သိအောင် အခုလို အစီရင်ခံစာထုတ်ပြန်ခဲ့တာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဒုတိယအမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက RFA ကို ပြောပါတယ်။

“လူတွေ အရမ်းစိုးရိမ်နေရတာက ချင်းပြည်နယ်ကို အပြတ်ချေမှုန်းမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်တပ်ကလည်း တစ်ပုံကြီး ရောက် လာတယ်ဆိုတော့ အင်တာနက်နဲ့ တခြားဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တဲ့အချိန်မှာ စစ်တပ်က ကြီးကြီး မားမား စစ်ဆင်ရေးဆင်နွှဲနေတာ တွေ့ရတယ် အရမ်းပဲ စိုးရိမ်တယ် နိုင်ငံတကာက အနီးကပ်စောင့်ကြည့်ဖို့ တောင်းဆိုချင် တာပါ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ထဲက ဒေသခံတွေ လက်နက်ကိုင် တော်လှန်ကြလို့ စစ်တပ်က လူအင်အား လက်နက်အင်အား အလုံးအရင်းသုံးပြီး နှိမ်နင်းခဲ့သလို ဒေသခံတွေကို လည်း လူ့အခွင့် အရေး ချိုးဖောက်နေတာတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သြဂုတ်နဲ့ စက်တင်ဘာလ နှစ်လအတွင်း ခရစ်ယာန်ဘုရားကျောင်း ခုနစ်ကျောင်းနဲ့ လူနေအိမ် ၁၉ လုံးတို့ လက်နက် ကြီးကျည် ကျရောက်ခဲ့သလို တချို့လည်း မီးရှို့ဖျက် ဆီးခံရတယ်လို့ ဆိုပါတယ်။

ဒီနှစ်လအတွင်းမှာ ချင်းပြည်နယ်ထဲမှာလူ ၁၇ ဦးသတ်ဖြတ်ခံခဲ့ရသလို စစ်ကိုင်းတိုင်းမှာ ခြောက်ဦးနဲ့ မကွေးမှာ ၁၂ ဦး အသတ် ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဒီအချက်အလက်တွေကို တိုက်ပွဲတွေဖြစ်ပွားရာ ဒေသမှာရှိတဲ့ ပြည်သူတွေက ချင်းလူ့ အခွင့် အရေးအဖွဲ့ ဆီပို့ပေးခဲ့ကြတာကို အဓိကအခြေခံပြီး ပြုစုထားတာလို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းဇအုပ်လိန်း က ပြောပါတယ်။ ချင်းပြည်နယ်ထဲမှာ ခုလိုတိုက်ပွဲတွေကြောင့် မြို့နယ်တွေအလိုက် ရွာပေါင်း ၄၃ ရွာက ဒေသခံ အနည်းဆုံး ၈၀၀၀ ကျော်တို့ ထွက်ပြေးနေရကြရပြီး တောတောင်တွေထဲ ပြန့်ကျဲနေကြတယ်လို့လည်း အစီရင်ခံစာမှာ ပါဝင်ပါတယ်။ အိမ်နီးချင်း အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်ထဲမှာလည်း ခြောက်သောင်းလောက် ရောက်နေတယ်လို့ ဆိုပါတယ်။ ခုလိုချင်းပြည်နယ်ထဲ စစ်တပ် က စစ်ဆင်ရေး တိုးချဲ့လာတာတွေကြောင့် ဒေသခံရွာသားတွေက ဘေးလွတ်ရာ ရှောင် တိမ်းနေကြသလို တချို့ဆိုရွာ လုံးကျွတ် ထွက်ပြေးနေကြရပါတယ်။ တိုက်ပွဲတွေကြားထဲ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ပြောကြပါတယ်။

၂။ KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကွယ်လွန်
18 October 2021

ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် (Duwa Bawmwang La Raw) သည် အောက်တိုဘာ ၁၆ ရက်နေ့လည်ပိုင်းက ယူကေ နိုင်ငံမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ထိုင်းနိုင်ငံကနေ ယူကေကို ပြန်ရောက်ပြီးနောက် Covid-19 ရောဂါကြောင့်ပြင်းထန်စွာ ဖျားလာတဲ့အတွက် ICU မှာ ဆေးကုသနေစဉ်မှာပဲ ဆုံးသွားတာဖြစ်တယ်လို့ သိရပါ တယ်။

ကချင်အမျိုးသားရေးလုပ်ငန်းမှာ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့တာကြောင့် သူ့ရဲ့ ဆုံးပါးမှုကို ဝမ်းနည်းကြောင်း ကချင်လူထု အချို့ကလည်း Facebook ပေါ်မှာ ရေးသားနေတာတွေ့ရပါတယ်။ ဒူဝါဘောမ်ဝမ်လရော်သည် ကချင်လူမျိုးတွင် ငွေကြေးချမ်း သာသူဟု နာမည် ကြီးပြီး ၁၉၉၄ ခုနှစ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးနောက် ၁၉၉၉ ခုနှစ်မှစတင်ကာ ကချင်အမျိုးသားအစည်းအရုံး KNO အဖြစ် ပြည်ပတွင် ဖွဲ့စည်းခဲ့ပြီး ကချင်အမျိုးသားရေး လုပ်ငန်း များကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

ထို့အပြင် ဦးသိန်းစိန်လက်ထက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များစုပေါင်းသော UNFC အဖွဲ့တွင်လည်း KIO ကိုယ်စား လှယ်အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ KNO သည် သီးခြားကချင်နိုင်ငံထူထောင်ရန် မူဝါဒဖြင့် ကြိုပမ်းနေသောအဖွဲ့ဖြစ်ကာ ပြီးခဲ့သည့် မေလခန့်က ရှမ်းမြောက် မုံးကိုးဒေသတွင် အထူးတပ်မဟာ ၁၀၈ ကို တည်ထောင်ကြောင်း ကြေညာခဲ့ပါတယ်။

၃။ ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
October 2021

ရှမ်းပြည်‌နယ်မြောက်ပိုင်း KIA တပ်မဟာ ၆ တပ်ရင်း ၉ ဘက်ကို ယနေ့ နံနက် ၉ နာရီခွဲခန့်ကစတင်ပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ရေပူစမ်း ဆိုင်းဟော်မ်တောင်မှာ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း ရှေ့ တန်း သတင်းအရ သိရပါတယ်။

မုံးကိုး ဖောင်းဆိုင်ဘက်မှာလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား ယနေ့ နံနက် အစောပိုင်းက ဆုတောင်း တောင်ဘက်မှာ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဖောင်းဆိုင် ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “မနေ့ည ၇ နာရီ ကနည်းက ဒီ မနက်မိုးလင်း အထိ တိုက်ပွဲ ပြင်းထန်နေတာ။ ကျည်ကာ ကားနဲ့ ရွာထဲက ပစ်ပေးနေတော့ ရွာ‌ထဲ တုန်ခါနေ တယ်။ ကားနဲ့ ၂ ခေါက် ခေါက် အသံကြား‌တယ်။ ဒီနေ့မနက် တော့ ဘန်မွေး၊ မန်းယန် ဘက် ဒီမနက် ၁၀ နာရီ ခန့်ကစ တိုက်ပွဲ ပြင်းထန်နေတယ်။” လို့ ဖောင်းဆိုင် ဒေသခံတစ်ဦး က ပြောပါတယ်။

တိုက်ပွဲအနီးက ဘန်မွေးနဲ့ မန်းယန် ဒေသခံတွေဟာ ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၁၀၂ ဘက် ယာယီ ရှောင်တိမ်းခဲ့ကြရပြီး အောက်တိုဘာလ ၄ ရက်နေ့က ‌စစ်ရှောင်အားလုံးရွာကို ပြန်လာခဲ့ရာ အခုချိန် တိုက်ပွဲ ပြန်ဖြစ်နေတာဖြစ်ပါတယ်။

၄။ ကော့ကရိတ်တောင်ပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံး
October 16, 2021

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အံကလော်ရွာဘက်တွင် နယ်မြေခံ ကရင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တို့အကြား အောက် တိုဘာလ ၁၆ ရက်)တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ တစ်ဦး ထပ်မံကျဆုံးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့အင်အား ၆၀ ခန့်သည် အာရှလမ်းမဘေး ကော့နွဲရွာမှ အံကလော်ရွာဘက် တက်သွားရာတွင် ကရင် ပူးပေါင်းတပ်ဖွဲ့နှင့် ထိပ်တိုက်ဆုံကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကရင်ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦး က ကေအိုင်စီသို့ ပြောသည်။

၎င်းက ” ဒီမနက် ၈ နာရီကျော်လောက်မှာ အံကလော်ရွာဘက်အပေါ်ချောင်းပျက်နားမှာပေါ့နော် တိုက်ပွဲဖြစ်တယ်။ ကော့ကရိတ်နဲ့ဆိုရင် တစ်မိုင်ကျော်လောက်ရှိမယ်။ သိရသလောက်ကတော့ စစ်တပ်က ၄ ယောက် ထိတယ်ပြောတယ်။ တစ် ယောက် သေသွားတာတော့ သေချာတယ်။ ဦးခေါင်းတည့်တည့်ထိသွားတာကိုး။ ”ဟု ပြောသည်။ စစ်ကောင်စီတပ် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက် အောက်ခံ ခြေမြန်တပ်ရင်း -ခမရ ၅၅၆ ၊ ခမရ -၅၆၀ တပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့ဖြစ် သည့် KNLA တပ်မဟာ(၆) တပ်ရင်း(၁၈)နှင့် ဗိုလ်ချုပ်စောကျော်သက် ဦးဆောင်သည့် DKBA ပူးပေါင်းတပ်ဖွဲ့တို့ အကြားတွင် အောက်တိုဘာလ ၁၁ ရက်နေ့မှ စ၍ ယနေ့အချိန်ထိ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

၅။ ပူတာအိုမှ စစ်ကိုင်းသို့ ပို့ခံရသည့် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့၀င် မိသားစုများ စိုးရိမ်နေ

18 October, 2021

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်မှ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့၀င်တချို့ဟာ ပူတာအိုကနေ စစ်ကိုင်းတိုင်းကို ပို့ခံရလို့ တပ်မိသားစု ၀င်တွေ စိုးရိမ်ပူပန်နေကြပါတယ်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀၀ ခန့်ကို အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်းကို စစ်ကူအင်အားဖြည့်တဲ့အနေနဲ့ ပို့ခဲ့တာဖြစ်ပြီး အများစုဟာ ပူတာအို မြို့နယ်ရှိ ကျေးရွာတွေထဲက ဖြစ်တယ်လို့ သိရပါတယ်။

ပူတာအိုဒေသခံ တစ်ဦးက “ဦးရဲ့သားကို အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းမှာ သူတို့ ပြည်သူ့စစ်ရုံးကို ခနဆိုပြီး ခေါ်သွားတာ ဒီနေ့ထိ မပြန်လာဘူး။ သားလေးအတွက် စိတ်ပူတယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး။ တချို့ ပြောတာက ခေါင်လန်ဖူးဘက်ကို ရောက်နေပြီလို့တော့ ကြားမိတယ်” ပြည်သူ့စစ်တပ်ဖွဲ့၀င်တစ်ဦးရဲ့အကိုတစ်ဦးက “ကျနော့်ညီကို ၁၄ ရက် မနက်ပိုင်းမှာ ခေါ် သွားတယ်။ ညီကလည်း ပြည်သူ့စစ်အဖွဲ့၀င်တစ်ဦးပါ။ သူတို့ကို စစ်ကိုင်းတိုင်းဘက် ခေါ်သွားတယ်လို့ ကြားတယ်။ ဘယ်သူ့ ကိုမှ မပြောဖို့ အတင်းဖိအားပေးခံရတော့ သူဘယ်ရောက်နေတယ်ဆိုတာကို မပြောပြဘူး” လို့ ဆိုပါတယ်။

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေအပို့ခံရတဲ့ စစ်ကိုင်းတိုင်းဟာ လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ ကာကွယ် ရေးတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်နေတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်သားတွေလည်း အများအပြား ထိခိုက်ကျဆုံးတာ တွေ နေ့စဉ်လိုလို ရှိနေတာ ဖြစ်ပါတယ်။

၆။ မတူပီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကလေးငယ် တစ်ဦးအပါအဝင် လူကြီးတစ်ဦးသေဆုံး
October 18, 2021

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က စစ် ကောင်စီတပ်ဖွဲ့မှ လက်နက် ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အသက် ၆ နှစ်အရွယ်ကလေး ငယ်တစ်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ တို့ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး လူကြီးတစ်ဦးသေဆုံးခဲ့ သည်ဟု CDF-Matupi ထုတ်ပြန်ထားသည်။ အဆိုပါ လက်နက်ကြီးများ ရမ်း သမ်း ပစ်ခတ်ခြင်းတို့ကြောင့် မတူပီ-မင်းတပ်လမ်း၊ ခြန်းပြန်း(ခ) လမ်းကြောင်းတွင်လည်း ပြည်သူ ၁ ဦး ထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ မတူပီ-မင်းတပ် လမ်းကြောင်းတလျှောက် နယ်မြေရှင်းလင်းရေးများကို ယခု အပတ်မှစတင်ပြီး တောက် လျှောက်လုပ်ဆောင်လာကြသည့်အပြင် လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူများ အနေ ဖြင့် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပွားနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၇။ မြောက်ဦးမြို့နယ်မှ လူငယ်တစ်ဦးကို PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးထား
October 18, 2021

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်တစ်ဦးကို PDF အဖွဲ့နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာ လ ၁၅ ရက် နေ့လည် ၁ နာရီခန့်တွင်ဖမ်းဆီးသွားခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များကပြောသည်။

ဖမ်းဆီးခံရသူမှာ ကိုအောင်နိုင်မြင့် (၂၃) နှစ်ဖြစ်ပြီး ၄င်းမှာ မိမိနေအိမ်တွင်ရှိနေစဉ် အရပ်ဝတ်နှင့် လက်နက်ကိုင်ဆောင်ထားသူ များမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အစ်မဖြစ်သူ မခိုင်အေးမြင့်က DMG သို့ပြောသည်။ “အရပ်ဝတ်နဲ့ လက်နက် တွေ ကိုင်ထားတဲ့သူတွေ အိမ်ထဲကိုဝင်လာတယ်။ အောင်နိုင်မြင့် မင်းဖုန်းပေးစမ်းပြောတယ်။ ပြီးရင်ရဲစခန်း ခဏလိုက်လို့ပြော တယ်။ ဝိုင်းဖမ်းကြတယ်။ ကျွန်တော်မှာဘာအပြစ်ရှိလို့လည်းမေးတယ်။ မောင်လေးကရုန်းတော့ မျက်နှာကို လေးငါးချက် ထိုးနှက်ကြတယ်။ ပြီးတော့ ကားပေါ်မှာတင်ယူသွားတယ်” ဟု မခိုင်အေးမြင့်ခိုင်ကပြောသည်။ ကိုအောင်နိုင်မြင့်ကို ဖမ်းဆီးရာ တွင် အရပ်ဝတ်ဖြင့် လက်နက်များကိုင်ဆောင်ထားသူ ၁၀ ဦးခန့်မှ ကားအမဲရောင်တစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ကိုအောင်နိုင်မြင့်ကို မြောက်ဦးရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသဖြင့် မိသားစုဝင်များမှ ရဲစခန်းသို့ သွား ရောက်ခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း ရဲစခန်းသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ကိုအောင်နိုင်မြင့်၏ အစ်မအလတ်ဖြစ်သူ မနုနုယဉ်ကပြော သည်။ “ကျမတို့သွားခဲ့ပေမယ့် တွေ့ခွင့်မပေးဘူး။ နောက် ၁၅ ရက်လောက်ကြာမှလာခဲ့လို့ ရဲစခန်းက ပြော လိုက်တယ်။ ကျွန်မတို့မောင်လေးက PDF နဲ့ အဆက်အသွယ်ရှိတဲ့အတွက် ဖမ်းတာလို့ပြောတယ်။ သူ့အတွက်စိုးရိမ်တယ်” ဟု မနုနုယဉ်ကပြောသည်။ မြောက်ဦးရဲစခန်းသို့ DMG မှ ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။ အောက်တိုဘာလ ၉ ရက်နေ့ကလည်း သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကို PDF အဖွဲ့နှင့်ဆက်စပ်၍ ဖမ်းဆီးခဲ့ ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၀(က)၊ ၅၂(က) တိုဖြင့် သံတွဲမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသည်။

၈။ ကျိုင်းတုံ စစ်အာဏာရှင်ဆန့်ကျင်သူ ၇ ဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ၃နှစ်စီချ
October 17, 2021

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ မှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် အရပ်သား (၇)ဦးကို စစ်ကောင်စီ မှ အမှုချလိုက်ပြီး ထောင်ဒဏ် (၃)နှစ် စီ ချလိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲထားခြင်းခံရသည့် ကျောင်းဆရာမ မမီဆော (ခ) နန်းရှဲန်လာ၊ ကျိုင်းတုံမြို့နယ် NLD အတွင်း ရေးမှူး ဦးမြင့်စိုး၊ ဆိုင်ကယ် Taxi မောင်းသူ ဦးမိုးအောင် နှင့် မချော (ခ) ဒေါ်ခင်မမလှိုင် တို့ အား ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

“ဒါက အမြင့်ဆုံး ပစ်ဒဏ်လို့တောင် ပြောလို့ရတယ်၊ ဘေး/စီ ပုဒ်မ ၂၅ က ဥပဒေအရဆိုရင် ဒဏ်ငွေနဲ့ ထောင်ခြောက်လက အမြင့်ဆုံးပစ်ဒဏ်ပဲ၊ ခုလို စစ်တပ်ကမတရားဖမ်းတယ်၊ မတရား ထောင်ချပြီးတော့ ပစ်ဒဏ်ချတယ်၊ ဒါက သူတို့အနေနဲ့ ဥပဒေ ကိုမလေးစားတာ၊ ဥပေဒအထက်မှာ ရှိနေတယ်ဆိုပြီး လုပ်ပြ နေတာ” ဟု ပစ်ဒဏ် ချမှတ်ခြင်းခံရသူတစ်ဦးရဲ့ မိသားစုဝင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို့အတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီး အပြန်လမ်း တွင် ဖမ်းဆီးခံရသည့် မောင်ဂျူးလီ၊ မယွန်းလဲ့နန္ဒာနှင့် မနန်းခမ်းဖူးမြတ် တို့ကိုလည်း စစ်တပ်အားဆန့်ကျင်မှုဖြင့်ဟုဆိုတာက ရာဇသတ် ကြီးပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးတရားစွဲဆိုထားပြီး ထောင်ဒဏ် (၃) နှစ်စီ ချမှတ်လိုက်သည်။

မောင်ဂျူးလီ ကိုမူ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်အတူ ဖမ်းမိသည်ဟုဆိုကာ သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈ ဖြင့်ပါ ထပ်မံ တရား စွဲ ဆိုပြီး ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့သည်။ ပုဒ်မ ၅၀၅-က မှာ ယခင်က အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်ဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပြစ်ဒဏ်ကို အမြင့်ဆုံး ၃ နှစ်အဖြစ် ပြင်ဆင်ကာ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အများအပြား အမှုဖွင့်ခဲ့သည်။

၉။ ကျောက်မဲရောက် စစ်ရှောင်ကိုယ်ဝန်သည် မီးဖွားရန် အခက်ခဲကြုံ
October 18, 2021

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် စစ်ရှောင်ရောက်ရှိနေသည့် ကိုယ်ဝန်သည်များ မီးဖွားရန် အခက်ခဲကြုံနေရသည့်အပြင် စောင်နှင့် အနွေးထည်များပါ လိုပ်နေတာဖြစ်ကြောင်း သိရသည်။ ကျောက်မဲ မိုင်းတင်းကျေးရွာအုပ်စုထဲရှိ မိုင်းတင်းနှင့် ဗြိန်းခါး စစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည်နှစ်ဦး ရှိနေပြီး မီးဖွားရန် အခက်ခဲဖြစ်နေကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။

“ဗြိန်းခါးက တစ်ယောက်က ကိုယ်ဝန် (၉)လရှိပြီ၊ မွေးဖို့ နီးနေပြီ၊ သူက ခွဲမွေးရမယ်ဆိုပြီး ကျန်းမာရေးပိုင်းက လာကြည့်ပေးပြီး ပြောသွားတယ်၊ စစ်ရှောင်ရောက်နေတာဆိုတော့ ခွဲမွေးတဲ့ချိန် ကုန်ကျမယ့် စရိတ် အခက်ခဲဖြစ်နေတာ၊ နောက်တစ်ယောက် ကလည်း ကိုယ်ဝန် (၇)လကျော်ရှိပြီ” ဟု စစ်ရှောင်ကူညီပေးနေသူ ဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ ဗြိန်းခါးမှ ကိုယ်ဝန်သည်မီးဖွားနိုင်ရန် မြို့တွင်းရှိ ပရဟိတအသင်းမှ လားရှိုးသို့ ပို့ဆောင် ကူညီပေးမှာဖြစ်ကြောင်း၊ သို့သော် ခွဲစိတ်မွေးဖွားရန်အတွက် ငွေကြေးအခက်ခဲရှိနေတာဖြစ်ကြောင်း ၄င်းက ဆိုသည်။ ထိုစစ်ရှောင်ကိုယ်ဝန်သည်များ သည် ပန်စလော့နှင့် ပန်ကွမ်ကျေးရွာမှ စစ်ရှောင်ရောက်ရှိနေသူများဖြစ်ပြီး (၂)လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်လဝန်းကျင်တွင်လည်း မိုင်းတင်းစစ်ရှောင် စခန်းတွင် ကိုယ်ဝန်သည်တစ်ဦး မီးဖွားခဲ့ရကြောင်း သိရသည်။

“ခုက ဆောင်းဝင်တော့မှာလေ၊ အရင်ကထက် ပိုပြီး အေးလာပြီ၊ အနွေးထည်တွေ၊ စောင်တွေက မရှိဘူး၊ အလှူရှင်တစ်ချို့ လာလှူပေမယ့် စောင်က အပါးတွေ ဆိုတော့ ဒီလို ရာသီနဲ့ဆို အဆင်မပြေဘူး၊ ပြီးတော့ မီးဖွားမယ့် ကိုယ်ဝန်သည်လည်း ရှိနေ သေးတယ်” ဟု နမ့်ဆော့ စစ်ရှောင်များကို ကူညီနေသည့် အမျိုးသမီးက ပြောသည်။ ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာ အုပ်စုထဲတွင် စစ်ရှောင်စခန်း (၄)နေရာရှိပြီး နမ့်ဆော့တွင် (၈၄)ဦး၊ မိုင်းတင်းတွင် (၁၁၀)ဦး၊ နားမွန်းတွင် (၃၇)ဦးနှင့် ဗြိန်းခါး တွင် (၆၈)ဦး ရှိနေကြတာဖြစ်ကြောင်းသိရသည်။

၁၀။ မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ ကင်းစောင့်ဖို့ စစ်မှုထမ်းဟောင်းတွေကို အသုံးပြု

October 18, 2021

မွန်ပြည်နယ်အတွင်းက စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးယူဖို့အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က စစ်မှုထမ်းဟောင်း တွေကို ပြန်လည် အသုံးပြုနေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဟာ စစ်ဆေးရေးဂိတ်တွေမှာ ကင်းစောင့်လုံခြုံရေးယူဖို့အတွက် တစ်မြို့နယ်ကို စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၀ ဦး နှုန်း ခေါ်ယူအသုံးပြုလာတာ ဖြစ်ပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာတော့ ကျန်းမာရေးကောင်းတဲ့ အသက် ၅၀ နှစ်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေကို အဓိက အသုံးပြုထားတယ်လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။ ”လုံခြုံရေးဂိတ်တွေ၊ စစ်ဆေးရေးဂိတ်တွေမှာ တာဝန်ချထားဖို့ မြို့နယ်တစ်ခုကို လူ ၁၀ ဦးနှုန်းနဲ့ ရွေးခေါ်ထားတယ်၊ ပြည်သူ့စစ်နဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေပေါ့၊ အခုရွေးထားတဲ့သူက အသက် ၅၀ နှစ်အထက်မှာရှိတယ်၊ ဘာဖြစ်လို့ အသက်ကြီးပိုင်းကို ရွေးထားတာလဲတော့မသိဘူး” လို့ ၄င်းက ပြောပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးယူနေတဲ့ စစ်မှုထမ်းဟောင်းတွေကို တစ်ရက် ၁၂ နာရီနှုန်း တာဝန်ထမ်းဆောင်ခိုင်းထားပြီး တနေ့ ထမင်းတစ်နပ်နှုန်းနဲ့ တစ်လ ငွေကျပ်ငါးသောင်းအပါအဝင် အခြေခံစားသောက်ကုန် ပစ္စည်းတချို့ ထောက်ပံ့ပေးထား တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ အင်အားနည်းပါးနေသည့်အတွက်ကြောင့် စစ်မှု ဟောင်းအဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူအသုံးပြုနေတာဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက ဆိုကြပါတယ်။

၁၁။ ပြည်သူတွေကို အခွန်ကောက်ခံနေတဲ့ ဌာနဆိုင်ရာတွေကို သတိပေးဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း KNDF-B 02 ဆို
October 18, 2021

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စည်ပင်သာယာရေးဌာန ဝန်ထမ်းတွေက ပြည်သူလူထုကို အခွန်အခတွေ ကောက်ခံနေတာ တွေရှိတဲ့အတွက် (အောက်တိုဘာ ၁၅ ရက်) နေ့လည် (၁၁) နာရီအချိန် စည်ပင်ရုံးနားမှာ သတိပေးဖောက်ခွဲမှု ပြုလုပ်ခဲ့ တယ်လို့ KNDF-B.02 က ထုတ်ပြန်ခဲ့ပါတယ်။

“ကျနော်တို့ စစ်အာဏာရှင်တော်လှန်နေတဲ့အချိန်မှာ ယန္တာရားမှန်သမျှ မလည်ပတ်ဖို့လိုတာပေါ့နော။ နောက်တော့ ပြည်သူ တွေ အပေါ်မှာ အခုဆိုရင် စစ်အာဏာရှင်ကို အားပေးပြီးတော့ သူတို့က အခွန်တွေ ပြန်ကောက်နေလို့ပါ။” လို့ KNDF-B 02 မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ သတိပေးဖောက်ခွဲမှုမှာ ထိခိုက်တာတွေ မရှိဘူးလို့ သိရပါတယ်။ မည်သည့်ဌာနမဆို စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ယန္တာရား လည်ပတ်တာတွေ၊ အခွန်ကောက်ခံတာတွေ ဆက်လက် ပြုလုပ် မယ်ဆိုရင် ပိုမိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်သွားမယ် “အစိုးရနဲ့ ပတ်သက်တဲ့ ယန္တာရားတွေ ပြည်သူကို အခွန်ကောက် မယ်ဆိုရင်တော့ ဘယ်ရုံးမဆို ကျနော်တို့ လုပ်ဖို့အဆင်သင့်ပါပဲ။” လို့ သူက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲရာနေရာတွေ၊ စစ်ကောင်စီကို ထောက်ခံပြီး ပြည်သူတွေအ ပေါ် အတင်းအကြပ်အခွန်ကောက်ခံနေတဲ့ ရုံးနဲ့ဌာနတွေကို ပစ်မှတ်ထားတိုက်ခိုက် မယ်ဆိုတဲ့ အသိပေးစာကို ဇူလိုင် (၁၃) ရက် မှာ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းလည်း သတိပေးစာထဲမှာ ပါရှိပါတယ်။

၁၂။ မိုင်းကိုင် သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် စစ်ရှောင်ထဲမှ ကားတစီး ကျည်ထိ
October 18, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်စခန်းထဲရှိ ကားတစ်စီး လက်နက် ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၁၇)ရက် မနက် (၈)နာရီမှ (၁၀)နာရီကျော်ထိ မိုင်းကိုင်မြို့ နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းစုံဘုန်းကြီးကျောင်း အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“စစ်ရှောင်တွေ နေတဲ့ နေရာနဲ့တော့ နီးတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေတော့ မရှိဘူး။ ကျည်စ တစ်ချို့ ကျောင်းဝန်းထဲ ရပ်ထားတဲ့ ကားထိသွားတယ်။ ဒီနေ့တော့ လက်နက်သံတွေ မကြားရသေးဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ဟမ်းငိုင်းဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ တိုက်ပွဲကြောင့် စစ်ရှောင် (၇၀)ခန့် ထပ်မံ ထွက်ပြေးလာရ ကြောင်း၊ ကုန်းစုံဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် (၄၀၀)ကျော်နှင့် ကောင်းမူးခမ်းတွင် (၅၀၀)ကျော် ရှိထားပြီး ဟမ်းငိုင်း ကျေးရွာအုပ်စုမှ စစ်ရှောင် (၁၀၀၀)ကျော် ရှိထားကြောင်း သိရှိရသည်။ “ဟမ်းငိုင်းမှာ ရောက်နေတဲ့ စစ်ရှောင်တွေက (၁)လ ကျော်လောက် ရှိပြီ။ ပြီးခဲ့တဲ့ (၄)ရက် (၅)ရက်က ရိက္ခာတွေ အခက်ခဲဖြစ်ခဲ့တယ်” ဟု ဟမ်းငိုင်းစစ်ရှောင်ကော်မတီဝင် တစ်ဦး က ပြောသည်။

အလားတူ အောက်တိုဘာ (၁၇)ရက်မှာ ဟမ်းငိုင်းကျေးရွာအုပ်စု နောင်တောင်းကျေးရွာနေ အမျိုးသားတစ်ဦး ဟမ်းငိုင်းဈေး အပြန် ကားမောင်းပြန်လာစဥ် ကျည်စထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “ဘယ်အဖွဲ့ပစ်လဲတော့ ကျနော်လဲ မသိဘူး။ ထိတော့ ကားပေါ်ကနေ ပြေးဆင်းလိုက်တာ။ ကားထဲ (၇) ယောက်ပါတာ ကျနော်ပဲ ထိတယ်” ဟု ကျည်စထိမှန်သူက ပြော သည်။ အဆိုပါ ကျည်စထိမှန်သူသည် အသက် (၄၈)နှစ်ရှိ ဦးအိုက်ထွေး ဖြစ်ပြီး လက်ရှိမှာ မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ဆေးကုသ မှုခံယူနေကြောင်း စုံစမ်းသိရှိရသည်။

၁၃။ KNDO နှင့်တိုက်ပွဲတွင် စစ်ကောင်စီမှ ဗိုလ်မှူးအပါအဝင် (၇)ဦးကျဆုံးပြီး (၅)ဦးဒဏ်ရာရ
October 18, 2021

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -KNDO နှင့် စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး (၁)ဦးအပါအဝင် (၇) ဦးကျ ဆုံးပြီး (၅) ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU သတင်းနှင့် ပြန်ကြားရေးဌာန၏ ဖေ့ဘွတ်လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် ယနေ့ (အောက်တိုဘာလ ၁၈ ရက်) ထုတ်ပြန်ထားသည်။

ကျောက်ကြီးမြို့နယ် မူသယ်ရွာကျေးရွာအထွက်တွင် လုံခြုံရေးယူထားသော (KNDO) တပ်ရင်း(၃) နှင့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-၅၅၉ နှင့် ခမရ-၅၉၀တို့အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဘက်မှ ထိုသို့ ထိခိုက် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု KNUဘက် ပြောသည်။ တပ်အင်အား ၁၆၀ ခန့်ရှိ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် KNU တပ်မဟာ (၅) ဘက်သို့ သွားရောက်ရန်အတွက် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ရွာကျေးရွာအတွင်း အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု KNU၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၄။ နောင်မွန်မြို့မှ ဖမ်းဆီးခံရသည့် ဆရာတော် ၃ ဦး ပြန်လည် လွတ်မြောက်လာ
19 October 2021

ပူတာအိုခရိုင် နောင်မွန်မြို့မှ အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသော ကချင်ခရစ်ယာန် ဓမ္မဆရာ တော် ၃ ပါး အောက်တိုဘာ ၁၈ ရက် ညနေ ၅နာရီဝန်းကျင်က အကျဉ်ထောင်မှ ပြန်လည်လွတ်မြောက်လာ ပြီဖြစ်ကြောင်း သိရ သည်။လွတ်မြောက်လာသည့် ဓမ္မဆရာတော် ၃ဦးမှာ ပြီးခဲ့သော မေလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်တရားစွဲဆိုထားခံခဲ့ရကာ ၅လခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခြင်းခံရခြင်းမှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

“ဆရာ ၃ယောက်စလုံးက ညနေပိုင်း လွတ်မြောက်လာပြီ။ ဆရာ ၃ယောက်စလုံးက ကျန်းမာစွာရှိပါတယ်” ဟု ပူတာအိုဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ပါသည်။ ပြီးခဲ့သော မတ်လ ၃ရက်နေ့က နောင်မွန်လူငယ်များ ဦးစီးပြုလုပ်သည့် မြန်မာနိုင်ငံတရားမျှတမှုအမြန်ဆုံး ရောက်ရှိလာနိုင်ရေး ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲအစီအစဉ်တွင် တက်ရောက် ခဲ့ သောကြောင့် ဆရာတော် ၃ ပါး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဆရာတော် ၃ ပါးမှာ ဆရာတော် ဂိုရှန်ဆင်ဆားရ် (နှစ်ခြင်းခရစ်ယာန်အသင်းတော်)၊ ဆရာတော်ဇဂေါန်ထီန (ခရစ်တော်၏ အသင်းတော်)၊ သိက္ခတော်ရ ဆရာတော် မဟောင်ဒီ (ရဝမ်နှစ်ခြင်းအသင်းတော်) တို့မှ ဖြစ်ကြသည်။ ပူတာအို အကျဉ်ထောင်မှ လွတ်မြောက်လာသူများထဲတွင် ဆရာတော် ၃ ဦးအပြင် ပူတာအိုမြို့မှ သွားဆရာဝန်တစ်ဦးဖြစ်သည့် ဟိန်းသူရဇော်လည်း လွတ်မြောက်ခဲ့ရာတွင် ပါဝင်ခဲ့ကြောင်း ဆက်လက်သိရသည်။ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ဖမ်းဆီးခံရသော လူငယ်အချို့ မှာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

၁၅။ တရားလိုမရောက်၍ ကျောက်ဆိပ်ရွာသား ၅ ဦးအမှု ကြန့်ကြာနေ
October 18,2021

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲ ဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားများ ၅ ဦးအမှုမှာ တရားလို မရောက်ရှိသည့်အတွက် ကြန့်ကြာနေကြောင်းဘသိရသည်။ ဖမ်းဆီးတရားစွဲဆိုခံထားရသူများမှာ ကိုညီညီအောင် (၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး (၃၈) နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ ဖြစ်ကြသည်။ ကိုညီညီအောင်အပါ အဝင် ၅ ဦးကို စွဲဆိုထားသည့်အမှုတွင် တရားလိုပြသက်သေ ၉ ဦးအနက် ၈ ဦးကိုစစ်ဆေးပြီးဖြစ်ကာ ကျန်သက်သေတစ်ဦးမှာ စစ်တွေခရိုင်တရားရုံးသို့ လာရောက်နိုင်ခြင်းမရှိသဖြင့် ကော်မရှင်နာဖြင့် စစ်ဆေးရန် ပြီးခဲ့သည့် ဧပြီလအတွင်းမှစ၍တင်ပြထားကြောင်း ရှေ့နေထံမှသိရသည်။

အဆိုပါ သက်သေစစ်ဆေးရန်အတွက် ကော်မရှင်နာတင်ပြထားခြင်းမှာ ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိ သဖြင့် အမှုကိုဆက်လက်မစစ်ဆေးနိုင်သေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။ “ဒီနေ့ ကျောက်ဆိပ်ရုံးထုတ်ဖြစ်ခဲ့ပေမယ့် ကော်မရှင်နာမရောက်သေးတာကြောင်း ဘာမှမလုပ်ခဲ့ရဘူး။ နိုဝင်ဘာလ ၁ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်တယ်။ နောက်စစ်ဆေးဖို့ ဘာမှမရှိတော့ဘူး။ အဲဒီကော်မရှင်နာစစ်ဆေးဖို့ တစ်ခုဘဲရှိတော့တယ်”ဟု ဦးကျော်ညွှန့်မောင် က ပြောသည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ သား (၃၈)ဦးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် (၃၃)ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန် (၅)ဦးကို ဆက်လက် ချုပ်နှောင်ထားခဲ့သည်။

၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း တပ်မတော်သားများမှ ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက် နှိပ်စက်မေးမြန်းနေသည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။ ၎င်းတို့ ၅ ဦးမှာ အကြမ်းဖက် မှုပုဒ်မ ဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည်မှာ လက်ရှိတွင် (၂)နှစ်ခန့်ကြာမြင့်လာခဲ့ပြီဖြစ်သည်။ လက်ရှိတွင် တရားစွဲဆိုခံထားရသည့် အမှုများနှင့်ပတ်သက်၍ ရုံးထုတ်သော်လည်း စစ်ဆေးဆောင်ရွက်ခြင်းမရှိဘဲ ရုံးချိန်းများသာ ရွှေ့ဆိုင်းနေသည့်အတွက် မိသားစု ဝင် များက စိတ်ပျက်နေကြသည်။

၁၆။ ကော့ကရိတ်တောင်ပိုင်းတွင် ဒေသခံတစ်ဦးကို လမ်းပြအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ခဲ့
October 18, 2021

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်းပိုင်းတွင် ဝင်ရောက်လှုပ်ရှားနေသည့် စစ်ကောင်စီတပ်များသည် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဒေသခံတစ်ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုလုပ်ဆောင်ခဲ့ ပြီး ယနေ့နံနက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသအတွင်း သတင်းအရင်းအမြစ်အရ သိရှိရသည်။ အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ ၅၅၆ နှင့် ၅၆၀ တပ်ရင်းတို့သည် ယမန်နေ့ အောက်တို ဘာလ ၁၇ ရက်နေ့က မြို့ဟောင်းကျေးရွာမှ ရွာသစ်ကျေးရွာကို ခြေလျင်ဖြင့် ပြန်လာ စဉ် နွားကျောင်းနေသည့် ရွာသစ်ဒေသခံတစ်ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု KNLA နှင့် နီးစပ်သူ များက ပြောသည်။

KNLA နှင့် နီးစပ်သူတစ်ဦးက”သူ့ကို မနေ့ညက စစ်တပ်က ဖမ်းထားတာ၊ နွားသွားကျောင်းရင်း သူ့ကို ဖမ်းလိုက်တာပေါ့နော် လမ်းပြအနေနဲ့။ မျက်နှာတွေ၊ ဘာတွေ အကုန်ဖုံးထားတယ်။ တညလုံးဖမ်းထားတယ်။ စစ်တပ်က ရွာသစ် မိကစိန်ဘုန်းကြီး ကျောင်းမှာ တညအိပ်လိုက်တယ်။ ဒီမနက် ရွာသစ် (ဘ.က)ကျောင်းကို ပြန်ရောက်တယ်။ ရွာရောက်ပြီး မနက် ၇ နာရီ လောက် မှာ ဖမ်းထားတဲ့လမ်းပြကို ပြန်လွှတ်တယ်။ ” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။ ရွာသစ်ကျေးရွာသို့ ပြန်လည်ဝင်ရောက်လာ သည့် စစ်ကောင်စီတပ်သည် ရွာအဝင်တွင် နယ်မြေခံ KNLA တပ်ဖွဲ့နှင့် မိနစ် ၂၀ ခန့်ပစ်ခတ်မှုဖြစ်ပွားသေးသည်ဟု ၎င်း KNLA နှင့် နီးစပ်သူက ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ ၅၅၆၊ ခမရ-၅၆၀ တပ်ဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့တွင်လည်း အံကလော်ရွာဘက်တွင် KNLA တပ်မဟာ(၆) တပ်ရင်း (၁၈)၊ (၂၇) ပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိပ်တိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။ ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၄ ဦးကျဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA တပ်ဖွဲ့ဝင် သတင်းအရင်းအမြစ်ဘက်က ပြောသည်။

၁၇။ အဖမ်းခံရသူတွေကိုပြန်လွှတ်ပေးတာ နိုင်ငံတကာကို အာရုံလွှဲတာသာဖြစ်ကြောင်း AAPP ထုတ်ပြန်
October 19, 2021

စစ်ကောင်စီအနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတက်ခွင့် ပိတ်ပင်ခံရတော့မှ အဖမ်းခံထားရသူတွေကို အခုလိုပြန်လွှတ် ပေးတာဟာ နိုင်ငံတကာအစိုးရတွေကို အာရုံလွှဲစေချင်တာကြောင့်သာဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) အောက်တိုဘာလ ၁၈ ရက်နေ့ မှာ သတင်းထုတ်ပြန်ပါတယ်။ AAPP အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ မီဒီယာတွေကနေ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီအနေနဲ့ ဂရုမစိုက်ခဲ့ဘူးလို့လည်း AAPP က ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရပြီး အကျဉ်းကျနေသူ ၁၃၂၆ ဦးနဲ့ အမှု ရင်ဆိုင် နေရဆဲ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက် မနေ့က သတင်းထုတ် ပြန်ခဲ့တဲ့နောက်မှာပဲ AAPP က အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အခုလို အကျဉ်းသားတွေ ကို ပြန်လွှတ်ပေးရတာ ပြည်တွင်းပြည်ပ ဖိအားတွေကြောင့် မဟုတ် ဘဲ အရင်ကတည်းက စိစစ်ပြီး လွှတ်ပေး နေတာတွေရှိတယ်လို့ ပြောဆိုထားပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ပြည်သူ ၁၃၁ ဦးအပါအဝင် အဖမ်းခံခဲ့ရတဲ့ ပြည်သူ ၉၀၂၈ ဦးကို မဖြစ်မ နေ ပြန်တောင်းပန်ဖို့ လိုသလို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်ကုစားပေးဖို့ စစ်ကောင်စီ မှာပဲ တာဝန်ရှိတယ်လို့လည်း AAPP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ စစ်ကောင်စီအနေနဲ့ ဖိနှိပ်မှုတွေကို လျှော့ချချင်လို့ ပြန်လွှတ်ပေးတာမျိုးမဟုတ်ဘဲ တကယ်လို့သာ ဖိနှိပ်မှုတွေကို လျှော့ချချင်တယ်ဆိုရင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသား ကိုးထောင်ကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ ခေါင်းဆောင်တွေကို မူလတာဝန်တွေ ပြန်ပေးဖို့ AAPP က တောင်းဆိုထားပါတယ်။

၁၈။ မချမ်းဘော့ဒေသခံများ၏ စိုက်ပျိုးမြေကို စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့က ရွှေတူးရန် သတ်မှတ်ယူ
October 18, 2021

ပူတာအိုခရိုင် မချမ်းဘောမြို့နယ် ရှင်မွေယာန်အုပ်စု ရှိန်ဂိုင်ယန်ကျေးရွာတွင် ဒေသခံများ လုပ်ကိုင်စားသောက်နေသော မြေ နေရာပေါ်တွင် ရွှေတူးဖော်ရန်အတွက် စစ်ကောင်စီအောက် ဌာနေပြည်သူ့စစ်အဖွဲ့က မကျူးကျော်ရ ဆိုင်းဘုတ်များ စိုက်ထူ လာနေ ကြောင်း သိရသည်။

ယခု အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ ရှိန်ဂိုင်ယန်ကျေးရွာနှင့် ၁မိုင်ခန့်သာရှိသည့် ခီခ (Hki Hka) ချောင်းအနီး တဝိုက် ဒေသခံရွာသားများ၏ တောင်ယာ မြေဧက ၁၀ ကျော်ခန့်တွင် ‘လုပ်ကွက်ဧရိယာ မကျူးကျော်ရ’ စာသားပါ ဆိုင်းဘုတ်များ ကို ပြည်သူ့စစ်အဖွဲ့က လာရောက်စိုက်ထူထားသည်ဟု ရှိန်ဂိုင် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ “ကျနော်အခင်းခုတ်ထားတဲ့ နေရာမှာလည်း လာကပ်ထားတယ်။ အခုသူတို့ ဆိုင်းဘုတ်လာကပ်ထားတဲ့နေရာတွေက ဒေသခံ အားလုံး ၃ ရာသီစလုံး တောင်ယာအခင်း လုပ် ကိုင်နေတဲ့ မြေနေရာဖြစ်တယ်။ ပြည်သူ့စစ်အဖွဲ့က ဘယ်လိုရည်ရွယ်ပြီး အခုလို လာလုပ်ထားလဲ မသိဘူး။ ဆိုင်းဘုတ်လာထောင်းသွားတာလဲ ဒေသခံတွေက မသိလိုက်ဘူး”ဟု ဆိုသည်။ အခုလို လုပ်ရပ် အတွက် ဒေသခံများကို အသိပေးပြောဆိုမှု တစ်စုံတစ်ရာမရှိဘဲ ရွှေတူးဖော်ရန်အတွက် စတင်လုပ်ဆောင်လာခြင်းဖြစ်ပြီး ထိုလုပ်ရပ်အပေါ် လုံးဝကန့်ကွက်ကြောင်း အထက်ပါ ဒေသခံက ဆက်ဆိုသည်။

“ကျနော်တို့ ဘက်မှာက တောင်ယာအခင်းသာ လုပ်ကိုင်တတ်ကြတယ်။ လယ်က ရေရယူဖို့ ခက်တော့ သိပ်မလုပ်ကြဘူး။ အခု လို အာဏာပိုင်တွေက ဒီလို ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ လုပ်လိုက်ရင် ဒေသခံတွေရဲ့ လုပ်ကိုင်စားသောက်တဲ့ ဘုံပျောက်သွား မယ်။ အကောင်းဆိုတာနည်းတယ်။ ဒေသခံတွေအတွက်တော့ ဆိုးကျိုးတွေက ပိုများမယ်။ ဒါကြောင့် ဒါကိုလုံးဝကန့်ကွက် ပါတယ်။ နောက်ထပ်ဒေသခံတွေပေါင်းပြီး ဆက်လက်ကန့်ကွက်သွားပါမယ်” ဟု ဆက်ဆိုထားသည်။ ရှိန်ဂိုင်ယန်ကျေးရွာသည် လူဦးရေ ၂၀၀ ကျော်ခန့်နှင့် အိမ်ခြေ ၃၀ ကျော်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး ရွာသားအားလုံးမှာ တောင်ယာလုပ်ငန်းကိုသာ အဓိက ဦးစားပေးလုပ်ကိုင်ကြကြောင်းသိရသည်။ ပြီးခဲ့သော ၂၀၂၀ ခုနှစ် နောက်ပိုင်း ရှိန်ဂိုင်ယန်ကျေးရွာ ဧရိယာနယ် မြေ အတွင်း ပြည်သူ့စစ်အဖွဲ့များက ရွှေတူးဖော်ရန် ပထမအကြိမ် ဧရိယာသတ်မှတ်မှုများရှိခဲ့သော်လည်း ဒေသခံပြည်သူများ ကန့်ကွက်မှုများရှိခဲ့သည့်အတွက် ပြန်လည်ရပ်နားခဲ့ကြောင်း သိရသည်။

၁၉။ မောင်တောရှိ ရိုဟင်ဂျာများအား ကိုဗစ်ကာကွယ်ဆေး မထိုးပေး
August 19, 2021

ဒေသခံများ၏ ပြောဆိုချက်အရ မောင်တောမြို့နယ်တွင် ဒီလအတွက်ရရှိသည့် ကိုဗစ်ကာကွယ်ဆေး အလုံး ၃၀,၀၀၀ အနက် ရိုဟင်ဂျာတို့ကို ထိုးနှံပေးခြင်းမရှိကြောင်း သိရသည်။ ကာကွယ်ဆေးထိုးခြင်းကို မောင်တောပြည်သူ့ဆေးရုံမှာ ဩဂုတ်လ ပထမ ပတ်တွင် စီမံခဲ့ပြီး စိစစ်ရေးကဒ်ရှိသူများကိုသာ ထိုးပေးသဖြင့် ရိုဟင်ဂျာအများစုတွင် စိစစ်ရေးကဒ် မရှိကြသည့်အတွက် ကာကွယ်ဆေး မထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မောင်တောအုပ်ချုပ်ရေးရုံး၏ တရားဝင်စာရင်းအရ မြို့လူဦးရေ သုံးပုံနှစ်ပုံမျှရှိသည့် ရိုဟင်ဂျာ ၇၄,၀၀၀ ထက် ပိုစရာရှိသည့် အနက် ဆယ်ဦးထက်မပိုသော အရည်အတွက်ကိုသာ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း သိရှိရသည်။ ဒေသခံတို့အဆိုအရ တရုတ်ထုတ် စီနိုဖန်ကာကွယ်ဆေးကို အများအားဖြင့် အစိုးရဝန်ထမ်းများ၊ နယ်ခြားစောင့်ရဲများနှင့် ၎င်းတို့၏ မိသားစုများ ကို ထိုးပေးကြောင်း၊ သူတို့၏ဦးရေမှာ မောင်တောတွင် သောင်းချီရှိကြောင်း သိရှိရသည်။ စကစ၏ တရားဝင်ထုတ်ပြန်ချက်အရ မေလတွင် စဖြစ်ပွားသည့် ကိုဗစ်တတိယလှိုင်းကြောင့် ဩဂုတ်လ ၁၅ ရက်နေ့ထိ မောင်တောမြို့နယ်တွင် ပိုးတွေ့လူနာ ၄၆၃ ဦးရှိပြီး၊ ၁၅ ဦးသေဆုံးခဲ့ကြောင်း၊ အမှန်တကယ်ဦးရေမှာ ပိုများနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

ရိုဟင်ဂျာအများစုက အစိုးရ၏ ကျန်းမာရေးဝန်ဆောင်မှုကို မယုံကြည်ကြသည့်အတွက် အိမ်မှာသာ ကိုယ့်ဘာသာ ကုသနေကြ သည်။ မြန်မာပြည်အလယ်ပိုင်းမှ ပြောင်းရွေ့လာသည့် နယ်ခြားစောင့်ရဲနှင့် ၎င်းတို့၏ မိသားစုဝင်များထံမှ ကိုဗစ်လူနာသစ် ၂၀၀ ခန့် မောင်တောကိုရောက်လာခဲ့ကြောင်း သိရှိရသည်။ အာဏာပိုင်များ၏ အိမ်ပြင်မထွက်ရ အမိန့်ကြောင့် ဒေသခံတွေက ညနေ ၃ နာရီကျော်ပါက အပြင်မထွက်ကြပေ။ ပြီးခဲ့အပတ်ကစပြီး မြန်မာစစ်တပ်က ပင်လယ်ကမ်းခြေ အငူမော်နှင့် ဘူးသီတောင်မှ မောင်တောအထိ ကုန်းပိုင်းမှတဆင့် စစ်သားနဲ့ သံချပ်ကာ ကားတွေ တိုးချလာတယ်။

၂၀။ မွန်ပြည်နယ်က ရွေးကောက်ခံကိုယ်စားလှယ်အချို့ နိုင်ငံရေးမလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ခြင်းမရှိဟုဆို
October 18, 2021

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းကအနိုင်ရခဲ့သည့် ရွေးကောက်ခံကိုယ်စားလှယ်အချို့ နိုင်ငံရေး မလုပ် တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ခြင်း မ‌ရှိကြောင်း ကာယကံရှင်များက မွန်သတင်းအေဂျင်စီသို့ ပြောဆိုခဲ့သည်။ မွန်ညီညွတ်ရေး ပါတီ (MUP) မှ နုတ်ထွက်ထားသည့် ရွေးကောက်ခံကိုယ်စားလှယ် တစ်ဦးဖြစ်သူ နိုင်မွန်ရာဇာက လက်မှတ်ရေးထိုးသည့် အချက်များမှာ နိုင်ငံရေး မလုပ်တော့ဘူးဆိုသည့် အချက် မပါဝင်ကြောင်း ပြောသည်။

“အဲတာက ကျနော်လည်း ရက်အတိအကျတော့ မသိတော့ဘူး။ အဲမှာ ဖေဖော်ဝါရီနောက်ပိုင်းပေါ့နော်။ ဒီစကစ က တာဝန်ယူ အာဏာယူပြီးတဲ့နောက်ပိုင်းပေါ့နော်။ CRPHတို့ NUG နဲ့တော့ ပတ်သက်မှု မရှိဘူးပေါ့နော်။ အဲတာက ခံဝန်လက်မှတ်ထိုးခဲ့ ကြတာပေါ့နော်။ အဲမှာ ‌နောက်ဆို နိုင်ငံရေး မလုပ်တော့ဘူးဆိုတဲ့ အချက်တွေမပါဘူးခင်ဗျ။ အဲဒီအချက်လုံးဝမပါဘူး” ဟု နိုင်မွန်ရာဇာ က ပြောသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ်အချို့သည် တပ်မတော် မှ အာဏာရယူပြီးနောက်ပိုင်းတွင် နိုင်ငံရေးမလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ရသည်ဟု သတင်းဌာနအချို့တွင် ရေးသားဖော်ပြခဲ့သည်ကို တွေ့ရသည်။ မွန်ညီညွတ်ရေးပါတီ (MUP) တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်က ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် မိမိတို့ ပါတီနှင့် သက်ဆိုင်ခြင်း မရှိကြောင်း လက်မှတ်ထိုးခဲ့ရခြင်းဖြစ်ပြီး နိုင်ငံရေးမလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ခြင်း မဟုတ်ကြောင်း ဆိုသည်။

“မဆိုင်ပါ။ တစ်ခုမှ မပါဘူး အဲတာ။ ကျနော်ကိုယ်တိုင်လက်မှတ်ထိုးခဲ့တာပဲဗျ။ NUG၊ CRPH နဲ့ ပတ်သက်ပြီးမှ ကြာပါပြီဗျာ။ ကောင်စီနဲ့ ပတ်သက်ပြီး ကျနော်တို့ ကိုယ်စားလှယ်လွှတ်ကတည်းက ကျနော်တို့ လက်မှတ်ထိုးထားပြီးသား။ အဲထဲမှာ တစ်ခွန်း မှ မပါ နိုင်ငံရေးမလုပ်ရဘူးဆိုတာ။ အဲတာပြောလိုက်ရင် ခင်ဗျားတို့လည်း ကြုံဖူးမှာပါ။ ထောင်ကျတဲ့သူက လွတ်ပေးလိုက်ရင် ကတိခံဝန်ချက်‌ရေးရတယ်။ နိုင်ငံရေးမလုပ်‌တော့ပါဘူးဆိုပြီး ကျနော်တို့က ထောင်ကျခဲ့တဲ့ လူမှ မဟုတ်တာဗျ” ဟု နိုင်စံတင် က ပြောသည်။ မွန်ပြည်နယ်အတွင်းက ရွေးကောက်ခံကိုယ်စားလှယ် (၁၄) ဦးသည် NUG၊ CRPH တို့နှင့် ပတ်သက်ခြင်း မရှိ ကြောင်း လက်မှတ်ထိုးခဲ့ရခြင်းဖြစ်ကာ MUP မှ ၁၁ ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ၃ ဦး လက်မှတ်‌ ရေးထိုး ခဲ့သည်ဟု သိရသည်။

၂၁။ စစ်ကောင်စီမှ မတရားဖမ်းထားသူ လားရှိုးထောင်မှ ၁၁ ဦးပြန်လွှတ်လာ
October 18, 2021

သျှမ်းပြည်မြောက်ပိုင်း လားရှိုးအကျဉ် ထောင်မှ စစ်ကောင်စီ မှ မတရားဖမ်းဆီးခြင်းခံထားရသူထဲမှ (၁၁) ဦး ပြန်လွှတ် လာကြောင်း သတင်းရရှိသည်။ ပြန်လွတ်လာသူများသည် မိုင်းရယ်မြို့ နှင့် တန့်ယန်းမြို့တို့မှ တစ်ဦးစီပါဝင်ပြီး လားရှိုးမြို့မှ ၉ ဦးပါဝင်ပြီး၊ထိုထဲတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး နှစဦး်ဖြစ်ကြောင်းလည်း သိရသည်။

၎င်းတို့ ၁၁ ဦးသည် စစ်တပ်မှနိုင်ငံတော် အာဏာသိမ်းယူပြီးနောက် မတ်လနောက်ပိုင်းအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြမှုတွင် ပါဝင်သည် ဆိုသည့်အကြောင်းပြချက်များဖြင့် သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) စတဲ့ပုဒ်မများကြောင့် ပြစ်ဒဏ်ကျရာမှ ပြန်လည် လွတ်မြောက်လာသူများဖြစ်ကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီကို လက်မခံကြောင်း ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရသည့် အကျဉ်းကျနေသူ ၁၃၁၆ ဦးနဲ့ အမှုရင် ဆိုင်နေရဆဲ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ ထုတ်ပြန်ကြောညာအပြီး တချို့သော အကျဉ်သားများက လွတ်မြောက်လာသည်။ သျှမ်းပြည် အတွင်းရှိ အကျဉ်းထောင်၊အချုပ်ထောင်နှင့် ရဲ၊တပ်စခန်း အသီးသီး၌ ဆန္ဒပြမှုများတွင် ပါဝင်သဖြင့် အကျဉ်းကျ ခံနေကြရသော အကျဉ်း သား/သူ ၃၈ ဦးအနက် ၃၆ ဦး ပြန်လည်လွတ်မြောက်မည် ဖြစ်ကြောင်းလည်း သတင်း သိရသည်။

၂၂။ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးစွဲဆိုခံထားရသည့် တောင်ကုတ်ဒေသခံ ၃ ဦး လွတ်မြောက်
October 18, 2021

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရာစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ် လမူး၊ ကမာနှင့် ဆားပြင်ကျေးရွာ တို့မှ ဒေသခံ ၉ ဦးအနက် ၃ ဦးမှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ ၎င်းတို့ ၃ ဦးအား စွဲဆိုထားသည့်အမှုကိုပိတ်သိမ်းလိုက်သဖြင့် သံတွဲအကျည်းထောင်မှ ပြန်လည်လွှတ်မြောက်လာခြင်းဖြစ် ကြောင်း လွတ်မြောက်လာသူများကပြောသည်။ ယင်းသို့ လွတ်မြောက်လာသူသုံးဦးမှာ တောင်ကုတ်မြို့နယ် လမူးကျေးရွာမှ ဦးစံချစ်အောင်၊ လှသန်းမောင်နှင့် ကမာကျေးရွာမှ ကိုအောင်လွင်စိုးတို့ ဖြစ်ကြသည်။

၎င်းတို့မှာ သံတွဲအကျဉ်းထောင်တွင် တစ်နှစ်ကျော်နေထိုင်ခဲ့ရသည့်အတွက် အဖက်ဖက်မှနစ်နာမှုများရှိခဲ့ကြောင်း ပြန်လည် လွတ်မြောက်လာသူ ဦးစံချစ်အောင်က ပြောသည်။ “ဝမ်းသာတယ်။ တစ်နှစ်ကျော်ဖမ်းဆီးခံခဲ့ရတော့ မိသားစုအတွက်၊ စီးပွား ရေး အတွက် နစ်နာမှုတွေအများကြီးရှိတယ်။ ငရဲခန်းထဲကလို အဖြစ်မျိုးတွေလဲကြုံခဲ့ရတယ်” ဟု ၎င်းကဆိုသည်။ အောက်တို ဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင် သူ ၁၁၄ ဦးတို့အား စစ်ကောင်စီမှ အမှုပိတ်သိမ်းပေးရာတွင် တောင်ကုတ်ဒေသခံ ၃ ဦးပါဝင်လာခြင်းဖြစ်သည်။

တောင်ကုတ်မြို့နယ် လမူး၊ ကမာနှင့် ဆားပြင်ကျေးရွာတို့မှ ဒေသခံ ၉ ဦးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက်နေ့က စစ်တပ်က နေအိမ်မှဝင်ရောက်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(စျ)၊ ၅၀(ည) တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိမှာ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၉ ဦးထဲမှ ၃ ဦးသာ လွတ်မြောက်သေးသဖြင့် ကျန် ၆ ဦးကိုလည်း ပြန်လွှတ်ပေးရန် လွတ်မြောက်လာသူများက တောင်းဆိုသည်။

၂၃။ မောင်တောနယ်စပ်မှ ကုန်သွယ်မှုမစတင်နိုင်သေးသဖြင့် နစ်နာမှုရှိဟု ကုန်သည်များဆို
October 18, 2021

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များတင်ပို့လျက်ရှိသော်လည်း မောင်တောနယ်စပ်ကုန်သည်များမှာ (အောက်တိုဘာလ ၁၈ ရက်) အထိ ကုန်သွယ်မှုမပြုလုပ်နိုင်သေးကြောင်း မောင်တော ကုန်သည်များထံမှ သိရသည်။ “နစ်နာမှုကတော့ အများကြီးရှိနေပါတယ်။ ရခိုင်မှာ ကုန်သွယ်မှုလုပ်တဲ့နေရာ ၂ ခုကို တစ်ပြိုင် နက်တည်း ဖွင့်ပေးလိုက်ပေမယ့် စစ်တွေမှာတော့ ၁၆ ရက်နေ့ကတည်းကစတင်ပြီး ကုန်တွေတင်ပို့နေကြပါပြီ။ မောင်တော နယ်စပ်ကုန်သွယ်မှုကတော့ ဘယ်ဆိပ်ကမ်းကနေပို့ရမလဲဆိုတာ အဖြေမသိရသေးပါဘူး” ဟု ကုန်သည်တစ်ဦးဖြစ်သူ ကိုမောင်မောင်ချေ က DMG သို့ ပြောသည်။

ယင်းသို့ကုန်သွယ်မှုမပြုနိုင်သေးခြင်းမှာ ကညင်ချောင်းစီးပွားရေးဇုန်အတွင်း လမ်းများပျက်စီးနေ၍ မောင်တောနယ်စပ်ကုန် သွယ်မှုကို ယခင်ကုန်သွယ်မှုပြုခဲ့သည့် POE ဝင်/ထွက်စခန်းသို့ ပြောင်းလဲကုန်သွယ်ခွင့်ရရန် ကုန်သည်များက လိုလားနေကြ ခြင်းကြောင့် ဖြစ် သည်။ ရခိုင်ပြည်နယ်အတွင်းက နယ်စပ်ကုန်သွယ်ရေးစခန်းများကို ကိုဗစ်ကြောင့် ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၁၃ ရက်နေ့တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ပြည်နယ်စစ်ကောင်စီက ပြန်လည် ဖွင့်လှစ်ကုန်သွယ်ခွင့်ပြုခဲ့သည်။

“အဓိက ကျွန်တော်တို့တောင်းဆိုချင်တာကတော့ ကညင်ချောင်းစီးပွါးရေးဇုန်လမ်းတွေ ပြုပြင်နေဆဲကာလမှာ ယခင်မူလ POE ဆိပ်ကမ်းကနေ တစ်လတန်သီ၊ နှစ်လတန်သီ ကုန်သွယ်ခွင့်ပြုပေးရင် ကုန်သည်တွေအတွက်အကောင်းဆုံးဖြစ်မှာပါ။ ဇုန်လမ်းတွေပြန်ကောင်းတဲ့အခါ ပြန်ရွှေ့ပေါ့” ဟု ကုန်သည် ကိုမောင်မောင်ချေက ပြောသည်။ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက “ဒီနေ့ကုန်သည်တွေကိုခေါ်ပြီး အသိပေးထားတယ်။ ပြည်နယ်ကနေ ယခင်မူလ POE က ကုန်သွယ်ခွင့်ပြု လိုက်ပြီ ဆိုတာပြောပြထားတယ်။ မနက်ဖြန်ကစပြီး ကုန်တွေပို့လို့ရပြီ” ဟု ဆိုသည်။ မောင်တောမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်ရာ တွင် အမေရိကန်ဒေါ်လာတစ်ခုတည်းဖြင့်သာ ကုန်သွယ်ခွင့်ပြုထားပြီး တစ်နေလျှင် ဒေါ်လာတစ်သန်းအထိ ကုန်သွယ်မှုပြုနိုင် ကြောင်းလည်း သိရသည်။

၂၄။ ဖလမ်းနှင့် ဟားခါးမြို့ကြားတွင် စစ်ကောင်စီကား ၉ စီး တိုက်ခိုက်ဖျက်ဆီး
October 18, 2021

ချင်းပြည်နယ် ဟားခါးမြို့နှင့် ဖလမ်းမြို့ကြား တာလ်ကျေးရွာအနီးတွင် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF၊ CNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား အောက်တိုဘာ ၁၇ ရက်ညနေပိုင်းက တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီ ယာဉ် ၉ စီး ဖျက် ဆီးခံရပြီး ဗိုလ်ကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်သားအများပြား သေးဆုံးခဲ့ကြောင်း သိရသည်။ ယင်း ကိစ္စနှင့် ပတ်သတ်ပြီး CNF အကြီးကဲတစ်ဦးအား မေးမြန်းခဲ့ရာ “စစ်ကောင်စီတပ်သားများ ချင်းတောင်လာပါက ပြန်လမ်းမရှိ ဘူး” ဟု ပြောသည်။

အောက်တိုဘာ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ဘက်မှ စစ်ကောင်စီယာဉ် တင့်ကား အပါအဝင် အစီး ၂၀ ကျော် ချင်းတောင်ဘက်သို့ တက်လာခဲ့ပြီး ဖလမ်းနှင့်ဟားခါးမြို့ကြားတွင် ယခုကဲ့သို့ တိုက်ခိုက်ခြေမှုန်းခံခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ဖလမ်းနှင့် ဟားခါးကြားတွင် စစ်ကောင်စီကား ၇ စီးကို CNF, CDF, CNDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်စီးခဲ့ပြီးဖြစ်သည်။

၂၅။ နမ့်ခမ်းမြို့နယ် တရုတ်ဘက်မှ နယ်မြေ ကျူးကျော် ခြံစည်းရိုးထပ်မံခတ်
October 18, 2021

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာဘက်တွင် တရုတ်နိုင်ငံမှ ကိုဗစ် – ၁၉ ပြန့်ပွားမှုကို အကြောင်းပြပြီး နယ်မြေကျော်ကာ ခြံစည်းရိုးထပ်မံလာခတ်ကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် (အောက်တိုဘာ ၁၈) တရုတ်နိုင်ငံမှ တတိယအထပ် ခြံစည်းရိုးကို ထပ်မံလာခတ်ခဲ့ကြောင်း သိရသည်။

“သူတို့ ခြံစည်းရိုးလာခတ်တာ (၃)ထပ်လောက်ရှိနေပြီ။ အလယ်တခုက အရမ်းမြင့်တယ်။ ပေ ၂၀ လောက်ရှိတယ်။ အခုက တတိယ တခု ထပ်လာခတ်တာ။ အရင်ကတည်းက ခတ်နေတာပဲ”ဟု နောင်ခမ်းကျေးရွာ ဒေသခံတဦးက ပြောသည်။ တရုတ် က နိုင်ငံကျူး‌ကျော်ဝင်ရောက်မှာကို စိုးရိမ်နေကြောင်း၊ ကိုဗစ် – ၁၉ ရောဂါ ပြန့်ပွားမှုကို အကြောင်းပြပြီး လာရောက် ခြံစည်းရိုး ခတ်နေတာဖြစ်ကြောင်း သိရသည်။ “သူတို့ ခြံစည်းရိုးလာလာခတ်နေတာက သူတို့ နိုင်ငံထဲ ကျူးကျော်ဝင် သွားမှာကို စိုးရိမ်လို့ထင်တယ်။ ကိုဗစ် ၁၉ ပြန့်ပွားမှုကို အကြောင်းပြပြီးတော့ဘဲ လာလာခတ်နေတာ။ အခုက တတိယအကြိမ် ထပ်လာခတ်တာ” ဟု နောင်ခမ်းကျေးရွာ ဒေသခံတဦးက ပြောသည်။

ထိုသို့ ခြံစည်းရိုးလာရောက်ခတ်သောကြောင့် ပြည်သူများအတွက် လယ်ယာလုပ်ကိုင်ရာတွင် အခက်ခဲများစွာ ရှိနေကြောင်း ဒေသခံများက ပြောသည်။ “ခက်ခဲတာပေါ့။ ကျနော်တို့ လယ်ယာမှာ လာခတ်တာလေ။ စိုက်ပျိုးတဲ့အခါ ခက်ခဲတာပေါ့။ သွားလာလို့ မလွယ်တော့ဘူးလေ။ သူတို့ ဒီလို ဆက်လာလုပ်နေရင် ကျနော်တို့ စားဝတ်နေရေးအတွက်က ခက်ခဲမှု များစွာ ရှိလာနိုင်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

၂၆။ ထားဝယ်ခရိုင်အတွင်း စစ်ဘေးရှောင်များ အစားအသောက်နှင့်ဆေးဝါးအကူအညီ လိုအပ်နေ
18 October, 2021

တနင်္သါရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ ထိတွေ့ပစ်ခတ်မှု တွေ ကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေေ လိုအပ်နေ တယ်လို့ ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) တာဝန်ရှိသူတဦးက ပြောပါတယ်။ ခရိုင်သပိတ်တာ ဝန်ရှိ သူက “လက်ရှိ ကျနော်တို့လိုအပ်နေတာက ငွေကြေးပါပဲ။ ပြီးမှ ကျနော်တို့ လိုအပ်တဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ ဝယ်ပြီး ပို့ပေးဖို့ စီစဉ်ထား ပါတယ်။ အခုလက်ရှိ ၁ ထောင်ကနေ ၁ သိန်းအထိ လှူဒါန်းတွေ ရှိပါတယ်။” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ် ကျေးရွာ ၁၀ ရွာလောက်က စစ်ဘေးရှောင် ရွာသား ၁၀၀၀ ကျော်ဟာ လတ်တလောမှာတော့ တောတောင်တွေ၊ ဉယျာဉ်ခြံမြေတွေမှာ ဖြစ်သလို နေထိုင်နေကြရပြီး အစားအ သောက် အကူအညီတွေ လိုနေတယ်လို့ သိရပါတယ်။ စစ်ရှောင်ပြည်သူတဦးက “’ဆန်တစ်အိတ် ၇၀၀၀၀ လောက်ပေးဝယ်နေ ရတာမျိုးတောင်ရှိပါတယ်။ ဒါတောင် ပိုက်ဆံရှိတဲ့သူတိုင်း ဝယ်လို့မရဘူး၊ ပိုက်ဆံက ရှိလည်း ဘာမှသုံးလို့မရဘဲဖြစ်နေတယ်။ အဓိက က ဆန်ပဲလိုတယ်၊ ဆန်ရှိနေရင် အဆင်ပြေသလိုချက်စားလို့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ်ဖြစ်ထားပြီး မစိုးရိမ်ရ ဒဏ်ရာရသူ ၂ ဦးသာရှိတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်ရှောင် တွေအ တွက် အလှူငွေပေးပို့ လှူဒါန်းလိုသူတွေအနေနဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီ https://www.facebook.com/Democracy-Movement-Strike-Committee-Dawei-101846808678327/ Facebook Page Messenger ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

၂၇။ NCA ၆ နှစ်ပြည့် တက်ရောက်သည့် EAOs အဖွဲ့တွေကို GSCB ကန့်ကွက်
October 17, 2021

စစ်ကောင်စီက ပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၆ နှစ်ပြည့်ပွဲ အခမ်း အနားကို တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကို အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အား စု (GSCB) က ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ အောက်တိုဘာ ၁၆ ရက်နေ့ မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။

NCA အဖွဲ့ ၁၀ ဖွဲ့ထဲက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စတဲ့ ၈ ဖွဲ့က တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီလိုစစ်ကောင်စီရဲ့ NCA ၆ နှစ်ပြည့်ပွဲကို တက်ရောက်တာက အရင်က ကြေညာထားတဲ့ “လက်ရှိ ကာလတွင် အာဏာသိမ်း စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းများကို ရပ်ဆိုင်းထားမည်” ဆိုတဲ့ အချက်နဲ့လည်း ဆန့်ကျင်နေတယ် လို့ GSCB က ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်အခြေခံဥပဒေ ဖျက်သိမ်းတာ၊ CRPH ၊ NUG ရဲ့ ပဋိဉာဏ် ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ တာတွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။ NCA အဖွဲ့ဝင် ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ကတော့ လက်ရှိချင်းပြည်နယ်ထဲမှာ စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲတွေဆင်နွှဲနေပြီး NCA ၆ နှစ်ပြည့်ပွဲကို တက် ရောက်ခဲ့တာ မရှိပါဘူး။

၂၈။ စစ်ကောင်စီက ဆန္ဒပြသူ ၁၃၁၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
October 18, 2021

စစ်ကောင်စီက အာဏာသိမ်းမှု ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် ပါဝင်သူ ၁၃၁၆ ဦးကို ပြစ်ဒဏ်က လွတ်ငြိမ်း ခွင့်ပြု လိုက်ကြောင်း အောက်တို ဘာလ ၁၈ ရက်တွင် ကြေညာသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားမှတဆင့် ယနေ့ပြောကြားသည့် ရုပ်သံမိန်းခွန်းတွင် ၎င်းတို့အား သီတင်းကျွတ်ကာလတွင် ကုသိုလ်များလုပ်နိုင်ရန် လူသားချင်းစာနာမှု အထိမ်းအမှတ်အနေဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသည်။

ယခုလွှတ်ပေးလိုက်သူများကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဆိုသည့် ခံဝန်ဖြင့် ၎င်းတို့ကျခံရန်ကျန် သည့် ပြစ်ဒဏ်များကို လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရ သည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သဖြင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦး၏ ကြားနာဆဲ အမှုများကိုလည်း ပိတ်သိမ်းပြီး အမှုမှ လွှတ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အခြားထုတ်ပြန်ချက်တစောင်တွင် ဖော်ပြထားသည်။

၂၉။ ကြာအင်းဆိပ်ကြီးမြို့တွင် အသက် ၁၂ နှစ်အထက် ကျောင်းသူ/ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေး စတင် ထိုးနှံပေး
October 17, 2021

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများကို (အောက်တိုဘာ ၁၇ ရက်) မြိုနယ်ဇမိခန်းမဆောင်တွင် ကိုဗစ်ကာကွယ်ဆေး ပထမဦးဆုံးအကြိမ် စတင်ထိုးနှံ ပေးနေပြီးဟု လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။ လာမည့် နိုဝင်ဘာလဆန်းတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပညာရေးဌာနမှ စီစဉ်ညွှန် ကြားနေလျက်ရှိပြီး ကျောင်းများ၌ ဖွင့်လှစ်ထားသည့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးစင်တာ အသီးသီးကို ပြီးခဲ့သည့် အောက်တိုဘာ ၁ဝ ရက်နေ့က ရွှေ့ပြောင်းပေးကြရန်နှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများတွင် သန့်ရှင်းရေး များ ကြိုတင်ပြုလုပ်ဆောင်ရွက်ထားကြရန် ပညာရေးဌာနမှ ညွှန်ကြားထားလျက်ရှိသည်ဟု ကျောင်း ဆရာများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ ဝင်းရော်ဒေသရှိ ကျောင်းသား/ ကျောင်းသူများကိုလည်း ကိုဗစ် ကာကွယ်ဆေးထိုးပေးနိုင်ရန်အတွက် လူဦးရေစာရင်းများ ကောက်ယူနေလျက်ရှိပြီး ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးပါက စာသင်ကျောင်း များ ပြန်လည်ဖွင့်လှစ်တော့မည်ဟု ပြည်နယ်ကောင်စီတာဝန်ရှိထံမှ သိရသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ မှစကာ တတိယလှိုင်း ကိုဗစ်ရောဂါကူးစက်မှု ပြန်လည်ဖြစ် ပွား ခဲ့ပြီး လူပေါင်း ၉ဝဝ ကျော် ကိုဗစ်ရောဂါကူးစက်ခံရ ကာ ၆၉ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု အောက်တို ဘာလ ၁၄ ရက်နေ့က “အောင်” အောက်ဆီဂျင်ရုံဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ် ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး က ပြောဆိုသည်။

၃၀။ ရခိုင်မြောက်ပိုင်း ၁၀ မြို့နယ်မှ ကျောင်းသား၊သူ တစ်သိန်းနှစ်သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးမည်
October 18, 2021

ရခိုင်ပြည်မြောက်ပိုင်း ၁၀ မြို့နယ်မှ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ တစ်သိမ်းနှစ်သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ သိရ သည်။

စစ်တွေသို့ ယနေ့အာက်တိုဘာ ၁၆ ရက်နေ့တွင် Sinopharm ကိုဗစ်ကာကွယ်ဆေးအမျိုးအစား အလုံးရေ (၆၄၃၇၅) ရောက်ရှိ နေပြီဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။ “ဆေးက ဒီနေ့ရောက်တယ်။ မနက်ဖြန် စထိုးမှာပါ။ ဆေးအလုံးအရေအတွက် ၆၄၃၇၅ လုံးပါတယ်။ အကုန်လုံးက ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူတွေကို ထိုးပေးသွားမှာပါ။ ဆေးတစ်လုံးကို ၂ ယောက်ကျထိုးရင် ၁ သိန်း ၂ သောင်း ကျော်ရတာပေါ့နော်။ မြောက်ပိုင်း ၁၀ မြို့နယ်မှာ အဲဒီလောက်ကို ထိုးပေးသွားမှာပါ။ ရခိုင်တပြည်နယ်လုံးအတိုင်းအတာ အနေ နဲ့ ဆိုရင် ၁၈၇၇၄၄ ကျော် ထိုးပေးရမှာပါ” ဟု ဆိုသည်။ ယင်းကဲ့သို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသည့်အပေါ် ကျောင်းသား မိဘအနေဖြင့် ကြိုဆိုသည်ဟု ဒေါ်ထွေးထွေးလေးက ပြောသည်။

ရခိုင်မြောက်ပိုင်း ၁၀ မြို့နယ်မှ ၅ တန်းမှ ၈ တန်းအထိ ပျမ်းမျှ ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၂ သိန်းကျော်ကို ကိုဗစ်ကာ ကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။ သို့သော်လည်း ပြင်ပမှဖြေဆိုသည့် တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးမထိုးရမည်ကို လည်းစိုးရိမ်နေကြသည်။ ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် အသက် ၁၂ အထက်ကျောင်း သား၊ ကျောင်းသူများ၏စာရင်းကို မည်သို့စီစဉ်ဆောင်ရွက်ထား ခြင်းနှင့်ပတ်သက်ပြီးမေးမြန်းရန် ရခိုင်ပြည်ပညာရေးမှူး ဒုညွန် ကြားရေးမှူးအား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

၃၁။ တိုက်ပွဲနဲ့ ကိုဗစ်ကြောင့် လူသုံးသန်း အကူအညီလိုအပ်နေ
October 18, 2021

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေအပြင် ကိုဗစ် – ၁၉ ရောဂါ ကြောင့် လူဦးရေ သုံး သန်း အကူအညီအကာအကွယ်တွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNOCHA က အောက်တိုဘာလ ၁၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အကူအညီလိုအပ်နေတဲ့ လူဦးရေ သုံးသန်းထဲမှာ တစ်သန်းဟာ အာဏာသိမ်းမှုမဖြစ်ခင်ကတည်းကဖြစ်ပြီး အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းမှာတော့ လူဦးရေ နှစ်သန်း ထပ်မံတိုးလာတယ်လို့ UNOCHA က ဆိုပါတယ်။ တိုက်ပွဲတွေနဲ့ ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုကြောင့် လူသားချင်းစာနာ ထောက်ထားမှုကူညီရေး အခြေအနေဟာ ဆက်လက် ဆိုးရွားနေဆဲဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်တပ်က အာဏာသိမ်းချိန်ကစပြီး ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ဒေသခံ ၂၁၈၉၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေး နေရတယ်လို့ UNOCHA က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက ရှိခဲ့တဲ့ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူဦး ရေ ၃၇၀၀၀၀ ရှိခဲ့ပြီး အများစုဟာ မြို့ပြနဲ့ မြို့ပြင်ဧရိယာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ ၂၀၂၁ ခုနှစ်မတိုင်ခင် ကတည်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၁၀၂ ဦးနဲ့ ၁၀၆ ဦး လည်းပါဝင်သလို ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၄၄၀၀၀ နဲ့ ၂၀၁၉ ခုနှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင့်တပ်တော် (AA) နဲ့ စစ်တပ်ရဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့ရသူ ၈၆၇၀၀ ဦးလည်း ပါဝင်တယ်လို့ UNOCHA က ဖော်ပြထားပါတယ်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button