အင်တာဗျူး

ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး နှင့်တွေ့ဆုံခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အင်န်အယ်လ်ဒီပါတီက ကြိုးစားလာသလို ပြည်ခိုင်ဖြိုးပါတီကလည်း တစ်ပြိုင်နက်တည်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ပြင်ရန် ကြိုးစားလာသည်။ ထိုအခြေအနေနှစ်ရပ်က ဘာတွေ ကွာခြားနေပါသလဲ။ လက်ရှိအခြေအနေမှာ ဘယ်လိုတွေ ဖြစ်နေလဲဆိုတာ သိရှိနိုင်ဖို့အတွက် ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင်နှင့် လက်ရှိပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကို တွေ့ဆုံမေးမြန်းထားသည်များအား ပြန်လည်ဖော်ပြလိုက်ပါသည်။

မင်းရန်နိုင် – တွေ့ဆုံမေးမြန်းသည်။

Q- အရင်ဆုံး အင်န်အယ်လ်ဒီပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ကြိုးစားလာတဲ့အပေါ် သုံးသပ်ပေးပါခင်ဗျ။

A- ပါတီစုံဒီမိုကရေစီစနစ်နဲ့သွားနေတော့ ပါတီတွေက ကိုယ့်တိုင်းပြည်အတွက် ကိုယ်ဦးဆောင်ချင်တဲ့ဆန္ဒတွေပြင်းပြ လွန်းတော့ ဒီလိုပဲ အပြိုင်အဆိုင်တွေ ဆောင်ရွက်ကြတာပေါ့။ အဲဒီတော့ ဆောင်ရွက်တဲ့အခြေအနေမှာ အင်န်အယ်လ်ဒီအနေနဲ့ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာကို သူတို့စတင်မဲဆွယ်စည်းရုံးစဉ်ကာလကတည်းက ကြွေးကြော်လာခဲ့တဲ့ကိစ္စဖြစ်တယ်။ အဲဒီတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ အခုသုံးနှစ်တာကာလအထိပေါ့။ တကယ်တော့ ၂၁ ရာစုပင်လုံညီလာခံကနေတစ်ဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ Pyidaungsu Accord အနေနဲ့ မူလကသွားမယ်လို့ ကျွန်တော်က ဒီလိုယူဆပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်ပေါ့နော်။ သို့သော်လည်းပဲ အဲဒီလမ်းကြောင်းက သိပ်ပြီးအဆင်မပြေလာတဲ့အနေအထားဖြစ်တယ်။ နောက်တစ်ချက်က လူထုကလည်း တစ်ဖက်က ဒီပါတီရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးကအစ အဆင်မပြေမှုတွေ များလာတဲ့အခါမှာ လူထုရဲ့ယုံကြည်အားကိုးမှု လျော့ကျလာတာပေါ့။ ဒီလိုအချိန်မှာ ပိုပြီးတော့ လူထုစိတ်ဝင်စားလာမယ်။ လူထုရဲ့ယုံကြည်ချက် ပြန်ရလာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးရှိမယ်လို့ ကျွန်တော် ယူဆပါတယ်။ အဲဒီလိုထင်မြင်ယူဆချက်မျိုးနဲ့ သူတို့ လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဉပဒေကို ဆောင်ရွက် လာတယ်လို့ ဒီလိုပဲ ကျွန်တော်မြင်ပါတယ်။

Q – တစ်ပြိုင်နက်တည်းမှာ ပြည်ခိုင်ဖြိုးပါတီက ပုဒ်မ ၂၆၁ ပြင်ဖို့ဆိုပြီး တင်လာတာနဲ့ အင်န်အယ်လ်ဒီပါတီက ဖွဲ့စည်း ပုံပြင်ဆင်ရေးကြိုးပမ်းချက်ဟာ ဘာတွေကွာခြားနိုင်လဲ။

A – အဲဒါက ပြောရရင် နည်းနည်းရှည်ပါတယ်။ တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တစ်နိုင်ငံလုံး တစ်မျိုးသား လုံးရဲ့ ပင်မဥပဒေကြီးဖြစ်တယ်။ နောက် ဒီဥပဒေဟာလည်း လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ဥပဒေကို ပြင်ဆင်နိုင်ဖို့ အတွက် အခန်းတစ်ခန်းကို သီးခြားပြဋ္ဌာန်းပြီးပေးထားတယ်။ တကယ်လို့ပြင်မယ်ဆိုရင် အဲဒီအခန်း သီးခြားပြောရ မယ်ဆိုရင် ပုဒ်မ ၄၃၃ ၊ ၄၃၄ ၊ ၄၃၅ ၊ ၄၃၆ တွေနဲ့အညီ သွားရမှာဖြစ်တယ်။ သို့သော်လည်း သူတို့က ဒီလမ်းကြောင်းအတိုင်းပဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ မလုပ်ဘဲနဲ့ အရေးကြီးအဆိုဆိုပြီး ပြင်ဆင်ရေးကော်မတီ တစ်ရပ်လုပ်လာတယ်။ ဒါလည်း ကျွန်တော်တို့ စပြီးဆွေးနွေးပေးခဲ့တယ်။ အရေးကြီးအဆိုမမြောက်ဘူး။ ဖွဲ့စည်းပုံ ဆိုတာက ၂၀၀၈ ကတည်းက ပေါ်ပေါက်လာတာ၊ လတ်တလောပေါ်ပေါက်လာတာမဟုတ်ဘူး။ နောက်အများ ပြည်သူနဲ့တော့ သက်ဆိုင်တယ်။ အရေးတကြီး မသက်ဆိုင်ဘူး။ ဒီဥပဒေကို မပြင်လို့လည်း ဘာပြဿနာမှ မရှိဘူး။ လောလောဆယ် အရေးကြီးနေတာက လူထုရဲ့ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးပေါ့။ ဒီကိစ္စတွေက ပိုပြီးတော့ အရေးတကြီးလိုအပ်တယ်။ ဒီကိစ္စတွေနဲ့ မပြည့်စုံတဲ့အတွက် အရေးကြီးအဆိုမမြောက်ဘူးဆိုပြီး ကျွန်တော်တို့က ဝိုင်းပြီးကန့်ကွက်တယ်။ သို့သော်လည်းပဲ ဒါကို ဆက်ပြီးတော့ အတည်ပြုပြီးတော့ စိစစ်ကော်မတီကို ဖွဲ့စည်း လိုက်တယ်။ အဲဒီတော့ ပြောရမယ်ဆိုရင်တော့ ဥပဒေနဲ့မညီဘဲ ဇွတ်ဖွဲ့စည်းလိုက်တဲ့အဖွဲ့အစည်းလို့ပဲ ကျွန်တော် တို့က ဒီလိုပဲ သတ်မှတ်ပါတယ်။ နောက် အဲဒီအဖွဲ့အစည်းကနေပြီးတော့ ဆောင်ရွက်ချက်တွေ ကြည့်မယ်ဆိုရင် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ နိဒါန်းကနေစပြီးတော့ ပုဒ်မ ၄၅၇ ခုရှိတာပေါ့။ အဲဒါအပြင် ဇယား ၅ အထိ ရှိတာပေါ့။ အဲဒါတွေကို အကုန်လုံးပြင်မယ်ဆိုပြီး ကျွန်တော်တို့ တွေ့နေရတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက အဲဒီလို ခွင့်ပြုမထားဘူး။ အစကနေ အဆုံးအထိ ပြင်မယ်ဆိုတာ ဖျက်လိုက်တာနဲ့အတူတူပဲ။ အဲဒီတော့ တစ်မျိုးသားလုံးရဲ့ ဥပဒေကို ဒီလို လုပ်တာဟာလည်း ဥပဒေနဲ့မညီဘူးလို့ ကျွန်တော်တို့ ထောက်ပြထားတယ်။ ဒါက ဟိုဘက်ပါတီ၊ ဟိုဘက်အစိုးရ၊ ဟိုဘက်အဖွဲ့အစည်းအရဲ့ လုပ်ဆောင်ချက်ပါ။

ကျွန်တော်တို့က အဲဒီဟာကို ထင်သာမြင်သာအောင်ရယ်၊ နောက်တစ်ခုက တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ အခွင့်အရေးကိုလည်း ပေးဖို့သင့်တယ်လို့ ကျွန်တော်တို့လည်း ပြောင်းလဲလာတဲ့အယူအဆအရ ဒီအပေါ်မှာ ပုဒ်မ ၂၆၁ ကို ဥပဒေနဲ့အညီ ပြောမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)နဲ့အညီ ကျွန်တော်တို့က တင်လိုက်တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလမ်းကြောင်းနှစ်ခုက မတူပါဘူး။ ကွာခြားပါတယ်။

Q – ပထမအကြိမ်လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့တာနဲ့ အခု ဒုတိယအကြိမ် လွှတ်တော်မှာ အင်န်အယ်လ်ဒီပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းချက်က ဘာကွာခြားလဲ။

A – အဲဒါလည်း ကွာခြားပါတယ်။ မူလဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်မယ်ဆိုရင် ဒီလိုပြင်ရမယ်ဆိုပြီး ပြဋ္ဌာန်းပြီးသား ဖြစ်တယ်။ အဲဒီဥပဒေအရ ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေမှာလည်း ဘယ်လိုပြင်ရမယ်ဆိုတာကို ပြဋ္ဌာန်းထားတယ်။ ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး တော့ ပြင်မယ်ဆိုရင် ကျွန်တော် အခုနက ပြောတဲ့အတိုင်းပဲ ပြင်ရမယ်။ မဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့က အဲဒီလို ပြင်လို့မရဘူး။ ပထမအကြိမ်က ဘာလုပ်လိုက်တာလဲဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော် မတီဖွဲ့တာမဟုတ်ဘူး။ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့တာ။ လေ့လာသုံးသပ်ရေးကော်မတီဖွဲ့ပြီးတော့မှ ဒီဖွဲ့စည်း ပုံအခြေခံဥပဒေကို လေ့လာကြတယ်။ လေ့လာပြီးတော့မှ လုပ်ထုံးလုပ်နည်းနဲ့အညီ ရေးပြီးတော့ လွှတ်တော်ကို တင်လိုက်တယ်။ လွှတ်တော်က ဥပဒေနဲ့အညီ ဆက်ပြီးတော့ ဆောင်ရွက်တယ်။ အဲဒီလိုဆိုတော့ Procedure လုပ် ပုံလုပ်နည်းခြင်း ကွာပါတယ်။

Q- ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ အဆိုပြုလာတာဟာ ဘယ်လို ရည်ရွယ်ချက်မျိုးလဲ။

A – အဓိက,က ကျွန်တော်တို့ နှစ်ချက်ပါ။ တစ်ချက်ကတော့ ဒီလို ကြားဖြတ်ဝင်လာတဲ့ တရားမဝင် လမ်းကြောင်းက သွားနေတဲ့ဟာကို လူထုအနေနဲ့ တရားဝင်လမ်းကြောင်းက ဘယ်လိုလုပ်လို့ရတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီလို ပြဋ္ဌာန်းထားတယ်။ သူပြဋ္ဌာန်းထားတာဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ပြင်ဆင်ချင်ရင်ဆိုပြီး ဒီလို ဖော်ပြပါတယ်။ ဒါကြောင့်မို့ အဲဒီအထဲကနေ ပြင်ဆင်ချင်တဲ့ ဥပဒေတစ်ရပ်ရပ်ကို ကျွန်တော်တို့အားလုံး တချို့ပါတီတွေနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီးတော့မှ ကျွန်တော်တို့က ပုဒ်မ ၂၆၁ ကို တင်ပြခဲ့တာ ဖြစ်တယ်။ နောက်တစ်ချက်က တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့ အခွင့်အရေး ပေါ့။ သူတို့က ဖက်ဒရယ်သွားမယ်ဆိုပြီး ပြောနေတာဆိုတော့ ကျွန်တော်တို့လည်း ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကို လက်ခံထားတာဖြစ်တယ်။ ဒါကြောင့်မို့ တိုင်းနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်ကနေ ခန့်ထားဖို့အတွက် တိုင်းရင်းသားအကျိုးကို မျှော်ကိုးပြီး ဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်။

Q – ပုဒ်မ ၂၆၁ မှာ နောက်ဆက်တွဲ ပုဒ်မခွဲတွေ ပါနေတာဆိုတော့ ပြည်ခိုင်ဖြ်ုးက တင်ပြလာတာက ပုဒ်မ ၂၆၁ တစ်ခု တည်းဖြစ်နေတာမို့ ဝေဖန်မှုတွေ ဖြစ်လာတဲ့အပေါ် ဘာပြန်ပြောချင်ပါသလဲ။

A – အဲဒါလည်း သူတို့ လိုလို့ ဆွဲပြောနေတာပါ။ တကယ့်တကယ်က သီးခြားစီရှိနေပါတယ်။ ဆက်စပ်တယ်လို့ ယူဆရ မယ့် ပုဒ်မတွေလည်း ရှိပါတယ်။ ဒါတွေကလည်း ထပ်တင်ပြီးတော့ ထပ်ပြီးဆောင်ရွက်သွားရင် ဘာမှ ပြင်ဆင်မှု မရှိတဲ့ လမ်းကြောင်းတစ်ခုဖြစ်သွားမှာပေါ့။ ပြစ်တင်ချင်လို့သာ ဝေဖန်ပြောဆိုနေတာ ဖြစ်ပါတယ်။ တကယ့်တ ကယ်ကျတော့ ပြဋ္ဌာန်းချက်အတိုင်း လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဒီလုပ်ဆောင်ချက်အတိုင်း အားလုံးက အတူတူဆောင်ရွက်သွားရင် အကောင်းဆုံးပါ။

Q – ပြည်ခိုင်ဖြိုးက တင်ပြလာတဲ့ ပုဒ်မ ၂၆၁ ကို ဥပဒေကြမ်းစိစစ်ရေးကော်မတီက တစ်ပေါင်းတည်း စိစစ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တဲ့အပေါ်မှာရော ဘာပြောလိုပါသလဲ။

A – အဲဒါလည်း ကျွန်တော်တို့ ကန့်ကွက်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သွားနေတဲ့လမ်းကြောင်းက ကျွန်တော် အခုနက ပြောသလို ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့ လမ်းကြောင်းမဟုတ်ဘူး။ ကျွန်တော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သတ်မှတ်ထားတဲ့လမ်းကြောင်းဆိုတော့ မတူညီတဲ့ဟာနှစ်ခုကို ပေါင်းစည်းခိုင်းတာကို ကျွန်တော်တို့က လက်မခံပါဘူး။ ဒါပါပဲ။

Q – ပြည်ခိုင်ဖြိုးရဲ့ ကန့်ကွက်မှုက ဘယ်အတိုင်းအတာထိ ရောက်ပြီလဲ၊ ဘယ်တွေကို ကန့်ကွက်မှု တင်သွင်းထားတာလဲ။

A – ဒါကလည်း ဥပဒေနဲ့မညီဘူးဆိုတာကို ကျွန်တော်တို့ ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။

Q – ဒါနဲ့ပတ်သက်လို့ ဥပဒေခုံရုံးတင်မယ်ဆိုပြီး သတင်းကြားပါတယ်။ ဘယ်လိုအခြေအနေရှိပြီလဲခင်ဗျ။

A – ကျွန်တော်အခုနက ပြောခဲ့တဲ့ ပုဒ်မတွေထဲက ၄၃၅ မှာဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက ဥပဒေကြမ်းတစ်ရပ်ကို တင်ပြလာရင် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမယ့် ပုဒ်မဖြစ် ပါတယ်။ အဲဒီလို ပြဋ္ဌာန်းထားရဲ့သားနဲ့ ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးခြင်းမပြုဘဲနဲ့ ဆိုင်းငံ့ထားပြီး တော့ ဟိုဘက်က ၄၅ ဦးကော်မတီတက်လာတော့မှ ပေါင်းလုပ်မယ်ဆိုတော့ ဒါဟာ ဥပဒေကို လိုက်နာမှုမရှိတဲ့ သဘောဖြစ်တယ်။ ဒါကြောင့်မို့ ပုဒ်မ ၄၃၅ ရဲ့ အဓိပ္ပာယ်က ဘာလဲလို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ကျွန်တော်တို့ က မေးလိုက်တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ အဓိပ္ပာယ်တွေ ကို ဖွင့်ဆိုပေးရမယ်။ တင်လာတဲ့ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ လက်ခံဆွေးနွေးရမယ်ဆိုတာကို မျက်ကွယ်ပြုထားလို့ ဒီပုဒ်မဟာ ဒီဟာဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို ကျွန်တော်တို့က သဘောထား မှတ်ချက်တောင်းခြင်းဖြစ်ပါတယ်။ အကြောင်းပြန်ကြားမှုတော့ မသိရသေးပါဘူး။

Q – ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောလိုပါသေးလဲခင်ဗျ။

A – ကျွန်တော်တို့ကတော့ တိုင်းပြည်တစ်ပြည်ကို အေးအေးချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်စေချင်တာက ကျွန်တော်တို့ရဲ့ အရင်းခံစေတနာပါ။ အဲဒါကြောင့်မို့ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းပဲ တာဝန်ယူရသည်ဖြစ်စေ၊ တစ်နိုင်လုံးရဲ့ တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားကို မှန်မှန်ကန်ကန်နဲ့ပဲ သွားစေချင်တယ်။ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ရှေ့ဆက်သွားဖို့ သွေဖည်တဲ့အလုပ်တွေကိုတော့ ဘာမှ မလုပ်စေချင်ဘူး။ အားလုံးညီညီညွတ်ညွတ်နဲ့ပဲ ဥပမာ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုရင်လည်း ပြင်သင့်တဲ့ဟာလေးတွေကို အားလုံးညှိနှိုင်းပြီးတော့ပြင်၊ ဒါမှမဟုတ်ဘဲနဲ့ ငါတို့ တာဝန်ယူနေချိန်မှာ ငါတို့ လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းမှ မသွားသင့်ဘူး။ အဲဒီလို သွားနေသမျှ ကာလပတ်လုံး ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ရရှိလာမှာမဟုတ်ဘူး။ နှောင့်နှေးနေမှာပဲ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်ပြောချင်တာက ကိုယ့်နိုင်ငံ၊ ကိုယ့်အမျိုးသား၊ ကိုယ့်ဘာသာ၊ သာသနာနဲ့ ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးရေးကို အားလုံးညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ အားလုံး အတ္တစွဲတွေ မာနစွဲတွေ ပါတီစွဲတွေကင်းကင်းနဲ့ ဆောင်ရွက်သွားရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ဒီလိုပဲ ယုံကြည်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button