ဆောင်းပါး

ဗိုလ်ချုပ်ကို ချစ်ရင် ရုပ်တုတွေနှင့် မသတ်ပါနှင့်

မင်းရန်နိုင်

“လူထု ဘယ်လောက် ထောက်ခံမှုရှိလဲ၊ ကန့်ကွက်မှု ရှိလဲ၊ မဲမခွဲဘဲနဲ့ ရုပ်တုကို အတင်းအဓမ္မတည်ခြင်း က ပြည်နယ်ရဲ့ မတည်ငြိမ်မှုကို ဖန်တီးခြင်းဖြစ်တယ်” ဟု ပြောဆိုလိုက်သူက အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ် သည့် LAIN ၏ နည်းပညာအထောက်အကူပြုအဖွဲ့ ဒါရိုက်တာ ဦးကျော်ထင်အောင်ဖြစ်သည်။

          ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဒာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ကို ဒေသခံပြည်သူများ လက်မခံသော်လည်း ပြည်နယ်အစိုးရက စိုက်ထူခဲ့သဖြင့် ဆန္ဒထုတ်ဖော်နေခြင်းဖြစ် သည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက စိုက်ထူသွားမည်ဟု ၂၀၁၈ ခုနှစ်အတွင်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူမည့် အပေါ် ဒေသခံ ပြည်သူများက ကန့်ကွက်ခဲ့ကြသည်။ ကန့်ကွက်မှုများ တွင် ဆန္ဒထုတ်ဖော်မှုများလည်း ပါဝင်သည်။ ထိုသို့ ဆန္ဒထုတ်ဖော်မှုကြောင့် ဦးကျော်ထင်အောင်အပါအဝင် လူငယ်လေးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)(ဂ) တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို့အပြင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတို့ဖြင့် တရားရင်ဆိုင်နေရ ဆဲဖြစ်သည်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်မှာ ခုနစ်လ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်မှာ ခြောက်လ ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူမည်ကို ကန့်ကွက်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် ဇူလိုင်လ အတွင်း ပြည်နယ်အစိုးရကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခဲ့သည်။

ယခုအခါတွင် ဗိုလ်ချုပ်ကြေးရုပ်တုကို စိုက်ထူရန် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က သယ်ဆောင်လာ သည့်အတွက် နီးစပ်ရာ ဒေသခံလူငယ်များက လူစုစည်းပြီး တားဆီးခဲ့ကြသည်။ သို့သော် ဗိုလ်ချုပ်ကြေးရုပ်တု ကို  ကန္ဒာဟေဝန်ပန်းခြံအတွင်း စိုက်ထူလိုက်ကြသည်။ ထိုနေ့တွင် ဒေသခံလူငယ်များက အဆိုပါ ပန်းခြံရှေ့၌ တားဆီးရန် သပိတ်စခန်းဖွင့်လိုက်ကြသည်။ သို့သော် နောက်တစ်ရက် နံနက်တွင် အစိုးရက သပိတ်စခန်းကို ဖြို ခွင်းလိုက်သည်။

            ထိုသို့ သပိတ်စခန်းကို ဖြိုခွင်းလိုက်သည့်အတွက် ပြဿနာမှာ ပိုမိုကြီးထွားခဲ့ရပေပြီ။ အစိုးရက သပိတ်စခန်းဦးဆောင်သူ လူငယ် ခုနစ်ဦးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆို ခဲ့ပြီး ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေစဉ် သပိတ်စခန်းကို ဖြိုခွင်းလိုက်ခြင်းဖြစ်သည်။

          တရားစွဲဆိုခြင်း ခံရသူ ခုနစ်ဦးတွင် ဦးကျော်ထင်အောင်လည်း ပါဝင်သည်။ ကျန်သည့် တရားစွဲခံ လူ ငယ် ခြောက်ဦးမှာ ဒီးဒီ(ခ)စစ်မုန်း၊ ကိုမျိုးလှိုင်ဝင်း၊ ခွန်းသောမတ်စ်၊ ရီးရယ်(ခ)ရီးဒူ၊ ခူးကြူးဖဲကေး(ခ)ဂူဂူးနှင့် စတာနီတူးတူးတို့ ဖြစ်သည်။ ထိုသို့ သပိတ်စခန်းဦးဆောင်သူများကို တရားစွဲဆိုလိုက်သော်လည်း အခြားလူငယ် များက ဆက်လက်၍ ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဟု တရားစွဲခံရသူများက ပြောသည်။

          သပိတ်စခန်းဖွင့် ဆန္ဒပြသူများက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုဖျက်သိမ်းပေးရန်၊ မဖြစ်မနေ ရုပ်တုတည် မည်ဆိုပါက လူထုဆန္ဒခံယူသည့်အနေဖြင့် မဲပုံးထောင်ရန်နှင့် အင်န်အယ်လ်ဒီအနေဖြင့် မဖြစ်မနေ ပြုလုပ်မည် ဆိုပါက အများပြည်သူပိုင်နေရာတွင် မပြုလုပ်ဘဲ အင်န်အယ်လ်ဒီနှင့်သက်ဆိုင်သည့် ရုံးများတွင် ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။

          ထို့ပြင် ကန့်ကွက်နေသည့်ကြားမှ အတင်းအဓမ္မ ရုပ်တုကို တည်နေခြင်းအား တားဆီးရုပ်သိမ်းပေးရန်၊ ရုပ်တုထားရှိမည့် အုတ်ခုံနှင့် ရင်ပြင်တည်ဆောက်ထားသည့် ငွေများသည် ဥပဒေနှင့်ကိုက်ညီမှု ရှိ၊ မရှိတို့ကို စစ်ဆေးပေးရန်ဆိုသည့် အချက်များပါဝင်သော အိတ်ဖွင့်ပေးစာတစ်စောင်ကို နိုင်ငံတော်သမ္မတထံ ကရင်နီ ပြည်လူ ငယ်အင်အားစုများက ဖေဖော်ဝါရီ ၁ ရက်တွင် ပေးပို့ခဲ့သည်။

          ထို့နောက် ကယားပြည်နယ်အစိုးရနှင့် ဒေသခံလူငယ်ထုတို့အကြား ပြဿနာမှာ ကြီးထွားလာခဲ့သည်။ (၁၉) ကြိမ်မြောက် ကယန်းအမျိုးသားနေ့အပါအဝင် အခြားကယားအခမ်းအနားများအား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တက်ရောက်ခွင့် ပိတ်ပင်ပေးရန် တောင်းဆိုလာကြသည်။ ထို့ပြင် တစ်နိုင်ငံလုံးရှိ လူငယ်အဖွဲ့အစည်းအသီးသီးတို့ကလည်း ၎င်းတို့၏ ဆန္ဒများကို သဘောထားကြေညာချက်များထုတ်၍ ပြောဆို လာသည်။

          အဆိုပါ ကြေးရုပ်တည်လိုသူများဘက်ကလည်း ကြေးရုပ်တည်ခြင်းကို ထောက်ခံကြောင်း တန်ပြန် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ ပြည်နယ်အစိုးရက ကြေးရုပ်တည်ရန် ကန့်ကွက်သူများကို တရားစွဲဆိုခဲ့သော်လည်း ထောက်ခံကြောင်း ဆန္ဒပြသူများကို တရားစွဲခြင်း မရှိသည့်အတွက် လူငယ်အင်အားစုမှာ ပြည်နယ်အစိုးရကို ပိုမို နားကြည်းလာသည်။

          ဗိုလ်ချုပ်ရုပ်တုတည်ရန် ထိုသို့ အုတ်အော်သောင်းတင်းဖြစ်နေသော်လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရတစ်ဖွဲ့လုံး ရေငုံနှုတ်ပိတ်နေကြသည်။ အင်န်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင်များကလည်း နှုတ်ဆိတ်နေခဲ့ကြသည်။

          သပိတ်စခန်း ဖြိုခွင်းပြီးနောက် နှစ်ရက်အကြာတွင် အင်န်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်နှင့် အင်န်အယ်လ်ဒီဗဟိုကော်မတီဝင်အချို့ ကယားပြည်နယ်သို့ ရောက်လာခဲ့ကြသည်။ သူတို့ရောက် နေသည်ကို ကြားသိသည်နှင့် တရားစွဲခံ လူငယ်ထုက ကယားပြည်နယ် အင်န်အယ်လ်ဒီပြည်နယ်ရုံးရှေ့တွင် ဒေါက်တာမျိုးညွှန့်နှင့် တွေ့ဆုံရန် စောင့်ဆိုင်းခဲ့ကြသည်။ တွေ့ဆုံခွင့်တောင်းကြသည်။ ထိုနေ့တွင် မိုးချုပ်သွား သည့်အတွက် တွေ့ခွင့်မရခဲ့ကြပေ။ သို့သော် တွေ့ဆုံခွင့်ရရန် တရားစွဲခံ လူငယ်များနှင့် ဗိုလ်ချုပ်ရုပ်တုကန့်ကွက် သူများက အင်န်အယ်လ်ဒီရုံးရှေ့တွင် ညအိပ်၍ စောင့်ဆိုင်းခဲ့ကြသည်။ အင်န်အယ်လ်ဒီလူကြီးများအား တွေ့ခွင့် မရမချင်း ထိုရုံးရှေ့တွင် စောင့်ဆိုင်းမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

တွေ့ဆုံခွင့်အတွက် ဖုန်းဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ မီဒီယာဖြင့်လည်းကောင်း နည်းလမ်း အဖုံဖုံဖြင့် ကြိုးစားခဲ့သော်လည်း မအောင်မြင်နိုင်ဘဲ ဖြစ်နေသည့်အတွက် ကယားပြည်နယ် အင်န်အယ်လ်ဒီဥက္က ဋ္ဌမှတစ်ဆင့် တရားဝင်စာပေးပို့ တောင်းဆိုခဲ့သော်လည်း အချည်းအနှီးသာ ဖြစ်ခဲ့ရသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဒေသခံလူငယ်များ ကန့်ကွက်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု ဖွင့်ပွဲကို ကျင်းပကြသည်။ ထိုရုပ်တုဖွင့်ပွဲသို့ တက်ရောက်ခဲ့သူအချို့တွင် ဒေသခံတိုင်းရင်းသားတို့၏ ဆန္ဒမပါဘဲ ဒေသခံတိုင်းရင်းသား ဝတ်စုံများ ဝတ်ဆင်ခဲ့ကြသဖြင့် ကန့်ကွက်မှုများ သောသောညံခဲ့ကြပြန်သည်။

ထိုနေ့ ညနေ ၄ နာရီအချိန်တွင် ကရင်နီပြည်လူငယ်များ အင်အားစု သပိတ်ကော်မတီနှင့် ပြည်နယ် အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌတို့ ပြည်နယ်အင်န်အယ်လ်ဒီရုံး၌ တွေ့ဆုံခဲ့ကြသော်လည်း ရလဒ်မကောင်းခဲ့ပေ။

ထို့နောက် ကြေးရုပ်တည်လိုသူများဘက်က ကြေးရုပ်တည်ခြင်းကို ထောက်ခံကြောင်း တန်ပြန် ဆန္ဒ ထုတ်ဖော်ခဲ့ကြချိန်တွင် စည်းကမ်းချိုးဖောက်သည်ဟုဆိုကာ ထောက်ခံပွဲ ဦးဆောင်သူ ငါးဦးကို ရုပ်တုတည် ဆောက်ရေး တားဆီးအဖွဲ့မှ တရားစွဲခွင့်ရရှိခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ရေးကိစ္စရပ်မှာ ဇာတ်ရှိန်မြင့် လာပေတော့သည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုအပေါ် ကန့်ကွက်ဆန္ဒပြ ခြင်းကြောင့် တရားစွဲခံရသူ ကျား (၂၂) ဦး၊ မ (၁၀) ဦး၊ စုစုပေါင်း တရားစွဲခံရသူ (၃၂) ဦးထိ ရှိလာသည်။ ထိုသို့ အပြန်အလှန် တရားစွဲဆိုကြခြင်း ဖြစ်ပေါ်စေသူမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသာဖြစ်သည်ဟု လူငယ်ထုက စွပ်စွဲပြောဆိုကြသည်။

ဖေဖော်ဝါရီ ၇ ရက်သို့ ရောက်ခဲ့ပြီ။ ထိုနေ့က နေပူပူအောက်တွင် ပြည်နယ်အင်န်အယ်ဒီရုံးရှေ့ သပိတ် ထိုင်နေသည့် လူငယ်ထုကို ဖြိုခွဲရန်အတွက် ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ထားလေပြီ။ ထိုနေ့ တွင် သပိတ်ကော်မတီ ဦးဆောင်သူ လေးဦးအပါအဝင် စုစုပေါင်း ၃၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ သို့ သော် နောက်တစ်ရက် ဖေဖော်ဝါရီ ၈ ရက်တွင် ပြည်နယ်အင်န်အယ်လ်ဒီရုံးရှေ့၌ ထပ်မံသပိတ်စခန်းဖွင့်သဖြင့် ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးပြန်သည်။

ထိုအရေးမှာ တစ်နေ့တစ်ခြားမအေးတော့ဘဲ ပို၍ပင် ဆိုးရွားလာသည်။ နောက်ဆုံးတွင် ငြိမ်းချမ်းရေးရ ရန် ကြိုးပမ်းဆောင်ရွက်နေသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကပါ နိုင်ငံတော်သမ္မတနှင့် အင်န် အယ်လ်ဒီဥက္ကဋ္ဌတို့ထံ အိတ်ဖွင့်ပေးစာ ပေးပို့ရတဲ့အထိ ဖြစ်လာသည်။ သို့သော် ပြည်ထောင်စုအစိုးရနှင့် အင်န် အယ်လ်ဒီဗဟိုကော်မတီဝင်တို့က အသံတိတ်ဆိတ်နေမြဲဖြစ်သည်။

ကရင်နီပြည်အင်အားစု လူငယ်များကလည်း ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကိုလည်း တွေ့ခွင့် တောင်းကြသည်။ တွေ့ခွင့်ရကြသည်။ ထိုသို့ ကြိုးစားရင်း တစ်ဘက်တွင်လည်း ဗိုလ်ချုပ်ရုပ်တု ကန့်ကွက် ခြင်းကြောင့် တရားစွဲဆိုမှု မြင့်တက်လာခဲ့သည်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)(ဂ)နှင့် ငြိမ်းစုစီပုဒ်မ (၁၉)(၂၀) တို့ဖြင့် တရားစွဲဆိုခံရသူ ၅၅ ဦးအထိ ရှိလာသည်။

ထိုနေ့တွင် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) ကလည်း သဘော ထားကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ပြည်နယ်အရေးမှ ပြည်ထောင်စုအရေးဖြစ်လာသည့် သဘောပင် ဖြစ်သည်။ ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သူများက ပြည်ထောင်စုနေ့တွင် ရန်ကုန်၌ ဆန္ဒပြရန် စီစဉ်ကြသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေတွင် ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သူများက တစ်ဆင့်ထပ်တိုးလာပြီး ကယားပြည်နယ်လွှတ်တော်ဝန်းရှိ ဟစ်တိုင်တွင် ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး နုတ်ထွက်ပေးရေးအထိ တောင်းဆိုလာကြသည်။ အနယ်နယ်အရပ်ရပ်မှ အဖွဲ့ အစည်းအသီးသီးတို့ကလည်း ကရင်နီလူငယ်များနှင့် တသားတည်းရှိကြောင်း သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်လာကြသည်။ သို့သော် အစိုးရက ယခုကိစ္စအပေါ် လုံးဝနှုတ်ဆိတ်နေသည်မှာ အံ့သြစရာကောင်းလှ သည်။

ပြည်ထောင်စုနေ့ အရောက်တွင် ကယားပြည်နယ်၏မြို့တော် လွိုင်ကော်မြို့တွင် မြို့ပတ်ပတ်လည် ပိတ်ဆို့ထားပြီး ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ယူထားသည်။ ဗိုလ်ချုပ်ကြေးရုပ်တု ကန့်ကွက်သူများကလည်း မြို့အနှံ့ သွေးဆူနေကြပေပြီ။ နေ့လယ်မှာ ရဲတပ်ဖွဲ့က ရာဘာကျည်များနှင့် ဆန္ဒပြသူများကို စတင်ပစ်ခတ်တော့ သည်။

ထိုနေ့တွင် လူထုဆန္ဒထုတ်ဖော်မှုကြောင့် ရာဘာကျည်ဆံထိသူ၊ ရာဘာတုတ်ဖြင့် အရိုက်ခံရသူ၊ သံဆူး ကြိုးကြောင့် ထိုခိုက်ဒဏ်ရာရသူ စုစုပေါင်း ၂၂ ဦးရှိခဲ့သည်။ ထိုသတင်းကို တစ်နိုင်ငံလုံး တွေ့မြင်လိုက်ရပြီး အား လုံးမှင်သက်သွားကြသည်။ ပြည်သူတင်ထားသည့် အစိုးရက ပြည်သူ့သွေးတွေ မြေကျအောင် လုပ်လိုက်လေပြီ။

ဗိုလ်ချုပ်မြင်းစီးရုပ်တုတည်ရန်အတွက် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက ငွေကျပ်သိန်း ၅၀၀ မတည်ပြီး ကြေးရုပ်ပြုလုပ်ရန် လုပ်ဆောင်ခဲ့ပြီး မြင်းစီးရုပ်တုအောက်ခံ အုတ်ခုံကို ပြည်နယ်လမ်းခင်းရမည့် ပိုက်ဆံဖြင့် တည်ဆောက်ထားပြီး ကျပ်သိန်းပေါင်း ၁၁၀၀ ကျော် အသုံးပြုထားသည်ဟု ဦးကျော်ထင်အောင်က စွပ်စွဲပြော ဆိုသည်။ ထို့အပြင် မြင်းစီးရုပ်တုအတွက် အလှူရှင်ရှိသည်ဟုဆိုကာ ကျပ်သိန်းပေါင်း ၈၀၀ ခန့် စာရင်းပြထား သည်ဟု ၎င်းက အခိုင်အမာ ပြောဆိုသည်။

ကယားပြည်နယ်တွင် ရွာလမ်းများမကောင်းသည်ကို ဦးစားပေးမလုပ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ ကတိ ကဝတ်များနှင့် ပင်လုံကတိကဝတ်ကိုလည်း အကောင်အထည်မဖော်သည့်အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ကရင်နီပြည်လူငယ်ထုက ပြောသည်။

ထိုရုပ်တုကို အုတ်ခုံပေါ် မတင်သေးဘဲ ပြည်သူ၏ ဆန္ဒမဲဖြင့် မဲခွဲဆုံးဖြတ်ပေးပါဟု တောင်းဆိုခဲ့သော် လည်း ရုပ်တုဖြစ်မြောက်ရေးကော်မတီက တည်ဆောက်ခြင်းဖြစ်သည့်အတွက် ရုပ်တုဖြစ်မြောက်ရေးကော်မတီ ဖြေရှင်းပေးရန် တောင်းဆိုကြသည်။

ထို့ပြင် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုကိုယ်တိုင် ပြည်သူလူထုနှင့် မတွေ့ဆုံဘဲ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီး ဦးမော်မော်နှင့်သာ တွေ့ဆုံခိုင်းသည်။  ဝန်ကြီးဦးမော်မော်က ရုပ်တုတည်မှာပဲဆို သည့် စကားပြောဆိုခဲ့သောကြောင့် ထိုကိစ္စရပ်တွင် ပြည်နယ်အစိုးရ နောက်ကွယ်က ရှိနေသည်ဟု ရုပ်တု ကန့်ကွက်သူများက ပြောကြသည်။

လူထုထောက်ခံမှု ဘယ်လောက်ရှိသည်ကို မဲခွဲမဆုံးဖြတ်ဘဲ ဗိုလ်ချုပ်ရုပ်တုတည်ခြင်းက ပြည်နယ်၏ မတည်ငြိမ်မှုကို ဖန်တီးလိုက်ခြင်းဖြစ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကြောင်းတရားများကို ပြည်နယ် အစိုးရနှင့် ဖြစ်မြောက်ရေးကော်မတီက တာဝန်ခံရမည်ဖြစ်သည်။

ထိုရုပ်တုကို ပြည်သူလူထုဆန္ဒမခံယူဘဲ ရအောင်တည်ဆောက်မည်ဆိုပါက ဗိုလ်ချုပ်အောင်ဆန်းကို သိက္ခာချသူများသာဖြစ်ပေလိမ့်မည်။ ဂုဏ်သိက္ခာဖြင့် ရပ်တည်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ် များကို အကောင်အထည်မဖော်ဘဲ ရုပ်တုတည်ခြင်းသည် လုံးဝမဖြစ်သင့်သည့်ကိစ္စရပ်ဖြစ်သည်။

အများပြည်သူ ပိုင်သည့် ပန်းခြံ၌ ပါတီပုံရိပ်အတွက်လား၊ ရုပ်တုတည်သူ နာမည်ပုံရိပ်အတွက်လား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ ပြည်သူ၏ သဘောဆန္ဒမပါဘဲ ရုပ်တုတည်ခြင်းမှာ ဂုဏ်သိက္ခာ တည်ခြင်း မဟုတ်တော့ဘဲ ဗိုလ်ချုပ်အောင်ဆန်းကို သိက္ခာချနေခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ဒြပ် ကို ဘာကြောင့်  ဖျက်ဆီးချင်တာလဲ။

 ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားညီညွတ်ရေးအတွက် ကတိပေးခဲ့သော်လည်း ထိုကတိများကို အကောင်အထည်မဖော်ဘဲ တောင်တန်းဒေသများတွင် ကိုယ့်အုပ်ချုပ်ရေးနှင့်ကိုယ် အုပ်ချုပ်ပါဆိုသည့် ဗိုလ်ချုပ် အောင်ဆန်း၏ ကတိကဝတ်ကို  ပေါ်ပေါ်ထင်ထင် ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။

ယခု ဗိုလ်ချုပ်ကြေးရုပ်တု တည်ဆောက်မည့် နေရာသည် ပြည်နယ်အစိုးရနှင့် သက်ဆိုင်သော်လည်း အများပြည်သူပိုင် ပန်းခြံဖြစ်နေသည်။ အများပြည်သူကန့်ကွက်နေသည့်ကြားက အတင်းအဓမ္မ ရုပ်တုတည်ခြင်း မှာ ဗိုလ်ချုပ်အောင်ဆန်းကို သိက္ခာကျစေသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းနေစဉ် ကာလအတွင်း အခြေအနေအရပ်ရပ်ကို မသုံးသပ်ဘဲ ရုပ်တုတည်လိုက်ခြင်းက အသိဉာဏ်မဲ့သည့် လုပ်ရပ်ဖြစ်ပေသည်။

ရုပ်တုဖြစ်မြောက်ရေးကော်မတီဝင်များ၏ အမည်များကို  လက်ရှိအချိန်အထိ မသိရသေးပေ။ ကုန်ကျ ငွေကိုလည်း အတိအကျ ဖော်ပြထားခြင်း မတွေ့ရသေးပေ။ ရုပ်တုတည်ခြင်းမှာ ပါတီပုံရိပ်အတွက် တည်ခြင်း ဖြစ်ပါက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ဒဏ်ခတ်ခြင်းကို ခံရမည်ဖြစ်သည်။

ဘာကြောင့် ပြည်သူလက်မခံဘဲ ဗိုလ်ချုပ်ကြေးရုပ်တုကို တည်လိုပါသနည်း။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားခဲ့သည့်အတွက် ယခုလို ပြည်သူများ မနှစ်သက်ဘဲ ၎င်း၏ ရုပ်တုကို အတင်းအဓမ္မတည်ခြင်းကို ဗိုလ်ချုပ်ကိုယ်တိုင် နှစ်သက်လိမ့်မည်မဟုတ်ပေ။

မွန်ပြည်နယ် ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု ပြောင်းလဲအမည်ပေးခဲ့သည့်အတွက် တိုင်းရင်းသားတို့၏ ပြစ်တင်ဝေဖန်ခြင်းကို ခံခဲ့ရပေသည်။ ယခုလည်း တိုင်းရင်းသားဒေသတွင် တိုင်းရင်းသား များ လက်မခံသည့်အရာများကို အတင်းအဓမ္မမပြုလုပ်သင့်ပေ။ ယခုလို လုပ်ခြင်းသည် အင်န်အယ်လ်ဒီ၏ အမျိုးသားရင်ကြားစေ့ရေးမူဝါဒနှင့်လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေတော့သည်။

ထို့ကြောင့် ပြည်နယ်အစိုးရကလည်း ထိုကိစ္စအပေါ် ညင်သာစွာ ကိုင်တွယ်သင့်သည်။ ပြည်ထောင်စုအ စိုးရကလည်း လိုအပ်ပါက ဝင်ရောက်ညှိနှိုင်းဖြေရှင်းပေးသင့်သည်။ အင်န်အယ်လ်ဒီပါတီကလည်း ပြည်သူများ အမြင်ရှင်းအောင် ရှင်းလင်းသင့်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်း ရင်းသားများအရေး အလေးထားကာ ယခုကိစ္စရပ်အပေါ် လက်ပိုက်ကြည့်မနေသင့်တော့ပေ။ ဗိုလ်ချုပ်အောင် ဆန်းကို အမှန်တကယ်ချစ်မြတ်နိုးသည်ဆိုပါက ရုပ်တုများဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို မသတ်ပါနှင့်ဟု တိုက်တွန်းချင်ပါတော့သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button