ဆောင်းပါး

ဒီမိုကရေစီ ဉာဏ်သက်ရင့် ပြီလား 

ဒီမိုကရေစီ ဉာဏ်သက်ရင့် ပြီလား 

မင်းသေ့ (ဆောင်းပါး) 

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၅၊ ၂၀၂၁

• နိုင်ငံရေးသင်ပုန်းကြီး
• ဒီမိုကရေစီ ကကြီး ခခွေး နှင့်
• အခြေခံ နိုင်ငံရေးဖတ်စာ။
အသက်ကြီးလာတာနဲ့အမျှ၊ သတိထားနေရတဲ့ကိစ္စ ရှိပါတယ်။ အဲဒါကတော့ အသက်ကြီးပြီး လူကြီးဖြစ်မလာတဲ့ ကိစ္စဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ၊ အသက်နံပါတ်ကြီးလာပေမယ့် စိတ်သက်ရင့်မလာခြင်းကိစ္စဖြစ်ပါ တယ်။ အသက်ကြီးပြီး သူငယ်နာမစင်တာတွေလည်း ရှိပါတယ်။ ဒဿနပါမောက္ခ ဟာရီအိုဗာစထရိက “လူ့အဖွဲ့အစည်းတစ်ခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့လူကြီးတွေပဲဖြစ်တယ်” လို့ ရေးခဲ့ဖူးပါတယ်။ ရင့်ကျက်တယ်ဆိုတာ ဘာလဲ….
အောက်စဖို့ဒ်အဘိဓာန်မှာတော့၊ ရင့်ကျက်ခြင်းကို ချင့်ချင့်ချိန်ချိန် ပြုမူဆောင်ရွက်တတ်မှု၊ လျော်ကန်သင့်မြတ် သော ချင့်ချိန်တတ်မှု၊ ပြည့်ဝသော ဖွံ့ဖြိုးသော တိုးတက်မှု၊ ရင့်မှည့်မှု၊ လျော်ကန်သင့်မြတ်သော သွက်လက် ချက်ချာမှု၊ ပြီးပြည့်စုံသော အဖြစ်၊ ပြည့်ဝသော အဖြစ်၊ အဆင်သင့် အရံသင့်ဖြစ်မှု စသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆို ပါတယ်။ ရင့်ကျက်တယ်ဆိုတာ အသက်နံပါတ်နဲ့ မဆိုင်ဘူး…. အသိဉာဏ်နဲ့ ဆိုင်တယ်လို့ မဟာမြိုင်ဆရာတော် ဦးဇောတိက,က ရေးသားခဲ့ဖူးပါတယ်။ မြန်မာစကားတွေထဲမှာလည်း ရင့်ကျက်ခြင်း၊ အသိဉာဏ်ရင့်မှည့်ခြင်းနဲ့ပတ်သက်ပြီး စကားရပ်တွေ ရှိနေပါတယ်။
• အသက်ကြီးပြီး အချိန်မစီးဘူး။
• သက်ကြီးပု။
• လူစဉ်မမှီဘူး။
• သူငယ်နာမစင်ဘူး။
• သူငယ်ပြန်တယ်။
• နို့နံ့မစင်သေးဘူး။
• ကျပ်မပြည့်ဘူး။
စသည်ဖြင့်…. စကားတွေ ရှိပါတယ်။ အသက်ကြီးလာပေမယ့်၊ ဦးနှောက်အလေးချိန်ပိုစီးမလာတာ။ ဦးနှောက်နဲ့ စဉ်းစားဉာဏ်က နုပ်နည်းနေတာတွေကို တွေ့ရင် အသက်ကြီးပြီး အချိန်မစီးဘူးလို့ပြောတယ်။ အသက်ကြီးပေ မယ့် ဖွံ့ဖြိုးမှု နိမ့်ကျရင်လည်း သက်ကြီးပုလို့ ပြောတယ်။ လူစဉ်မမှီဘူးလို့လည်း ဆိုတယ်။ လူက အသက်ကြီးလို့ လူကြီးဖြစ်လာပေမယ့်၊ ကလေးအထာတွေ မပျောက်ရင်လည်း သူငယ်နာမစဉ်ဘူးလို့ ပြောတယ်။ အသက်ကြီး ပြီး အိုမင်းနေတော့မှ ကလေးအလုပ်တွေ ထလုပ်ရင်လည်း သူငယ်ပြန်တယ်လို့ ပြောပြန်ရော။ ငယ်ငယ်တုန်းက ကလေးတွေ ပြုမူတဲ့ အပြုအမူမျိုးတွေကို မစွန့်လွှတ်နိုင်သေးရင်လည်း နို့နံ့မစင်သေးဘူးလို့ ဆိုကြပါတယ်။ အသိအားဖြင့် ပြည့်ပြည့်ဝဝ မရှိဘဲ ရူးသလိုလိုကြောင်သလို၊ အရူးကွက်တွေ လျှောက်လုပ်ရင်လည်း ကျပ်မပြည့် ဘူး လို့ ဆိုကြတယ်။
မြန်မာစကားဟာ ဝေါဟာရအားဖြင့် ကြွယ်ဝတာကြောင့် ပြောတဲ့သူကလည်း ပစ်ပစ်နှစ်နှစ် ပြောလို့ ရသလို၊ ခံရတဲ့သူကလည်း ပိဿလေး ဘေးပစ်သလို အောင့်ခနဲ ခံရခက်လှပါတယ်။ ဒီတော့ ကွက်ကွက်ကွင်းကွင်း မြင်စေ ထင်စေချင်ရင်တော့၊ စကားလုံးစီးစီးပိုင်ပိုင်တွေကို သုံးကြရတာပါပဲ။ ဒါ့ကြောင့် ဒီစကားလုံးတွေ သုံးနှုန်း ရတာကို နားလည်ပေးစေချင်ပါတယ်။
▄ ခြေလှမ်း အစ
မြန်မာပြည်ရဲ့ ဒီမိုကရေစီ ခြေလှမ်းကို စခဲ့တာဟာ ၂၀၁၀ နှောင်းပိုင်းကျမှ မဟုတ်ပါဘူး။ ၁၉၈၈ လူထုတော်လှန် ရေးကနေ စလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီကို ဆက်တိုက် လှမ်းခွင့် မရကြဘူး။ ကြိုကြားကြိုကြား အနေနဲ့သာ လှမ်းဖို့ ကြိုးစားကြရတယ်။ ဒါပေမယ့် အားလုံး တစ်ညီတည်းလှမ်းနိုင်တဲ့အချိန်ကို ၂၀၁၂ လို့သတ် မှတ်လိုက်ချင်ပါတယ်။ ဒီတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အသက်အရွယ်အလိုက် ရင့်ကျက်သင့်၊ ဖွံ့ထွားသင့်တာတွေတော့ ရှိသင့်ပြီ ထင်ပါတယ်။
၁၉၈၈ ကနေ စတင်ခဲ့တဲ့ ပါတီတွေဟာ အသက်အားဖြင့် (၃၀) ကျော်လာပြီဖြစ်ပြီး၊ ၂၀၁၀ ကနေ စခဲ့တဲ့ ပါတီ တွေကတော့ သက်တမ်းအားဖြင့် ၁၀ နှစ်ထဲ ရောက်လာပါပြီ။ ပါတီတွေကို ဝါစဉ်အလိုက် စဉ်ကြည့်ရင် သက်တမ်းအရင့်ဆုံးဟာ ဒီမိုကရေစီဉာဏ်သက်အရင့်ဆုံး ဖြစ်နေဖို့ လိုပါတယ်။ သက်ကြီးပု ဖြစ်မနေသင့်ပါဘူး။ သူငယ်နာမစင်သလိုဖြစ်မနေသင့်ပါဘူး။ နိုင်ငံရေးပါတီတစ်ရပ်ဟာ လူထုအားလုံးစောင့်ကြည့်ခံရတဲ့ စင်မြင့် အပေါ်ကို ရောက်နေတဲ့အခါ၊ အသေးအမွှားလေးက အစ လူတွေက မြင်နေရပါတယ်။ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဇာတ်ညွှန်းကျရာ ကကြရတဲ့ နိုင်ငံရေးပလေယာတွေအတွက် လက်တွေ့ဟာ မလွယ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေး ရည်မှန်းချက်ရှိသူဟာ ကိုယ်ခံအားကောင်းကောင်းနဲ့ ဝမ်းစာပြည့်ပြည့်ဖြစ်ထားလို့ လိုပါတယ်။ အခြေအနေတွေ အရ လက်ခံပေးနိုင်ပေမယ့်၊ အနာဂတ် နိုင်ငံရေးအခင်းအကျင်းမှာ ကိုယ်ခံအားပိုကောင်းတဲ့၊ ဝမ်းစာ ပိုပြည့်တင်း တဲ့ နိုင်ငံရေးမျိုးဆက်ကို လေ့ကျင့်ပျိုးထောင်ဖို့ အရေးတကြီးလိုနေပါတယ်။
▄ ဒီမိုကရေစီ ကကြီး ခခွေး
နိုင်ငံရေးသင်ပုန်းကြီး ကြေခြင်းဟာ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ်။ နိုင်ငံရေးသင်ပုန်းကြီးမှာ အခြေခံ နိုင်ငံရေး အတွေးအခေါ်တွေ ပါသလို၊ သမိုင်းဖြစ်ရပ်တွေကို နားလည်တတ်သိခြင်းလည်း ပါပါတယ်။ ထိုနည်းလည်း ကောင်း လူထုဆက်ဆံရေးနည်းနာတွေကို တတ်ကျွမ်းတာအပြင်၊ နိုင်ငံရေးခန္တီတရားအတွက် နှလုံးသွင်းရမယ့် သင်ခန်းစာတွေလည်း လိုပါတယ်။ ဒီမိုကရေစီကို လျှောက်လှမ်းမယ့် တိုင်းပြည်တစ်ခုအတွက် ဒီမိုကရေစီ ကကြီး ခခွေးကို ကြေလည်အောင် နားလည်ထားခြင်းက အရေးအကြီးဆုံးပါပဲ။ ယခင်ကတော့ တော်လှန်ရေး ကာလမို့၊ ပြေးရတာမို့၊ ပုန်းကြရတာမို့ ကြေလည်အောင် သင်ယူတတ်မြောက်နိုင်ခြင်း မရှိတာကို လက်ခံပါ တယ်။ ဒါပေမယ့် ဒါဟာ ဆင်ခြေပဲဖြစ်ပါတယ်။ နိုင်ငံ့ထိပ်တန်းခေါင်းဆောင်ဖြစ်ခဲ့ကြသူတွေဟာ ဒီလိုအကျပ် အတည်းအကြားကပဲ နိုင်ငံရေးဝမ်းစာကို ပြည့်အောင် ဖြည့်တင်းသွားကြရတာဖြစ်ပါတယ်။
▄ အခြေခံ နိုင်ငံရေးဖတ်စာ
ဒီနေ့ခေတ်မှာတော့ ဖတ်စရာတွေက များလာပါပြီ။ စာအုပ်နဲ့ ဖတ်မလား။ စခရင်ပေါ်မှာ ဖတ်မလား။ ကြိုက်တာ ရနေပါပြီ။ မြန်မာလို ဖတ်မလား၊ အင်္ဂလိပ်လို ဖတ်မလား အလွယ်တကူ ရနေပါပြီ။ ဗီဒီယို animation တွေနဲ့ ကြည့်မလား၊ နိုင်ငံတကာ ပို့ချချက်တွေ၊ ဟောပြောချက်တွေ ကြည့်မလား… ယူကျူ့ထ်၊ ဂူဂဲလ် စတာတွေမှာ အများအပြားရနေပါပြီ။ စာအုပ်ဆိုတာလည်း အလှမ်းမမှီစရာ မရှိပါ။ ဖတ်ချင်ရင် ဝယ်ဖို့ လွယ်နေပါပြီ။ သမိုင်း ဆိုင်ရာ နိုင်ငံရေးကြည့်မလား။ ဖတ်စရာ များများစားစား ရှိပါတယ်။ ဟောပြောပွဲ၊ ဆွေးနွေးပွဲမှတ်တမ်းမှတ်ရာ တွေထဲကနေလည်း အများကြီး လေ့လာသင်ယူနိုင်ပါတယ်။ လေ့လာစရာ ကွင်းပြင်ဟာ နေရာတိုင်းမှာ ကျယ် လာပါပြီ။ လေ့လာချင်စိတ် ရှိဖို့သာ လိုပါတယ်။
မသိတာကို သိအောင် လုပ်ပေးလို့ ရပါတယ်။ မတတ်တာကို တတ်အောင် လုပ်ပေးလို့ ရပါတယ်။ မရှိတာကို လည်း ရှိအောင် လုပ်ပေးလို့ ရပါတယ်။ မသိချင်တာကိုတော့ ဘာမှ လုပ်ပေးလို့ မရပါ။ မတတ်ချင်ဘူးဆိုရင် တော့ ဘာမှ လုပ်ပေးလို့ မရပါ။ သိချင်စိတ်၊ တတ်ချင်စိတ်ဟာ နိုင်ငံရေးဝမ်းစာဖြည့်တဲ့နေရာမှာ အင်မတန် အသုံးဝင်ပါတယ်။ အခြေခံ နိုင်ငံရေးဖတ်စာအနေနဲ့ ကြေလည်ထားဖို့ဟာ အရေးကြီးပါတယ်။
ပိဋကတ်မှာ (၃) ပုံလို့ ဆိုတယ် မဟုတ်လား။ အမျိုးအစားအားဖြင့်…. သုတ်၊ ဝိနည်း၊ အဘိဓမ္မာလို့ ဆိုတယ်။ သုတ္တန်ဆိုတာ အကြောင်းဖြစ်ရပ်၊ ဇာတ်ကြောင်းတွေကို ရှင်းလင်းထားတာဖြစ်ပါတယ်။ ဒီတော့ သမိုင်းနဲ့ ဆင်တူတယ်။ ဒီတော့ နိုင်ငံရေးသုတ္တန်လို့ ပြောရင် နိုင်ငံရေးသမိုင်းလို့ နားလည်အပ်ပါတယ်။ နိုင်ငံရေးသမား တစ်ယောက်ဟာ ကမ္ဘာ့ နိုင်ငံရေးသမိုင်းနဲ့ မိမိနိုင်ငံရေးသမိုင်း (ခေတ်ဟောင်းသမိုင်း/ခေတ်သစ်သမိုင်း) ကို နားလည်ထားဖို့ အရေးကြီး ပါတယ်။ နောက်တစ်ခုက ဝိနည်း။ ဝိနည်းဆိုတာကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းလို့ နားလည်ထားလို့ ရပါတယ်။ နိုင်ငံရေးဝိနည်းဆိုတာ…. နိုင်ငံရေးနဲ့ အဓိက ဆက်နွှယ်နေတဲ့ ဥပဒေတွေ (အခြေခံ ဥပဒေကဲ့သို့)၊ အာဏာနိုင်ငံရေးကွင်းပြင်ထဲက ဥပဒေတွေ အပါအဝင်၊ နိုင်ငံအတွင်းက တို့ထိနိုင်သမျှ ဥပဒေ စည်းမျဉ်းတွေကို အကြမ်းဖျင်းသဘော၊ ယေဘုယျသဘော၊ တချို့ကို အသေးစိတ်…. စသဖြင့် လေ့လာတတ် သိထားဖို့ လိုပါတယ်။ နောက်ဆုံးတစ်ခုကတော့ အဘိဓမ္မာဖြစ်ပါတယ်။ အဘိဓမ္မာဆိုတာကို အတွေးအခေါ်၊ ဒဿန၊ သဘောတရားလို့ ယေဘုယျနားလည်ထားလို့ ရပါတယ်။ ဒီတော့ နိုင်ငံရေးအဘိဓမ္မာလို့ ပြောရင်၊ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးဒဿနတွေ၊ နိုင်ငံရေးအိုင်ဒီယော်လိုဂျီတွေကို နားလည်ထားဖို့ လိုပါတယ်။
▄ ကြိုတင် ဝမ်းစာ
နိုင်ငံရေးမှာ လေ့လာစရာတွေကတော့ အစုံစုံပါပဲ။ ပိုပြီး ချဲ့ထွင်လေ့လာနိုင်လေလေ ပိုကောင်းမွန်လေလေပါပဲ။ ဒါ့ကြောင့် နိုင်ငံရေးသမားဟာ စာဖတ်ကို ဖတ်ရမယ်၊ စာဖတ်ဝါသနာပါသင့်တယ်လို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးရည်မှန်းချက်ထားသူ မျိုးဆက်သစ်နိုင်ငံရေးသမားလောင်း တစ်ယောက်အနေနဲ့ကတော့ သမိုင်း၊ ဥပဒေနဲ့ ဒဿနပိုင်းတွေကို အခြေခံ နိုင်ငံရေးဖတ်စာထဲမှာ အကြောင်း အရာအားဖြင့် မရှိမဖြစ် ထည့်သွင်းပြီး လေ့လာထားရမှာဖြစ်ပါတယ်။
လေ့လာမှု ချို့တဲ့ရင် အသိချို့တဲ့ပါတယ်။ အသိချို့တဲ့ရင် သူငယ်နာမစင်တဲ့ အပြုအမူတွေကို ပြုမူတတ်လေ့ရှိ ပါတယ်။ နိုင်ငံရေးရင့်ကျက်မှုဆိုတာ ဖြတ်သန်းမှုအပေါ်မှာလည်း မူတည်နေပါတယ်။ အကျပ်အတည်းအခက် အခဲအပေါ်မှာ ဘယ်လို နှလုံးသွင်းဖြတ်ကျော်ခဲ့သလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ ဖြည့်ကျင့်ထားတဲ့ အသိဓာတ်ခံအပါအဝင် ကျင့်သုံးတဲ့ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းနာတွေရဲ့ အရည်အသွေးအပေါ်မှာလည်း မူတည် နေပါတယ်။ ဒါ့ကြောင့် ဒီအကြောင်းအချက်တွေကို တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့၊ လူငယ် မျိုးဆက် သစ် နိုင်ငံရေးသတ္တဝါလောင်းလျာများကို လက်တို့ သတိပေးလိုက်ပါတယ်။

Related Articles

Back to top button