တိုင်းရင်းသားများသတင်း

နေ့စဉ်တိုင်းရင်းသတင်းများစုဆောင်းတင်ပြခြင်း

(No. 126 , September 7, 2021)

 

၁။ ဒီကနေ့စပြီး တစ်နိုင်ငံလုံး စစ်ကောင်စီကို ခုခံတိုက်ခိုက်ကြဖို့ NUG တရားဝင် ကြေညာ
7 September 2021

စက်တင်ဘာလ ၇ ရက် ဒီနေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးနည်းအရ ပြန်လည်ခုခံ တိုက်ခိုက် သွားမယ်လို့ အမျိုး သားညီညွတ်ရေး အစိုးရ NUG က ဒီကနေ့ ကြေညာလိုက်ပါတယ်။ ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ ထောက်တိုင်အဖွဲ့တွေကို ဒီနေ့ကစပြီး ပစ်မှတ်ထားတိုက်ခိုက်သွားကြဖို့ NUG အစိုးရအဖွဲ့ ယာယီသမ္မတ ဦးဒါရှီလဆိုင်းက ဒီနေ့အရေးပေါ် မိန့်ခွန်းတစ်ရပ် ပြောဆို တိုက်တွန်းလိုက်တာပါ။

ရေရှည်ငြိမ်းချမ်းတဲ့ နိုင်ငံတည်ဆောက်ရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဒီလိုစစ်ရေး နည်းနဲ့ တိုက်ခိုက်ဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိ နိုင်ငံရဲ့အခြေအနေမှာ စစ်ရေးနည်းနဲ့ ပြန်ဖြေရှင်းရမယ့် အခြေအနေဖြစ်တာကြောင့် ဒီဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည် ကြောင်း ဦးဒါရှီလဆိုင်း က ပြောခဲ့ပါတယ်။ အခုလိုတိုက်ခိုက်ရာမှာ PDF တွေအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် တွေကို စောင့်ရှောက်ဖို့နဲ့ လုံခြုံရေးတာဝန်ယူဖို့၊ PDF က ထုတ်ပြန်ထားတဲ့ စစ်စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာဖို့လည်း တိုက်တွန်း ထားပါတယ်။

ပြည်သူတွေအနေနဲ့ ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့ကစပြီး မလိုအပ်ပဲ ခရီးမသွားဖို့၊ လိုအပ်မယ့် ရိက္ခာ၊ ဆေးဝါးတွေ စုဆောင်း ထားကြဖို့၊ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေကို PDF နဲ့မဟာမိတ်အဖွဲ့တွေဆီ သတင်းပေးပို့ ကူညီကြဖို့ သမ္မတ ဦးဒါရှီလဆိုင်း က ပြောခဲ့ပါတယ်။ NUG က ဦးစီးဖွဲ့စည်းထားတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အားလုံးကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို ဒီနေ့ကစပြီး ချက်ချင်း တိုက်ခိုက် သွားကြဖို့ NUG က ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

၂။ ချင်းပြည်နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းနှင့် စီမံကိန်းများ အပြီးသတ်ရန် သတိပေး
6 September, 2021

ချင်းပြည်နယ်ထဲက စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်နေတဲ့ ဆောက်လုပ်ရေးနဲ့ စီမံကိန်းလုပ်ငန်းတွေ အားလုံး စက်တင်ဘာလထဲမှာ အပြီးသတ်ကြဖို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးလိုက်ပါတယ်။ စစ်ကောင်စီက ခေါ်ယူတဲ့ ဝန်ထမ်းအလုပ်နဲ့ တင်ဒါလုပ်ငန်းတွေကို လုံးဝမလုပ်ဖို့လည်း ဇိုတုန်နယ် ပြည်သူ့ကာကွယ်ရေးတပ်က ကြေညာထားပြီး စက်တင်ဘာလကုန် နောက်ဆုံးထားလို့ စစ်တပ်က ချမှတ်ထားတဲ့ ဘယ်ဆောက်လုပ်ရေးလုပ်ငန်းကိုမဆို လုံးဝမလည်ပတ်ဖို့ သတိပေးထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ဝန်ဆောင်မှု၊ ဒေသတွင်းဖွံ့ဖြိုးရေး စတဲ့အတုအယောင်ခေါင်းစဉ်တွေတပ်ပြီး နိုင်ငံရေးကစား ကွက်နဲ့ စည်းရုံးရေးမက်လုံးတွေ ပေးတဲ့ စီမံကိန်းအမျိုးမျိုးကို မတရားဖော်ဆောင်နေတယ်လို့လည်း ချင်းပြည်ကာကွယ်ရေး တပ်က ဆိုပါတယ်။ စီမံကိန်းတွေကို အကြောင်းပြပြီး စစ်အုပ်စုရဲ့ ဒေသတွင်း နယ်မြေစိုးမိုးရေး၊ တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းတာတွေ လုပ်နေတာကိုလည်း မြင်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိဆောင်ရွက်နေ တဲ့လုပ်ငန်းတွေကို စက်တင်ဘာလကုန်အထိပဲ လုပ်ခွင့်ပေးမှာဖြစ်ပြီး နောက်ထပ်ဆောင်ရွက်မယ့် လုပ်ငန်းမှန်သမျှကို အောက်တိုဘာ ၁ ရက်ကစလို့ ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်တဲ့အထိ လုံးဝပိတ်ပင်တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်ကို တိတိကျကျမလိုက်နာတဲ့သူတွေကိုလည်း အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းသူတွေအဖြစ် သတ်မှတ်ပြီး တာဝန်ရှိ သူတွေနဲ့ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းတာ၊ ဒါမှမဟုတ် တိုက်ခိုက်အရေးယူမယ်လို့ သတိပေးလိုက်ပါတယ်။ ထန်တလန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မြို့နယ်ထဲမှာ လုပ်ကိုင်နေတဲ့ လမ်းလုပ်ငန်း၊ ကျောက်ခင်း ကျောက်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း စတာတွေ ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ စက်တင်ဘာ ပထမပတ်ထဲမှာ လုပ်ငန်းတွေ အပြီး ဆောင်ရွက်ဖို့၊ မပြီးနိုင်ဘူးဆိုရင်လည်း ရပ်တန့်ဖို့အတွက် ဩဂုတ် နောက်ဆုံးပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

၃။ မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်များ အစားအသောက် အခက်အခဲကြုံနေ
6 September, 2021

တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ ဖောင်းဆိုင်ဒေသဘက်မှာ တိုက်ပွဲ ရှောင်နေရတဲ့ ပြည်သူတွေ အစားအသောက် အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။

ဆန်၊ ဆီ၊ ဆား နဲ့ အရေးကြီး အသုံးအဆောင်တွေ လိုအပ်ရင် တရုတ်ဘက်ခြမ်း ဖောင်းဆိုင်ဒေသခံ အမျိုးသမီးတွေဆီ အကူ အညီတောင်းဝယ်ယူရကာ ပစ္စည်းတွေကို တရုတ်ဘက်ကနေ နှစ်နိုင်ငံ နယ်ခြားစည်းရိုးကျော်ပြီး မြန်မာဘက်ကို ပစ်ထည့် ပေးရတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။“ဆန်တွေ၊ ဆီဘူးတွေက အမြင့်ကနေ ပစ်ပေးလိုက်တယ်ဆိုတော့ ပေါက် သွားတာတွေ၊ ပြဲသွားတာတွေ၊ ပျက်စီးတာတွေရှိတာပေါ့။ ခုဆို နောက်တစ်ထပ်(ခြံစည်းရိုး) ထပ်မြှင့်ထားလိုက်လို့ ပိုဆိုး ပြီ။ ကြက်ဥတွေ၊ ဆီပုံးတွေကလည်း ကွဲတဲ့ဟာကွဲ ဒါပေမယ့် အဲလိုပဲဖြစ်သလို အသိတွေ အဲလို့ အကူညီပေးနေရတယ်။ တောင် ပေါ်မှာဆိုတော့ ဟင်းသီးဟင်းရွက် ရှာစားပြီး နေနေ ရတယ်။” ဒါ့အပြင် မုံးကိုးကနေလည်း ကားနှစ်စီးပဲ သွားခွင့်ပြုထားပြီး လူတစ်ဦးကို ဆန် လေး ငါးပြည်ထက် ပိုသယ်ယူခွင့် မရှိတာကြောင့် ဆန်တွေကို လျှော့ပြီး သယ်ယူနေရတယ်လို့ ဆိုပါတယ်။

“ဖောင်းဆိုင် စစ်ရှောင်တွေက မုံးကိုက ကားဆရာအတွက်ရော စစ်တပ်မှာ ခွင့်ပြုချက်တောင်းပြီး ဆန်တွေ သယ်ယူရတယ်။ အကယ်လို့ ဆန်ပို့ချင်တယ်ဆိုရင် မုံးကိုးမှာ ၂ စီးပဲ တက်လို့ရတယ်။ တခြားကားတွေကို သွာခွင့်မပြုဘူး။ အခုတော့ မုံးကိုဘက် က ၂ ခါရှိပြီ စခန်းမှူးကို ပြောပြီး စစ်ရှောင်တွေအတွက် စက်တင်ဘာလ ၂ ရက်နေ့က အိတ် ၃၀ မုံးကိုးက သယ်လာတာ ၁၀ အိတ်တော့ သူတို့ဆီမှာ ထားခဲ့ရတယ်။ အိတ် ၂၀ တော့ လာပို့တယ်။”လက်ရှိ စစ်ဘေးဒုက္ခသည်တွေဟာ မိုးရာသီဖြစ်ပေမယ့် ဖြစ်သလိုတဲထိုးနေထိုင်ကြရပြီး အရှေ့ဘက်ပိုင်းဒေသ မန်ဆာ၊ ကျင်းထုံ၊ သာချိ၊ ဟူထူရှန်နဲ့ တရုတ်အစိုးရဘက်က စားနပ် ရိက္ခာနဲ့ မိုးကာတွေ နည်းနည်း လာထောက်ပံ့တာ လောက်ပဲရှိတယ်လို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

၄။ အာဏာသိမ်းပြီးနောက်ပိုင်း ကယားတွင် တိုက်ပွဲ ၆၀ ဖြစ်ပွား၊ လူပေါင်း ၈၃ ဦး သေဆုံး

6 September, 2021

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည် (ကယား)ပြည်နယ်မှာ ကရင်နီအမျိုး သားကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော်တို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲ ၆၀ ဖြစ်ပွားခဲ့ပြီး စစ်ကြောင့် သေဆုံးသူ ၈၃ ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ထားပါတယ်။ PKPF ပြောခွင့်သူက “သေဆုံးတာကတော့ အရပ်သားတွေလည်းပါတယ်။ PDF တပ်ဖွဲ့ဝင်တွေလည်းပါတယ်။ အထူးသဖြင့် အဲဒါတွေပေါ့။ နောက် ပြီးတချို့ကတော့ စစ်ဘေးရှောင် တောထဲမှာဆုံးသွားတဲ့ ကလေးငယ်တွေလည်းပါတယ်။ အဲလိုတော့ရှိတယ်။ နှစ်ကန့်ဖြစ် သွားတာပေါ့နော်။ ဒီတိုက်ပွဲမဖြစ်ခင်မှာ ဆန္ဒပြရင်းနဲ့ အကြမ်းဖက်ဖြိုးခွဲခံရရင်း သေဆုံးသွားတဲ့လူ သုံးလေး ယောက်ရှိတယ်။ အဲဒါတကန့်။ နောက်ပိုင်းက ဒီစစ်ဖြစ်ပြီးနောက် သေဆုံးသွားတာပေါ့။ စစ်တပ်တွေက အကြောင်းမဲ့ ပစ်သတ် တာတွေရယ်၊ PDF တပ်ဖွဲ့ဝင်တွေရယ် ပြီးတော့ တောထဲ စစ်ဘေးရှောင်စခန်းထဲမှာ ဆုံးသွားတဲ့လူတွေရယ်ပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့်လည်း ကက်သလစ်ဘုရားကျောင်း ၅ ကျောင်းနဲ့ လူနေအိမ် ၂၄၃ လုံး ပျက်စီးခဲ့ကြောင်း၊ ပျက်စီး သွားတဲ့ ကက်သလစ်ဘုရားကျောင်း ၅ ကျောင်းထဲမှာ ဒီးမော့ဆိုမြို့နယ်က ၃ ကျောင်း၊ လွိုင်ကော်မြို့နယ်မှာ ၁ ကျောင်းနဲ့ ဖယ်ခုံမြို့နယ်မှာ ၁ ကျောင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ်မှာ နေအိမ် ၁၄၆ လုံး၊ မိုးဗြဲမှာ ၈၈ လုံးနဲ့ လွိုင်ကော်မြို့မှာ နေအိမ် ၉ လုံး စုစုပေါင်း ၂၄၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဩဂုတ် ၃၁ ရက်နေ့အထိ နိုင်ငံရေးနဲ့ ဆက်စပ်ဖမ်းဆီးခံထားရသူ ၁၂၀ ကျော်ရှိနေပြီး အဲဒီထဲက ၁၀၃ ဦးဟာ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးတရားစွဲဆို ခံထားရကြောင်း PKPF ပြောခွင့်ရသူက ပြောပါတယ်။

တိုက်ဖြစ်ပွားပြီးနောက် ဇွန် ၁၅ ရက်နေ့က ၁ လတာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး စစ်ဘေးရှောင်တချို့ နေအိမ် ပြန် သွားခဲ့ကြပေမယ့် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတဲ့အတွက် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ တိုက်ပွဲ ကြောင့် ကယားပြည်နယ်မှာ လူပေါင်း ၁၂၀,၀၀၀ စစ်ဘေးရှောင်နေကြရပြီး လက်ရှိမှာလည်း စစ်ကောင်စီဘက်က လွိုင်လင် လေး၊ ဖယ်ခုံနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ အင်အားဖြည့်တင်းထားမှုတွေ ရှိနေပြီး နောက်ထပ် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

၅။ စစ်ကောင်စီကထောက်ပံ့သည့် အလှူငွေများကို ဟားခါးနှင့်ဖလမ်းမှ ခရစ်ယာန်ပါစတာများက လက်မခံဘဲ ပြန်အပ်နှံ
Sepetmber 6, 2021

ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန်အမှုတော်ဆောင်ပါစတာများအား အလှူငွေ ထောက်ပံ့ပေးမှုကို လက်မခံဘဲ ဟားခါးနှင့် ဖလမ်းမြို့နယ်မှ ခရစ်ယာန်အမှုတော်ဆောင်ပါစတာများက ၎င်းတို့လက်ခံရရှိခဲ့ သော ငွေကြေးများကို အသီးသီးပြန်လည်အပ်နှံခဲ့ကြသည်ဟု စုံစမ်းသိရှိသည်။

အာဏာသိမ်းစစ်ကော်စီမှဖွဲ့စည်းထားသည့် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့သည် ကိုဗစ်ကာလကူညီထောက်ပံ့ရေး ဟုဆိုကာ ဖလမ်းမြို့နယ်အတွင်းရှိ ခရစ်ယာန်အမှုတော်ဆောင်ပါစတာများအား စက်တင်ဘာလ ၅ ရက်နေ့က တစ်ဦးလျှင် ကျပ်ငွေ ၁၈၀၀၀ နှုန်းဖြင့် ကူညီထောက်ပံ့ကာ ချင်းလူမျိုးအသိုင်းအဝန်းနှင့် လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်သံများ ကျယ် ကျယ်လောင်လောင်ထွက်ပေါ်လာပြီးနောက် ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် ၎င်းတို့လက်ခံရရှိခဲ့သည့် အလှူငွေများကို စစ်ကောင်စီထံပြန်လည်အပ်နှံခဲ့ကြခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဖလမ်းမြို့နယ်မှ အလှူငွေလက်ခံရရှိပြီး ပြန်လည် အပ်နှံခဲ့သည့် ခရစ်ယာန်အမှုတော်ဆောင် ပါစတာတစ်ဦးက “ သူတို့ပြောတာကတော့ ကိုဗစ်ကြောင့် ခက်ခဲနေရတယ်ဆိုတော့ ထောက်ပံ့တာလို့ပြောပါတယ်၊ ကျနော်က ကျနော့်အသင်းတော်အမှုတော်ဆောင် ၁၇ ယောက်စာအတွက်ထုတ်ခဲ့တာလေ၊ အဲဒီ ၁၇ ယောက်စာကို ဒီနေ့ပြန်အပ်လိုက်တယ်၊ ကျနော်တို့အသင်းသူအသင်းသားတွေကလည်း အဲဒါယူလို့မကောင်းပါဘူးဆိုပြီး ပြောတယ်၊ အသင်းသူအသင်းသားတွေရဲ့မျက်နှာကိုကြည့်ပြီး ကျနော်တို့ပြန်အပ်လိုက်တာပါ’’ဟု ခိုနူမ်းသုန်သတင်းဌာန ကိုပြောသည်။

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီမှထောက်ပံ့သော အလှူငွေများလက်ခံရရှိသည့် ခရစ်ယာန်အမှုတော်ဆောင်အရေအတွက် မည် မျှရှိသည်ကို အတိအကျမသိရဘဲ ၎င်းတို့လက်ခံရရှိသောအလှူငွေများကိုလည်း အားလုံးပြန်အပ်နှံခြင်းရှိမရှိကိုလည်း မသိရ ကြောင်း အဆိုပါ ပါစတာကဆက်ပြောသည်။ အလားတူ ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့တော်တွင်လည်း စက်တင်ဘာလ ၃ ရက်နေ့က ခရစ်ယာန်အမှုတော်ဆောင် အယောက် ၂၆၁ ဦးထံ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက တစ်ဦးလျှင်ကျပ်ငွေ ၁၈၀၀၀ နှုန်းထောက်ပံ့ခဲ့ပြီး ကိုဗစ် ၁၉ ရံပုံငွေအတွက်အသုံးပြုရန်စီစဉ်ထားကြသော်လည်း ယနေ့စက်တင်ဘာလ ၆ ရက်နေ့ တွင် စစ်ကောင်စီထံ ပြန်လည်အပ်နှံကြသည်ဟု The Hakha Post သတင်းတွင်ဖော်ပြထားသည်။ ချင်းပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီသည် ချင်းပြည်နယ် ၉ မြို့နယ်အတွင်းရှိ သာသနာ့တာဝန်ထမ်းဆောင်လျှက်ရှိသည့် ခရစ်ယာန်အမှုတော်ဆောင် များအား တစ်ဦးလျှင် ၁၈၀၀၀ နှုန်းဖြင့်ကူညီထောက်ပံ့ရန်စီစဉ်ထားပြီး ဟားခါး၊ ဖလမ်းမြို့နယ် တို့ကို ကနဦးပေးအပ်ကာ ကျန်မြို့နယ်များအား ပေးအပ်ခြင်းမရှိသေးကြောင်းသိရသည်။

၆။ တိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီက မြေပြင်နဲ့ လေကြောင်း ထိုးစစ်ဆင်
September 5, 2021

စစ်ကောင်စီက ထိုးစစ်ဆင်နေတာ အမြန်ဆုံးရပ်တန့်ရေး၊ အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်ညှဉ်းပန်းနေတာ အဆုံး သတ်ရေးနဲ့ အာဏာသိမ်းမှု အဆုံးသတ်ပြီး ရာဇဝတ်မှု ကျူးလွန်တာတွေပေါ် တာဝန်ခံမှုရှိလာရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းက ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက မနေ့က တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီ လက်နက်ကိုင်တပ်တွေရဲ့ ထိုးစစ်တွေနဲ့ ပတ်သက်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ တိုင်းရင်းသားဒေသတွေမှာ မြေပြင်ထိုးစစ်သာမက လေကြောင်းကပါ ထိုးစစ်ဆင် တဲ့အတွက် အရပ်သားတွေ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အသိပေးပါတယ်။

ဒါဟာ humanitarian crisis ဆိုတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်လာစေနိုင်ပြီး၊ သန်းနဲ့ချီတဲ့ ပြည်သူ တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမယ့် အခြေအနေ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ ဒီလို အရပ်သား ပြည်သူတွေကို ပစ်မှတ် ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အထောက်အကူအဖြစ် စစ်လက်နက်ပစ္စည်း ဝယ်ယူဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အစိုးရတွေ၊ အဖွဲ့အစည်း တွေကို NUG က ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။

ဒါတင်မက ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံ၊ကျောင်းစတဲ့ အဆောက်အအုံတွေမှာ တပ်စွဲတာ၊ ဒါတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ တိုင်းရင်းသားဒေသတွေမှာ သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တာတွေကို NUG က အပြင်းအထန်ကန့်ကွက် တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

၇။ KNC ဥက္ကဋ္ဌ Dr. M Kawn La ကို စက်တင်ဘာလ ၁၀ ရက်နေ့ ရုံးထုတ်စစ်ဆေးမည်
6 September 2021

ဖမ်းဆီးတရားစွဲခံထားရသော ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin National Congress (KNC) ပါတီ ဥက္ကဋ္ဌ Dr. M Kawn La ကို လာမည့် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ Dr.M Kawn La ကို ပြီးခဲ့သော ဩဂုတ်လ ၂၅ရက်နေ့ နေပြည်တော်တွင် သူ၏ ကားအပါအဝင် စစ်ကောင်စီက ဖမ်းဆီးခံခဲ့ခြင်းဖြစ်ပြီးနောက် ပုဒ်မ ၅၀၅(က) ဖြင့် တရာစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“လာမယ့် ၁၀ရက်နေ့မှာ စတင်ရုံးထုတ်မယ်လို့တော့သိရတယ်။ တရားလိုက ဘယ်သူဖြစ်တယ်။ ဘာကြောင့်ဖမ်းတယ်။ ရုံး ထုတ်တဲ့ နေ့မှာဘဲသိရမယ်ထင်တယ်။ အခုကကျန်တာ ဘာမှမသိရသေးဘူး” ဟု KNC ပါတီ တာဝန်ရှိသူ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။ KNC ပါတီသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသော ရွေး ကောက်ပွဲကော်မရှင်၏ အစည်းအဝေးဖိတ်ခေါ်မှုများကိုလည်း တက်ရောက်ရန် ငြင်ဆန်ထားသောပါတီတစ်ခုဖြစ်ပြီး Kachin People’s Political Front-KPPF ကို ဖွဲ့စည်းမှုတွင် ပါဝင်နေသည့်အပြင် ကချင်စတိတ်ဆိုင်ရာ မူဝါဒဆိုင်ရာများကို ထုတ် ပြန်နေသောအဖွဲ့ဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် NLD ပါတီ ဝင်များကို ဖမ်းဆီးနေရာမှ ဒေါက်တာကောန်လသည် တိုင်းရင်းသား ပါတီမှ ပထမဆုံး ဖမ်းဆီးခံရသူဖြစ်သည်။ သူသည် ၁၉၄၇ ပင်လုံကတိကဝတ်ကိုအခြေခံသော နိုင်ငံရေးစနစ် ဖြစ်ပေါ်လာရေး အတွက်ဦးတည်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပေးနေသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

၈။ သီပေါမြို့နယ် ဒေသခံတချို့ ကိုဗစ် နှင့်စစ်ဒဏ်ကြောင့် အလုပ်လက်မဲ့ဖြစ် ဆန်ပြုတ်သောက်နေရ
September 5, 2021

သျှမ်းမြောက် သီပေါမြို့နယ်တွင် စဉ့်အင်ဘူတာ အနီးတွင်နေထိုင်သည့် ပြည်သူမျာ ကိုဗစ်ကူးစက်ပျံ့နှံ့မှုနှင့် စစ်ကောင်စီအာဏာ သိမ်းသည့်ဒဏ်ကြောင့် အလုပ်လက်မဲ့ဖြစ်ကာ ဆန်ပြုပ်သောက်နေရသူများပင် ရှိနေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ အာဏာသိမ်းသည့်နောက်ပိုင်း ရထားပြေးဆွဲမှုများ ရပ်နားခဲ့ရသည်မှာ (၇)လ ဝန်းကျင် ရှိနေပြီး ခြံထွက်သီးနှံများလည်း မရောင်းရသည့်အတွက် ပိုမိုခက်ခဲသွားတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သီပေါမြို့နယ် စဉ့်အင်ဘူတာဒေသခံများသည် သီပေါ − လားရှိုး မီးရထားလမ်းဘေးတစ်လျှောက်တွင် နေထိုင်ကြတာဖြစ်ပြီး ယခင်တွင် ရထားဘူတာရုံကိုမှီတင်ကာ ဝင်ငွေရှာဖွေခဲ့ရာ ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် ရထားသွားလာမှု ရပ်ဆိုင်ခဲ့ရပြီး ဝင်ငွေမရှိကာ ခက်ခဲမှု ကြုံတွေ့နေရကြောင်း သိရသည်။“ဒီမှာက ရထားကိုပဲ အားကိုးတာ၊ အသီးအနှံတွေကို သယ်ယူတယ်၊ ရောင်းချတယ်၊ ခုက ရထားမထွက်တော့ဘူးဆိုတော့ ဝင်ငွေမရှိတော့ဘူး၊ တချို့ဆို ဆန်ပြုတ်ပဲ သောက်နေရတယ်”ဟု စဉ့်အင်ဘူတာတွင်နေထိုင်သည့် နန်းကိန်ခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။အဆိုပါဒေသသည် သီပေါ − လာရှိုး ကားလမ်း စဉ့်အင်ကျေးရွာမှ (၂)မိုင်ဝန်းကျင်ခန့် ကွာဝေးပြီး ဆိုင်ကယ်ဖြင့်သာ အဓိကသွားလာနေရကြောင်း၊ မိုးရွာသည့် အချိန်တွင် သွားလာရန် ပိုခက်ခဲသည့်ဒေသဖြစ်ကြောင်း သီပေါဒေသခံတစ်ဦးက ဆိုသည်။

မန်ဆန်ကျေးရွာအုပ်စုတွင်း ပါဝင်သည့် စဉ့်အင်ဘူတာ အနီးတွင် လူဦးရေ (၃၀၀)ဝန်းကျင်ရှိကြောင်း၊ ထို့အပြင် သီပေါ − လားရှိုး ရထားလမ်းဘေးတွင် နေထိုင်ကြသည့် ဆွန်လုံကျေးရွာအုပ်စု တာပုလဲ၊ ပန်ခါးကျေးရွာဒေသခံများလည်း စားနပ်ရိက္ခာ ခက်ခဲမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

၉။ စစ်ကောင်စီမှ အမျိုးသမီးများကို လူသားဒိုင်းအဖြစ် အသုံးပြုမှုအပေါ် KWO နှင့် KHRG ရှုတ်ချ
September 4, 2021

စစ်ကောင်စီမှ လက်ရှိ နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် စစ်ရေးပဋိပက္ခ ပြင်းထန်လာချိန် အမျိုးသမီးများကို လူသားဒိုင်းအဖြစ် အသုံးပြုမှုများအပေါ် ရှုတ်ချကြောင်း ကရင်အမျိုးသမီးအစည်းအရုံး(KWO) နှင့် ကရင်လူ့ အခွင့်အရေးအဖွဲ့ (KHRG) တို့က ယမန်နေ့ စက်တင်ဘာလ ၃ ရက် နေ့စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့ကြသည်။

လတ်တလော စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် ကရင်ပြည်နယ်အပါအဝင် အခြားဒေသများတွင် စစ်ကောင်စီမှ ဒေသခံ အမျိုးသမီးများကို အဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် ကာကွယ်အသုံးပြုနေသည့်အပေါ် အပြင်းအထန်ရှုတ်ချ ကြောင်းနှင့် ၎င်းအပြစ်ကျူးလွန်သူများအပေါ် ကင်းလွှတ်ခွင့်မပေးရန် သဘောထားထုတ်ပြန် ခဲ့ခြင်းဖြစ်သည်ဟု (KWO) အထွေထွေအတွင်းရေးမှူး နော်ကညောဖော က ပြောသည်။ သူမက “အခု အာဏာသိမ်းစစ်ကောင်စီက တိုင်းရင်းသားဒေသ တွေမှာ စစ်ရေးပိုမိုလှုပ်ရှားလာတဲ့နေရာမှာ အရင်တုန်းက ပုံစံအတိုင်း ဒီလိုလုပ်ရပ်မျိုးတွေ ပြန်ပြီးမှ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာတာကို တွေ့ရတယ်။ ဒါတွေကို နိုင်ငံတကာကလည်း စစ်တပ်ရဲ့ ဒီလို လုပ်ရပ်တွေအပေါ်မှာ အရေးယူဆောင်ရွက်မှုမျိုး လုပ်သင့်ပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းထုတ်ပြန်ချက်အရ ဖာပွန်ဒေသ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်မြေတွင် ဖြစ်ပေါ်နေသည့် စစ်ပွဲ များအတွင်း ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က စစ်ကောင်စီ၏လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၃၄၁)မှ မူတြော် (ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စုရှိ ဒေသခံအမျိုးသမီး ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်၍ အကြမ်းဖက် စစ်ဆေး မေးမြန်းခြင်းအပြင် အထုပ်အပိုးများကို သယ်ဆောင်ခိုင်းပြီး စစ်ကြောင်း၏ အရှေ့တွင်ထား၍ လူသားဒိုင်းသဖွယ် ပြုလုပ်ခဲ့ ကြောင်း ဖော်ပြထားသည်။ ထို့အပြင် KNU တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် တွင် လည်း စစ်ကောင်စီ လက် အောက်ခံတပ်နှင့် KNU၏ လက်နက်ကိုင်တပ်အကြား တိုက်ပွဲများဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ဘက်မှ ကော့ကရိတ်မြို့နယ်ဒေသခံ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး KNU ထိန်းချုပ် နယ်မြေ အတွင်း လမ်းပြခေါ်ဆောင်မှုများပြုလုပ်ခဲ့ကြောင်းလည်း ၎င်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြ ထားသည်။

၁၀။ တောင်သူလင်မယား ၂ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား
September 4, 2021

သျှမ်းပြည် နှင့် ကယားပြည်( ကရင်နီပြည်) စပ်ရှိ သျှမ်းတောင် ဖယ်ခုံမြို့နယ် ကုန်ဆုံကျေးရွာတွင် နေထိုင်သော ဒေသခံ တောင်သူလင်မယား (၂)ဦးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့( စက်တင်ဘာ ၄)ရက် မနက် ၈ နာရီခွဲဝန်းကျင်တွင် ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ရွှေပြည်အေးရွာရှိ ဒေသခံတောင်သူ ဦးမောင်ကျီးနှင့် ဇနီးဒေါ်ဝင်းကြည်ကို ၎င်းတို့၏ တောင်ယာစိုက်ခင်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးပြီး လူသားဒိုင်းလမ်းပြအဖြစ်ခေါ်ဆောင်သွားကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ ယာခင်းအနီးမှာလာဖမ်းသွားတာပါ၊ စစ်သားတွေက စစ်ကြောင်းထွက်လာချိန် ဦးမောင်ကြီးတို့ကို တွေ့တော့ ဖမ်းခေါ် သွား၊ လမ်းကြောင်းလည်း မကျွမ်းတော့ ဒေသခံတွေကို သူတို့ အကြမ်းဖက် ဖမ်းဆီးပြီ လေ၊ ဒီလို လမ်းပြဖို့ခေါ်တာတွေက ခဏခဏ ဖြစ်တယ်၊ အခုဆို ရွာသွားတွေက ထွက်ပြေးကြကုန်ပြီ” ဟု အထက်ပါ ပုဂ္ဂိူလ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့တို့သည် ကုန်ဆုံကျေးရွာတွင် စခန်းချ တပ်ဆွဲထားနေသည်မှာ နှစ်ပတ်ခန့် ရှိနေပြီး ယနေ့မှာတော့ ခေါင်အိ ကျေးရွာဖက်သို့ ဦးတည်ကာ စစ်ကြောင်းချီတက်သွားကြောင်းလည်း အဆိုပါ ဒေသခံ က သျှမ်းသံတော်ဆင့်ကို ပြောသည်။“သူတို့ ရွာထဲမှာ စခန်းချနေတာ နှစ်ပတ်လောက်ရှိပြီ၊ မနေ့က ဒီကုန်ဆုံတောင်ပေါ်ကနေ ဘုန်းကြီးကျောင်း ကို အကာအကွယ်ယူ ပြီးတော့ ရွာထဲနဲ့ PDF တွေကို ရမ်းသမ်းပစ်သေးတယ်၊ ကူပစ်တာပေါ့နော်၊ ပြီးတော့ တစ်ရာကျော်လောက်တော့ စစ်ကြောင်း ထွက် သွားတယ်၊ ဒီနေ့လည်း တစ်ရာကျော်ကျော်ပဲ စစ်ကြောင်း ထွက်သွားတာ၊ ခေါင်အိကျေးရွာဖက်ကို စစ်ကူသွား တယ်၊ အဲ့ရွာမှာ PDF နဲ့တိုက်ပွဲ ဖြစ်နေတယ်လေ” ဟု ၎င်းက ပြောပါသည်။

၁၁။ အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည့် KNU ရပ်တည်ချက်အပေါ် ကရင်လူငယ်ထောက်ခံ
September 6, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံးမှ အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပြီး အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ရပ်တည် ချက်အပေါ် ကရင်လူငယ်အချို့ ထောက်ခံကြောင်း လူမှုကွန်ရက်များပေါ်တွင် လှုပ်ရှားမှုဓာတ်ပုံ (Campaign Photo) များ ပြုလုပ်ခဲ့ကြသည်။

ကေအဲန်ယူ၏ ဦးဆောင်မှုနောက်တွင် ကရင်လူငယ်များ အမြဲရှိနေသည်ကို ပြသချင်သည့်အပြင် အာဏာရှင် စနစ်အားလုံးကို ဆန့်ကျင်သွားမည်ကိုလည်း KNU၏ ပေါ်လစီထဲတွင်ရှိထားပြီးသားဖြစ်သည့်အတွက် လူထုများသိစေရန် Campaign Photo လုပ်ကာ ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း ဦးဆောင်ပါဝင်သူ ကရင် လူငယ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။ ၎င်းက “အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တာက KNU ရဲ့ လမ်းစဉ်လုပ်ငန်းစဉ်တွေထဲမှာလည်း ပါပြီးသားဖြစ်တယ်။ KNU ထုတ်ပြန်ချက်ဟာ နဂိုရှိနေပြီးသား ပေါ်လစီကို ပြန်ချပြတာလို့ပဲ ထင်တယ်။ ပြည်တွင်း မှာရှိတဲ့ ပြည်သူလူထုတွေကလည်း အားလုံး မသိဘူး။ ဒီ KNU ပေါ်လစီဟာ သူတို့အတွက် ဒီအချိန်မှာ မျှော်လင့် ချက်ဖြစ်မယ်၊ အားအင်တွေလည်း ဖြစ်မယ်ပေါ့။ အဲဒီအတွက် ကျနော်တို့က ဒီထက်ပိုပြီး အင်အားကောင်းဖို့က ကျနော်တို့ ထောက်ခံတယ်ပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကေအဲန်ယူ၏ သဘောထားရပ်တည်ချက်ထဲတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သော မည်သည့်အဖွဲ့နှင့်မဆို လက်တွဲသွားမည့်အပြင် မြန်မာစစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများမှ အကာအကွယ် ရယူလိုသည့် မည်သူမဆို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် လွတ်လပ်မှုနှင့် တရားမျှတမှု ရရှိရေးအတွက် တတ်နိုင် သည့်ဘက်မှ ကူညီထောက်ခံမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၁၂။ စစ်ရေးလှုပ်ရှားမှုတွေ လျှော့ချဖို့ ညီနောင်မဟာမိတ် သုံးဖွဲ့တိုက်တွန်း
September 5, 2021

တစ်ပြည်လုံးက နေရာအနှံ့မှာ Covid 19 ကပ်ရောဂါဖြစ်ပွားနေသလို စစ်ပွဲတွေလည်း ဖြစ်ပွားနေလို့ ပြည်သူတွေရဲ့ လုံခြုံရေး ထိပါးစေတဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေက စစ်ရေးလှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့ဆိုပြီး ညီနောင် မဟာမိတ် သုံးဖွဲ့တို့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ စက်တင်ဘာ ၄ ရက်နေ့က ရက်စွဲနဲ့ ကိုးကန့်အဖွဲ့ MNDAA၊ ပလောင်အဖွဲ့ TNLA နဲ့ ရက္ခိုင့်တပ်တော် AA ညီနောင်မဟာမိတ် သုံးဖွဲ့တို့က ထုတ်ပြန်ထားတာပါ။

တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေ အကုန်လုံးမှာ တိုက်ပွဲတွေ လျှော့ချပေးကြဖို့အတွက် ခုလိုထုတ်ပြန်တာလို့ ညီနောင်မဟာမိတ် သုံးဖွဲ့ထဲက TNLA ပြောခွင့်ရသူ ဒု-ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ် ဖြိုခွင်းခဲ့တဲ့ လုပ်ရပ်ကြောင့် လက်နက်ကိုင်တော်လှန်ရေးကို မလွှဲသာမရှောင်သာ ဖော်ဆောင်လာတဲ့ အစုအဖွဲ့တွေဟာ ပြည်နယ်နဲ့ တိုင်းအနှံ့ တိုးလာခဲ့ပြီး ပြည်တွင်းစစ်မီး ပိုတောက်လောင် နေတယ်လို့ ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း ကယား၊ ချင်း၊ ကရင်၊ တအာင်း စတဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်အင်အားတိုးမြှင့်တာ၊ ထိုးစစ်ဆင်တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပစ် ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုထားပါတယ်။

လက်ရှိအချိန်မှာ Covid 19 ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေကြရတဲ့ ပြည်သူလူထုတွေကို စစ်ဘေးဒုက္ခ ဒဏ်ကိုပါ ထပ်ပြီး မခံစားကြရစေဖို့အတွက် အခုလို တိုက်တွန်းလိုက်တာလို့ ဆိုထားပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးသင့်တဲ့သူတွေကို အချိန်မီ ဆေးထိုးနိုင်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ ကမ္ဘာ့ ကိုဗစ်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးနေချိန်မှာ မြန်မာပြည်အနှံ့ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို လက်တွေ့ကျကျ ရပ်တန့်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲတွေအရှိန်မြင့် လာခဲ့ပြီး စက်တင်ဘာလ ၁ ရက် အထိ စစ်ကောင်စီဘက်က ကျဆုံးသူ ၂၈ ဦး၊ ကိုးကန့် တပ်ဘက်က နှစ်ဦးရှိတယ်လို့ ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

၁၃။ ဖားကန့်မြို့နယ် တိုက်နယ်ဆေးရုံများဖွင့်လှစ်နိုင်ရေးအစည်းအဝေးပွဲ အသံမိုင်းကြောင့် ပျက်ပယ်
6 September 2021

ဖားကန့်မြို့နယ်ရှိ တိုက်နယ်ဆေးရုံများကို စစ်ကောင်စီလက်အောက် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံးခင်းတိုက်နယ်ဆေးရုံ ဝင်းတွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်ရန် စီစဉ်ထားချိန် အသံမိုင်း ပေါက်ကွဲခဲ့သဖြင့် အစည်းပျက်ပယ်သွားကြောင်း သိရသည်။

စစ်ကောင်စီ၏ညွန်ကြားချက်နှင့်အညီ အစည်းအဝေးကို စက်တင်ဘာလ ၆ ရက်နေ့ ပြုလုပ်ရန်စီစဉ်ထားချိန် ယမန်နေ့ည ၇ နာရီခန့်တွင် လုံးခင်းတိုက်နယ်ဆေးရုံးဝင်းအတွင်းအသံမိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဖားကန့် ဒေသခံတစ်ဦးက KNG ကို ပြော သည်။“စစ်ကောင်စီက တိုက်နယ်ဆေးရုံတွေ ပြန်လည်ပတ်ဖို့ ညွန်ကြားထားတယ်လို့ကြားတယ်။ အဲ့ဒါကို ဒီကနေ့ အစည်းအဝေးလုပ်ပြီး ပြန်လည်ပတ်ဖို့လုပ်နေကြတယ်။ ဒါပေမယ့် အစည်းအဝေးလုပ်မယ့် နေရာ လုံးခင်းတိုက်နယ်ဆေးရုံဝင်း ဝန်ထမ်းအိမ်ရာမှာ အသံတစ်လုံး ပေါက်ကွဲခဲ့တယ်။ ဒါကြောင့် ဒီကနေ့ အစည်းအဝေးမလုပ်ဖြစ်တော့ဘူးလို့ သိရတယ်” ဟုပြောဆိုသည်။ တိုက်နယ်ဆေးရုံးများ ပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီက ဒေသခံရပ်မိရပ်ဖများကို အတင်းအဓ္ဓမဖိအား ပေးကာ ပြန်လည်ဖွင့်လှစ်ခိုင်းသည့် သဘောရှိနေပြီး အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမြင်မတူ ကန့်ကွက်မှုများရှိနေသလို တစ်ချို့မှာ ဖွင့်လှစ်ရန် သဘောတူမှုရှိနေကြောင်း သူက ဆက်ဆိုသည်။

စစ်ကောင်စီက ဖားကန့်မြို့နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ဆေးရုံးများကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင် နေခြင်းလည်း ဖြစ်သည်။ ဖားကန့်မြို့နယ်တွင် လုံးခင်းတိုက်နယ်၊ တာမခန်တိုက်နယ်နှင့် ဘန်ကောက်တိုက်နယ်စသော တိုက်နယ်ဆေးရုံ ၃ ခုရှိနေပြီး လုံးခင်းတိုက်နယ်ဆေးရုံကို ပထမဆုံးအကြိမ်ဖွင့်လှစ်ခဲ့ပြီးနောက် ကျန်ရှိသော တိုက်နယ်များကို ပြန်ဖွင့်လှစ်ရန် စစ်ကောင်စီအဖွဲ့က ကြိုးပမ်းနေကြောင်း သိရသည်။ အဆိုပါ တိုက်နယ်ဆေးရုံး ၃ခုမှာ စစ်တပ်က အာဏာ သိမ်းကတည်းက ကျန်းမာရေးဆေးဝန်ထမ်းများက CDM ပြုလုပ်သွားသဖြင့် ဆေးရုံပိတ်ထားသည်မှာ ၇ လကျော်လာပြီ ဖြစ်သည်။

၁၄။ အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော
6 September 2021

အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ပြောသော လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရေးအတွက် အစုအဖွဲ့ အားလုံး ပါဝင်သည့် အပစ်အခတ် ရပ်စဲရေးအား စစ်ကောင်စီဘက်က လိုက်နာမည်ဟု မယုံကြည်ကြောင်း စစ်ကောင်စီ ကို လက်နက် ကိုင် ဆန့်ကျင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က ဆိုသည်။

မြန်မာ့အရေး ကြားဝင်ညှိပေးမည့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရီဝန်ယူဆွတ်ဖ် က မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရေးအတွက် ဘက်အားလုံးက ယခုနှစ်ကုန်ပိုင်းအထိ အပစ်အခတ် ရပ်စဲရန် တောင်းဆိုမှုကို စစ်ကောင်စီဘက်က သဘောတူလက်ခံကြောင်း ပြောသည်။

အဆိုပါ သတင်းစကားကို အာဏာသိမ်းမှုအား ဆန့်ကျင်တော်လှန်နေသည့် အင်အားစုများထံသို့လည်း သွယ်ဝိုက်ပေးပို့ခဲ့ ကြောင်း ၎င်းက ပြောသော်လည်း စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့ကမူ စစ်ကောင်စီဘက်က အပစ်ရပ်ရေး လိုက်နာလိမ့်မည် မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) မူတြော်ခရိုင် ပြောခွင့်ရ ပဒိုမန်းမန်းက မြန်မာစစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို ချုပ်ဆို သဘောတူပြီးနောက် စာချုပ်ကို အသုံးချကာ ၎င်းတို့ အင်အားတောင့်ရေးသာ လုပ်ဆောင်သွားကြောင်း ပြောသည်။ အာဏာသိမ်းမှု ဆန့်ကျင်သည့် နွေဦးတော်လှန်ရေး လှုပ်ရှားမှု နှင့်အတူ ပေါ်ပေါက်လာသည့် ကယားပြည်နယ် အခြေ စိုက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကလည်း အာဆီယံ အထူးကိုယ်စားလှယ် တောင်းဆိုသည့် အပစ်ရပ်ရေး အစီအစဉ်ကို ကြိုဆိုသော်လည်း စစ်ကောင်စီဘက်က လိုက်နာ ဆောင်ရွက်လိမ့်မည်ဟု မယုံကြည်ကြောင်း ဧရာဝတီသို့ ဆိုသည်။ “အပစ်ရပ်ထားတဲ့ ကာလမှာ နိုင်ငံယန္တရားတခုလုံး လောက်ကို ပိုင်ထားတဲ့ စကစ ဟာ အင်အားစုပါတယ်။ ဗျူဟာ ပြင်ပါတယ်။ အင်အား၊ ရိက္ခာ၊ လက်နက်ခဲယမ်း၊ ယာဉ်/ ဆီ၊ တပ်အပြောင်း အလှုပ်ပြင်ပါတယ်။နောက်ထိုးမယ့်ဆင် တလှမ်းဆုတ်သလိုမျိုးနဲ့သာ အပစ်ရပ်စဲရေးကို အသုံးချသွားတာ မြင်နေကြရတာပဲ”ဟု စာရေးဆရာတဦးကဆိုသည်။

၁၅။ AA ၏ အုပ်ချုပ်ရေးကိစ္စများကို လက်မခံရန် ကျောက်တော်က မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို
September 7, 2021

ရက္ခိုင့်တပ်တော်(AA)မှ ရဲသင်တန်း၊ အုပ်ချုပ်ရေးသင်တန်းများ ပေးမည့်ကိစ္စများကို လက်မခံကြရန် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်၍ပြောကြားခဲ့ကြောင်း ယင်းရပ်/ကျေးအုပ် ချုပ်ရေးမှူးများထံမှ သိရသည်။ စက်တင်ဘာလ ၆ ရက်နေ့က ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးအုပ်ချုပ်ရေးမှူးများကို ခမရ(၃၇၅)တပ်ရင်း အစည်းအဝေးခန်းမသို့ခေါ်ယူကာ စကစ(၉)တပ်ရင်းမှ တာဝန်ရှိသူများက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“AA ဘက်က ရဲသင်တန်းတွေ၊ အုပ်ချုပ်ရေးသင်တန်းတွေပေးဖို့ကိစ္စကို လက်မခံကြပါနဲ့။ ပြည်နယ်တစ်ခုတည်းမှာ အုပ်ချုပ် ရေးနှစ်ခုရှိလို့မရဘူး။ သူတို့ပြောတာကိုနားယောင်ပြီးမလိုက်နာကြနဲ့။ နားယောင်ပြီးလိုက်သွားလို့ရှိရင်တော့ သူတို့ပိုင် ဥပဒေ နဲ့ငြိမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်” ဟု ယင်းအစည်းအဝေးခန်းမသို့တက်ရောက်ခဲ့သည့် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက DMG သို့ ပြောသည်။ ထို့အပြင် ကျေးရွာအတွင်းဖြစ်ပွားသည့် အမှုကိစ္စများကို AA ထံသို့ မတိုင်ကြားရန် စစ်တပ် ကပြောဆိုခဲ့ကြောင်းလည်း သိရသည်။ “ပြဿနာတစ်စုံတစ်ရာဖြစ်ရင် ရွာမှာရှိတဲ့ ဌာနဆိုင်ရာ၊ ထွေအုပ်ကဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရပ်မိရပ်ဖတွေနဲ့ ပြဿနာကိုဖြေရှင်းပေးလိုက်။ အဲဒီလိုဖြေရှင်းပေးလို့မရရင် သူတို့စခန်းကို ဖုန်းဆက်အကြောင်းကြားပေး။ သူတို့အနေနဲ့လုံခြုံရေးယူပေးမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်“ဟု လုံခြုံရေးအရ အမည်မဖော်ပြ လိုသည့် မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

မွတ်ဆလင်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူ၍ အမှုကိစ္စများကို AA ထံမတိုင်ကြားရန်ပြောဆိုသည့်အပေါ် ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက “ကျွန်တော်တို့အကြံပြုချင်တာက AA တရားရုံးထက် တရားစီရင်ရေးကောင်းတဲ့ ပြည်သူ အတွက်အလုပ်အကျွေးပြုတဲ့၊ ပြည်သူ့ကောင်းကျိုးအတွက် စီမံဆောင်ရွက်ပေးတဲ့ တရားစီရင်ရေးကိစ္စတွေကို လုပ်ဆောင်ပေး ဖို့လိုအပ်ပါတယ်။ ဒါဆိုရင် AA တရားရုံးကိုလည်း သွားချင်မှသွားကြတော့မယ်“ဟု ပြောသည်။ ယခုကဲ့သို့ ကျေးရွာအုပ်ချုပ် ရေးမှူးများကို စစ်တပ်ကခေါ်ယူပြောကြားသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို DMG က ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

၁၆။ တာချီလိတ်မတရားသိမ်းယူထားသည့် နေရာ UWSA ပိုင် ကုမ္ပဏီ ထပ်မံမြေညှိ
September 6, 2021

သျှမ်းရှေ့ တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု ဝမ်ဟောင်ရွာအတွင်း ယနေ့ (စက်တင်ဘာ ၆)ရက် မနက်ပိုင်းတွင် မတရားသိမ်းယူခံရသည့် နေရာတွင် UWSA ပိုင် ဟုန်ပန်းကုမ္ပဏီက မြေညှိခြင်း ထပ်မံပြုလုပ်ကြောင်း သတင်းရရှိသည်။ ထိုဒေသတွင် UWSA ပိုင် ဟုန်ပန်းကုမ္ပဏီက မြေတူးစက် (၂)စီး၊ လူအင်အား (၆၀)ဝန်းကျင်ဖြင့် လာရောက်ကာ မြေညှိ နေတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ မနက် (၉)နာရီလောက်မှာ စပြီးတော့ မြေညှိတာ၊ လူအင်အားကလည်း (၆၀)ကျော်လောက်ရှိမယ်၊ မြေတူးစက် က (၂)လုံးနဲ့ မြေလာညှိတာ” ဟု ဝမ်ဟောင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပြီးခဲ့သည့် မေလတွင်လည်း ထိုကုမ္ပဏီမှ မြေညှိနေစဉ် ဒေသခံပြည်သူတို့ စုပေါင်းကန့်ကွက်ခဲ့ကြသည့်အတွက် လုပ်ငန်းရပ်နားခဲ့ရ ကြောင်း၊ သို့သော် ယနေ့တွင် အဆိုပါကုမ္ပဏီမှ လူအင်အားဖြည့်တင်းကာ မြေညှိခြင်း ပြန်လည်ပြုလုပ်နေတာဖြစ်ကြောင်း သိရ သည်။ ထိုဒေသတွင် မတရားသိမ်းခံရသည့် မြေဧက (၁၀၀)ကျယ်ဝန်းပြီး လက်ရှိအချိန်ထိ ဒေသခံများမှ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် မြေဧက (၈၀)ကျော် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့တွေ မြေညှိနေတာက (၁၀)ဧက ဝန်းကျင်ရှိမယ်၊ ကျန်တဲ့မြေနေရာမှာ ဒေသခံတွေ လယ်ယာစိုက်ပျိုးရေးလုပ်နေကြ တုန်းပဲ၊ မြေညှိတာတွေ ဆက်ပြီးလုပ်နေရင် လယ်ယာစိုက်ပျိုးရေး တွေကိုလည်း လုပ်နိုင်တော့မှာမဟုတ်ဘူး”ဟု ဝမ်ဟောင် ဒေသခံတစ်ဦးက ပြောသည်။ တာချီလိတ်မြို့နယ် နမ့်ဟုတ်မြစ်ဝှမ်းဒေသတွင် “ဝ” သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA)ပိုင် ဟုန်ပန်းကုမ္ပဏီမှ ရော်ဘာ သန့်စင်စက်ရုံနှင့် မန်းဂနိစ်သန့်စင်စက်ရုံတည်ဆောက်ရန် ရှိနေကြောင်း သိရသည်။ “အဲဒီ စက်ရုံတွေ လာဆောက်ရင် လေထု ညစ်ညမ်းမှုတွေကြောင့် နှစ်ဖက်နယ်စပ်က ဒေသခံတွေရဲ့ ကျန်းမာရေးတွေကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်၊ အဲ့တာအပြင် လယ်ယာမြေတွေကိုလည်း ပြန်ရနိုင်တော့မှာ မဟုတ်ဘူး”ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က ပြောသည်။ အဆိုပါ စက်ရုံတည်ဆောက်မည့် မြေနေရာ ဧက (၁၀၀)သည် (၁၉၉၈−၁၉၉၉)ခုနှစ်ကတည်းက စက်မှုဇုန်တည်ဆောက်ရန်ဟုဆိုကာ မြန်မာစစ်တပ်က မတရားသိမ်းယူထားသည့် ဧက (၆၀၀)ထဲတွင် တစ်စိတ်တစ်ပိုင်းပါဝင် နေတာဖြစ်ကြောင်း သိရသည်။

၁၇။ CDF တပ်ဖွဲ့ထံ လက်နက်နှင့် တကွ လာရောက်ပူးပေါင်းပြီး စစ်ကောင်စီအား တိုက်ထုတ်ရန် ဆန္ဒရှိသူ စစ်သား များအား ဆုငွေ သိန်း ၆၀ ထောက်ပံ့မည်ဟု ထန်တလန် CDF ပြော
September 6, 2021

Chinland Defense Force ထံ လက်နက်နှင့်အတူ လာရောက်ပူးပေါင်းပြီး စစ်အာဏာရှင်ဖြုတ်ချရေး CDF ရဲဘော်များနှင့် အတူတကွ တိုက်ပွဲဝင်မည့် စစ်ကောင်စီတပ်သားများအား ဆုငွေအဖြစ် သိန်း ၆၀ ပေးပြီး အကြောင်းအမျိုးမျိုးကြောင့် လက်နက်မပါပဲ CDM ပြုလုပ်သူများအတွက် ခိုလှုံခွင့်နှင့် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူပေးသွားမည်ဟု ထန်တလန် CDF မှ ယနေ့ စက်တင်ဘာလ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြည်သူများအပေါ် မတရားဖိနှိပ်သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လက်ပါးစေအသုံးချခံဘဝမှ ပြည်သူ့ဘက်တော်သားများ၊ အများပြည်သူ အားကိုးထိုက်သူများအဖြစ် ကူးပြောင်းလိုသူ မည်သူမဆိုအား လက်ကမ်းကြိုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။ အချိန်မနှောင်းခင်တွင် ပြည်သူများနှင့်အတူ ပူးပေါင်းပြီး အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်ရာတွင်ပါဝင် ကြဖို့ လေးလေးနက်နက်တိုက်တွန်းကြောင်း ထန်တလန် CDF မှ ဆိုသည်။

၁၈။ ကလေးမှာ PDF နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ် ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ
September 4, 2021

စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ စက်တင်ဘာ ၃ ရက်နေ့ က စပြီး စက်တင်ဘာ ၄ ရက် မနေ့က မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ ဝင် ရှစ်ဦး သေဆုံးပြီး ကလေး PDF တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး PDF အဖွဲ့ဝင်တစ်ဦးက ပြောပါ တယ်။ စက်တင်ဘာ ၃ ရက် မနက် ၉ နာရီက ရေရှင်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာတာကို ကလေး PDF တပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်ခဲ့ကြရာကနေ စတင်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကလေး PDF က ထုတ်ပြန် ထားပါတယ်။

ကလေးမြို့တောင်ပိုင်းဘက်က အင်းကျွန်း၊ ရေရှင်၊ တင်သား၊ ဒုံးနွယ်၊ ကုက္ကိုလ်၊ ရှားတော စတဲ့ ရွာပေါင်း ၁၀ ရွာက ဒေသခံ တစ်သောင်းကျော်လောက် ဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေး သူငယ်တွေ၊ ကျန်းမာရေးမကောင်းသူတွေနဲ့ မွေးဖွားခါးနီး အမျိုးသမီးကိုယ်ဝန်ဆောင်သူတွေလည်းပါဝင်လို့ အစား အသောက် ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ပြောပါတယ်။ မမျှော်လင့်ဘဲ ထွက်ပြေးသိမ်းရှောင်ရတာကြောင့် လက်ရှိ အချိန်အထိ ထမင်းတစ်နပ်သာ စားရသေးတယ်လို့ ရေရှင်ရွာသားတစ်ဦးက ပြောပါတယ်။ ရေရှင်ရွာ အပါအဝင် ကလေးမြို့ တောင်ပိုင်းက ရွာတွေထဲမှာ PDF တပ်ဖွဲ့ဝင်တွေရှိတယ်ဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မကြာမကြာလာရောက် ရှာဖွေဖမ်း ဆီးနေကြတာပါ။ ရေရှင်ရွာထဲကိုလည်း လက်နက်ကြီး တွေနဲ့ပစ်ကာ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးနေသလို တင်သားရွာထဲက အိမ်တွေကိုလည်း မီးတွေရှို့ခဲ့ကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြိုမှာ ဖေဖော်ဝါရီတစ်ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ပစ်ခတ်လို့ သေဆုံးသူ လေးဆယ် ကျော်နဲ့ ဖမ်းဆီးခံရသူ တစ်ရာကျော်ရှိတယ်လို့ ဆန္ဒပြဦးဆောင်သူတွေက ပြောပါတယ်။ ကလေးမြို့ဟာ စစ်အာဏာရှင်ဆန့် ကျင်ရေးဆန္ဒပြသပိတ်တွေဆက်တိုက်ရှိနေတဲ့ မြို့ဖြစ်ပြီး စစ်ကောင်စီတပ်တွေကို လက်လုပ်တူမီးသေနတ်နဲ့ အစောဆုံးတိုက် ခိုက်တဲ့မြို့လည်း ဖြစ်ပါတယ်။

၁၉။ စစ်ကောင်စီတပ်များ ရှေ့တိုး၍ တပ်စွဲလာသည့်အတွက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရ
September 6, 2021 62

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ (တပ်မဟာ ၆) နယ်မြေအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်များသည် စက်တင်ဘာလ (၅) ရက်နေ့က ပိန္နဲကုန်းရွာတွင်ရောက်ရှိတပ်စွဲထား သည့်အတွက် စိုးရိမ်ကြောက်လန့်ကြသည့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံသတင်းအရင်း အမြစ်များထံမှ သိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ(၂) ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ပိုင်ကလန်ဒုံကျေးရွာအုပ်စု မိကသို့တွင် ၄ ရက်ကြာ ဝင်ရောက်တပ်စွဲပြီးနောက် စက်တင်ဘာလ (၅) ရက်နေ့တွင် ပိန္နဲကုန်းရွာသို့ ရောက်ရှိ တပ်စွဲလာသည့်အတွက် ပိန္နဲကုန်းရွာ အပါအဝင် အနီးအနားရှိ စိုးရိမ်ကြောက်လန့်ကြသည့် ဒေသခံအချို့မှာ နေအိမ်စွန့်ခွာတိမ်းရှောင်နေ ကြခြင်းဖြစ်သည်ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။ ၎င်းက ” ပိန္နဲကုန်းမှာပဲ ရှိသေးတယ်။ သူတို့က တချက်နဲနဲ၊ တချက် နဲနဲနဲ့ တိုး လာတယ်ပေါ့နော်။ တချို့ ကြောက်တဲ့သူတွေဆိုရင် ရှောင်ပြေးကြတယ်။ ကျန်တဲ့ရွာတွေကလည်း ပြေးကြတယ်။ လန်းဖားတို့၊ ကော့ဆိုင်တို့ ပြေးတာပေါ့နော်။ ပေါ်တာဖမ်းမှာလည်း ကြောက်ရတယ်။ တပ်အင်အား ၅၀ ကျော်လောက်တော့ ရှိမယ်။ တပ်ရင်းဘယ်လောက်လဲတော့ မသိဘူး။ ” ဟု ကေအိုင်စီ သို့ ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်မဟာ ၆ ထိန်းချုပ် နယ်မြေအတွင်း ဝင်ရောက် လှုပ်ရှားသည့် အဆိုပါ စစ်ကောင်စီတပ်များသည် ၎င်းတို့ ဝင်ရောက်ခဲ့သည့် လမ်းတစ်လျှောက် ကော်သနောင့်၊ ကွင်းကလေး၊ ကျိတ်၊ ပိုင်ကလန်ဒုံ နှင့် ပိန္နဲကုန်း စသည့်ကျေးရွာများတွင် တပ်အင်အားအချို့ ချန်ခဲ့မှုများရှိသည်ဟုလည်း သိရှိရသည်။ လတ်တလော တွင် KNLA တပ်ရင်း ၁၈ နယ်မြေအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ရေးအရ နယ်မြေကျူး ကျော်ဝင်ရောက် တပ်စွဲလာ သည့်အတွက် ဒေသခံပြည်သူလူထုများမှာ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ကြောက် လန့်ပြီး ထွက်ပြေးတိမ်းရှောင်သူများရှိ သလို အချို့မှာလည်း စားဝတ်နေရေးအတွက် ဆိုင်များကို အကန့် အသတ်ဖြင့်သာ ဖွင့်လှစ်နေကြရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

၂၀။ သျှမ်းပြည်တဝှမ်း ကိုဗစ်-၁၉ ကာလ တွင် ခိုး၊ လုယက်မှုများပြားလား

September 6, 2021

စက်တင်ဘာ ၅ ရက် သျှမ်းမြောက်လာရှိုးမြို့တွင်လည်း ဆိုင်ကယ်ခိုးယူလုယက်ခဲ့ပြီး ပြည်သူတဦး ဓားဖြင့် ခေါင်းကို ခုတ်ခံ ထားရကြောင်းသိရသည်။ “ ခုတလော ခိုးယူတာမဟုတ်တော့ဘူး။ ဓားနဲပါခုတ်ပြီး လုယူသွားတာ။ အရင်ထက်ပိုဆိုး တယ်။ မနေ့ကလည်း လူငယ်ပဲထင်တယ်။ ခေါင်းကို ဓားနဲခုတ်ခံရတာ။ ခိုးယူတဲ့သူကိုတော့ တယောက်ပဲဖမ်းနိုင်သေးတယ်လို့ ကြားတယ်။ သေချာလာတော့မသိဘူး” ဟု လာရှိုးမြို့ ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုအပြင် ကိုဗစ် ၁၉ ကာလတွင် ပြည်သူများက ယခင်ထက် စားဝတ်နေရေး ပိုခက်ခဲလာသောကြောင့် အိမ်တွင်းခိုးဖောက်မှုများ၊ ခိုးယူမှုများ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာကြောင်း သိရသည်။

လာရှိုးမြို့တွင် ယခင်က ခိုးယူမှု မရှိသလောက်နည်းပါးခဲ့ပြီး ယခုရက်ပိုင်းတွင် ခိုးယူမှုကြောင့် ပြည်သူများတချို့ သိန်း (၃၀၀) အထိ ခိုးခံရကြောင်းသိရသည်။“ ကျနော်တို့ မှတ်မိသလောက်တော့ ၇ လပိုင်းကနေ ပိုဆိုးလာတယ်။ တချို့အိမ်တွေဆိုရင် သိန်း (၃၀၀)လောက်ခိုးခံရတာရှိတယ်။ ဆိုင်ရှင်တွေဆိုလည်း ၁၅ သိန်းလောက်ပါသွားတာရှိတယ်။ ခုတလော ခိုးယူမှုကများ လာတယ်။ ရက်တိုင်းလိုလိုဖြစ်နေတာပေါ့” ဟု အထက်ပါ လာရှိုးမြို့ ဒေသခံ တဦးက ပြောသည်။ အလာတူး သျှမ်းရှေ့ တာချီလိတ်မြို့တွင်လည်း ယခင်ထက် ဆိုင်ကယ်ခိုးယူမှုသည် ပိုမိုများပြားလာကြောင်းသိရသည်။

အလားတူ လာရှိုးမြို့ ဒေသခံတဦးကလည်း “ ကျနော်တို့ ညဆို တယောက်ထဲ အပြင်မသွားတာကောင်းတယ်။ ဆိုင်တွေဆို လည်း ညထိဖွင့်ရင်လည်း အန္တရာယ်များတယ်။ အိမ်မှာနေရင်လည်း လူများများနဲနေမှလေနော်။ ကြောက်ရတယ် အခုကသူခိုး၊ဓားပြတွေ အရမ်းများလာတယ်” ဟု ၎င်းက ဆိုသည်။ ကိုဗစ်-၁၉ နှင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း သျှမ်းပြည်တဝှမ်း တွင် နေ့စဉ်နဲ့အမျှ ခိုးမှု၊ လုယက်မှုများရှိနေသော်လည်း သက်ဆိုင်ရာမှ တစုံတရားဝင်ရောက်ဖြေရှင်းပေးခြင်း အရေးယူ ပေးခြင်းမရှိခဲ့ပေ။

၂၁။ လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး
6 September 2021

ကယားပြည်နယ် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များ အတွင်းမှ စစ်ကောင်စီ သတင်းပေးများ (ဒလန်များ) ကို သုတ်သင်ရှင်း လင်းရေး လုပ်ဆောင်သွားမည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ တပ်ရင်း ၁၉ က စာတစောင်ထုတ် ကာ သတိပေးပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။ KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “အခြေ အနေက စစ်အင်အားတွေ ထပ်တိုးထားတယ်။ KNDF တွေ PDF တွေ ရှိတဲ့နေရာမှာ စစ်ကောင်စီကို သတင်းပေးတယ်။ ဒလန်တွေပေါ့။ အဲဒီအခြေအနေတွေကြောင့် ထုတ်ပြန်လိုက်ခြင်းပါပဲ။ ဒလန်တွေ မရှိရင်တော့ ကျနော်တို့ရှိတဲ့ နေရာတွေ စစ်ကောင်စီက သိတောင် မသိပါဘူး။ ဒလန်တွေ များတဲ့အတွက် ကျနော်တို့ ရှိတဲ့ နေရာထိ သိသွားတာမျိုးတွေကြောင့် ဒီစာထွက် လာတယ်လို့ ပြောလို့ ရပါတယ်” ဟု ပြောသည်။

KNDF တပ်ရင်း ၁၉ ၏ သတိပေးစာထဲတွင် KNDF လက်အောက်ခံ တပ်ရင်းများသည် ဒေသတွင်းရှိ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အာဏာရှင်စနစ်ဟူသမျှကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းရန်၊ အမျိုးသားတန်းတူ ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း၊ ထိုသို့ ဆောင်ရွက်နေချိန်တွင် စစ် ကောင်စီဘက်မှ သတင်းပေးများကြောင့် အဟန့်အတား ဖြစ်သည်များ ရှိကြောင်း ထည့်သွင်း ရေးသားထားသည်။ စစ်ကောင်စီ ၏ သတင်းပေးများက တော်လှန်ရေးရည်မှန်းချက်များကို အဟန့်အတားဖြစ်စေသည့်အပြင် စစ်အုပ်စု၏ ယန္တရား လည်ပတ်မှု နှင့် အဓမ္မအာဏာရယူမှုကို ပိုမိုခိုင်မာအောင် ကူညီပေးနေသည်ဟုလည်း KNDF တပ်ရင်း ၁၉ က ဆိုသည်။ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေး၊ ဒလန်များကို တိကျခိုင်မာသည့် သတင်းအရင်းအမြစ်များ ရယူကာ သုတ်သင်ရှင်းလင်းသွားမည်ဟု ပြတ်သားစွာ သတိပေးပါကြောင်း KNDF တပ်ရင်း ၁၉ က သတိပေးစာ ထုတ်ထားသည်။

KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “ကျနော်တို့ မူဝါဒက ဒလန်လည်း လူပဲ။ (၁) သတိပေးတယ်။ (၂) ပြင်းပြင်း ထန်ထန် သတိပေးတယ်။ (၃) ဆိုရင် ကိုင်တွယ် ဖြေရှင်းရတော့မယ့် အနေအထားထိ ရောက်လာတာပေါ့။ ၃ အဆင့် ဒလန်ကို မိပြီဆိုတာနဲ့ ဒလန်လို့ ယူဆရတဲ့ သတင်းပေးတယ်ဆိုတဲ့ လူရဲ့ ပြောဆိုချက်ကိုလည်း ကျနော်တို့ နားထောင်ပါတယ်။ နောက် မှပဲ ကိုင်တွယ်ဖြေရှင်းတာပါ။ ကျနော်တို့ မူဝါဒမှာ ဒလန်ကို ညှဉ်းဆဲပိုင်ခွင့် ပေးမထားတဲ့ အတွက် ဒီအတိုင်းပဲ ဖြေရှင်းပါတယ်” ဟု ပြောသည်။ အကြိမ်ကြိမ် သတိပေး မရသဖြင့် အဆင့် ၃ အရ ဖမ်းဆီးလိုက်သူများကို နောင်တွင် သတင်းပေးခြင်း ထပ်မလုပ်ရန် နှင့် လူထုတော်လှန်ရေးကို နစ်နာအောင် ထပ်မလုပ်ရန် သဘောတူညီချက်ရအောင်ယူခြင်း၊ ဖမ်းဆီးထိန်းသိမ်း ထားခြင်း လုပ်ဆောင်ပြီး လုံးဝ ညှိနှိုင်းမရဘဲ စစ်ကောင်စီအား သစ္စာခံကာ သတင်းပေးဆက်လုပ်မည်ဟု ဆုံးဖြတ်သူများ ကိုသာ နောက်ဆုံးအဆင့် အနေဖြင့် အသတ်အန္တရာယ်ပေးခြင်းကို လုပ်ဆောင်ပါသည်ဟု KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

၂၂။ ဟားခါးမြို့က အကူညီလိုအပ်သည့် အိမ်ထောင်စု ၈၀ ကို ချင်းအမျိုးသမီးအဖွဲ့က ကူညီထောက်ပ့ံ
September 6, 2021

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အကူအညီလိုအပ်နေသည့် အိမ်ထောင်စုပေါင်း ၈၀ ကို Latsinu နှင့် ညီမများအဖွဲ့မှ အစား အသောက်နှင့် ဆေးဝါးကုသမှုအတွက် ငွေသားထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

Latsinu နှင့်ညီမများအဖွဲ့အနေဖြင့် ဟားခါးမြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း ၂၀၀၀ ကို ရှေ့ပြေးစစ်တမ်းကောက် ယူ ကာ ယင်းအနက် အိမ်ထောင်စုပေါင်း ၈၀ ကို အုပ်စု ၃ စုခွဲ ထောက်ပံ့ခဲ့ကြခြင်းဖြစ်သည်ဟု တာဝန်ရှိသူ တစ်ဦး ကပြော သည်။ “ အိမ်ထောင်စု ၈၀ ကို တခါတည်းနဲ့ အုပ်စု ၃ ခုခွဲပြီးတော့ ပံပိုးပေးတာဖြစ်တယ်။ အခုလဲ မနက်ဖြန် ဆေးဝယ်ဖို့နဲ့ ဒီနေ့ကိုလဲ ဆေးဝယ်ဖို့လိုအပ်တဲ့ ကင်ဆာသမားတွေလဲရှိတယ်၊ အထူးသဖြင့် ကလေးတွေ စားနပ်ရိက္ခာအတွက် ကျမတို့ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နှင့် လမ်းခရီးပေါက်တဲ့အထိ စောင့်မယ်ဆို ရင်တော့ တော်တော်လေးစိုးရိမ်ရတဲ့ အနေအထားဖြစ်တဲ့အတွက် အရေး ပေါ်အနေနဲ့ ဦးစားပေးပြီး အမျိုးသမီးအဖွဲ့အနေနဲ့ပေါင်းပြီးတော့ပေးရတာပါ” ဟု ပြောသည်။

အဆိုပါ ကူညီထောက်ပံ့မှုများကို ပလက်ဝမြို့နယ်မှ ထန်တလန်သို့ပြောင်းရွှေ့လာကြသော ထိုမှတဆင့်မှ ဟားခါးမြို့သို့ ပြန် လည်ရောက်ရှိလာကြသည့် စစ်ဘေးရှောင်အိမ်ထောင်စုများနှင့် နာမကျန်းသက်ကြီးရွယ်အိုမသန်စွမ်းကလေးငယ်များပါဝင် သည့် အိမ်ထောင်စုများက လက်ခံရရှိကြသည်ဟုသိရသည်။ Latsinu နှင့်ညီမများအဖွဲ့မှ ယခင်က ပလက်ဝနှင့် ဆမီးစစ်ဘေး ရှောင်တို့ကိုလည်း ၆ လ တိုင် ထောက်ပံ့မှုများ ပေးသည့်အပြင် ယခုတွင်လည်း အထူးလိုအပ်သူများကို ဆေးဝါးနှင့် အစားအေ သာက်များအတွက် ပုံမှန် ၁ လ လျှင် တစ်ကြိမ် မှ ၂ ကြိမ် ထောက်ပံမှုများပေးနိုင်ရန် စီစဉ်ထားကြောင်း လည်းသိရသည်။

၂၃။ ပြည်သူ့တော်လှန်ရေးစစ်သည်များ စစ်မြေပြင်တွင် လိုက်နာရမည့် အချက်များ NUG ကြေညာ
September 7, 2021

စက်တင်ဘာ ၇ ရက်မှ စပြီး စစ်ကောင်စီနှင့်ဒေါက်တိုင်များကို တော်လှန်ရန် အမျိုးသားညီညွန်ရေးအစိုးရ ကြေညာလိုက် ပြီးနောက် ပြည်သူ့တော်လှန်ရေးစစ်သည်များ စစ်မြေပြင်တွင် လိုက်နာရမည့်စည်းကမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့များအနေဖြင့် “အထက်အမိန့်ကိုနာခံပါ၊ မိမိတပ်ဖွဲ့အပေါ် သစ္စာရှိပါ၊ မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပါ၊ အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူ ပိုင်ပစ္စည်းများကို အသုံးပြုရပါက တန်ရာတန်ဖိုးပေးပါ၊ သုံ့ပန်းများကို ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းမပြုရ၊ သင့်လျော်သော နေရာတွင် ထိန်းသိမ်းထားရမည်၊ မိမိရဲမေများအပေါ်တွင် ဖြစ်စေ၊ အရပ်သူအမျိုးသမီးများအပေါ်တွင်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း မပြုရ၊ ရန်သူ့ထံမှ သိမ်းဆည်းရမိသည့် ငွေ၊ လက်နက်၊ ပစ္စည်းများကို ဆိုင်ရာတပ်မှူးထံ စာရင်း နှင့် တကွ အပ်နှံရမည်” ဆိုသည့် အချက် ခုနှစ်ချက်ကို ထုတ်ပြန်လိုက်သည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်ရန် အရေးပေါ်အခြေအနေသတ်မှတ်ပြီး ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းလည်း NUG အစိုးရက ယနေ့ နံနက် ကြေညာသည်။

၂၄။ စစ်ကောင်စီ တပ်သားများ လဲချားမြို့နယ် အတွင်း ဝင်ရောက် ရှာဖွေမှုပြုလုပ်
September 6, 2021

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ယိမ်းကျေးရွာအတွင်း စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်း ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်သဖြင့် ရွာသားများ စိုးရိမ်ကြကြောင်း၊ စက်တင်ဘာ (၄) ရက်နေ့က အင်အား (၇၀) ခန့်ရှိသည့် စစ်ကောင်စီ တပ်သည် ၎င်းတို့ တပ်သားထွက်ပြေးလာသည်ဟုဆိုကာ ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း ဒေသခံများကို လာရောက်ပြောဆိုထားကြောင်း စုံစမ်းသိရှိရသည်။

“သူတို့ပြောတာတော့ သူတို့လူလာရှာတာပေါ့။ သေနတ် (၄) လက် နဲ့ ဆိုင်ကယ်တစ်စီး နဲ့ ငွေ အနည်းငယ် ပါတယ်လို့ပြော တယ်။ အဲ့ဒါကို လာရှာတာပေါ့”ဟု ဝမ်ယိမ်းဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ စက်တင်ဘာ (၅) ရက်နေ့ သည် ဝါခေါင်လကွယ်နေ့ဖြစ်ပြီး စစ်ကောင်စီတပ်သားများ ကျေးရွာထဲ ရှိသည့်အတွက် ရွာသားများ ဘုန်းကြီးကျောင်းသို့ မသွားရဲကြကြောင်း ဒေသခံများက ပြောဆိုကြသည်။ “ရွာထဲမှာလာနေတော့ ရွာသားတွေ စိုးရိမ်ကြတယ်။ မနေ့က လကွယ် နေ့ သက်ကြီးရွယ်အိုတွေ ဘုန်းကြီးကျောင်း မသွားရဲကြဘူး။ ညဆိုလည်း မီးတွေ မထွန်းရဲဘူး။ ညနေ (၆) နာရီလောက်ဆိုရင် ရွာထဲ အသံတိတ်နေတာပဲ။ ၂ ရက်လာနေပြီး ဒီနေ့တော့ ပြန်ထွက်သွားကြပြီ” ဟု ဝမ်ယိမ်းဒေသခံ တစ်ဦးကပြောသည်။

သြဂုတ် (၂၉) ရက်နေ့က တပ်သား (၁) ဦး သေနတ် (၄) လက်၊ ဆိုင်ကယ် တစ်စီး နှင့် ငွေအနည်းငယ် ခိုးယူပြီးထွက်ပြေးလာ သည့်အတွက်ကြောင့် ဝင်ရောက်ရှာဖွေပြီး စက်တင်ဘာ (၆) ရက်မနက်ပိုင်းတွင် ရွာအတွင်း ပြန်လည်ထွက်ခွာသွားပြီဖြစ် ကြောင်း သိရသည်။

၂၅။ နန်းမား ပြည်သူ့စစ်ခေါင်းဆောင် နှင့် အဖွဲ့ဝင် နှစ်ဦးပစ်သတ်ခံရ
6 sep 2021

ကချင်ပြည်နယ် နန်းမားမြို့က ပြည်သူ့စစ်ခေါင်းဆောင် ချစ်ကို နှင့် အဖွဲ့ ဝင် ၂ ယောက်ကို ယနေ့ညနေ ၄ နာရီအချိန်မှာ အနည်မသိ လူ ၃ယောက်မှ သေနတ်နဲ့ ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

” ချစ်ကို က နန်းမားပြည်သူ့စစ်ခေါင်းဆောင်ပါ။ ချစ်ကို၊ ထွန်းထွန်း၊စိုးလွင်၊ ထွန်းထွန်း မိန်းမတို့ ထွန်းထွန်းအိမ်မှာ ရှိနေချိန် အမည်မသိ လူသုံးဦးပစ်ခတ်ခဲ့တာပါ။ ချစ်ကို၊ ထွန်းထွန်း ကသေပြီး၊ စိုးလွင်နဲ့ ထွန်းထွန်းမိန်းမက သေနတ်မှန် ဒဏ်ရာပဲရ တယ်။”ဟု ဒေသခံတစ်ဦးက ဆိုသည်။

နန်းမား ညောင်ပင်သာရပ်ကွက်ထိပ်၊ မိုးညှင်း- နန်းမား ကားလမ်းဘေးမှာရှိသည့် ထွန်းထွန်းရဲ့အိမ်မှာ ညနေ ၄ နာရီ ဝန်းကျင်ခန့်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဦးချစ်ကို သည် အသက် ၅၀ ဝန်းကျင်ရှိပြီး စစ်မှုထမ်းဟောင်း တစ်ယောက်လည်း ဖြစ်ကြောင်း သိရသည်။

၂၆။ အဒူလာကိန်းဓါးမြအဖွဲ့ထံ ဖမ်းဆီးခံ ပဒင်းအုပ်ချုပ်ရေးမှူး ဘင်္ဂလာငွေ ၃ သိန်း အာမခံဖြင့် လွတ်မြောက်လာ
September 4, 2021

မောင်တောမြို့နယ်၊ ပဒင်း(မွတ်ဆလင်) ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီ အဒူလာကိန်းဓါးမြအဖွဲ့ထံ ရက်ပေါင်း ၂၀ ခန့် ဖမ်းဆီးခံရပြီးနောက် ဘင်္ဂလာငွေ ၃ သိန်း အာမခံဖြင့်စက်တင်ဘာလ ၃ ရက်နေ့ နံနက်အာရုဏ်တွင် လွတ်မြောက်လာကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ရက်၂၀ လောက် ကျွန်တော့်ကို မေယုတောင်ကြောထဲက သူတို့တပ်စခန်းနေရာမှာချုပ်နှောင်ထားခဲ့တာပါ။ ဓါးမြခေါင်းဆောင် အဒူလာကိန်းက ကျွန်တော့်ကိုလာမေးပါတယ်။ ဘင်္ဂလာ တာကာငွေ ၅ သိန်းပေးနိုင်မလားတဲ့။ ကျွန်တော် ကပြန်ပြောတယ်။ မပေးနိုင်ပါ။ ကျွန်တော်ကဆင်းရဲပါတယ်။ သူကပြန်မေးတယ်။ မင်းအုပ်ချုပ်ရေးမှူးလုပ်ဖို့ ငွေဘယ်လောက် ကုန်ကျခံခဲ့ရလဲ။ မင်း ပညာအရည်အချင်းက ဘယ်လောက်ထိရှိလဲလို့ မေးပါတယ်။ ကျွန်တော်က အုပ်ချုပ်ရေးမှူးလုပ်ဖို့ ငွေတစ်ပြားမှ မပေးခဲ့ရဘူး။ ကျွန်တော်က ဘွဲ့ရပညာတတ်တစ်ယောက်ပါလို့ပြန်ဖြေခဲ့ပါတယ်။ နောက် တာကာငွေ ၅ သိန်း မပေးရင် မင်းကိုသတ်မယ်ဆိုပြီး ပြောတာကြောင့် ဘင်္ဂလာမှာ ရှိနေတဲ့ကျွန်တော့် အကို ဝမ်းကွဲနဲ့ဆက်သွယ်ပြီး တာကာငွေ ၃ သိန်း အာမခံနဲ့ စက်တင်ဘာလ ၃ ရက် မနက်အာရုဏ်မှာပြန်လွှတ်ပေးလိုက်တာပါ” ဟု ပြန်လည်လွတ်မြောက်လာသူ မာမွတ်ရှော်ဖီ က DMG ကို ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် လက်နက်များကိုင်ဆောင်ထားသည့် မွတ်ဆလင်ငါးဦးမှ ပဒင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီ ၏ နေအိမ်တံခါးအားဖျက်ဆီးဝင်ရောက်ကာ အုပ်ချုပ်ရေးမှူး၏ ဇနီးအား ရွှေထည် ပစ္စည်းများထုတ်ပေးရန်ပြောသဖြင့် ၎င်းတို့မိသားစု စုဆောင်းထားသည့် ရွှေဆွဲကြိုး (၁)ကုံး၊ ကလေးဝတ်ရွှေဆွဲကြိုး(၂)ကုံး၊ ရွှေလက်ကောက် (၂၀)ကွင်း၊ ရွှေလက်စွပ် (၆)ကွင်း၊ နားတောင်း(၁)ရံ၊ ရွှေဘယက်(၁)ခု၊ ရွှေလည်တုံ (၁)ခု၊ စုစုပေါင်း ရွှေအလေးချိန်ခန့်မှန်း(၄၀)ကျပ်သားနှင့် ဆန်နှင့် ဆီအချို့ကိုလည်း ယူဆောင်သွားပြီး အုပ်ချုပ်ရေးမှူးကိုလည်း အဆိုပါ ဓါးမြ အဖွဲ့မှခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ “ကျွှန်တော်ကို ဖမ်းသွားတာလည်း မွတ်ဆလင်တွေပါ။ စခန်းကိုရောက်တဲ့အထိ မျက်နှာကိုဖုံးထားပေမဲ့ကျွန်တော်အာရုဏ်ခံစားလို့ရပါတယ်။ ကွန်ကရစ်လမ်းနဲ့ ယခင်လမ်ဟောင်းကြားကနေ ခေါ်သွားတာ ပါ။ မနက် ၁၁ နာရီခွဲမှာမှ သူတို့စခန်းကိုရောက်ပါတယ်။ သူတို့စခန်းကမြေကိုတူးပြီး တာပေါ်လိပ်အစိမ်းအုပ်မိုးထားတယ်။ အမဲသားအခြောက်ချက်နဲ့ ထမင်းစားရသလို မျှစ်နဲ့လည်းစားခဲ့ရတယ်။ လုံးခြုံရေးတာဝန်ယူထားတာ ၅ ဦးရှိတယ်။ ပစ္စတိုနဲ့ ၂ ဦး သေနတ်အရှည်နဲ့ ၁ ဦး ဓါးရှည်ကိုင်ပြီး ၂ ဦးတွေ့ရတယ်။ ထိုလုံခြုံရေးမှာ ဘင်္ဂလာစကားပြောတာ ၂ ဦးပါတယ်။ ကျန်လူ တွေက ဘင်္ဂလီ စကားပြောကြတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဓါးမြတွေ လွှတ်ပေးပြီး ဆိုင်ကယ်နဲ့ ဗောဓိကုန်းကျေးရွာ လယ်ကွင်း ပြင်အထိ လိုက်ပို့သူက ရခိုင်ဖြစ်နေပါတယ်။” ဟု မာမွတ်ရှော်ဖီက ဆိုသည်။ လက်ရှိတွင် ဘင်္ဂလာငွေ ၃ သိန်း မပေးနိုင်ပါက သူအားလာရောက်သတ်ဖြတ်မည်ဟု ပြောဆိုခြိမ်းခြောက်မှုရှိကြောင်း၊ သူအပါအဝင် သူတို့၏ မိသားစုဆွေမျိုးများနှင့် ပဒင်း ကျေးရွာသူရွာသားများစိုးရိမ်မှု မြင့်တက်လျှက်ရှိနေကြသည်။

၂၇။ သိန္နီမြို့တွင် ဗုံး ၂ လုံး ပေါက်ကွဲ ၊ လူနေအိမ်၊ ဈေးဆိုင်နှင့် မော်တော်ယာဉ်အချို့ ဗုံးစထိမှန်
6 September, 2021

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့အဝင်၊ လာရှိုး- မူဆယ်သွား ပြည်ထောင်စုလမ်းမကြီးဘေးမှာ စက်တင်ဘာ ၆ ရက် မနက် ၁ နာရီ လောက်က ပြင်းထန်ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါ ပေါက်ကွဲမှု ကြောင့် အနီးဝန်းကျင်မှာရှိတဲ့ စည်ပင်စျေးက စျေးဆိုင်ခန်းတွေ၊ လူနေအိမ်တချို့နဲ့ မော်တော်ယာဉ်တွေ ဗုံးစထိမှန် ပျက်စီးခဲ့ပေ မယ့် လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားပြီး စက္ကန့်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့စစ်ကား ၂ စီး ဖြတ် သန်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ဗုံးပေါက်ပြီး စက္ကန့်ပိုင်းပဲ စစ်ကား၂ စီးဖြတ်သန်းသွားတယ်။ အကြမ်း ဖက်ကောင်တွေပဲ ပစ်ချခဲ့တာဖြစ်နိုင်တယ်။ ပြည်သူ့ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေတာ။ ဗုံးက ပြင်းတယ်။ ဗုံးစတွေက တော်တော်ဝေးဝေးထိ ရောက်တယ်။ ညဖြစ်လို့ လူတွေအထိအခိုက်မရှိတာ”လို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

မကြာခဏဆိုသလို အကြမ်းဖက်စစ်ကောင်စီရဲ့ စကခ ၁၆ က လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်တာတွေရှိပြီး မြို့တွင်းတိုက်ပွဲ ဖြစ်ပွားအောင် ဖန်တီးသလို ပြုလုပ်နေတဲ့အတွက် စိုးရိမ်တယ်လို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။ သိန္နီမြို့ ပတ်ဝန်းကျင်နဲ့ ပြည်ထောင်စုလမ်းမကြီးတလျောက် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ နေ့စဉ် လိုလို တိုက်ပွဲဖြစ် ပွားနေပါတယ်။

၂၈။ ပေါ့ထော်ကျေးရွာ Mytel တာဝါတိုင်မီးရှို့ခံရပြီးနောက်ပိုင်း ဖမ်းဆီးမှုများရှိသည့်အတွက် ဒေသခံအချို့ တိမ်း ရှောင်နေရ
September 5, 2021

ကရင်ပြည်နယ် ဖားအံမြို့နယ် ပေါ့ထော်ကျေးရွာတွင် စက်တင်ဘာလ ၂ ရက်နေ့က စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် မီးရှို့ ဖျက်ဆီးခံရသည့်နောက်ပိုင်းတွင် စစ်ကောင်စီရဲတပ်ဖွဲ့ကကျေးရွာတွင်ဝင်ရောက်ဖမ်းဆီးမှုများရှိလာသည့်အတွက် ဒေသခံအချို့ တိမ်းရှောင်နေရသည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။ ဖုန်းတာဝါတိုင် မီးရှို့ခံရသည့်ကိစ္စနှင့်ပတ်သက်၍ (စက်တင်ဘာလ ၄ ရက်နေ့ )တွင် စစ်ကောင်စီရဲတပ်ဖွဲ့ ဝင်များသည် ရွာသား ၃ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ရာတွင် အသက် မပြည့်သေးသူ တစ်ဦးကို ပြန်လွှတ်ပေးပြီး ကျန် ၂ ဦးကိုလည်း အပြစ်မရှိကြောင်း ကျေးရွာတာဝန်ရှိသူဘက်မှ သွားရောက်အာ မခံပေးသည့်အတွက် ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

၎င်းအပြင် ထိုနေ့ ညပိုင်းရောက်သည့်အချိန်တွင်လည်း အာဏာသိမ်းစစ်ကောင်စီကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်ဖူးသူတစ်ဦးကို လည်း တာဝါတိုင်မီးရှို့ခံရသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီရဲတပ်ဖွဲ့သည် လက်နက် အပြည့်အစုံဖြင့် အရပ်ကား ၂ စီးဖြင့် ထိုသူ၏ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့သည်ဟု ဝင်ရောက်ဖမ်းဆီးချိန်တွင် ထွက်ပြေးလွှတ်မြောက်သွားသူ နေအိမ် ပိုင်ရှင်က ကေအိုင်စီသို့ ပြောသည်။ ၎င်းက “မနေ့ညက ကျနော့်ကိုလာဖမ်းတယ်။ ဒီကိစ္စမှာ ကျနော်လုပ်တာမဟုတ်တဲ့အတွက် ကျနော်အဖမ်းမခံနိုင် ဘူးလေ။ အဲဒါကြောင့် ညက လွှတ်အောင်ထွက်ပြေးလာတယ်။ ကျနော်နေမကောင်းဖြစ်ပြီး အပြင်မထွက်ဖြစ်တာ ၁၀ ရက်လောက်ရှိပြီး အားလုံးသိတယ်။ ကျနော်လုပ်တာမဟုတ်တဲ့အတွက် ကျနော်ဆက်ပြီးထွက်ပြေးရင် လုပ်တယ်လို့ပဲ သူတို့ထင်မယ်။ အဲဒါကြောင့် ဒီကိစ္စမှာ ကျနော်လုပ်တာမဟုတ်ကြောင်းကို ရဲစခန်းမှာ လာပြော ပြတယ်။ လောလောဆယ်တော့ ကျနော့်ကို စစ်တာမပြီးသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

တာဝါတိုင်မီးရှို့ဖျက်ဆီးခံရသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်လာ နိုင်သဖြင့် မှားယွင်းဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ကျေးရွာတွင် နေထိုင်သူအချို့လည်း တိမ်း ရှောင်နေရကြောင်း ဒေသခံပြောဆို ချက်အရ သိရသည်။ ” ဒီကိစ္စနဲ့ပတ်သက်ပြီး တရားခံ မမိမချင်း ရွာသားတွေကို နေ့ဘက်ကော၊ ညဘက်ကော ဝင်ဖမ်းမယ့် သဘောရှိတယ်။ အဲဒါကြောင့် ကိုယ်နဲ့မဆီမဆိုင်မှားဖမ်းမိမှာကို စိုးရိမ်လို့ ပြေးတာပေါ့။ “ဟု အမည်မဖော်လိုသူ အခြားရွာ သားတစ်ဦးက ပြောသည်။ စစ်တပ် အာဏာသိမ်းယူသည့်နောက်ပိုင်းတွင် ကရင်ပြည် နယ် ဖားအံမြို့နယ်အပြင် ကြာအင်းဆိပ် ကြီးမြို့နယ်တွင်ရှိသည့် စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင်အချို့ကိုလည်း ပြီးခဲ့သည့် ဇွန်လတွင် အလားတူ မီးရှို့ ဖျက်ဆီးခံခဲ့ ရခြင်းရှိသည်။

၂၉။ တောင်လေးလုံးအကျဉ်းထောင်ရှိ နိုင်ငံရေး အကျည်းသားများ ကိုဗစ် – ၁၉ ကူးစက်ခံနေရ
September 6, 2021

သျှမ်းပြည် တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံး အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသားများ ကိုဗစ် -၁၉ ရောဂါပိုး ကူးစက်ခံ နေရကြောင်း သတင်းသိရသည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတို့၏ မတရားဖမ်းဆီးခြင်းကိုခံရပြီး ညောင်ရွှေ အကျဉ်းထောင် (တောင်လေး လုံး) အကျဉ်းထောင်တွင် အကျဉ်းချထားခြင်းခံရသည့် နိုင်ငံရေး အကျဉ်းသားများ တချို့သည် ကိုဗစ် -၁၉ ကူးစက်ခံရကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။“အိမ်ကို တိုက်ရိုက်အကြောင်းကြားပေးတာ မဟုတ်ပါဘူး၊ ကျမတို့ ရှေ့နေကနေ တစ်ဆင့်နဲ့ပဲ ဖုန်းဆက် အကြောင်းကြားလာတယ်၊ ဘာမှတော့ သေချာမသိရဘူး၊ ကျမကလည်း ကြားကြားချင်း နောက် တစ်နေ့ ထောင်ဝင်စာသွားတွေ့တယ်၊ ဒါပေမဲ့ မတွေ့ခဲ့ရပါဘူး” ဟု တောင်လေးလုံးမှာ ဖမ်းဆီး ထိန်းသိမ်း ခြင်းခံ ထားရသူ စိုင်းမျိုး ( နာမည်လွဲ ) ၏ အမျိုးသမီး ဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စိုင်းမျိုး(နာမည်လွဲ) သည် နွေဦး တော် လှန်ရေးတွင် ပါဝင်လှုပ်ရှားသူဖြစ်သည် ဟူသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့ သည့် မေလ ၁၆ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် နေအိမ်ခန်းထဲထိ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင် သွားခြင်း ခံရသူ ဖြစ်ပြီး လက်ရှိမှာတော့ အကျဉ်းထောင်ထဲတွင် ကိုဗစ် – ၁၉ ကူးစက်ခံနေရပါသည်။

လက်ရှိ တောင်လေးလုံး အကျဉ်းထောင်တွင် ကိုဗစ် – ၁၉ ကူးစက်ခံနေရသည့် အကျည်းသားများသည် သိရှိရသည့် စာရင်း အရ ၁၀ ဦးထက်မနည်း ရှိနေပြီး အကျဉ်းထောင်မှ တာဝန်ရှိသူများကို မေးမြန်းရာ ကောလဟလများဖြစ်ကြောင်း ပြောခဲ့သည်။ “တချို့က ကောလဟလတွေပါ၊ အကျဉ်းသားတွေ အားလုံးက ကိုဗစ် ကာကွယ်ဆေးအားလုံးထိုးပြီးကြပါပြီ၊ တကယ်လို့ နေမ ကောင်းဖြစ်လာပြီဆိုရင်လည်း ကျနော်တို့ဖက်က သက်ဆိုင်ရာအလိုက် ကုသပေးပါတယ်၊ အရမ်းကြီးလည်း စိတ်ပူစရာ မရှိပါ ဘူး”ဟု တောင်လေးလုံး အကျဉ်းထောင်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ ရှမ်းပြည်နယ် အတွင်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား/အချုပ်သား အားလုံးကို ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်သည်ဟု ရှမ်းပြည်နယ် အကျဉ်း ဦးစီးဌာန တာဝန်ရှိသူက အတည်ပြု ပြောဆိုထားသည်။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button