ဆောင်းပါးတိုင်းရင်းသားအကြောင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နှင့် တိုင်းရင်းသားရှုတောင့်

(သမိုင်းတစ်လျှောက် တိုင်းရင်းသားများ လိုလားခဲ့သည့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖော်ထုတ်ကြည့်ခြင်း)

ဆလိုင်း ကျဲအိုဘိခ်ထောင်

ကာယကံရှင် တပ်မတော်ကိုယ်တိုင်က ပြင်ဆင်ရန်သဘောတူပြီးဖြစ်သော ၂၀၀၈ အခြေခံဥပဒေကို ဖက်ဒရယ် ဒီမိုကရေစီအင်္ဂါရပ်နှင့်အညီ ပြင်ဆင်ပြောင်းလဲနိုင်ရန် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ လမ်းကြောင်းနှစ်မျိုးစလုံးဖြင့် ကြိုးပမ်းလျက်ရှိကြသည်။ ၂၁ရာစုပင်လုံလမ်းကြောင်း မရေမရာဖြစ်သွားသည်က တစ်ကြောင်း၊ ၂၀၂၀ရွေးကောက်ပွဲနီးလာသည်ကတစ်ကြောင်းကြောင့်၊ အနိုင်ရပါတီက လွှတ်တော်တွင်း လမ်းကြောင်းဖြင့် ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းပြီး လာမည့် ဇူလိုင်လ နောက်ဆုံးထားကာ မူကြမ်းပြုစုနိုင်ရန် ကြိုးပမ်းလာသည်။ လက်ရှိပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားပါတီ (၁၀)ပါတီမှ လွှတ်တော်အမတ်(၅၇)ဦးခန့်သာ ကိုယ်စားပြုပါဝင်နိုင်ပြီး၊ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများလည်း ပါဝင်နိုင်ခွင့်မရှိသည့် ဤလွှတ်တော်တွင်း ခြေ-ဥပြင်ဆင်ရေး လမ်းကြောင်းသည် တိုင်းရင်းသားအခွင့်အရေးကို မည်မျှထည့်တွက်စဉ်းစားဆောင်ရွက်နိုင်မည်နည်း။ အားလုံးသိရှိသည့်အတိုင်း တိုင်းရင်းသားပဋိပက္ခသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြသနာဖြစ်ပါသည်။ ထို့ကြောင့် တိုင်းပြည်၏ ဖွဲ့စည်းပုံအခြခံဥပဒေတည်ဆောက်/ပြင်ဆင်ရေး သမိုင်းအချိုးကွေ့တိုင်းတွင် တိုင်းရင်းသား အဖွဲ့အစည်းနှင့် ခေါင်းဆောင်များအနေဖြင့် သူတို့လိုချင်သော နိုင်ငံရေးစနစ်နှင့် မူဝါဒသဘောထား ရပ်တည်ချက်များကို ပြုစုဖော်ထုတ်လေ့ရှိသည်။ သူတို့၏ လိုလားချက်များ၊ စိုးရိမ်ချက်များနှင့် ဆန္ဒသဘောထားများကို လက်ရှိအခြေခံဥပဒေပြင်ဆင်ရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ Stakeholders များက သတိရလျက် ထည့်တွက်စဉ်းစားပေးနိုင်ကြစေရန် မိမိအနေဖြင့် လက်လှမ်းမှီသလောက်ကို အနှစ်ချုပ်ဖြင့် တင်ပြဆွေးနွေးလိုပါသည်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့်ကာလပင်လုံစာချုပ်အရ ပြည်မနှင့်တောင်ပေါ်တိုင်းရင်းသားများ ပူးပေါင်း၏ တိုင်းပြုပြည်ပြုလွှတ်တော်မှတဆင့် အခြေခံဥပဒေသစ်ရေးဆွဲရန်ရှိလာသောအခါ တိုင်းရင်းသားများသည် နည်းလမ်းမျိုးစုံဖြင့် အမြင်သဘောထား များကို စုစည်းလျက် တင်ပြခဲ့ကြသည်။ အထူးသဖြင့် ၇-၂-၁၉၄၇ မှာဖွဲ့စည်းခဲ့သော SCOUHP ခေါ် ရှမ်း၊ ချင်း၊ ကချင်တို့ ပါဝင်သည့် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့မှ သဘောတူတင်ပြချက်များသည် ထည့်သွင်းစဉ်းစားသင့်သော အချက်များဖြစ်ပါသည်။ ထိုအဖွဲ့မှ ပင်လုံညီလာခံ အကြိုညှိနှိုင်းအစည်းအဝေး(၆-၂-၁၉၄၇)တွင် အချက် (၅)ချက်ကို သဘောတူဆုံးဖြတ်ခဲ့ရာ –
– ဗမာနှင့် တန်းတူအခွင့်အရေးရရှိရေး [အပိုဒ်(၁)] – ခွဲထွက်လိုက ခွဲထွက်ခွင့် [အပိုဒ်(၅)]…စသည်ကို ဦးစားပေး ထည့်သွင်းခဲ့သည် (ပင်လုံလက်စွဲ၊ ၂၀၁၈)။
ထို့နောက် တောင်တန်းဒေသစုံစမ်းစစ်ဆေးရေးကော်မတီသို့ အဆိုပါ SCOUHP အဖွဲ့က ၂၁-၄-၁၉၄၇ ရက်စွဲစာဖြင့် အချက်(၇)ချက်ပါ အဆိုပြုလွှာကို ဆက်လက်တင်သွင်းခဲ့သည်။ ယင်းထဲက အရေးကြီးသည့် အချက်များကိုဖော်ပြရလျှင် –
– တောင်တန်းဒေသများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်(internal self-determination) အပြည့်ရရှိရေးနှင့် မည်သည့်အချိန်တွင်မဆို ခွဲထွက်ပိုင်ခွင့် [အပိုဒ်(၂)(ခ)နှင့်(ဂ)] – တိုင်းရင်းသားများ၏ ကြိုတင်သဘောတူညီချက်မပါရှိပဲ မည်သည့် သံတမန်ဆက်ဆံရေးနှင့် သံအမတ်များ၊ သံအရာရှိများ ခန့်ထားခြင်းမပြုရန် [အပိုဒ်(၃)] – တောင်တန်းဒေသ(တိုင်းရင်းသား)များနှင့် စပ်လျဉ်းသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြဋ္ဌာန်း သောအခါ သက်ဆိုင်ရာဒေသကိုယ်စားလှယ်များ၏ သုံးပုံနှစ်ပုံနှင့်အထက် ထောက်ခံမဲဖြင့်သာ ဆောင်ရွက်ရန် [အပိုဒ်(၅)] – ပြည်ထောင်စုအစိုးရ ၀န်ကြီးများခန့်အပ်သောအခါ ဗမာဝန်ကြီးဦးရေသည် တောင်တန်းဒေသ (တိုင်းရင်းသား)များမှ ပြည်ထောင်စုအစိုးရတွင် တာဝန်ထမ်းဆောင်မည့် ၀န်ကြီးဦးရေ စုစုပေါင်းထက် မပိုစေရ [အပိုဒ်(၇)] (The 1947 Constitution and the Nationalities: 1999)…စသည်များဖြစ်သည်။

ထို့ပြင် Committee of Inquiry တွင် ကရင်အမျိုးသားအဖွဲ့ချုပ်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကရင်ပြည်နယ် ထူထောင်သင့်ကြောင့်၊ နောက်မှသာလျှင် မြန်မာပြည်မနှင့်ပြည်ထောင်စုဝင်အဖြစ် ပူးပေါင်းသင့် ကြောင်း ထွက်ဆိုခဲ့ရာ၊ ရွှေကျင်ကရင်များအစည်းအရုံးခေါင်းဆောင်က အမေရိကန်ပြည်ထောင်စုပုံသဏ္ဍန် (စနစ်)ဖြစ်သင့်ကြောင်း၊ ဓနသဟာယနယ်ထဲတွင်နေမှသာလျှင် ဗမာနှင့်ပေါင်းလိုကြောင်း ထွက်ဆိုခဲ့သည် (ရွှေအုံး ညောင်ရွှေစာအုပ်)။ ကရင်နီ(ကယား)များကလည်း လုံးဝကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ခွဲထွက်လိုကခွဲထွက်ခွင့်၊ အခွန်ဘဏ္ဍာ အချိုးကျခွဲဝေခွင့်၊ကိုယ့်ပြည်နယ်တွင်း အမှုထမ်းများ ခန့်အပ်၊ တာဝန်ချခွင့်အာဏာ စသည်တို့ပါဝင်သည့် အချက်ပေါင်း (၁၀)ချက်ကို တင်သွင်းခဲ့ပါသည် (ခွန်မတ်ရ်ကိုဘန်၊ ၂၀၁၄)။ ၁၉၆၁ တောင်ကြီးညီလာခံနှင့် နောက်ဆက်တွဲတိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်နှင့်လေ့လာသူစုစုပေါင်း ၃၃၀ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် တောင်ကြီးတွင် ၁၉၆၁ခုနှစ်၊ ဇွန်လ(၈)ရက်နေ့မှ (၁၆)အထိ ညီလာခံကျင်းပ ခဲ့ပါသည်။ ၁၉၄၇ ခြေ-ဥပြင်ဆင်ရေးအတွက် ရှမ်းခေါင်းဆောင်များကရေးဆွဲတင်ပြလာသော မူ(၅)ချက်ကို ပြည်နယ်ပေါင်းစုံမှ ကိုယ်စားလှယ်အားလုံးမှ တညီတညွတ်တည်း သဘောတူ အတည်ပြုခဲကြသည်။ ၎င်းမှာ-
(၁) ဗမာပြည်နယ်ဖွဲ့စည်းရေး၊
(၂) ပြည်ထောင်စုလွှတ်တော်နှစ်ရပ်အား အာဏာတူပေးရေး၊
(၃) လူမျိုးစုလွှတ်တော်(အထက်လွှတ်တော်)သို့ ပြည်နယ်တိုင်းမှ အရေအတွက်ညီမျှသော ကိုယ်စားလှယ် စေလွှတ်ရေး၊
(၄) ဗဟိုပြည်ထောင်စုကို အောက်ပါဌာနများလွှဲအပ်ပေးပြီး ကျန်ရှိသောအာဏာ(Residuary powers)များနှင့် အခွင့်အရေးများကို ပြည်နယ်များသို့ လွှဲအပ်ရန်၊
(က) နိုင်ငံခြားဆက်သွယ်ရေး
(ခ) ပြည်ထောင်စုကာကွယ်ရေး၊
(ဂ) ပြည်ထောင်စုဘဏ္ဍာရေး၊
(ဃ) ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်လုပ်ရေး၊
(င) စာတိုက်နှင့် ကြေးနန်းဆက်ကွယ်ရေး၊
(စ) မီးရထား၊ လေကြောင်းနှင့် ရေကြောင်းဆက်သွယ်ရေး၊
(ဆ) ပြည်ထောင်စု တရားစီရင်ရေး၊
(ဇ) ပင်လယ်ဆိပ်ကမ်းခွန်ကောက်ရေး၊
(၅) ပြည်ထောင်စုဘဏ္ဍာတော်မျှတစွာ ခွဲဝေရေး၊ (မောင်စင်ကြယ်၊ ၂၀၁၈)။

၎င်းညီလာခံမှာ ပြည်နယ်များညီညွတ်ရေးအဖွဲ့ ကိုဖွဲ့စည်းပြီး ဖက်ဒရယ်မူများဖြစ်သော –
– ကြွင်းကျန်အာဏာ ပြည်နယ်သို့ထားရှိရေး၊
– ပြည်နယ်အသီးသီးတွင် သီးခြားအခြေခံဥပဒေ ရှိရေး၊
– ဆွစ်ဇာလန်နှင့် ခပ်ဆင်ဆင်ဖြစ်မည့် ပါလီမန်စနစ်ကျင့်သုံးရေး၊
– ပြည်နယ်များ အားလုံး လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေး (Complete Autonomy) ရရှိရေးနှင့်
– ပြည်နယ်အတွင်းရေးကိစ္စများတွင် ပြည်ထောင်စုက ၀င်ရောက်စွက်ဖက်နိုင်ခွင့်မရှိရေး၊
– ပြည်နယ်တိုင်း ပြည်ထောင်စုမှ ခွဲထွက်နိုင်သောအခွင့်အရေး… စသည်များလည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည် (ပင်လုံလက်စွဲ၊ ၂၀၁၈)။

နောက်ဆက်တွဲအနေဖြင့် ဦးနေ၀င်း အာဏာသိမ်းခါနီး ၂၄-၂-၁၉၆၂ ရန်ကုန်(အသံလွှင့်ရုံ) ဖက်ဒရယ်မူဆွေးနွေးပွဲတွင် ပြည်နယ်များညီညွတ်ရေးဥက္ကဋ္ဌ ဦးစ၀်ခွန်ချိုက အဖွဲ့ကိုယ်စားသူ့ မိန့်ခွန်းမှတဆင့် “ပြည်မကို ပြည်နယ်တစ်နယ်ဖွဲ့စည်းရေး”နှင့် “ကြွင်းကျန်အာဏာ (Residuary power)များကို ပြည်နယ်များတွင် ထားရှိရေး”ကို ထည့်သွင်းတင်ပြခဲသည်။ ဗိုလ်ချုပ်ကြီးနေ၀င်းခေတ်(သို့) ၁၉၇၄ ဖွဲစည်းပုံအခြေခံဥပဒေဖက်ဒရယ်စနစ်ကို တိုင်းပြည်ပြိုကွဲစေမည့်စနစ်ဟု ထင်ယောင်ထင်မှားလုပ် အာဏာသိမ်းအစိုးရ ခေတ်တွင် နိုင်ငံရေးစားပွဲဝိုင်းမရှိသည့်အတွက် တိုင်းရင်းသားများဆန္ဒသဘောထား များများစားစား ဖော်ပြခဲ့ခြင်းမရှိပေ။ ဗမာနိုင်ငံရေးခေါင်းဆောင်တစ်ချို့၏ လုပ်ရပ်များကို စိတ်ပျက်ကာ တစ်ချို့တိုင်းရင်းသား ခေါင်းဆောင်များဆိုလျှင် သီးခြားနိုင်ငံထူထောင်ရေးလမ်းစဉ်ကိုပင် အမှန်တကယ် အာသီသရှိခဲ့သေးသည်။ သို့သော် ၁၉၇၆ခုနှစ် မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစု National Democratic Front (NDF) ပေါ်ပေါက်လာပြီးနောက်တွင် တိုင်းရင်းသားအင်အားစုများသည် ဖက်ဒရယ်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရရှိရေးကိုသာ တစ်စိုက်မတ်မတ်တောင်းဆိုလာကြသည်။
အခြေခံဥပဒေ(၁၉၇၄)ရေးဆွဲရန် ဗိုလ်ချုပ်ကြီးနေ၀င်း ကြိုးပမ်းခဲ့စဉ်တွင် ချင်းလူငယ်များက ဖက်ဒရယ်အခြေခံဥပဒေအတွက် အကြံပေးစာတမ်းကို ၁၉၆၉ခုနှစ်တွင် ရေးသားပေးပို့ခဲ့သေးသည် (ထိုလူငယ်အများစု အဖမ်းခံခဲ့ရသေးသည်)။ အဆိုပါစာတမ်းသည် အများအားဖြင့် တိုင်းရင်းသားများက အစဉ်တစ်စိုက်တင်ပြလာခဲ့သောအချက်များဖြစ်ကြပြီး အခြားထူးခြားသည့်အချက်များကမူ

 ပြည်နယ်တိုင်း (စစ်ရေးနှင့် နိုင်ငံရေးမှအပ) နိုင်ငံခြားနှင့် ဆက်သွယ်စာချုပ်နိုင်ခွင့်[အပိုဒ်-၂၅]  ကြည်းတပ်တွင် ပြည်နယ်လူမျိုးများလိုက် အနည်းဆုံး တပ်မဟာတစ်ခုစီပါဝင်သော ပြည်ထောင်စု ကာကွယ်ရေး ကြည်းတပ် ဖွဲ့စည်းရေး [အပိုဒ် ၂၀]  ပြည်နယ်တိုင်း မိမိတို့၏ သီးခြားပြည်နယ်အလံနှင့် တံဆိပ်များသုံးစွဲခွင့် [အပိုဒ် ၄၃]…ဖြစ်ပါသည်။

န.၀.တ/န.အ.ဖ ခေတ်(သို့) ညောင်နှပင်ညီလာခံနှင့်အပြိုင်…

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမှုမရှိသည့် စစ်အစိုးရက ၁၉၉၄ခုနှစ်မှစ၍ အခြေခံဥပဒေရေးဆွဲမှုကို တစ်ဖက်သက်လုပ်ဆောင်လာခဲ့သည်။ ၎င်းဖြစ်စဉ်တွင် တိုင်းရင်းသားအနိုင်ရပါတီ တစ်ချို့ နှင့် KIA တို့က တစိက်တပိုင်းပါဝင်ခဲ့သော်လည်း ထဲထဲဝင်ဝင်ဝင်ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပေ။ ယင်းအစား တိုင်းရင်းသားအင်အားစုများသည် သီးခြားစုစည်းလျက် သူတို့လိုချင်သော “အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ”နှင့် “ပြည်နယ်အခြေခံဥပဒေ” များကို ညောင်နှပင်အမျိုးသားညီလာခံ ခြေ-ဥရေးဆွဲမှုဖြစ်စဉ်နှင့်အပြိုင် အသီးသီး ရေးဆွဲပြင်ဆင်ခဲ့ကြသည်။ FCDCC ခေါ် ဖက်ဒရယ်အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီမှ ရေးဆွဲခဲ့သည့် မူကြမ်းထဲက အဓိကအချက်များကိုဖော်ပြရလျှင်-
– ပြည်နယ်ကို အမျိုးသားပြည်နယ်နှင့် အမျိုးသားများပြည်နယ်ဖြင့်သတ်မှတ်၊ လက်ရှိပြည်နယ်များအပြင် ဗမာ အမျိုးသားပြည်နယ်၊ တနင်္သာရီနှင့် ဧရာဝတီအမျိုးသားများပြည်နယ်စသည်ဖြင့် သတ်မှတ်ရန်(ပုဒ်မ-၄၈/ခ)
– ပြည်နယ်အခြေခံဥပဒေများရှိရမယ်(ပုဒ်မ-၅၀)
– ပြည်နယ်မရှိသေးသော လူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အမျိုးသားနယ်မြေရှိရန်(ပုဒ်မ-၅၃/ခ)
– ပြည်နယ်သစ်ဖွဲ့စည်းခွင့်(ပုဒ်မ – ၅၅၊၅၆)
– ပြည်နယ်လုံခြုံရေးတပ်နှင့် ပြည်နယ်ရဲ(ပုဒ်မ-၅၄)
– ကျန်ရှိသောအာဏာ(Residual power) ပြည်နယ်မှာထား (ပုဒ်မ-၅၂)
– ဖက်ဒရယ်ပြည်ထောင်စုဥပဒေပြုအာဏာပေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး(ငွေဒဂါင်္း)၊ ဆက်သွယ်ရေး၊ ပညာရေး(ဘွဲ့လွန်၊ သိပ္ပံ၊ နည်းပညာ)၊ ကျန်းမာရေး၊ တရားရေး၊ စက်မှုလုပ်ငန်း (ပုဒ်မ-၁၀၃)
– ထပ်တူပြုအာဏာ(Concurrent list)အတွက် (၁၆)ချက်ထားရှိ (ပုဒ်မ-၁၀၄)
– ပါလီမန်စနစ်၊ ၀န်ကြီးချုပ်ဦးဆောင်အစိုးရ စနစ်ကျင့်သုံးရန် (အောက်လွှတ်တော်မှ PMကို ရွေးချယ်ရမည်၊ အထက်လွှတ်တော်မပါ) (ပုဒ်မ-၁၁၄/ဃ)(၁၂၁)
– နိုင်ငံသားနှင့် ပြည်နယ်သားဟူ၍ (၂)မျိုးသတ်မှတ် (အမေရိကန်နှင့် ဆင်တူ) (ပုဒ်မ-၁၄၇)
– ရုံးသုံးဘာသာစကား၊ အင်္ဂလိပ်နှင့်ဗမာဘာသာကို ပြည်ထောင်စုမှာထား၊ ၎င်းအပြင် ပြည်နယ်အသီးသီးက လည်း ကိုယ့်အမျိုးသားဘာသာစကားကို ရုံးသုံးအဖြစ်သတ်မှတ်နိုင်(ပုဒ်မ ၁၈၃)
– ဌာနေတိုင်းရင်းသားများ မိရိုးဖလာမြေပိုင်ဆိုင်ခွင့် (ပုဒ်မ-၁၉၅)
– ခြေ-ဥပြင်ဆင်ခွင့် (နည်းလမ်း)၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်အားလုံး၏ သုံးပုံနှစ်ပုံထောက်ခံချက်ဖြင့် ပြင်ဆင်ရန်နှင့် တစ်ချို့ပုဒ်မများကို ပြည်သူ့ဆန္ဒခံယူပွဲပြုလုပ်ရန်(ပုဒ်မ-၂၀၃)။

ထို့ပြင် တိုင်းရင်းသားလူမျိုးများကောင်စီ(ENC)က ၂၀၀၅ခုနှစ်မှာ ချမှတ်ခဲ့သည့် အနာဂတ် ဖက်ဒရယ်ခြေ-ဥရေးဆွဲရာတွင် အခြေခံရမည့် “လမ်းညွန်အခြေခံမူများ” ဆိုသည့်စာတမ်းမှာလည်း ပြည်နယ်အခြေခံဥပဒေရှိရေး၊ ကြွန်းကျန်အာဏာပြည်နယ်ထံထားရှိရေး၊ Secular State ဖြစ်ရေး၊ ပြည်နယ်သစ်ဖွဲ့စည်းခွင့်ရှိရေး စသည့်အချက်များကို ထည့်သွင်းခဲ့သည်။ ပြည်နယ်အခြေခံဥပဒေများကိုလည်း မူကြမ်းအဖြစ် အသီးသီးရေးဆွဲပြုစုကြသည်။ NCA နှင့် ၂၁ရာစုပင်လုံဆွေးနွေးမှုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဦးသိန်းစိန်ခေတ်က (၁)ကြိမ်၊ ဒေါ်အောင်ဆန်းစုကြည်ခေတ်က (၃)ကြိမ်ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်ကိုလည်း အစိက်အပိုင်း(၁)တွင် ၃၇ချက်၊ အစိက်အပိုင်း (၂)တွင် ၁၄ချက်၊ စုစုပေါင်း (၅၁)ချက်ကို ချုပ်ဆိုထားနိုင်ခဲ့သည်။ ထိုအချက်များကို NCA စာချုပ် ပုဒ်မ ၂၀(စ)နှင့် ၂၂(ဃ)အရ ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေမှာ ထည့်သွင်းရန်တာဝန်ရှိသည်နှင့်အညီ လက်ရှိခြေ-ဥပြင်ဆင်ရေးကော်မတီက မဖြစ်မနေ လုပ်ဆောင်ရမည်။သို့သော် ၀မ်းသာစရာဆိုရမလား၊ ၀မ်းနည်းစရာဆိုရမလား၊ အဆိုပါ ၅၀ ကျော်သောအချက်ထဲမှ ၉၉.၉ ရာခိုင်နှုန်းသည် လက်ရှိအခြေခံဥပဒေတွင်ပါရှိပြီးသား (သို့) အထူးတလေထည့်သွင်းရန်မလိုအပ်သော မူပေါ်လစီအဆင့်နှင့် တိုက်တွန်းချက်များ ဖြစ်နေသည်။ ခြေ-ဥပြင်ဆင်ရေးတွင် အကျုံးဝင်သည်ဟု ပြောပလောက်သောအချက်များဆိုလျှင် နိုင်ငံရေးကဏ္ဍထဲက နိုင်ငံရေးနှင့် လူမျိုးရေးအရ တန်းတူအခွင့်အရေး ရရှိရေး ဆိုသည့်အချက်နှင့် ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး(၃၀) ရာခိုင်နှုန်းပါဝင်းရေး ဆိုသည့်အချက်၊ မြေယာကဏ္ဍထဲက နိုင်ငံသားများ မြေပိုင်ဆိုင်ခွင့် ဆိုသည့်အချက်တို့သာ ရှိပါသည်။
ထို့ပြင် ၂၁ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲတွင် လက်ရှိအချိန်အထိ ညှိနှိုင်းမရဖြစ်နေသေးသော တိုင်းရင်းသားအဖွဲ့များတင်ပြသည့်အချက်များလည်း တည့်သွင်းသင့်ပါသည် (စာအုပ်စာတမ်းများရှိပါသည်)။ ထိုအထဲတွင်အဓိကအချက်များကိုဖော်ပြရလျှင် နိုင်ငံတော်အမည်နာမကိစ္စ၊ တိုင်းရင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်နယ်အခြေခံဥပဒေရေးဆွဲခွင့်၊ ဗမာအခြေခံပြည်နယ်ဖွဲ့စည်းရေး၊ ပြည်ထောင်စု (ဖက်ဒရယ်)တပ်မတော်ကိစ္စ၊ ပြည်နယ်လုံခြုံရေးတပ်မတော်ကိစ္စ၊ သဘာဝသယံဇာတခွဲဝေရေး (ပြည်နယ်များက အများစု အကျိုးခံစားလို)၊ မိခင်ဘာသာစကားအခြေပြုပညာသင်ကြားရေးစနစ်၊ ရုံးသုံးဘာသာစကားကိစ္စ၊ ဘာသာရေးအခြေမခံသောနိုင်ငံတော်ဖြစ်ရေး၊ တိုင်းရင်းသားများ ရိုးရာဓလေ့ထုံးတမ်း အရ မြေပိုင်ဆိုင်မှု စသည်များတွေ့ရပါသည်။ ထို့ပြင် FPIC ခေါ်ဒေသခံပြည်သူများ ကြိုတင်သိရှိ၍ လွှတ်လပ်စွာဆုံးဖြတ်သော ဘာတူညီမှုရယူရန်ဆိုသည့်အချက်လည်း ရှိပါသည်။

NCA ပြင်ပ တိုင်းရင်းသားများ ဖက်ဒရယ်အခြေခံမူဆွေးနွေးမှု
၂၀၁၆ခုနှစ် KIA အခြေစိုက် မိုင်ဂျာယန်မြို့တွင် တိုင်းရင်းသားအင်အားစု(EAOs plus NBF & UNA) ညီလာခံတစ်ရပ်ကျင်းပခဲ့စဉ်က ဆုံးဖြတ်ခဲ့သည့်အတိုင်း အနာဂတ် ဖက်ဒရယ်အခြေခံဥပဒေအတွက် တိုင်းရင်းသားအားလုံးလက်ခံမည့် မူတစ်ရပ်ရေးဆွဲပြုစုနေဆဲဖြစ်ပါသည်။ လက်ရှိတွင် ဒုတိယမူကြမ်း အဆင့်သာရှိသေးပြီး ဆက်လက်၍အချိန်ယူဆောင်ရွက်သွားရန် ရှိသည်ဟုသိရသည်။ ယင်းစာတမ်း(မူကြမ်း) သည် အများအားဖြင့် အထက်တွင် ဖော်ပြသည့် တိုင်းရင်းသားခေါင်းဆောင်/အဖွဲ့ အစည်းများ၏ ပြုစုတင်ပြချက်များနှင့် ထပ်တူကျသည်ကို တွေ့ရပါသည်။ (မူကြမ်းသာဖြစ်ပြီး၊ အတွင်းထဲမှာဆွေးနွေးသည့် အဆင့်ဖြစ်၍ အသေးစိတ်မဖော်ပြတော့ခြေ)။
နိဂုံးချုပ်၊ သုံးသပ်ချက်
အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် တပ်မတော်က စိတ်ဆန္ဒနည်းပါးလွန်းနေသေးခြင်း၊ NLD အစိုးရအနေဖြင့် တိုင်းရင်းသားအရေး နားလည်ခံစားပေးနိုင်မှု နည်းနေသေးခြင်း၊ လွှတ်တော်တွင်း ခြေ-ဥပြင်ဆင်ရေးဖြစ်စဉ်တွင် တိုင်းရင်းသားပါတီအမတ်များ ပါဝင်မှုပမာဏ နည်းပါးလွန်းခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်နိုင်မှုမရှိခြင်းနှင့် အပြန်အလှန် ယုံကြည်မှုနိမ့်ကျလွန်းခြင်း… စသည်တို့ကြောင့် လက်ရှိ လွှတ်တော်တွင်းခြေ-ဥပြင်ဆင်ရေးဖြစ်စဉ်ကို တိုင်းရင်းသားများအနေဖြင့် ကြီးကြီးမားမားမထားရှိပေ။ သို့သော်လည်း အနည်းဆုံးအားဖြင့်-
– ပြည်နယ်များ မိမိဘာသာ ၀န်ကြီးချုပ်ရွေးချယ်ခန့်အပ်ခွင့်၊
– မိခင်တိုင်းရင်းသားဘာသာစကားအခြေခံ ပညာသင်ခြားရေးစနစ်၊
– ပြည်နယ်အသီးသီးက ဗမာ၊ အင်္ဂလိပ်ဘာသာစကားအပြင် ကိုယ့်ပြည်နယ်တွင် အမျိုးသားဘာသာစကား ကို ရုံးသုံးဘာသာစကား အဖြစ်သတ်မှတ်ခွင့် (အိန္ဒိယနိုင်ငံကဲ့သို့)၊
– သဘာဝသယံဇာ(စီမံခန့်ခွဲခွင့်နှင့်၊ အကျိုးမြတ်ခွဲဝေခွင့်)တွင် ပြည်နယ်က ဗဟိုထက်ပို၍အကျိုးခံစားခွင့်၊
– တိုင်းရင်းသားများ(ဓလေ့ထုံးတမ်းပိုင်)မြေပိုင်ဆိုင်ခွင့်၊
– FPIC ခေါ်ဒေသခံပြည်သူများ ကြိုတင်သိရှိ၍ လွှတ်လပ်စွာဆုံးဖြတ်သော ဘာတူညီမှုရယူခွင့်၊
– သာသနာရေးတန်းတူခွင့် (ပုဒ်မ ၃၆၁)ပြင်ဆင်ရေး။
– တပ်မတော်က လွှတ်တော်မှာ ၂၅ရာခိုင်နှုန်းနှင့် လုံ-နယ်ဝန်ကြီးဌာန ရယူထားသည်ကို ဖြတ်သိမ်းရေး၊
– ပြည်ထောင်စုဥပဒေပြုဇယား(၁)ထဲက အများစုကို ပြည်နယ်ဇယား(၂)သို့ လွှဲပြောင်းရေး၊
– နိုင်ငံရေးရာထူးနှင့် သံတမန်များခန့်အပ်ရာတွင် ဗမာမဟုတ်သော တိုင်းရင်းသားများထဲက အနည်းဆုံး (၄၀)ရာခိုင်နှုန်း ပါဝင်စေရေး … စသည့်အချက်များကို မဖြစ်မနေ လက်ခံထည့်သွင်းသင့်သည်။

ထို့ပြင် တိုင်းရင်းသားခေါင်းဆောင်များက လွတ်လပ်ရေးကာလကတည်းကနေ ယနေ့အထိ တစ်စိုက်မတ်မတ် လိုလားတောင်းဆိုခဲ့သော လူမျိုး/များအခြေခံပြည်နယ်ဖွဲ့စည်းရေး (ဗမာအခြေခံပြည်နယ်)၊ ဖက်ဒရယ် တပ်မတာ်(ပြည်နယ်လုံခြုံရေးတပ်မတော်)၊ ပြည်နယ်ရဲ၊ ကြွင်းကျန်အာဏာပြည်နယ်မှာထားရှိရေး၊ ပြည်နယ်အခြေခံဥပဒေ၊ ခွဲထွက်ခွင့်ကို တားမြစ်ခြင်းမရှိရေး၊ ပြည်နယ်အများစု သဘောတူညီချက်မရှိဘဲ ခြေ-ဥပြင်ဆင်ခွင့်မရှိစေရေး… စသည့် အချက်များကိုလည်း မဖြစ်မနေ ဆွေးနွေးရပေမည်။ ထိုအချက်များ (အများစု) ညှိနှိုင်းကျော်လွှား နိုင်မှသာလျှင် တိုင်းရင်းသားများလိုလားသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာမှာဖြစ်ပြီး ခိုင်မာသော ငြိမ်ချမ်းရေးလည်း တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button