ဆောင်းပါး

တစ်ဖက်ပဲ့ ဒင်္ဂါးပြားကိုပဲ လိုချင်နေရင် ဒုက္ခဝဲကယက်ကနေ လွတ်မြောက်နိုင်မယ်လို့ မထင်

တစ်ဖက်ပဲ့ ဒင်္ဂါးပြားကိုပဲ လိုချင်နေရင် ဒုက္ခဝဲကယက်ကနေ လွတ်မြောက်နိုင်မယ်လို့ မထင်

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၂ ရက်၊ ၂၀၂၁

James Madison ၏ ဖက်ဒရယ်လင့်ဇမ် နဲ့ ဒီမိုကရေစီ အဓိပ္ပါယ် ဖွင့်ဆိုချက်တခု ကောက်နုတ် အသုံးပြုထားသည်။

မြန်မာနိုင်ငံအတွက် ဖက်ဒရယ်နဲ့ ဒီမိုကရေစီဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်းဖြစ်တယ်လို့ ဥပမာပေး ပြောဆိုကြတဲ့သူတွေ ရှိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူအများစုက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အဖြစ် ထောက်ခံကြတယ်ဆိုရင် သူမဟာ ဒင်္ဂါးပြားရဲ့ပန်းဘက်အခြမ်းကိုသာ ဦးဆောင်နိုင်တဲ့သူဖြစ်ပြီး ဒင်္ဂါးပြားတစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့ခေါင်းဆောင် မဟုတ်သေးပါ။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို နိုင်ငံ့လူဦးရေရဲ့ရာခိုင်နှုန်း (၆၀)ကျော်ရှိတဲ့ ဗမာတိုင်းရင်းသားပြည်သူတွေ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား လိုလားလက်ခံခြင်း မရှိတရွေ့ကတော့ နယ်လ်ဆင်မန်ဒဲလားလို ဒေါ်အောင်ဆန်းစုကြည် မဖြစ်နိုင်သလို NLD ပါတီလည်း ANC ပါတီလို ဖြစ်လာနိုင်မယ်လို့ မထင်ပါ။

ဗမာအပါအဝင် တိုင်းရင်းသားပြည်သူတွေအားလုံးဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ခံခဲ့ရတာချင်းအတူတူပဲ ဆိုတဲ့အချက်က ငြင်းစရာမလိုတဲ့ အချက်ပါ။ လက်တစ်ဆုပ်စာ စစ်အာဏရှင်တွေကြောင့်လို့ ပြောချင်ပြော၊ ဘယ်သူ့ကြောင့်ဖြစ်တယ်လို့ပဲ ဆိုဆို၊ ဒါဟာ အာဏာရှင်လက်အောက်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အတူတူဆုံးရှုံးနေကြခြင်းသာ ဖြစ်ပါတယ်။

ပြဿနာအရင်းခံကို နားလည်စေချင်လို့ ရှင်းပြချင်တာ တစ်ခုရှိပါတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေဟာ ဒီမိုကရေစီအခွင့်အရေးအပြင် ပြည်နယ်တွေမှာ ရသင့်ရထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုလည်း ဆုံးရှုံးနစ်နာနေတဲ့အချက်ကို ပြည်သူအများစုနဲ့ တစ်ချို့နိုင်ငံရေးသမားတွေက ရှင်းရှင်းလင်းလင်း ခံစားနားလည်မှုရှိသေးပုံ မပေါ်ပါ။

တကယ်လို့ National League for Democracy – NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေက ဖက်ဒရယ်စနစ်ကို လက်ခံချင်ရင်တောင် ပွင့်ပွင့်လင်းလင်း ကျယ်ကျယ်ပြန့်ပြန့်၊ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လက်နှေးနေတာဟာ ဖက်ဒရယ်အရေးမှာ လူများစုဗမာပြည်သူ‌တွေရဲ့ ထောက်ခံမှုတွန်းအား လိုအပ်နေသေးလို့လည်း ဖြစ်နိုင်ပါတယ်။

(NLD)ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားပြည်သူတွေ ထောက်ခံခြင်းဟာ ဒီမိုကရေစီအတွက်ဖြစ်နေပြီး ဖက်ဒရယ်အတွက်ဆိုရင် ထင်သာမြင်သာဖြစ်ပြီး ယုံကြည်နိုင်လောက်တဲ့ အချက်အလက်တွေကို NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မပြနိုင်သေးဘူးလို့ ထင်ပါတယ်။ အဲဒါကြောင့် NLD ပါတီကို ပြည်သူအများစုက ထောက်ခံနေခြင်းဟာ ဒင်္ဂါးပြားရဲ့ဘက်တစ်ဖက် (ပန်း)ဘက်ကိုသာ ထောက်ခံနေတဲ့သ‌ဘော သက်ရောက်ပါတယ်။ ဒင်္ဂါးပြားရဲ့ ခေါင်းဘက်ခြမ်းမှာ ဖက်ဒရယ်အရေး ကျန်နေပါသေးတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ပြည်သူလူထုရဲ့ ထောက်ခံမှု ဘယ်လောက်ရရ လူဖြူလူမဲခွဲခြားအုပ်ချုပ်တဲ့စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ခေါင်းဆောင် နယ်လ်ဆင်မန်ဒဲလားနဲ့ တောင်အာဖရိက အမျိုးသားကွန်ဂရက်ပါတီ ANC လို မဖြစ်နိုင်တဲ့ အချက်နှစ်ချက်ကို စဉ်းစားမိပါတယ်။ တစ်ချို့က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ နယ်လ်ဆင်မန်ဒဲလား ဖြစ်လာမလားမျှော်လင့်ခဲ့သူတွေ ရှိခဲ့ကြလို့ နှိုင်းယှဉ်ကြည့် မိတာဖြစ်ပါတယ်။

ပထမတစ်ချက်က မြန်မာနိုင်ငံမှာ အစိုးရလုပ် အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်အစိုးရအဆက်ဆက်ကို ဦးဆောင်ခဲ့တဲ့သူတွေဟာ လူများစု ဗမာလူမျိုးတွေသာဖြစ်ပြီး ၎င်းတို့ရဲ့ ဖိနှိပ်အုပ်ချုပ်မှုစနစ်ကို တော်လှန်ဆန့်ကျင်ကြတဲ့ အုပ်ချုပ်ခံ ဗမာပြည်သူတွေက ဒီမိုကရေစီအခွင့်အရေးအတွက် တော်လှန်ဆန့်ကျင်ခြင်း အဓိပ္ပါယ်ပိုဆောင်ခဲ့ပါတယ်။ ဒီအချက်ဟာ အသားအရောင်ကိုအခြေခံခြင်း (သို့) လူမျိုးကိုအခြေခံခြင်းဖြင့် ခွဲခြားဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ မတူတဲ့ အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ဗမာလူမျိုးအချင်းချင်း စနစ်ကြောင့် ဖိနှိပ်နေကြခြင်းဖြစ်ပြီး အသားအရောင် (သို့) လူမျိုးအခြေခံတဲ့ ဖိနှိပ်မှု မဟုတ်ပါ။

နောက်တစ်ချက်က တောင်အာဖရိကမှာ အုပ်ချုပ်သူတွေက လူဖြူလူမျိုး လူနည်းစုတွေဖြစ်ပြီး ဖိနှိပ်အုပ်ချုပ်ခံလူမျိုးတွေက လူများစုလူမဲတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့ ဗမာလူမျိုးဟာ အုပ်ချုပ်သူဖြစ်ပြီး အုပ်ချုပ်သူတွေကို ဆန့်ကျင်ကြတဲ့ ဗမာပြည်သူတွေလည်း ဒီမိုကရေစီစနစ်ကို တောင်းဆိုပါတယ်။ ဒင်္ဂါးပြားရဲ့ ဘက်နှစ်ဖက်မှာရှိတဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်နှစ်ခုလုံးနဲ့ ဆန့်ကျင်ပြီး ဖိနှိပ်ခံနေရတဲ့ အုပ်ချုပ်ခံပြည်သူတွေဟာ တိုင်းရင်းသားလူနည်းစုတွေ ဖြစ်နေပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် လူများစုဖြစ်တဲ့ ဗမာတိုင်းရင်းသား ပြည်သူတွေနဲ့ ခေါင်းဆောင်တွေဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို အထစ်အငေါ့မရှိ လိုလိုလားလားထောက်ခံခြင်း၊ ခံစားနားလည်သဘောပေါက်ခြင်း အားကောင်းဖို့ လိုအပ်ပါတယ်။

တကယ်လို့ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရမယ်ဆိုရင် ဗမာတိုင်းရင်းသားပြည်သူတွေအတွက် ပြည်တွင်းနိုင်ငံရေးပဋိပက္ခတွေ ငြိမ်းချမ်းပြေလည်ကောင်း ပြေလည်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်မပါတဲ့ ပြဿနာဖြေရှင်းရေးမှာ တိုင်းရင်းသားပြည်သူတွေအတွက် ပြဿနာမီးငြိမ်းနိုင်မှာ မဟုတ်တဲ့အတွက် ဒီမိုကရေစီလည်း ကြာကြာရှင်သန်နိုင်မယ်လို့ မထင်ပါ။ ဖက်ဒရယ်နဲ့ဒီမိုကရေစီနှစ်ခုစလုံးကို ဗမာပြည်သူတွေအပါအဝင် တိုင်းရင်းသားပြည်သူအားလုံး ပြိုင်တူထောက်ခံမှသာလျှင် ပြည်သူတွေရဲ့ဘဝ မြန်မြန်ငြိမ်းချမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

တကယ်လို့ ဒင်္ဂါးပြားဟာ တစ်ဖက်ပဲ့နေဦးမယ်ဆိုရင် ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ ဘယ်ပါတီပဲတက်တက် ပြည်သူတွေရဲ့ ၎င်းတို့အပေါ် ယုံကြည်ထေက်ခံမှု‌တွေဟာ အဟောသိကံ ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်တွေ သက်ဆိုးရှည်နေဦးမှာဖြစ်ပြီး ပြည်သူတွေလည်း စနစ်ဆိုးရဲ့ ဒုက္ခဝဲကယက်တွေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါ။

တိုင်းရင်း မီဒီယာ Kachinwaves ၏ အတွေးအမြင် ဆောင်းပါး ကိုးကားတင်ဆက်သည်။

Related Articles

Back to top button