ဂျိုကာ ဖဲတွေ ထည့်ကစားမခံရတဲ့အခါ
ဒေါသ တလှည့် မောဟတလှည့်
ပရိတ်သတ်တွေက ခေါင်းရမ်းနေကြ ပြီ . . .။
ငါ သဘောထူနေတဲ့ အများသဘောတူ
ဒီမိုကရေစီခေတ် ပေါ့လေ
အိမ်မှာ ကျောင်းမှာ ဘာသာရေးအသိုက်အမြုံမှာ
ပြီးတော့ ငြိမ်းချမ်းရေးပွဲတော်တွေမှာ. . . ။
ဦးသန့်မလိုဖူးး ဗိုလ်အောင်ဆန်းမလိုဘူး
တွေးခေါ်တတ်ခြင်းတွေမလိုဘူး
အနောက်အုပ်စုတွေ မလိုဘူး
ဖယ်ဒရယ် မလိုဘူး . . .။
မလိုဘူး . . . မလိုဘူး . . . မလိုဘူး . . .
မလိုဖူးလို့ သစ္စာအဓိဋ္ဌာန် လို အော်ရတော့
လိုနေမှန်းလည်းမသိဘူး . . .။
ကိုယ့်ဘာသာ ကမ္ဘာကျော်လို့ ထင်နေတဲ့
စကားလုံးထုတ်ကုန်မှာ ငါတို့ကြီးပြင်းရတယ်
မှန်နန်းရာဇဝင်ကို ဇာတ်ညွှန်းခွဲထားတဲ့နိုင်ငံ
စစ်တပ်ကခဏခဏကယ်တင်ပေးနေတဲ့တိုင်းပြည်. . . ။
ငါတို့လူဖြစ်လာတယ်
ငါတို့ပဲ ရောင့်ရဲ တတ် လာတယ် . . .။
ကော်ဖီခွက်တွေထဲ မုန်တိုင်းထန်ရင်း
အယူဝါဒ အပိုင်းအစတွေ တစ်စစီလိုက်ကောက်
ကမ္ဘာ ကိုသိဖို့ ဖန်တီးမှုတွေမှာ ငါတို့ပျော်တယ် . . . ။
မလိုတဲ့ဖဲချပ်တွေကို ပစ် ရင်း
တက် ဖဲတွေအပေါ် မျှော် လင့်ကြတယ်
ဒီကစားနည်းမှာ အချိန်ကိုက်
အဆုံးသတ်တတ်ဖို့တော့ လိုတယ်။
ပြောရ ရင် ဒီနှစ် နွေ ဟာ
နည်းနည်းတော့ ပိုပူတယ်။
ပန်စိုင်းလူ