တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                               (No. 55, July 29, 2022)

၁။ ဝူယန် ပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရမှုတွင် ပြည်သူ့စစ် ၆ ဦးသေ၊ အယောက် ၂၀ ကျော် ထိခိုက်
July 28, 2022
ဝိုင်းမော်မြို့ စစ်ကောင်စီအောက် ဝူယန်ပြည်သူ့စစ်စခန်း ယနေ့ နံနက် တိုက်ခိုက်ခံရမှုတွင် ၆ ဦး သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်ခဲ့သည်ဟု ရှေ့တန်း KIA သတင်းများထံမှ သိရသည်။ ကချင်လွတ်လပ်ရေးတပ်တော် KIA နှင့် PDF တို့မှ စခန်းအတွင်းအထိ ဝင်ရောက်ရှင်းလင်းနိုင်ခဲ့သည်ဟု ရှေ့တန်း KIA တာဝန်ရှိသူတစ်ဦးက KNG ကို ယခုလိုဆိုသည်။ “စခန်းအတွင်းမှာ အလောင်းက ၆ လောင်းတွေ့ရတယ်။ မသေဘဲ ထိခိုက်ဒဏ်ရာရတဲ့သူ ၂၀ လောက်ရှိမယ်။ အဲ့ဒဏ်ရာရတဲ့ သူတွေကိုလည်း ဒီမနက်အစောကြီး မြစ်ကြီးနား စစ်ဆေးရုံဘက်ကို ပို့လိုက်ပြီ။ ကျနော်တို့က သူတို့ရဲ့ ပြည်သူ့စစ်ဂိတ် အတွင်းထိကို ဝင်ရောက်စီးနင်းနိုင်ခဲ့တာဟုတ်တယ်။ စခန်းတောင် မီးရှို့ပေးလိုက်ဖို့ ဒါပေမယ့် ရွာအလယ်မှာဖြစ်နေတဲ့ မရှို့ဘဲ ပြန်ခေါက်သွားခဲ့ကြတယ်” ဟု ပြောဆိုသည်။ ပြည်သူ့ စစ်တပ်စခန်းတွင် ၁ နာရီခန့်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လက်နက်ပစ္စည်းတစ်ချို့ကိုလည်း သိမ်းယူနိုင်ခဲ့ပြီး ထွက်ခွာသွားကြသည်ဟု သူဆက်ဆိုသည်။

ယနေ့ နံနက် တိုက်ပွဲနှင့်ပတ်သက်ပြီး ဝူယာန်ပြည်သူ့စစ်တပ်စခန်းအနီးတွင်ရှိသော ဒေသခံတစ်ဦးက ယခုလို ဆက် ပြောဆိုသည်။ “စခန်းအတွင်းမှာရှိ သလောက်က သေမယ်။ မသေရင်တောင် ဒဏ်ရာရမယ်။ တစ်ချို့ကတော့ လက်နက်သံ ကြားတာနဲ့ ထွက်ပြေးသွားတာရှိလိမ့်မယ်။ ဘာလို့လဲဆိုတော့ KIA က စခန်းအတွင်းဘက်ကို ဝင်ပစ်ပေးတာလေ။ ပြီးရင်အထဲ ပြန်ဝင်တယ်။ နောက်ပြည်သူ့စစ်တပ်စခန်းထဲက အော်သံတွေလည်းကြားရတယ်။ ပြည်သူ့စစ် ခြံတံခါးတွေလည်း ဖျက်စီးပေး သွားတယ်” ဟု ပြောဆိုသည်။ ဝူယာန် ပြည်သူ့စစ်တပ်စခန်းသည် ကားလမ်းမဘေး နံနက်စျေးအထက် အုပ်ချုပ်ရေးရုံးဖြင့် ကပ်ယက်တွင် ဆောက်လုပ်ထားပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်သား စုစုပေါင်း ၄၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိ သည်ဟု သိရသည်။ အဆိုပါစခန်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၄ ရက်အကြာ KIA မှ စတင်ပစ် ခတ်ခဲ့သည်။ သို့သော်လည်း ယနေ့ အထိ ဆက်ရှိနေကာ ခရီးသွားများကို ငွေကြေးကောက်ခံမှု၊ စစ်ဆေးမှုများ ပြုလုပ်နေသော စခန်းဖြစ်သည်။ https://burmese.kachinnews.com/2022/07/28/july28-yl1/

၂။ စစ်ကောင်စီမှ နိုင်ငံရေးအမြင်မတူညီသည့် ပုဂ္ဂိုလ် (၄) ဦးအား သေဒဏ်စီရင်ဆောင်ရွှက်လိုက်ခြင်းအပေါ် ညီနောင် မဟာမိတ်(၃)ဖွဲ့ထုတ်ပြန်
July 28, 2022
စစ်ကောင်စီမှ နိုင်ငံရေးအမြင်မတူညီသည့် ပုဂ္ဂိုလ်(၄) ဦးအား သေဒဏ်စီရင်ဆောင်ရွက်ခြင်းအပေါ် ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့် (MNDAA)နှင့် တအာင်း/ပလောင်(TNLA) တို့က ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ် ပြန်သည်။ ထိုသို့သေဒဏ်စီရင်လိုက်ခြင်းမှာ လက်ရှိကမ္ဘာ့နိုင်ငံရေး၏ စံထားချက်များနှင့် ဆန့်ကျင်နေသလို ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေငြာစာတမ်း အပြည်ပြည်ဆိုင်ရာ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးကွန်ဗင်းရှင်းများကို ဆိုးရွား စွာချိုးဖောက်နေကြောင်း ထုတ်ပြန်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အာဆီယံနိုင်ငံ ဂျာကာတာထိပ်သီး အစည်းအဝေးမှ သဘောတူဆုံးဖြတ်ထားသော မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက်(၅)ရပ်အပါအဝင် မြန်မာ့အရေးကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းမည့် လမ်းစဉ်များနှင့်လည်း လုံးဝဆန့်ကျင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ဝါရင့် နိုင်ငံရေးသမား ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုလှမျိုးအောင်(ခ)ကိုမျိုး၊ ကိုအောင်သူရဇော်တို့ကို ဇူလိုင်လ ၂၄ ရက်နေ့တွင် သေဒဏ်စီရင်လိုက်သည်။ ထိုသို့ သေဒဏ်စီရင်ခြင်းမှာ စစ်ကောင်စီမှအဆိုပြုထားသော အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလမ်းစဉ်နှင့်လည်း လုံးဝဆန့်ကျင်နေသောကြောင့် မိမိတို့အနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယုတ္တိမရှိသော ပြစ်မှုဖြင့် နိုင်ငံရေးအမြင်မတူသော ပုဂ္ဂိုလ်များအား သေဒဏ်စီရင်ခြင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသစိတ်နှင့် ပြည်တွင်းစစ်များကို ပိုမိုပြင်းထန်စေမည်ဖြစ်ပြီး ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာ အားလုံးကို စစ်ကောင်စီမှ တာဝန်ယူရမည်ဟု၍လည်း ထုတ်ပြန်ထားသည်။

၃။ PNO စစ်သင်တန်း အသုံးစရိတ်အတွက် ပအိုဝ်းဒေသခံများထံမှ ငွေကြေး ထပ်မံကောက်ခံမည်ဟု အကြောင်းကြား
July 28, 2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသများတွင် ပြုလုပ်နေသည့် PNO စစ်သင်တန်းအတွက် ဒေသခံများထံမှ အသုံး စရိတ်ငွေကြေး ထပ်မံကောက်ခံမည်ဟု အကြောင်းကြားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ က ပအိုဝ်းဒေသများရှိ ကျေးရွာများတွင် တစ်အိမ်လျှင် ငွေကျပ် ၃၅,၀၀၀ နှင့် ဆန် ၁ ပြည်ကို PNO က ကောက်ခံခဲ့ ပြီးနောက် ယခု ဒုတိယအကြိမ် ငွေကြေး ထပ်မံကောက်ခံမည်ဟု အကြောင်းကြား ထားကြောင်း ဟိုပုံးမြို့နေ ဒေသခံကပြောသည်။ “သူတို့ (PNO) နောက်တစ်ကြိမ် ငွေထပ်ကောက်မယ်လို့ အကြေားကြားလာတယ်။ ဘယ်လောက် ကောက်မယ်၊ ဘယ်အချိန် ကောက် မယ်ဆိုတာတော့ အတိကျ မသိရသေးဘူး။ အခု ကောက်တာက နှစ်ကြိမ်မြောက်ပေါ့။ အဓိက ကတော့ စစ်သုံး စရိတ်ပဲ ဖြစ်မှာ ပေါ့” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) သည် ဇူလိုင် ၅ ရက် က စပြီး ကျေးရွာများ လုံခြုံရေး အတွက်ဟု ဆိုကာ ပအိုဝ်းဒေသရှိကျေးရွာ တစ်အုပ်စုလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း လူ ၅ ဦး ခေါ်ယူ၍ စစ်သင်တန်းပေးနေခြင်း ဖြစ်ပြီး အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်များရှိ ပအိုဝ်းကျေးရွာ များတွင်လည်း ဒုတိယအကြိမ် ငွေကြေးထပ်မံကောက်ခံ မည်ဖြစ်ပြီး ကျေးရွာနေ ပအိုဝ်းတိုင်းရင်းသားအများစု ငွေကြေးခက်ခဲမှုရှိနေသောကြောင့် အဆင်မပြေမှုများရှိကြောင်း ဟိုပုံး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဆီဆိုင်၊ ပင်လောင်း ဘက်တွေလည်း အတူတူပဲ။ သူတို့ဘက်တွေလည်း ကောက်ခံ မယ်လို့ အသိတွေက ပြောလာတယ်။ သူတို့လည်း ဒီကာလကြီးမှာ အဆင်မပြေဘူးတဲ့။ အစစအရာရာ အဆင် မပြေတဲ့ကြားထဲ အခုလိုငွေကြေး ထပ်ကောက်မယ်ကြားတော့ သူတို့လည်းငြီးနေကြတာပေါ့”ဟု ၎င်းကဆိုသည်။ ဦးအောင်ခမ်းထီ ဦးဆောင် သော ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) သည် ၁၉၉၁ ခုနှစ်တွင် စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး အထူးဒေသ (၆) အဖြစ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိကာ ၂၀၁၁ ခုနှစ်တွင် ပအိုဝ်း အမျိုးသား တပ်မတော် (PNA) ကို စစ်တပ် လက်အောက်ခံပြည်သူ့စစ် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ PNO သည် အာဏာသိမ်း စစ်တပ်၏ ခိုင်းစေချက်အတိုင်း လိုက်လံ ဆောင်ရွက်နေပြီး ဒေသတွင်း ပြည်သူများ အပေါ် ဖိနှိပ်နေကြောင်း ဝေဖန်မှုများ ရှိနေသည်။

၄။ သေဒဏ်ချခံရသူတွေအတွက် ကန်ပက်လက် CDF က စစ်ဆင်ရေးအနေနဲ့ စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ် ဘက်မှ ၄ ဦး သေ
July 28, 2022
ကန်ပက်လက် CDF အနေနဲ့ စစ်ကောင်စီက မတရား ကြိုးပေးကွပ်မျက်ခဲ့တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော် နဲ့ ကိုလှမျိုးအောင်တို့အတွက် တရားမျှတမှု ပြန်လည်ရယူဖို့ မနေ့ နေ့လယ်က စစ်ဆင်ရေး ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ပါတယ်။ စစ်ကြောင်း ၃ ခုခွဲပြီး ကန်ပက်လက်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးရုံးနဲ့ မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရာ ရဲ ၂ ဦး၊ စစ်သား ၂ ဦး သေဆုံးပြီး စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF က မနေ့ညနေ ၅ နာရီခွဲကျော်မှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်က အခုလို မတရားကြိုးမိန့်ပေးတာအပါအဝင် စစ်ရာဇဝတ်မှုကို ဆက်လက် လုပ်ဆောင်နေရင် ကန်ပက်လက် CDF အနေနဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD), CJDC တို့ရဲ့ လမ်းညွှန်ချက်ကို လိုက်နာပြီး မြို့တွင်း စစ်ဆင်ရေးတွေ အရှိန်မြှင့်တင်‌ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

၅။ ပျောက်ဆုံးနေသော မိုးဗြဲဒေသခံ စစ်ကောင်စီ ပစ်သတ်
July 29, 2022
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးသည် ကရင်နီပြည် လွိုင်ကော် ပြည်သူ့ဆေးရုံတွင် ဆေးခန်း သွားပြရာ အပြန်လမ်း၌ စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး ပစ်သတ်ခံရကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်တွင် မိုးဗြဲဒေသခံ အမျိုးသား ခွန်လေးသည် လွိုင်ကော် ပြည်သူ့ဆေးရုံ သွားပြပြီး နောင်ယား ကန်အရောက် စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး သေဆုံးသွားကြောင်း သိရသည်။ “သေဆုံးသွားပြီဆိုတာ ဟုတ်ပါတယ်။ သူ့မိသားစုဝင် တွေဆီ ကနေတော့ သတင်းပေးလာပါတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ ရုပ်အလောင်းကို စစ်ကောင်စီ ဘက်က ပြန်ယူဆောင် သွားကြောင်း သိရသည်။

“ရုပ်အလောင်းကတော့ ပြန်ရလာတယ်လို့တော့ပြောတယ်။ ဒါမဲ့ ကျနော်တို့တော့ အသေချာမသိ ရဘူး။ အဲ့နေ့က စစ်ကောင်စီတွေပဲ သူတို့ ရုပ်အလောင်းကို ပြန်ယူသွားတယ်လို့ကြားတယ်။ သူ့မိသားစုဝင် တော့ စိတ်မကောင်းဖြစ်နေတယ်” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါ ပျောက်ဆုံး နေသည့် အမျိုးသားသည် တကယ်သေဆုံးသွားမှုရှိ၊ မရှိကို သျှမ်းသံတော်ဆင့်မှ အတည်မပြုနိုင်သေးပေ။ သို့သော် ဒေသခံများ သတင်းပေးပို့ချက်အရ သေဆုံးသွားကြောင်း သိရ သည်။ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း ပြည်သူ (၂၁၃၃) ဦး သတ်ဖြတ်ခံခဲ့ရပြီး (၁၁၈၁၅) ဦး ဖမ်းဆီး ခံရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများကို ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ယမန်နေ့ ဇူလိုင် (၂၈) ရက်တွင် ထုတ်ပြန်ထားသည်။ https://burmese.shannews.org/archives/29483

၆။ ဥကရစ်ထတိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ဒေသတွင်းကျေးရွာသားများ အခက်တွေ့နေ
July 28, 2022
မြ၀တီမြို့တောင်ဘက် ဖလူး-ဝေါလေလမ်းပိုင်းတွင် ပြီးခဲ့သည့် ဇွန်လမှ ယခု အချိန်ထိ ဥကရစ်ထ စစ်ကောင်စီစခန်း အနီးတစ်ဝိုက်နှင့် ကဆောဝါးလေး ၃ ထပ် ကွေ့နေရာများတွင် စစ်ကောင်စီစစ်ကြောင်းများ နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲ များ မကြာခဏဖြစ်ပွားနေသည့်အတွက် ဒေသတွင်းလမ်းပန်းဆက်သွယ် ရေးပြတ်တောက်ပြီး ဒေသတွင်းကျေးရွာများမှ ဒေသခံ များမှာ စားသောက်စရာပြတ်တောက်မည့်အရေး ကြုံနေကြရကြောင်းသိရသည်။ “တိုက်ပွဲတွေက တောင်ပေါ်လမ်း ၃ ထပ်ကွေ့ မှာလည်း ဖြစ်နေတယ်၊ ဝေါလေ ဥကရစ်ထ၊ ရွှေအေးမြိုင်ဘက်မှာလည်း ဖြစ်နေတယ်ဆိုတော့ နှစ်ဘက်စလုံးသွားလာမရဖြစ်နေ တာ တစ်လကျော်ရှိလာပြီ၊ ကိုယ်စိုက်ခင်းဘက်လည်းအပင်တွေ ဘယ်လိုဖြစ်နေလဲ ဆိုတာလဲသွားမကြည့်ရဲကြဘူး။ အခုက စစ် ကောင်စီတပ်တွေက အင်အားဖြည့်ပြီး တောင်ယာလမ်းတွေလည်း စစ်ကြောင်းကပတ်သွားလိုက်၊ ဖြတ်သွားလိုက်လုပ်နေတော့ လုံခြုံမှုမရှိဘူး၊ ကိုယ့်မှာရှိတာ ချွေတာစားသောက်ပြီးနေနေရတယ်”ဟု ကျောက်ခက်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂၆ ရက် မှ ၂၈ ရက်နေ့အတွင်း ဥကရစ်ထ စစ်ကောင်စီစခန်းအနီး ရွှေအေးမြိုင် ကျေးရွာ ဘက်တွင် ဗိုလ်စလုံး ဦးဆောင်သည့် ကော်သူးလေတပ်မတော် စစ်ကြောင်းနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားနေသလို၊ ဖလူး-ကဆောဝါးလေး-၃ထပ်ကွေ့ နေရာဘက်တွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်း နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ KNLA ပူးပေါင်းတပ်ဖွဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ခုက ”ဥကရစ်ထ၊ ရွှေအေးမြိုင်ဘက်မှာလည်း အသစ်ဖွဲ့ထားတဲ့ ကော်သူးလေအာမီနဲ့ တိုက်ပွဲဖြစ်နေတယ်၊ သူတို့ စစ်ကောင် စီတပ်က မြ၀တီဘက်ကနေ ဖလူး-လေးကေကော်ဘက်ကို ခဲယမ်းတွေ၊ လက်နက်ကြီး အမြှောက်တွေ၊ သံချပ်ကာကားတွေ၊ BGF နဲ့ စစ်သား တွေ အင်အားဖြည့် ပို့နေတယ်လို့တော့ သတင်းကြားနေရတာရှိတော့ လုံခြုံရေးကတော့မပြတ်စောင့်ကြည့်နေရတယ်” ဟု ပြောပါတယ်။ အဆိုပါ ဖလူး-ဝေါလေ တောင်ပေါ်လမ်း ပိုင်းအား ဒေသခံများသွားလာခွင့် ပိတ်ထားသည့် အခြေအနေကြောင့် ကဆောဝါးလေး၊ သရက်တစ်ပင်၊ ကျွန်း ခုနှစ်ပင်၊ သဲဖြူချောင်း၊ ဘလယ်ဒို၊ သေ့ဘောဘိုး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ တောင်နီ၊ ဒေသခံကျေးရွာများနှင့် ဥကရစ်ထ၊ ရွှေအေးမြိုင်၊ တနောထ၊ စုကလိ၊ ဒေသကျေးရွာ သားများ သွားလာရေး ခက်ခဲလာနေ၍ စားသောက်စရာရိက္ခာ ချွေတာ စားသောက် နေထိုင်နေကြရကြောင်းဒေသခံများက ပြောသည်။

၇။ မတူပီမြို့နယ် ဇိုတုန်နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပြီး ပြည်သူအယောက် ၃၀ ခန့် ဖမ်းဆီးချုပ်နှောင်ခံရ
July 29, 2022
စစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၂၀ ရက်နေ့မှစတင်ကာ မတူပီမြို့နယ်ဇိုတုန်နယ်မြေမှာ စစ်ကြောင်းထိုးဝင်ရောက်ကာ ရမ်စီးကျေးရွာရှိ နေအိမ်တွေကိုဝင်‌ရောက်ဖောက်ထွင်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ် စားသောက် ခဲ့ပြီး အပြစ်မဲ့ပြည်သူအ‌ယောက် ၃၀ ခန့်ကိုလည်း ဖမ်းဆီးချုပ်နှောင်ထားကာ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ Chinland Defense Force-Zotung သတင်းနှင့်ပြန်ကြားရေးဌာနက ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၂၈ ရက်နေ့မှာ ဇိုတုန်နယ်မြေအတွင်းစစ်ကောင်စီတပ်များ ဒုတိယစစ်ကြာင်းဖြင့်ဝင်ရောက်လာကာ 1. Rangcci 2. Zungnah 3. Sihangthawng 4. Dawccung 5. Zodaedin ကျေးရွာများက ပြည်သူများဟာ မိမိတို့အသက်ဘေးမှ လွတ်ရန် တောထဲပြေးလွှားပုန်းခိုသူများရှိသလို နီးစပ်ရာဖက်ကိုတိမ်းရှောင်ထွက်ပြေးနေကြရပါတယ်လို့ CDF-Zotung ကသတင်းထုတ် ပြန်ထားပါတယ်။

စစ်ဘေးရှောင် ရမ်စီးကျေးရွာ ရပ်မိရပ်ဖတစ်ဦးက Zotung IDP Committee နဲ့ဆက်သွယ်ပြောကြားချက်အရ ”အစား အသောက်နဲ့ခြင်ထောင် အလွန်လိုအပ်လျှက်ရှိနေပါတယ် စားဆီတွေလုံးဝ ပြက်လပ်နေပြီ ဆန်ဆိုလည်း တစ်ပတ်စာပဲရှိတော့ တယ် တစ်ပတ်ပြီးတာနဲ့ ဆန်လည်းလုံးဝ ပြက်လပ်မဲ့အခြေနေပါ ဖုန်းလိုင်းက မကောင်းတဲ့ခါကျတော့ တချို့သော ထွက်ပြေး တိမ်ရှောင်နေတဲ့မိသားစုတွေ ခုထိအဆက်အသွယ်မရတာတွေလည်းရှိတယ်”ဟု ပြောထားပါတယ်။ စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်မှာ ရမ်စီးကျေးရွာမှာ ရှိနေကြတဲ့အတွက် အများပြည်သူများအနေနဲ့ ရေဇွာမြို့နှင့်ဂန့်ဂေါမြို့အကြားဖြတ်သန်းသွား လာခြင်းမပြုကြပါရန်အသိပေးထုတ်ပြန်အပ်ပါတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

၈။ ဖားကန့် YTT လုပ်ကွက်တွင် ကုမ္ပဏီ ကျောက်မိုင်းခွဲရာမှ ကျောက်ခဲစင်၍ ရေမဆေးသမားတစ်ဦး ထိမှန်သေဆုံး
29 July 2022
ကချင်ပြည်နယ် ဖားကန်မြို့နယ် မနကျေးရွာမှော် YTT ကျောက်စိမ်းလုပ်ကွက်နေရာတွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုက ကျောက်မိုင်းခွဲရာမှ ကျောက်ခဲစင်၍ ရေမဆေး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရ သည်။ ဇူလိုင် ၂၈ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် YTT လုပ်ကွက်၌ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုက ကျောက် မိုင်း ခွဲရာ ကျောက်ခဲစင်၍ လုပ်ကွက်အနီး ရေမဆေးကျောက်ရှာနေသူ ဦးကျော်ဆန်းနိုင် အသက် (၄၆) ကို ခဲထိမှန်ခဲ့ရာ နေတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ “ရတနာတောင်တန်း (YTT) လုပ်ကွက်မှာ ဟုတ်တယ်။ အခုက ရေမဆေးကော ကုမ္ပဏီတွေကော ညဘက်ပဲ တူးကြတာဆိုတော့ အဲ့မှာကုမ္ပဏီ တစ်ခုက ကျောက်မိုင်းခွဲတာခဲစင်ပြီး ရေမဆေးတစ်ယောက် ဦးခေါင်မှန်ပြီးပွဲ ချင်းပြီးပဲသေသွားတာ”ဟု ဖြစ်စဉ် သိသူအမျိုးသား တစ်ဦး ကပြောသည်။

သေဆုံးသွားသည့် အမျိုးသားသည် ဆန်းကြွယ်ကျေးရွာ ရပ်ကွက်(၃) တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ “ကုမ္ပဏီ ခွဲတဲ့ ကျောက်ခဲမှန်တာဆိုတော့ ကုမ္ပဏီက ဘယ်လိုဆောင်ရွက်ပေးမလဲ တော့မသိရ သေးဘူး အလောင်းကတော့ ဒီနေ့သဂြိုလ် မှာပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။ ရတနာတောင်တန်း (YTT) လုပ်ကွက်တွင် ယခင်က YTT ကုမ္ပဏီတစ်ခု တည်းကသာ ဝင်ရောက်လုပ်ကိုင်လျှက်ရှိပြီး လက်ရှိတွင် ကုမ္ပပေါင်းစုံ ဝင်ရောက်လုပ်ကိုင်နေသည်ဟု သိရသည်။ ဖားကန့်မြို့နယ်တွင် ဇူလိုင် ၂၇ ရက်နေ့ကလည်း ဆိုင်းတောင်ကျေးရွာ အနောက်ဘက် ဆိပ်မူနှင့် မိုးကာကျေးရွာကြား မြေစာပုံပြိုကျ၍ ရေဆေးရှာ နေသည့် အမျိုးသားနှစ်ဦး ဦးဒီးတန် ၃၃ နှစ်နဲ့ ကိုနော်နော် ၃၀ နှစ်တို့ မြေစာပိ၍ သေဆုံးခဲ့သည်။ https://burmese.kach innews.com/2022/07/29/july29-az1/

၉။ ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြောက်ကျားတိုက်ခံရသောကြောင့် ၂ ဦးသေပြီး တစ်ဦး ဒဏ်ရာရ
July 29, 2022
ဒီးမော့ဆို မြို့မရဲစခန်းအနီးတွင် ခြေကျင်ဖြင့် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျားတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ မြို့မရဲစခန်းမှ မြို့မဈေးသို ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။ “အရင်နေ့တွေတုန်းက သူတို့က အဲ့ရဲစခန်းကနေ မထွက်ကြဘူး။ ဒါပေမဲ့ မနေ့ကတော့ သူတို့က ကင်းလှည့်ကြတယ်။ ၅ ယောက် ၅ ယောက်စီ ကင်းလှည့်ကြတာပေါ့နော်။ အဲ့မှာ ကျွန်တော်တို့လူတွေက လျှပ်တပြတ် ပြောက်ကျားတိုက်တယ်ပြောရမှာပေါ့နော်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အခြားနှစ်ဦးမှာမူ လွတ်မြောက်သွားကြောင်း သူကဆက်ပြောသည်။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ်နှင့် အလယ်ပိုင်းတိုင်း တပ်ရင်း ၁၀၀၆ တိုမှ ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကိုဂျင်မီနှင့် ကိုဇေယျာသော်အပါအဝင် ကြိုးပေးခံခဲ့ရသော လေးဦးအတွက် ရည်ရွယ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအတွင်း ပြည်သူနေအိမ်များတွင် စခန်းချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့သည်။ ကယာပြည်နယ် ဒီးမော့ဆိုမြို့ တွင် အာဏာသိမ်းပြီးနောက် ၂၀၂၀ခုနှစ် မေလမှစပြီး တိုက်ပွဲများကြောင့် ဒီးမော့ဆိုဒေသခံ လူဦးရေ သုံးထောင်ခန့် တောတောင် ထဲသို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

၁၀။ စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း နှစ်ရက်ဆက် တပ်အင်အားတိုးချ
29 July, 2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို ဇူလိုင် ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ စစ်ကောင်စီက တပ်အင်အား အလုံးအရင်းနဲ့ တိုးချလာနေတာကြောင့် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဒီနေ့မနက် ၁၀ နာရီက စတင်ပြီး အငူမော်ဆိပ်ကမ်းမှတဆင့် စစ်ကောင်စီ က စစ်သင်္ဘောဇက်ကမ်းထိုးရေယာဥ် ၂ စီးနဲ့ လက်နက်တွေအပါအဝင် အင်အားအလုံးအရင်း တိုးချနေတာလို့ အငူမော်ဒေသခံတဦးက ပြောပါတယ်။ “ဒီနေ့မနက် အငူမော် ဆိပ်ကမ်းမှာ စစ်ကောင်စီရဲ့ ဇက်စစ်သင်္ဘော ၂ စီးဆိုက်ကပ်ပြီး စစ်သားအင်အား ၃၀၀ လောက်ပါမယ်၊ လက်နက်ခဲယမ်းတွေ လည်း ပါတာတွေ့ရတယ်။ စစ်ကားအစီး ၂၀ ကျော်ရှိမယ် အခုတင်နေတယ်။” ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းကလည်း စစ်ကား ၁၀ စီးနဲ့ ဘူးသီးတောင်ကို အင်အားတိုးချခဲ့ကြပြီး မောင်တောမြို့ ၄ မိုင်ရှိ အမှတ်၂ နယ်ခြားစောင့်တပ်ရင်းကိုလည်း အင်းအား ၁၀၀ ကျော်လောက် တိုးချတာ တွေ့ရှိရတယ်လို့ ၄ မိုင်ရပ်ကွက် ဘူးသီးတောင် ဒေသခံတဦးက ပြောပါတယ်။

“စစ်ကားတွေနဲ့ လာတာရှိသလို အရပ်ဝတ်တွေနဲ့ အရပ်သားကားတွေငှားပြီး လာတာတွေလည်း ရှိတယ်။ မနေ့က နခခ ၂ ကိုလာတဲ့ အင်အား ၁၀၀ ကျော်က အရပ်ဝတ်တွေနဲ့ အရပ်သားကားနဲ့လာကြတာ။” ပြီးခဲ့တဲ့ မေ ၁၇ ရက် နေ့လယ်ကလည်း စစ်ကောင်စီက စစ်ကား ၁၇ စီးနဲ့ အငူမော်မှတဆင့် ဘူးသီးတောင်မြို့ကို လူအင်အား၊ လက်နက်၊ ရိက္ခာနဲ့ လောင်စာဆီတွေပါ အင်အားဖြည့်တင်းခဲ့ကြပြီး အခုတဖန် စစ်ကား ၁၀ စီးနဲ့ အင်အားဖြည့်တင်းလာတာလို့ ဆိုပါတယ်။ မျက်မြင်ဒေသခံအချို့ ကတော့ စစ်ကောင်စီတပ်အင်အား တလ ၅ ကြိမ်လောက် အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းနေတာရှိသလို လူအပြောင်းအလဲ လုပ်တာတွေလည်း ရှိတယ်လို့ ဆိုကြပါတယ်။ “တပ်အင်အားတွေက အလယ်သံကျော်က ကမ်းထိုးယာဥ်နဲ့ တဆင့် ရောက်လာ တာတွေလည်း ရှိတယ်။ အငူမော်ကနေ အရပ်သားအဝတ်တွေနဲ့ ကားငှားပြီး လာကြတာတွေလည်း ရှိတယ်” လို့ မျက်မြင် ဒေသခံတဦးက ပြောပါတယ်။ ဇူလိုင် ၁၅ ရက်နေ့က စစ်တွေမြို့မှာပြုလုပ်တဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ အစည်း အဝေးအတွင်း မောင်တောမြို့နယ် မြောက်ပိုင်းကို စစ်ဆင်ရေးတခုပြုလုပ်ဖို့ ညွှန်ကြားခဲ့ပြီးနောက် စစ်အင်အားတိုးချလာတဲ့ အတွက် မောင်တောမြောက်ပိုင်းမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

၁၁။ စစ်ကောင်စီနဲ့တွေ့ဆုံခဲ့တဲ့ ကျာဆောလမွန် ဦးဆောင်တဲ့ LDU အသစ် ကို လားဟူလူထုများအနေဖြင့် (လုံးဝ) လက်ခံ မှာ မဟုတ်ပဲ ရှုံ့ချဆန့်ကျင်တယ်လို့ လူငယ်အဖွဲ့က ထုတ်ပြန်
July 29, 2022
လားဟူလူထုရဲ့ ထောက်ခံမှုကိုမရထားတဲ့ ကျာဆောလမွန် ဦးဆောင်ဖွဲ့စည်းလိုက်တဲ့ LDU အသစ်ကို လားဟူ လူထု တွေအနေနဲ့ အနေဖြင့် (လုံးဝ )လက်ခံမှာ မဟုတ်ပဲရှုံ့ချဆန့်ကျင်တယ်ဆိုပြီး Lahu Youths For Federal Democracyအဖွဲ့က မနေ့ ဇူလိုင် ၂၈ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ထားပါတယ်။ အဆိုပါ ကျာဆောလမွန် ဦးဆောင်တဲ့ LDU အဖွဲ့အသစ်ဟာ လားဟူ ပြည်သူလူထုကို(လုံးဝ)ကိုယ်စားမပြုပဲ အကြမ်းဖက်စစ်ကောင်စီနှင့် သွားရောက်ဆွေးနွေးခဲ့ပြီး ၎င်းတို့ကြေညာချက်ပါ အတိုင်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စုကို ဘယ်နည်းနဲ့မှ အကောင်အထည် ဖော်နိုင်မည်မဟုတ်ဘူးလို့ ဆိုပါတယ်။ ကျာဆောလမွန် ဦးဆောင်တဲ့အဖွဲ့ဟာ လားဟူလူထုကိုကာကွယ်ရမည့်အစား မိမိတို့ကိုယ်ကျိုးသာ ရှာနေတာဖြစ်ပြီး လားဟူ လူထုအပေါ် ဘယ်အာဏာစက်မျှ မသက်ရောက်ပဲ သူဦးဆောင်တဲ့ အဖွဲ့အနေဖြင့် စိတ်ကူးယဉ်နေခြင်းသက်သက်ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒေသဖွံဖြိုးရေးလုပ်ဆောင်မည်ဆိုတဲ့ အချက်မှာလည်း ၎င်းတို့ ကိုယ်ကျိုးအတွက် စီမံထားတဲ့ စီမံကိန်းသာဖြစ်ပြီး လားဟူလူထုအပေါ် မည်သို့မျှ အထောက်အကူဖြစ်မည်မဟုတ်ဘူးလို့ ထုတ်ပြန်မှာပါရှိထားပါတယ်။ လူသားချင်းစာနာထောက် ထားမှု အကူအညီပေးနိုင်ရေးဆိုတဲ့ အချက်မှာလည်း စစ်ကောင်စီနှင့် ပူးပေါင်းနေတဲ့ ကျာဆောလမွန်ဦးဆောင်အဖွဲ့ ဖြစ်တဲ့ အတွက် ဘယ်နည်းနဲ့မှ ယုံနိုင်ဖွယ်မရှိသလို စစ်ကောင်စီကို ဆန့်ကျင်ပြီး တော်လှန်ရေးဆင်နွဲနေသော NUGအား ဖိတ်ခေါ်ပါက ဆွေးနွေးမယ် ဆိုတဲ့အချက်ဟာလည်း ယုတ်တ္တိမရှိပဲ ကရားရေလွတ်ပြောနေခြင်းသာဖြစ်တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါ တယ်။ လားဟူလူထုများအနေဖြင့် ၎င်းတို့၏အဖွဲ့အား တညီတညွတ်တည်း ဆန့်ကျင်ကြရန် တိုက်တွန်းနှိုးဆော်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိထားပါတယ်။

၁၂။ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်
July 29, 2022 33
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ ကျောက်ကြီး မြို့နယ်အတွင်းရှိ ယာယီစစ်ဘေး ရှောင်စခန်းတစ်ခုကို ယနေ့ နံနက် (၉)နာရီခွဲအချိန်တွင် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက အတည်ပြု ပြောဆိုသည်။ ကျောက်ကြီးမြို့နယ်အတွင်းရှိ ယာယီ စစ်ဘေးရှောင်နေ ရသည့် စခန်းများထဲမှ စခန်းနေရာတစ်ခုကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်း ပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိကြောင်း ကနဦး သိရှိထားရပြီး ထိခိုက်မှု အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ၎င်းသတင်းအရင်း အမြစ်က ယခုလိုပြောသည်။

“၉ နာရီခွဲ တိတိမှာ လာပစ်သွားတယ်လို့ ပြောတယ်။ အခြေအနေ အသေးစိတ်ကိုတော့ ကျနော်မရရှိသေးဘူး။ တာဝန် ရှိသူတွေကို ဖုန်းဆက်မေးတာတော့ ထိခိုက်မှုတွေရှိတယ်တဲ့။ ဒါပေမဲ့ သူတို့လည်း အဲ့ကိစ္စနဲ့ အလုပ်ရှုပ်တာကော၊ ပစ်ခတ်တာ တွေလည်း ဖြစ်နေတော့ ကျနော်ဘာမှဆက်မမေးဖြစ်တော့ဘူး။ လာပစ်သွားတာက ဟယ်လီကော်ပတာနဲ့ပစ်တာ။ အခုက အဲ့လေယာဉ်က အပေါ်ဘက်ကို တက်သွားတယ်။ အပေါ် ဘက်မှာလည်း IDP စခန်းတစ်ခု ရှိသေးတယ်။ အဲ့ကို ထပ်သွားပစ် တာလား မသိဘူး။”ဟုကေအိုင်စီ သို့ ပြောသည်။ အဆိုပါ IDP စခန်းကို လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မှုကို ယခု လအတွင်း ပထမဦးဆုံး အကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး ယခုပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် တောင်ငူအခြေစိုက် လေတပ်စခန်းဘက်မှ နောက်ထပ် လေယာဉ် ၃ စီးခန့် ပျံတက်သွားကြောင်း သတင်းရရှိထားသည်ဟုလည်း ၎င်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။ https://kicnews.org/2022/07/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80% 80%e1%

၁၃။ ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ နေအိမ် ၁၀၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ
July 27, 2022
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အင်းအရှေ့ဘက်ကမ်းတွင် စစ်ကောင်စီ စစ်ရေးထိုးစစ် ဆင်ရာတွင် ပြည်သူနေအိမ် (၁၀၀) ကျော် မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ယနေ့ ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် မေလ အတွင်းမှစတင်ပြီး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ နယ်မြေရှင်းလင်းရာမှ ပြည်သူနေအိမ် ၁၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူ (၄၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ “စစ်ကောင်စီက နယ်မြေရှင်းလင်းမှုနဲ့ ကျနော်တို့ ပြည်သူတွေ ရဲ့ လူ့အခွင့်ရေးချိုးဖောက်ခဲ့တယ်။ ဖယ်ခုံမြို့နယ်ထဲမှာဆို စစ်ကောင်စီက ပြည်သူနေအိမ် ၁၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်။ အခုချိန်ထိလည်း ပြည်သူ ၄၀၀၀ ကျော်လောက်က စစ်ဘေးရှောင်နေရသေးတယ်။ နေအိမ်မပြန်နိုင်ကြ သေးဘူး” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည်လည်း စားဝတ်နေရေးခက်ခဲနေမှုကြောင့် လက်ရှိ နိုင်ငံတော် တာဝန် ယူနေသည့် အစိုးရကတာဝန်ယူဖြေရှင်းပေးရန်လိုအပ်ကြောင်း စိုင်းဟော်ရှဲန်က ထပ်လောင်းပြောသည်။ “ အခု စစ်ကောင်စီက သူတို့ကိုယ်တိုင်က နိုင်ငံတော်အစိုးရဖြစ်တယ်လို့ ခံယူထားတာလေ။ ဒါကြောင့် အခုပြည်သူတွေ ဒုက္ခရောက် နေတာအားလုံး ကိုလည်း သူတို့ တာဝန်ယူပြန်ဖြေရှင်း ပေးသင့်တယ်။ သူတို့မှာ တာဝန်ရှိတယ်။ သူတို့ အစိုးရလို့ ခံယူထားတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ လုံခြုံရေး စားဝတ်နေရေးအားလုံးကို တာဝန်ယူပေးရမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိအချိန်ထိ စစ်ကောင်စီသည် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တို့တွင်ရှိသည့် ကျေးရွာတစ်ချို့ထဲတွင် တပ်စွဲနေထိုင် လျက်ရှိ ကြောင်း သိရသည်။ https://burmese.shannews.org/archives/29469

၁၄။ ကရင်နီပြည်က ကလေးငယ် ၆သောင်းကျော် ပုံမှန်ကာကွယ်ဆေး ထိုးနှံခွင့်မရသေး
July 29, 2022
ကရင်နီပြည် စစ်ဘေးရှောင်တွေထဲက ၅နှစ်အောက်ကလေးငယ် ၆သောင်းကျော်ဟာ ပုံမှန်ကာကွယ်ဆေး ထိုးနှံခွင့်ကို မရရှိသေးဘူးလို့ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက်(CHDN) ဒါရိုက်တာ ဆရာဖိလစ်က ပြောပါတယ်။ “စစ်အာဏာ သိမ်းပြီးတဲ့နောက်ပိုင်းမှာ အားလုံးပျက်သွားတယ်လေ။ ပျက်သွားတယ်ဆိုတာက ဒီ ဝန်ထမ်းတွေ CDM ပြုလုပ်လိုက်တဲ့ အတွက် ကြောင့်လည်းပါတယ်။ နောက်ပြီးတော့ အစိုးရက သူ့ယန္တရားကို ကောင်းကောင်းမနိုင်တာကြောင့်လည်းပါတယ်။ အဲ့ဒါကြောင့် မလို့ ဒီနောက်ပိုင်းမှာ ပြောရမယ်ဆိုရင်တော့ ၂၀၂၁ နောက်ပိုင်းမှာဆိုရင် အဲ့ဒီလုပ်ငန်းတွေပျက်ကုန်တယ်။ အဲ့ဒီကာကွယ်ဆေး တွေ မလုပ်ပေးနိုင်တော့ဘူး။” လို့ ဆရာဖိလစ်က ပြောပါတယ်။ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေသတွင်းတိုက်ပွဲ ကြောင့် စစ်ဘေးရှောင်ခဲ့ကြရပြီး ကလေးတွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးထိုးနှံခွင့်ကို မရရှိတော့တာဖြစ်တယ်လို့ ဆိုပါ တယ်။ ကာကွယ်ဆေးသိုလှောင်ဖို့အတွက် လိုအပ်တဲ့ အအေးခန်းတွေကို စီမံဖို့ခက်ခဲတာတွေ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လက်လှမ်းမမှီတာတွေကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ထိုးနှံပေးဖို့ အခက်အခဲရှိနေသေးတယ်လို့ ဆိုပါတယ်။ ကရင်နီပြည်စစ်ဘေးရှောင်ကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ၅ နှစ်အောက် စစ်ဘေးရှောင်ကလေးတွေအတွက် သန်ချ ဆေး တစ်မျိုးကိုသာ တိုက်နိုင်ပြီး ပုံမှန်ကာကွယ်ထိုးနိုင်ခြင်းမရှိဘူး လို့ဆိုပါတယ်။

ပုံမှန်ကာကွယ်ဆေးမထိုးပေးနိုင်တဲ့အတွက် ကလေးဟာ မကြာခဏဖျားနာကြသလို အာဟာရပြည့်ဝစွာ မစားသုံးနိုင် ဘူးလို့ သူကဆက်ပြောပါတယ်။ “အဓိက ဝမ်းလျှောဝမ်းပျက်ဖြစ်နေတာတွေ။ ကလေးက ကျန်းမာရေးချို့တဲ့တာတွေရှိတယ်ပေါ့ နော။ ဖျားကြတာပေါ့။ ဖျားတာတွေတော့ ဖျားကြတယ်။ ခုခံအား ကလေးခုခံအားနဲ့ ပတ်သက်ပြီးတော့မှ ခါတိုင်းထက် ပုံမှန် ထက်လျော့နည်းနေတာ တွေ့ရတယ်ပေါ့နော။”လို့ ကရင်နီပြည်စစ်ဘေးရှောင်ကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။ ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်ပြည်သူတစ်ဦးဖြစ်တဲ့ ဒေါ်ဘျားမာ မှာ သုံးနှစ်အရွယ် အငယ်ဆုံးသားလေးက ပုံမှန်ကာကွယ်ဆေးမထိုးနှံနိုင်တဲ့အတွက် ကာကွယ်ဆေးထိုးခွင့်ရခဲ့တဲ့ သူ့သားအကြီးတစ်ယောက်လောက် ကျန်းမာရေးမကောင်းဘူးလို့ဆိုပါတယ်။“သားတစ်ယောက်က သူများတုပ်ကွေးဖြစ်ရင် အဲ့လောက်မြန်မြန်ဆန်ဆန် ကူးစက်မှုမရှိဘူး။ ဒီအငယ် ဆုံးတစ်ယောက်က သူများမဖျားရင်လည်း သူက ကိုယ်ပူချောင်းဆိုးတာတွေဖြစ်တယ်။ သူများထက်ဆိုးတယ်လေ။ ဝမ်းသွား အန်တာတွေလည်း မကြာခဏဖြစ်တယ်။ အဲ့တာကာကွယ်ဆေးနဲ့ပဲ ဆိုင်တာလား။ ကလေးတွေပဲ ဖြစ်တတ်တာလား။ မပြော တတ်ဘူးပေါ့။” လို့ ဒေါ်ဘျားမာက ပြောပါတယ်။ “မထိုးနိုင်ခဲ့ရင် နောက်ဆက်တွဲ အစုလိုက်အပြုံလိုက် ဝက်သက် ပေါက် တာ၊ ဆုံဆို့နာ၊ ကြက်ညှာစတဲ့ ကူးစက်ရောဂါတွေက ကပ်ရောဂါလို ပြန်ဖြစ်လာနိုင်ပါတယ်။ ကလေးတွေအတွက် အသက်ဆုံးရှုံး နိုင်တာဖြစ်တဲ့အတွက် ဒါဟာ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အချက်ဖြစ်ပါတယ်။ ကလေးတွေဆီ ကာကွယ်ဆေး ထိုးလုပ်ငန်းအရောက်သွားနိုင်ဖို့ (သို့မဟုတ်) ကာကွယ်ဆေးထိုးလုပ်ငန်းရှိရာကို ကလေးတွေလာနိုင်ဖို့ကို အရေးကြီး လုပ်ငန်း စဉ်အဖြစ် အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ စဉ်းစားဆောင်ရွက်ကြဖို့ လိုပါတယ်။”လို့ CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။

၁၅။ NUG, PDF တို့ကို အားပေးကူညီမှုဖြင့် သံတွဲက ပန်းချီဆရာမတစ်ဦးကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်
July 29, 2022
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို အားပေးကူညီပေးသည်ဟု ဆိုကာ သံတွဲမြို့၊ အမှတ်(၅)ရပ်ကွက်မှ အမျိုးသမီးတစ်ဦးအား ဇူလိုင်လ ၂၇ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးသွားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ အမှုဖွင့်ခံရသူမှာ မရွှန်းစန္ဒာ(ခေါ်) ဒေးဒေးဆိုသူဖြစ်ပြီး “Day Day” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးရခြင်းဟု ယနေ့ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ထုတ်ပြန်ထား သည်။ အဆိုပါအမျိုးသမီးကို ၎င်း၏ ထမင်းဆိုင်အတွင်းတွင် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ယင်း အမျိုးသမီးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့၏ ရန်ပုံငွေရရှိရေး ကံစမ်း မဲအစီအစဉ်ကို “Day Day” Facebook အကောင့်ဖြင့် Share ထားသည်ဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုဝင် များနှင့် မိတ်ဆွေတစ်ဦးက DMG သို့ပြောသည်။

“ရဲနဲ့ အုပ်ချုပ်‌ရေးမှူးတွေ ဆိုင်ကိုလာပြီးဖမ်းသွားပါတယ်။ ဘာလို့ဖမ်းလည်းဆိုတော့ Facebook မှာ ကံစမ်းမဲကိစ္စကို share တယ်ဆိုပြီးပေါ့။ screenshot လေးပြပြီး ခေါ်သွားတယ်။ ခေါ်ပြီးတော့ ရဲစခန်းထဲကို တခါတည်းထည့်လိုက်တယ်။ စစ်တာမေးတာတော့မရှိဘူးတဲ့။ မနေ့ညကမှ သူ့ကို ၅၀(ည)နဲ့ စွဲထားမှန်းသိကြတာ“ဟု ၎င်း၏မိတ်ဆွေတစ်ဦးက ဆိုသည်။ ယခုကဲ့သို့ ပိုစ့်တစ်ခုအား share ခြင်းဖြင့် ဖမ်းဆီးခံရမှုမှာ သဘာဝမကျကြောင်း၊ စွဲဆိုထားသည့် ပုဒ်မမှာလည်း ပြင်းထန်နေ သည်ဟု ၎င်းကဝေဖန်သည်။ “သူ့မှာရင်ကျပ်တဲ့ ရောဂါတစ်ခုရှိတယ်။ အဲဒါလေးတစ်ခုကို မိသားစုတွေက စိတ်ပူနေကြတယ်။ သူက လှိုင်းပေါ်မှာ နည်းနည်းပါးပါး share တာရှိတယ်။ ကျွန်တော်တို့တော့ ရဲတွေပြတဲ့ဟာကိုမတွေ့မိဘူး။ ဒါပေမဲ့ ရဲတွေက ဘယ်ကနေ screenshot တွေယူလာပြီး ပြလဲတော့မသိဘူး။ share တာလေးတစ်ခုနဲ့ ဖမ်းတာက သဘာဝမကျဘူးပေါ့။ ပြီးရင် အခုစွဲလိုက်တဲ့ပုဒ်မကလည်း တော်တော်ကို ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။ အဓိပ္ပာယ်မရှိဘူးဖြစ်နေတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ လက်ရှိတွင် ၎င်းကို သံတွဲမြို့မရဲစခန်းတွင်ဖမ်းဆီးထားပြီး လာမည့်သြဂုတ်လ ၁ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးရန် ရုံးချိန်းထားသည်ဟု သိရသည်။

၁၆။ ရွာငံမြို့နယ် ပြည်သူ့အိမ်များကို စစ်တပ်မှ မီတာဘောက်လာဖြုတ်/ မီးဖြတ်
July 29, 2022
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်သားများသည် ပြည်သူ့အိမ်များ၏ မီတာဘောက် ကို လာရောက်ဖြုတ်ယူပြီး မီးဖြတ်မှု လုပ်ဆောင်နေကြောင်း သတင်းသိရသည်။ ရွာငံမြို့နယ်အတွင်းရှိ ငွေကြေးအခက်အခဲ ကြောင့် မီတာခမပေးဆောင်နိုင်သည့် နေအိမ်များနှင့် မီတာစာရွက် မရရှိသည့် နေအိမ်များကို လျှပ်စစ် ဝန်ထမ်းများ နှင့် စစ်ကောင်စီတပ်သားများကို ဦးဆောင်ပြီး မီးလိုက်ဖြတ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။ “မီတာစာရွက် လာမပေးတာလည်း နှစ်လ သုံးလရှိနေပြီ၊ တချို့အိမ်ရှင်ကျတော့ ထွက်ပြေးနေတာလည်း ရှိတာပေါ့၊ ဒါကို ပြီးတဲ့ ၂၇ ရက်နဲ့ ၂၈ ရက်နေ့ ဒီ နှစ်ရက်မှာ စစ်သားခေါပြီး မီတာလာဖြုတ်ယူ သွားတယ်၊ စစ်သားတွေ ပါတော့ ပြည်သူတွေ လည်း ဘာပြောရဲတော့မလဲ” ဟု မီတာဖြုတ်ယူခံရသည့် ရွာငံမြို့နယ်မှ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ကျေးရွာအတွင်းမှ မီတာဘောက်များ လိုက်ဖြုတ်နေစဥ်တွင် လျှပ်စစ်ဝန်ထမ်း အမျိုးသားနှစ်ဦးနှင့် အတူ သေနတ်ကိုင် စစ်သား ၄ ယောက်လိုက်ပါလာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်သားတွေနဲ့လာပြီး မီးဖြတ်လိုက်တော့ နဂိုကတည်းက နေထိုင်ရေး ခက်ခဲတဲ့အထဲ မီးမရှိတော့ ပိုခက်ခဲမှာပဲ၊ စားဖို့သောက်ဖို့အတွက် ငွေကြေးတွေ အနိုင်နိုင်ဖြစ်နေတာလည်း ပါတာပေါ့၊ မီတာပေါက်ယူသွားအိမ်တွေ ရှိသလို မီးကြိုးတွေပါ ဖြုတ်ယူခံရတဲ့အိမ်လည်းရှိတယ်” ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောဆိုထားသည်။ မီတာဖြုတ်ပြီး မီးဖြတ်ခံလိုက်ရသည့် ရွာငံမြို့နယ် အတွင်း ကျေးရွာ များသည် နဘန်းကြီး၊ ဗွေးနဖား၊ လယ်ကိုင်း နှင့် အလယ်ချောင်ကျေးရွာတို့မှ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သောင်းကျန်းနေသည့် ရွာငံမြို့နယ်အတွင်း လူငယ်များကို ဖမ်းဆီးခြင်း၊ ပြည်သူ့နေအိမ်များကို ဝင်ရောက်စီး နှင်း ရှာဖွေစစ်ဆေးခြင်း၊ အိမ်တွင်းပစ္စည်းများ ရိုက်ခွဲခြင်းများ အဆက်မပြတ်ရှိသည့်အပြင် အကြောင်းရင်းမသိ တရားခံမပေါ် ဘဲ လူသတ်မှုများလည်း များလာကြောင်း သိရသည်။ https://burmese.shannews.org/archives/29486

၁၇။ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ရေတပ်ဗိုလ်ကြီးတစ်ဦး CDM ပြုလုပ်
July 29, 2022
ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် မှ ဗိုလ်ကြီးတစ်ဦးက ဘောလခဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ ဆက်သွယ်ပြီး CDMပြုလုပ်ကာ လာရောက်ခိုလုံခဲ့တယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( BPDF )က ဒီကနေ့ (ဇူလိုင်၂၉ ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။ CDM ပြုလုပ်တဲ့ ဗိုလ်ကြီးအနေနဲ့ စစ်အာဏာရှင်ကို မကြိုက်လို့ CDM ပြုလုပ်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ၂၄ ရက်နေ့ကတည်းက CDM ပြုလုပ်ခဲ့ပြီး Job For Kayah Page မှတစ်ဆင့် BPDF ထံ ခိုလုံလာတာဖြစ်ပါတယ်။ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ကို စစ်ကောင်စီ တပ်သား တွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ BPDF တာဝန်ရှိသူတစ်ဦးက ဖိတ်ခေါ်ပါတယ်။

“ ကျနော်တို့ ဒီ တော်လှန်ရေးအဖွဲ့နဲ့တော့ အမြန်ဆုံး ပူးပေါင်းစေချင်တယ်ပေါ့။ ဘာလို့လဲဆို စစ်ကောင်စီကို အမြန်ဆုံး တိုက်ထုတ်ချင်တယ်။ ပူးပေါင်းပါဝင်ပေးတော့ ပိုပြီး မြန်မြန်ဆန်ဆန် အဆင်ပြေတာပေါ့။ “ လို့ BPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ CDM ပြုလုပ်လာတဲ့ ရေတပ်ဗိုလ်ကြီးကတော့ လက်ရှိမှာ လုံခြုံတဲ့နေရာတစ်ခုမှာ ရောက်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ လုံခြုံရေးအရ ဗိုလ်ကြီးရဲ့အကြောင်းအသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ BPDF ထံ CDM ပြုလုပ်ကြတဲ့ ဘောလခဲခရိုင်တပ်မတော်ဆေးရုံ အမှတ် (၁၂/၂၅) သူနာပြုဗိုလ်ကြီးတစ်ဦး၊ ဘောလခဲမှ ရဲတပ်ကြပ် ကြီးနှစ်ဦး နဲ့ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ဗိုလ်ကြီးတစ်ဦး စုစုပေါင်း ၄ ဦး ရှိပြီဖြစ်ပါတယ်။

၁၈။ စစ်ကောင်စီတပ်မှတံခွန်တိုင်ရွာထဲသို့ လက်နက်ကြီးလှမ်းပစ်သည့်အတွက် လူနေအိမ် ၅ လုံး ထိမှန်ပျက်စီး
July 28, 2022
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်း အတွင်း ခြေကုပ် နေရာယူထားသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် -BGF အမှတ်(၁ဝ၂၁) တပ်ရင်းတို့သည် ဇူလိုင် ၂၆ ရက်နေ့တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးလှမ်းပစ်ခတ်သည့်အတွက် လူနေအိမ် ၅ လုံး ကျည်ထိမှန် ပျက်စီးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။ ရဲစခန်းဝင်းအတွင်း နေထိုင်သည့် စစ်ကောင်စီပူးပေါင်းတပ်တို့သည် ယခုလ ဇူလိုင်လ ၂ဝ ရက်နေ့ နောက်ပိုင်း တွင် တံခွန်တိုင်၊ ခလယ်ရွာအတွင်းသို့ စစ်ဆင်ရေးအသွင်ဖြင့် မကြာခဏ ဝင်ရောက်လေ့ရှိပြီး ခရီးသွားလာသူများနှင့် ဒေသခံ များအား စစ်ဆေးမေးမြန်းခြင်းနှင့် အသက်အန္တရာယ်များပါ ခြိမ်းခြောက်ပြုမူခြင်း များပြုလုပ်လာသည့် အပြင် ကျေးရွာထဲသို့ လည်း မကြာခဏဆိုသလို လက်နက်ကြီး လှမ်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိ သည်ဟု စစ်ရှောင်ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဝင်းရော်ဒေသခံစစ်ရှောင်တစ်ဦးက “ဇူလိုင် ၂၆ ရက် နေ့လည် ၁၂ နာရီ လောက်မှာ တံခွန်တိုင်ရွာ ထဲကို စစ်တပ်က လက်နက်ကြီး ၄ လုံးလှမ်းပစ်တော့ ကျွန်းတောဘက်က နေအိမ်တစ်လုံး ရွာအောက်ပိုင်းက ထိမှန်တဲ့ နေအိမ် တွေပါဆို ၅ လုံးလောက်ရှိတယ်။ ဘယ်သူမှလာပစ် တာလဲ မရှိဘူး။ ရွာထဲကို အမြဲရမ်းသမ်းလှမ်းပစ်လေ့ရှိတော့ ဘယ်သူမှ နေအိမ်မပြန်ရဲကြဘူးပေါ့နော်” ဟု ဇူလိုင် ၂၇ ရက်နေ့ ကေအိုင်စီ သို့ပြောသည်။ ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းအနီး ဝန်းကျင်ရှိ နေထိုင်သည့် ဒေသခံအများစုမှာ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်ထိ နေအိမ်မပြန်နိုင်ကြသေးပေ။ စစ်ကောင်စီတပ်မှ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လာသည့်အတွက် ဒေသခံလူထု ၏ လယ်၊ ယာ၊ ဥယျာဉ်ခြံများ လည်း မလုပ်ကိုင်နိုင်ကြသေးသည့် အတွက် စားဝတ်နေရေး ခက်ခဲလာသည်ဟု ရွာသားများက ပြောသည်။ ရဲစခန်းရှေ့ အများပြည်သူသွားလာသည့် ဝင်းရော်လမ်းမကြီးတွင် ဖြတ်သန်းသွားသည့် ဒေသခံများအား စစ်ကောင်စီတပ်မှ စစ်ဆေးဖမ်းဆီး ရိုက်နှက်ခြင်း၊ ဖမ်းဆီးစစ်ဆေးခံရသည့် ရွာသားများကိုလည်း တစ်ဦးလျှင် ဒဏ်ငွေ ၅ဝ,ဝဝဝ ကျပ်စီပေး ဆောင်ပြီးမှသာ ပြန်လွတ်ပေးသည်ဟု ရွာသားများကပြောသည်။ အဆိုပါ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ် တို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နန်းသိုင်းထွန်ရွာမှ အမျိုးသမီးတစ်ဦး၊ တံခွန်တိုင်ရွာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရပြီး ဒေသခံအရပ်သား ၁ဝ ဦးထက်မနည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ https://kicnews.org/2022/07/%e1%80%85%e1%80%85%e1%80%ba %e1%80%80%e1 %80 %b1%e1%

၁၉။ ကျောက်ဖြူ စနဲဒေသခံတစ်ဦးကို မြန်မာစစ်တပ်က ဆက်လက်ဖမ်းဆီးထား
July 29, 2022
ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ ဒေသခံ ၈ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထားခဲ့ပြီး ယခုရက်ပိုင်းအတွင်းမှာ (၇)ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်တစ်ဦးကို ကျောက်ဖြူမြို့ရှိ စစ်တပ်စခန်းတစ်ခုတွင် ဆက်လက်ထိန်းသိမ်းခံထား သည် ဟု သိရသည်။ စနဲမြို့မရဲစခန်းမှူးကို ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖမ်းဆီးသွားပြီးနောက် မြန်မာစစ် တပ်က ဒေသခံအမျိုးသမီးလေးဦးနှင့် အမျိုးသားလေးဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် အမျိုးသမီးလေးဦးနှင့် အမျိုးသားသုံးဦးတို့ကို ဇူလိုင်လ ၂၅ ရက်နှင့် ၂၈ ရက်တို့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု မိသားစုဝင်များကပြောသည်။ လက်ရှိ ထိန်းသိမ်းခံနေရသူမှာ စနဲမြို့၊ စံပယ်ချောင်ကျေးရွာမှ အသက် ၂၄ နှစ်အရွယ် ကိုတင်မျိုးထွန်းဆိုသူဖြစ်သည်။ ၎င်းကို မည်သည့် အတွက်ကြောင့် ဆက်လက်ထိန်းသိမ်းထားသည်ကို မသိရှိရသေးပေ။ ပြန်လွတ်လာသူများကို ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်မှုရှိ၊ မရှိကို မေးမြန်းပြီး ခံဝန်လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူတစ်ဦးက ပြောသည်။ “အဓိကတော့ အေအေနဲ့ဆက်စပ်မှုတွေကို မေးတယ်။ ကျနော်တို့ကလည်း ကျနော်တို့မသိတဲ့ အကြောင်းအရာတွေကို မသိလို့ ဘဲဖြေတယ်။ အခုလည်း အေအေနဲ့မဆက်စပ်ပါဘူးဆိုတဲ့ ခံဝန်တွေနဲ့ ပြန်လွှတ်ပေးလိုက်တာ”ဟု ၎င်းကဆိုသည်။

နောက်နောင် စစ်တပ်နှင့်သော်လည်းကောင်း၊ နိုင်ငံတော်နှင့်သော်လည်းကောင်း ဆန့်ကျင်ဖက်ပြုလုပ်သည့် အဖွဲ့ အစည်းများအား ကူညီပံ့ပိုးခြင်း၊ ဆက်စပ်ခြင်း တစ်စုံတစ်ရာမလုပ်ဆောင်ပါကြောင်း ခံဝန်လက်မှတ်ရေးထိုးခဲ့ရသည်ဟု ပြန်လည်လွတ်မြောက်လာသည့် နောက်ထပ်တစ်ဦးကပြောသည်။ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် လက်ရှိတွင် စစ်ရေးတင်းမာနေပြီး အပြန်အလှန်ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေသည်။ မြန်မာစစ်တပ်ဘက်ကလည်း ပြီးခဲ့သည့်ဇွန်လမှ စတင်ကာ ရခိုင်ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးထားပြီး ရက္ခိုင့်တပ်တော်ဘက်ကလည်း ရဲနှင့်စစ်သား ၁၅ ဦးခန့်ကို ဖမ်းဆီးထား သည်ဟု သိရသည်။

၂၀။ ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦး ကွပ်မျက်ခံရမှု၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ရှုတ်ချ
July 28, 2022
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်မင်းယု ခေါ် ဦးဂျင်မီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားဟောင်း ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ လေးဦးကို၊ အာဏာသိမ်း စစ်ကောင်စီက ကွပ်မျက် လိုက်တာဟာ၊ ရက်စက်ကြမ်း ကြုတ်လွန်းပြီး၊ လူမဆန်တဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်တာ ဖြစ်တဲ့အတွက် ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ ( PNFR ) က ပြင်းပြင်ထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။ နိုင်ငံတော် အာဏာကို ဥပဒေနဲ့ မညီဘဲ၊ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ၊ တရားမဝင် အဖွဲ့အစည်း ဖြစ်တဲ့အတွက်၊ ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေအရ၊ ကြိုးပေးကွပ်မျက် ပိုင်ခွင့် မရှိတဲ့ အတွက်၊ အကြမ်းဖက် လူသတ်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း၊ ပွင့်လင်းမျှတတဲ့ တရားစီရင်ခွင့် မရရှိဘဲ၊ သေဒဏ်တွေ ချမှတ်ကွပ်မျက်နေတာ၊ ထပ်မံကွပ်မျက်ဖို့ ပြင်ဆင် နေတာတွေဟာ၊ နိုင်ငံတကာ အပါအဝင်၊ ပြည်သူတစ်ရပ်လုံးကို စိန်ခေါ်နေတာဖြစ်တဲ့ အပြင်၊ စစ်ကောင်စီပြောနေတဲ့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးရေးဆိုတာကလည်း၊ ပြည်သူကို ရန်သူလို သတ်မှတ်ပြီး၊ တိုက်မလား၊ လိုက်မလား စိန်ခေါ် တာသာ ဖြစ်တဲ့ အတွက်၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို စစ်ကောင်စီက အဆုံးစွန် ဖျက်ဆီးပစ် လိုက်တာဖြစ်ကြောင်း၊ မှားခဲ့ပြီး အမှားတွေကို နောက်ထပ်အမှားတွေနဲ့ ဖုံးကွယ်ဖို့ကြိုးစား နေပေမယ့် နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ၊ ပြည်သူ့ နာကျည်း မုန်းတီးမှုတွေနဲ့အတူ၊ ပိုမို မြင့်မားလာမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီအနေနဲ့၊ ကျန်ရစ်သူ မိသားစုဝင်တွေ၊ မိဘဆွေမျိုး တွေနဲ့ ထပ်တူဝမ်းနည်း ကြေကွဲရပြီး၊ စစ်အာဏာရှင်အောက်က လွတ်မြောက်ရေးအတွက်၊ တပ်ဦးကနေ အသက် စွန့် တိုက်ပွဲဝင်ပေးခဲ့တဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် နဲ့ ဦးအောင်သူရဇော်တို့ကို ဦးညွတ် ဂုဏ်ပြုပါကြောင်း၊ ပအိုဝ်းပြည်သူတွေအနေနဲ့လည်း၊ စစ်အာဏာရှင်ကို စုပေါင်းဆန့်ကျင်တော်လှန်သွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ https://www.rfa.org/burmese /news/pnfr-condemnation-execution-of-democracy-activists-07282022215106.html

၂၁။ ဂွ-သံတွဲကားလမ်း ပျက်စီးနေသဖြင့် အသွားအလာ ခက်ခဲနေ
29 July, 2022
ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်းရှိ စည်ပင်နဲ့ ကျောက်ကြီးကျေးရွာကြားမှာရှိတဲ့ ဂွ-သံတွဲ လမ်း ဆိုးဝါးစွာ ပျက်စီးနေ တာကြောင့် အသွားအလာ ခက်ခဲနေကြပါတယ်။ ယာဉ်မောင်းတဦးက “ကားဘီးချတဲ့ နေရာ ကချိုင့်ခွက်ကြီးတွေဖြစ်နေတော့ ကားသေးတွေ သွားရင် အလယ်ရိုးက ကားရဲ့ ဝမ်းဗိုက်နဲ့ မလွတ် တော့ဘူး၊ မိုးရွာလို့ ရေပြည့်နေရင် အမာမြေနေရာကို မမြင်ရ တော့ဘဲ ကားသွားရတာ။ အဆင်မပြေဘူး၊ အခြားနေရာက ပြောင်းသွားရအောင်လည်း ဘေးပတ်လည်က ရွှံ့ထူပြီး တောင်မြေ အပျော့ သားတွေဖြစ်နေ တော့ လမ်းလွဲမောင်းလို့မရဘူး။ ပြီးတော့ ကားလမ်းက နှစ် လမ်းသွားလို့မရတော့ တဖက်ကား ဖြတ် မောင်း သွားပြီးမှ တဖက်က သွားနေရတာဆိုတော့ ခရီးပိုကြာနေတာပေါ့” လို့ ပြောပါတယ်။

အဆိုပါ လမ်းကို ဖြတ်ကျော်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းဆရာတဦးကလည်း “အဲ့ဒီနေရာ ကျရင်တော့ ဘုရား တပြီး တလှိမ့်ချင်း လှိမ့်ရတယ်၊ ကားတွေတွေ့ရင် လွတ်တဲ့နေရာက ရပ်ပြီးစောင့်နေ ရတယ်။ အရင်ကတော့ ၈ နာရီ ခွဲလောက် လာရင် အချိန်မီတယ်၊ အခုလမ်းမကောင်းတော့ ၇ နာရီ ကလာရ တယ်။ မိုးရွာတဲ့ ရက်တွေဆို ကျောင်းကို ၁၀ နာရီခွဲမှ ရောက် တယ်”လို့ ပြောပါတယ်။ ဂွ-သံတွဲလမ်းကို ရခိုင်ပြည်တောင်ပိုင်းက ကားတွေသာမက ရခိုင်ပြည်မြောက်ပိုင်းထိ ပြေးဆွဲနေတဲ့ အဝေးပြေးကား၊ ကုန်ကား၊ အိမ်စီးကားတွေ အသုံးပြုသွားလာနေကြတာ ဖြစ်ပါတယ်။ http://burmese.dvb.no/arc hives/5

၂၂။ ကျောက်မဲမြို့နယ် ပဌာန်းပွဲတွင် လောင်းကစားဝိုင်းလာဖွင့်လှစ်
July 27, 2022
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ပြုလုပ်သည့် အသံမစဲ ပဌာန်းပွဲ၌ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ စတင်ကာ ကျောက်မဲမြို့နယ် ခုံအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ အသံမစဲ ပဌာန်းပြု လုပ်နေမှုကို အခွင့်ကောင်းယူပြီး လူတစ်စုက လောင်းကစား ဝိုင်းလာရောက် ဖွင့်လှစ်နေကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပဌာန်းပွဲလုပ်တာကို လောင်းကစားဝိုင်းလာဖွင့်ကြတယ်၊ ပြီးတော့လောင်းကစားဝိုင်းစည်အောင် စတိတ်ရှိူးလည်းလုပ်တယ်၊ ဒါကြောင့် လောင်း ကစား ဆော့တဲ့သူတွေရဲ့ အသံရော ညဘက်ဆိုကောင်းကောင်းကို မအိပ်ရဘူး” ဟု ခိုအုံ (ခိုခမ်း) ကျေးရွာမှ အမည် မဖော်လိုသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် လောင်းကစားဝိုင်း ပြုလုပ်ရာနေရာသည် ကျောင်းဝန်းနှင့်နီးကပ်သည့်အပြင် သာသနာ့ လုပ်ရပ် နှင့် ဆန့်ကျင် သည့် စတိတ်ရှိူးပြုလုပ်နေခြင်း နှင့် ပတ်သက်ပြီး မသင့်လျော်ကြောင်းလည်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။ ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းမှ စတင်ကာ လောင်းကစားဝိုင်းများ ရှိလာခြင်းဖြစ်ပြီး ပြည်သူများက ငွေကြေး ဥစ္စာများစွာ ဆုံးရှုံးရသည့်အပြင် မိသားစုဝင်အချင်းချင်း သတ်ဖြတ်မှုများအထိပါ လောင်းကစားအကျိုးဆက်များက ဆိုးရွား သည့်အတွက် မဖွင့်စေချင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်ကပြေသည်။ လောင်းကစားဝိုင်းဖွင့်လှစ်သူများသည် ဒေသအတွင်း အာဏာပိုင်များနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို လာဘ်ထိုးလာဘ်ယူမှုများပြုလုပ်ကာ ကျေးရွာ ရပ်ကွက်လှည့်ပြီး လောင်းကစားဝိုင်းဖွင့်လှစ်ကြောင်းလည်း သိရသည်။ ကျောက်မဲမြို့နှင့် အလားတူ ကွတ်ခိုင်မြို့၊ သီပေါမြို့၊ လားရှိူးမြို့ နှင့် နောင်ချိုမြို့အပြင် သျှမ်းပြည်အတွင်း မြို့နယ်များတွင်လည်း လောင်းကစားများ တစ်နေ့ထက် တစ်နေ့များလာသည်။ https://burmese.shannews.org/archives/29466

၂၃။ ရသေ့တောင်မှ တိုက်ပွဲကြောင့် ထွက်ပြေးလာသူများ နေရပ်မပြန်နိုင်သေး၊ စစ်ရှောင်စခန်းနှင့် ကျေးရွာအနီးများတွင် စစ်တပ်က စခန်းချနေရာယူ
July 29, 2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ကြား နှစ်ဖက် စစ်ရေးတင်းမာမှု အခြေအနေများဖြစ်ပွါးခဲ့ပြီး ကျေးရွာအချို့မှ ဒေသခံတစ်ချို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရကာ ၎င်းကျေးရွာအနီးနှင့် စစ်ရှောင်စခန်းတစ်ချို့တို့တွင် မြန်မာ စစ်တပ်က တပ်စွဲနေရာယူထားသည်။ မြန်မာစစ်တပ်ဘက်မှ ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ကျေးရွာများအနီးဝန်းကျင်နှင့် စစ်ဘေးရှောင်စခန်းများတွင် တပ်စွဲနေထိုင်နေမှုများရှိနေသည့်အတွက် တစ်ပတ်ကျော် ကြာမြင့် လာ၍ တစ်ဖက်တွင်လည်း နေထိုင်စားသောက်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်များကပြောသည်။ ရသေ့တောင်မြို့ပေါ်တွင်ရှိသည့် ပြည်လုံးချမ်းသာစစ်ဘေးရှောင် စခန်းအပါအဝင် ပြား‌ချောင်းကြီး၊အလယ်ရွာချေ၊ ပြင်ခေါင်ရွာ ဟောင်း၊ ပြင်ခေါင်ရွာသစ် စသည့် ကျေးရွာ (၄) ရွာမှ လူဦးရေ (၁၅၀၀) နီးပါးမှာ မိမိတို့ကျေးရွာများကို စွန့်ခွါ ပြီးထွက်ပြေးတိမ်း ရှောင်ခဲ့ရခြင်းဖြစ်သည်။ ယင်းအပြင် ထွက်ပြေးလားသူများမှာ ရသေ့တောင်မြို့နယ်က အဝဒါ၊ ကြိမ်သာ၊ ကျောက်ဆုံစသည့် အနီးအနားရှိ ကျေးရွာများတွင်ရှိသည့် ဘုန်းတော်ကြီးကျောင်းများ ဓမ္မာရုံများနှင့် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်တို့တွင်ခိုလှုံနေကြရသည်။

နေအိမ်မှ စွန့်ခွါလာရသည်မှာ (၁၀) ရက်ကျော်ကြာမြင့်လာပြီ ဖြစ်သည့်အတွက် စားသောက်ရေးအခက်အခဲများရှိနေသည်ဟု ပြားချောင်းကြီး ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေါ်ခင်ငြိမ်းစိုးမှ Western News ကိုပြောသည်။ “ကျွန်မတို့ တစ်ရွာ လုံးအဝဒါရွာကိုရောက်နေတာ (၁၀) ရက်လောက်ရှိနေပြီ။ ရွာကနေရိက္ခာပါလာတဲ့သူတွေမှာ ကိုယ့်ဘာသာချက်စားကြပေမယ့် အများစုက ဆင်းရဲသားတွေဆိုတော့မပါလာတဲ့ လူတွေကများတယ်။ ရွာကိုစရောက်တဲ့နေ့တွေတုန်းက ရွာသားတွေဆီကနေ ထမင်းကျွေးတာတွေရှိတယ်။အခုက ရက်တွေလေ့ ကြာလာပြီဆိုတော့ စားသောက်ရေးတွေက အဆင်မပြေတော့ဘူး။ ရက်ရှည် လာရင်ကျွန်မတို့အတွက် ပိုပြီးဒုက္ခရောက်နိုင်တဲ့အတွက် အဆင်ပြေနိုင်မယ်ဆိုရင် ထောက်ပံ့ပေးစေချင်ပါတယ်”ဟု ပြောသည်။ ရသေ့တောင်မြို့ပေါ်က ပြည်လုံးချမ်းသာ စစ်ဘေးရှောင်စခန်းတွင်မြန်မာစစ်တပ်က တပ်စွဲထားပြီးစစ်သားဦးရေ (၆၀) ဝန်းကျင် နေ့စဉ်ဝင်ထွက်သွားလာနေ၍ စစ်ဘေးရှောင်များမှာလည်း စခန်းမှ ထွက်ပြေးနေကြရသည်။ ပြည်လုံးချမ်းသာ စစ်ဘေးရှောင် စခန်းမှ စစ်ဘေးရှောင်တစ်ဦးက”နဂိုတည်းက နေစစ်ဘေးရှောင်ဘဝနဲ့ ကယ်ဆယ်ရေးမှာနေနေရတဲ့ အထဲထပ် ပြီးတော့ထွက်ပြေးနေရတဲ့ အနေအထားဖြစ်နေတာဆိုတော့ ကျွန်တော်တို့မှာ ဘယ်သွားလို့ ဘယ်လာရမှန်းမသိဘူး။ စားရေး သောက်‌ရေး က အစ အစစအရာရာအခက်အခဲဖြစ်နေကြတယ်။ အစိုးရထောက်ပံ့တဲ့ ဆန်ရိက္ခာလေ့ ပုံမှန်မရတော့ စားသောက် ရေးပိုကျပ်တည်းနေတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒါကြောင့် သူတို့ကို အမြန်ဆုံးစခန်းက ထွက်သွားစေချင်ပါတယ်”ဟု ပြောသည်။

၂၄။ RCSS/SSA တပ်ဖွဲ့က ထိုင်းဘုရင်ကြီးမွေးနေ့ဂုဏ်ပြုအခမ်းအနား ကျင်းပ
29 July, 2022
၂၀၂၂ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့ ကျရောက်တဲ့ ထိုင်းနိုင်ငံရဲ့ ဒဿမမြောက်မင်းဆက်ဘုရင် ဝဇီရာလောင်ကွန်းရဲ့ ၇၀ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲတွေကို ထိုင်းနိုင်ငံတဝန်းမှာ ကျင်းပခဲ့သလို ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ RCSS/SSA ကလည်း ကျင်းပခဲ့ပါတယ်။ မြန်မာပြည်က ကာလရှည်ကြာ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကြောင့် သန်းနဲ့ချီတဲ့ ရှမ်းပြည် နယ်က ပြည်သူတွေ ထိုင်းမှာ လာရောက် ခိုလှုံနေ ရကြောင်း၊ ထိုင်းနိုင်ငံနဲ့ထိုင်းပြည်သူတွေကလည်း လူသားချင်းစာနာစွာ လက်ခံထားတာမို့ ကျေးဇူးတင်တဲ့ အနေနဲ့ ထိုင်းဘုရင်မွေးနေ့ဂုဏ်ပြုပွဲအခမ်း အနားကို နှစ်စဉ်ကျင်းပခဲ့တာလို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။ “ရှမ်းပြည်နဲ့ ထိုင်းနိုင်ငံဟာ လူမျိုးအရ ဆက်စပ်ပါတယ်၊ နယ်နိမိတ် ချင်းလည်း ဆက်စပ်ပါတယ်။ ကျနော်တို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအနေနဲ့ သျှမ်းပြည်အနာဂတ် အတွက် သာမက သျှမ်းပြည်သူများအရေး လုပ်ဆောင်နေတာဖြစ်တယ်။ မြန်မာနိုင်ငံ တွင်း ကာလာကြာ ရှည်ဖြစ်ပွားတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခကြောင့် သျှမ်းပြည်သူသန်းချီဟာ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားအဖြစ် ဘဝရှင်သန်မှုအတွက် ရုန်းကန် နေရတာ နှစ်ပေါင်းဆယ်ချီပါပြီ။ ဒါဟာ ထိုင်းနိုင်ငံ၊ ထိုင်းပြည်သူတွေရဲ့ စာနာမှုကြောင့်လည်း ပါပါတယ်။ ဒါကြောင့် ကျေးဇူး တင်တဲ့အနေနဲ့ ဂုဏ်ပြုမွေးနေ့ပွဲကျင်းပရတာပါ။”

RCSS/SSA ဟာ ယခင် နဝမမြောက်ထိုင်းဘုရင်လက်ထက်ကလည်း ဘုရင်ကြီးမွေးနေ့ (ဖခင်များနေ့) နဲ့ မိဖုရားကြီး သီရိခေတ်မွေးနေ့ (မိခင်များနေ့) အခမ်းအနားတွေ နှစ်စဉ်ကျင်းပခဲ့ပါတယ်။ ဒဿမမြောက် ထိုင်း ဘုရင်ကြီးမွေးနေ့ကို RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်း၊ ကျိုင်းတုံခရိုင် အမှတ် ၁ စစ်ဒေသနယ်မြေရှိ လွိုင်ကော်ဝမ်း နဲ့ လွိုင်ဆန်စု၊ ကောင်းမုန်မိန်း စတဲ့စခန်းတွေမှာလည်း မနေ့က ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားတွေမှာ ဒဿမမြောက်ဘုရင်ကြီး အတွက် မွေးနေ့ပန်း ကလပ် ဆက်သတာ၊ ဂုဏ်ပြုတေး သံပြိုင် သီဆိုတာနဲ့ ဖယောင်းတိုင်ကိုယ်စီထွန်းညှိ ဆုတောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ http://burmese.dvb.no/archives/545827

၂၅။ ထားဝယ်မြို့တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်း တွေ့ရှိ
29 July, 2022
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဇရစ်ရပ်ကွက်၊ ရတနာလမ်းမှာ ညိုမဲဒဏ်ရာတွေနဲ့ လည်လှီး သတ်ဖြတ်ခံထားရတဲ့ ပိုင်ရှင်မဲ့အမျိုးသား တယောက်ရဲ့ အလောင်းကို ဇူလိုင် ၂၈ ရက်ညက တွေ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီအမျိုးသား အလောင်းကို ဇမ္ဗူသီရိ အရေးပေါ် လူနာတင်ယာဥ်နဲ့ လာရောက် တင်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူက ဆိုပါတယ်။ ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေး အဖွဲ့က အဲဒီအလောင်းကို ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ပေး ခဲ့ပြီး အဆိုပါ ပုဂ္ဂိုလ်ကို သိရှိပါက ကာယကံရှင် မိသားစုဝင်တွေနဲ့ အမြန်ဆုံးဆက်သွယ်ပေးဖို့ လူမှုကွန်ရက်စာမျက်နှာကတဆင့် နှိုးဆော် ထားပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြို့ခံတွေအကြား ကောလာဟလအမျိုးမျိုး ထွက်ပေါ်နေပေမဲ့ သီးခြား အတည်ပြုနိုင်တဲ့ အချက်အလက် မရရှိသေးပါဘူး။ မြို့ခံတဦးက “သိရသလောက် တချို့ကလည်း သာမန်အလောင်းပဲ ပြောကြတယ်ဗျ။ တိတိ ကျကျ သိပ်မသိကြဘူး”လို့ ပြောပါတယ်။ ထားဝယ်မြို့ပေါ်မှာ စစ်ကောင်စီက နေ့ရောညပါ ကင်းလှည့်စစ်ဆေး ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့အပြင် သေနတ်ပစ်ခတ်သံလည်း မကြာခဏကြားရလေ့ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ http://burmese .dvb.no/archives /545844

၂၆။ သနပ်ဖက်ရာသီအစ ဆိုပေမယ့် ဈေးမရှိသည့်အတွက် သနပ်ဖက်စိုက်တောင်သူများ တွက်ခြေမကိုက်
July 28, 2022
ယခုနှစ် ရာသီအစထွက်ရှိသည့်သနက်ဖက်သည် ဈေးမရှိသည့်အတွက် သနပ်ဖက်စိုက်တောင်သူများ အရင်းနှီးကုန် ကျမှုနှင့် တွက်ခြေမကိုက်ကြုံတွေ့နေရကြောင်း သိရသည်။ ဓာတ်မြေသြဇာဈေးကြီးမြင့်မှု၊ ပိုးသတ်ဆေး ဈေးကြီးမြင့်မှုရှိနေပြီး ထွက်ကုန်ဖြစ်သည့် သနပ်ဖက်ကိုဈေးမရှိသည့်အတွက် တောင်သူများအတွက်အခက်ခဲဖြစ်စေခဲ့ကြောင်းသိရသည်။ “တစ်ပိဿာ ကို လေးငါးထောင်လောက်ဆို တွက်ချေမကိုက်ဘူးပေါ့နော် အခုမြေသြဇာ တစ်သိန်းကျော် လောက်ပေးနေရပြီလေ အကြီးက တော့ ထုတ်မရောင်းရသေးဘူး မြေသြဇာဆေး ပိုးသတ်ဈေးတွေက ဈေးတော်တော်ကြီးတော့ ကျွန်တော်တို့ သနပ်ဖက်ကလည်း တစ်ပိဿာကို ကျပ် ၉၀၀၀ ကျော်မှ တွက်ချေကိုက်မယ် အခုကတော့ မရောင်းရသေးပေမယ့် သနပ်ဖက်ဈေးတက်လာမယ်လို့ စောင့်နေ သေးတယ် ”ဟု တောင်ကြီးမြို့နယ်ရှိ သနပ်ဖက်စိုက်တောင်သူတစ်ဦးက ခမ်းသားငေါဝ်း သတင်းဌာနသို့ ပြောသည်။ လက်ရှိ သနပ်ဖက်ဈေးနှုန်းက အသေးတစ်ပိဿာကို ၁၀၀၀ ကျပ်နှင့် ၁၅၀၀ ကြားသာရရှိပြီး ယခင်နှစ်က တစ်ပိဿာကို ၂၀၀၀ ကျပ်နဲ့ ၃၅၀၀ ကျပ်ကြားမှာရှိခဲ့တယ်လို့ သိရပါတယ်။

တောင်ကြီးမြို့မှ ပွဲစားတစ်ဦးက “အခုက အသေးတွေပဲ လာရောင်းသေးတယ် အကြီးတွေက လာမရောင် ကြသေးဘူး နိုင်ငံရေးအရမို့ အရောင်းအဝယ်ပါးမယ် အခုကတော့ စျေးနှုန်းအတိအကျတော့ ပြောလို့မရသေးဘူး”ဟု ပြောသည်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အသွားအလာကန်သတ်မှုနှင့် လုံခြုံရေးအရကန့်သတ်ထားခြင်းကြောင့် အခက်ခဲဖြစ်စေကြောင်း သနပ်ဖက် ဈေးမရှိသည့်အတွက် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်ကိုင်သူ တစ်ရက်ထက်တစ်ရပ်ပိုများလာကြောင်းသိရသည်။ သနပ်ဖက် ကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသား၊ ဓနုတိုင်းရင်းသားများက အများဆုံးစိုက်ပျိုးလျက်ရှိ ကြောင်းသိရသည်။

၂၇။ မှောင်ရိပ်ခိုမှုဖြင့် ပြန်လွတ်လာသူနှစ်ဦးမှာ စစ်ကြောရေးတွင် AA တပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲခံရပြီး နှိပ်စက်ခံခဲ့ရ
July 29, 2022
ဇူလိုင် ၂၈ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ ပြန်လွှတ်မြောက်လာသူ နှစ်ဦးမှာ စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရ သည်ဟု ကာယကံရှင်များက Western News ကိုပြောသည်။ မှောင်ရိပ်ခိုမှုဖြင့် ပြန်လွတ်လာသူနှစ်ဦးမှာ စစ်ကြောရေးတွင် AA တပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲခံရပြီး စစ်ကောင်စီတပ်သားများက ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟု လွှတ်မြောက်လာသူ ကိုသိန်းရွှေက ပြော သည်။ “ကျနော်တို့ကို AA အတွက် ရိက္ခာတွေ ကောက်ပြီးတော့ ပေးနေလာလို့ မေးပြီးတော့ရိုက်တယ်။ လက်နှစ်ဖက်ကို နောက်ပြန်ကြိုးတုတ်ချည်ထားပြီးတော့ တအားရိုက်တယ်။ သူတို့က မျက်နှာတွေကို လက်သီးတွေနဲ့ထိုးတယ်။ လက်ဝါးတွေနဲ့ ရိုက်တယ်။ မျက်နှာကိုလည်း ချုပ်ထားတယ်။ ကျောကုန်းတွေကို ပွိုင့်ဖိနပ်တွေနဲ့ ကန်ကျောက်တယ်။ ကျနော်ကို မင်း AA က အရာရှိ မဟုတ်ဘူးလားလို့ မေးပြီးတော့ ရိုက်တယ်”ဟု ပြောသည်။

ယမန်နေ့က ပြန်လွှတ်လာသူနှစ်ဦးမှာ စစ်တွေမြို့ ဓညဝတီရပ်ကွက်မှ ဦးမောင်အေး (၅၂)နှစ်နှင့် ဦးသိန်းရွှေ (၄၂) နှစ် တို့ ဖြစ်ကြပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ နှိပ်စက်ခြင်းမှာ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းဖြစ်သည်ဟု လွှတ်မြောက်သူများကပြောသည်။ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် ၄င်းတို့နှစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။ ၄င်းတို့ ၂ ဦးမှာ စစ်ကြောရေးတွင် ၇ ရက်ကြာ နှိပ်စက်ခံခဲ့ရပြီးနောက် ဇွန် ၃၀ ရက်နေ့တွင် မှောင်ရိပ်ခိုမှု ဥပဒေပုဒ်မ ၆၁ (ဂ) ဖြင့် စစ်တွေ မြို့နယ်တရားရုံးက ထောင်ဒဏ် ၁ လစီ ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။ ဦးသိန်းရွှေအား ထိန်းသိမ်းစစ်ဆေးခဲ့သော စခန်းမှာ စစ်ကောင်စီလက်အောက်ခံ ထောက်ပို့စခန်းဖြစ်သည်ဟု ကာယကံရှင်က ပြောသည်။ ယခုဖြစ်ရပ်မှာ အပြစ်မဲ့ပြည်သူ များအား မတရားဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်သည့်အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့် တင် သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်း က ပြောသည်။ ဦးသိန်းရွှေသည် စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသဖြင့် ခေါင်းကိုက် ခြင်း၊ အမြင်အာရုံဝါးခြင်းစသည့် ရောဂါဝေဒနာများကို ခံစားနေရကြောင်းနှင့် ဆေးကုသရန် လိုအပ်ကြောင်း မိသာစု ဝင်များက Western News ကို ပြောသည်။

၂၈။ ကျိုင်းတုံမြို့အရှေ့တောင်ဘက်တွင် ၄.၈ အင်အားရှိ ငလျင်လှုပ်ခတ်
July 29, 2022
ကျိုင်းတုံမြို့အရှေ့တောင်ဘက် ၂၈ မိုင်ခန့်အကွာတွင် ယနေ့ ဇူလိုင် ၂၉ ရက်၊ ညနေ ၄ နာရီ ၄၇ မိနစ်က မဂ္ဂနီကျု (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။ ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့‌တောင်ဘက် (၂၈)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မိုင်းယောင်းမြို့၏ အနောက်ဘက် (၂၁)မိုင်ခန့်အကွာ) ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားလိုက်ရကြောင်း ဒေသခံများက လည်း မဲခေါင်သတင်းသို့ ပြောသည်။ ယခုရက်ပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ-တာချီလိတ် အနီးတဝှိက်တွင် မြေငလျင် လှုပ်ခတ်မှု မကြာခဏဖြစ်ပွားလေ့ရှိသည်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button