သတင်း

RAY Medical Movement ဖန်းတီးတဲ့ ကရင်နီက ပထမဦးဆုံး မော်တော်ကားခွဲစိတ်ခန်း

ဓါတ်ပုံ – Ray Medical Movement

ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၈

ဆေးရုံဆေးခန်းများပါမကျန် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေယာဉ်ဗုံးကြဲသည့်ဒဏ်ခံနေရသည့် ကရင်နီမှာ အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ မြေပြင်ကျန်းမာရေးအဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် ရွေ့လျားခွဲစိတ် ခန်းတစ်ခု ဖန်တီးခဲ့ကြပါတယ်။

 “ကျန်းမာရေးကုသပေးတဲ့နေရာဌာန အနီးတဝိုက်ကိုလက်နက်ကြီးလေယာဥ်တို့နဲ့ တိုက်ခိုက်တာမျိုးတွေ မကြာ ခဏကြုံလာကြတဲ့အခါ ဆရာဝန်ဆရာမတွေအနေနဲ့ မကြာခဏ ရွေ့ပြောင်းကြရတယ် ဆေးကုသဖို့ ခွဲစိတ်ကုသဖို့အခက်အခဲတွေကြုံလာကြရတယ်။ ကျနော်တို့ဆေးအဖွဲ့လေးကတော့ ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်ဖို့ရာ ကားဖြင့်ပြုလုပ်ထားတဲ့ ရွေ့လျားခွဲခန်းတစ်ခုကိုပြုလုပ်ထားပါတယ်။ Rx622 လို့အမည်ပေး ထားပါတယ်။ မကြာခဏရွေ့ပြောင်းလို့ရသလို တိုက်ပွဲဖြစ်ပွါးတဲ့နေရာတွေရဲ့အနီးကိုသွားပြီး ဆေးရုံထိ မရောက်နိုင်မယ့်လူနာတွေကို အရေးပေါ်ခွဲစိတ်အသက်ကယ်ဖို့ရည်ရွယ်ထားပါတယ်။ လတ်တလောမှာ တော့ ကရင်နီ/ကယား ဒေသကိုအခြေပြုပြီး အရေးပေါ်အသက်ကယ် သင်တန်းများ ပေးခြင်း၊ စစ်ရှောင်များ၊ ဒေသခံများ၊ ထိခိုက်ဒဏ်ရာသောပြည်သူများ၊ ရဲဘော်များကို ဆေးကုသမှုပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်း များလုပ်ဆောင်လျက်ရှိပါတယ်” ဟု RAY Medical Movement အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာခြင်းအလင်းတန်းဆေးအဖွဲ့ (Ray Medical Movement) က ဆေးပစ္စည်းကိရိယာအစုံအလင်ဖြင့် Rx 622 အမည်ရှိ မော်တော်ယာဉ် ရွေ့လျားခွဲစိတ် ခန်းငယ်ကို တည်ဆောက်ခဲ့ကြခြင်းဖြစ်ပါတယ်လို့ သိရပါတယ်။ Ray Medical Movement အဖွဲ့ဟာ လက်ရှိ ကရင်နီဒေသတွင်းမှာ စတင်အကောင်အထည်ဖော် လုပ်ဆောင်နေသာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာလုံး Treatment ကို ဆေးပညာရပ်တွင် Rx ဟု အတိုကောက်သုံးနှုန်းပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် ပြုလုပ်ပြီးစီးခဲ့သည့်အတွက် Rx 622 ဟု အမည်ပေးရခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ခွဲစိတ်ခန်းသည် အရေးပေါ်အသက်ကယ် ခွဲစိတ်မှုများ ပြုလုပ်ရန် ရည်ရွယ်ထားပြီး ကရင်နီပြည်အနှံ့ စစ်ရှောင်ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို အသက်ကယ်နိုင်မည်ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ရွေ့လျားခွဲစိတ်ခန်း ဖြစ်မြောက်လာရန် ငွေကျပ် သိန်း ၃၀၀ ခန့် ကုန်ကျခဲ့ပြီး ပုံမှန်လည်ပတ်နိုင်ရန် စက်သုံးဆီနှင့် ဆေးပစ္စည်းအတွက် လစဉ် ခန့်မှန်း ငွေကျပ် သိန်း ၄၀ ခန့် ကုန်ကျမည်ဟု သိရပါတယ်။

Ray Medical Movement အဖွဲ့သည် အများပြည်သူကြား နာမည်သိပ်မကြီး မထင်မရှားသည့် ဆေးအဖွဲ့ငယ် ဖြစ်သည့်အတွက် အလှူငွေ တိုက်ရိုက်ရောက်ရှိမှုနည်းပါးနေပြီး ရွေ့လျားခွဲစိတ်ခန်း ပုံမှန်လည်ပတ်နိုင်ရန် အကူအညီ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button