ဓါတ်ပုံ – Mobye Rescue Team
ဖက်ဒရယ်ဂျာနယ်၊ ဇူလိုင် ၂၅
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ အရပ်သားများရှိရာဘက်တို့ ဒီကနေ့ ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး စက်တော်ရာဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေတဲ့ အသက် ၇၀ ကျော် အဘွားတစ်ဦး ထိမှန်သေဆုံးသွားတယ်သလို စည်ကား (1)ရပ်ကွက် စည်လုံးညီညာဘေးမဲ့ကျောင်းတွင် ခိုလှုံသော အရပ်သားပြည်သူ နှစ်ဦးလည်း လက်နက်ကြီးစ ထိမှန် ဒဏ်ရာရသွားတယ်လို့ Mobye Rescue Team က ထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးလာတဲ့သတင်းကြောင့် ဒေသခံတွေ စိတ်ချလုံခြုံနိုင်တဲ့နေရာတွေမှာ သွားရောက်ခိုလှုံနေတာဖြစ်ပြီး အဲဒီခိုလုံနေရာဘက်သို့ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု ကြုံခဲ့ရသာဖြစ်ပါတယ်။
မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်သောင်းကျန်းနေတဲ့အတွက် နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုရှိလာနိုင်ပြီး မြို့တွင်းကျန်ရစ်တဲ့ပြည်သူတွေအနေနဲ့ အသွားအလာ လုံးဝမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ဒီကနေ့ ဇူလိုင် ၂၅ရက်မှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အဖွဲ့တွေကလည်း မိဘပြည်သူများမလိုအပ်ဘဲ အပြင်မထွက်ကြဖို့၊ လုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။ ပစ်ခတ်မှုအတွင်း လက်နက်ကြီးထိမှန်၊ ဒဏ်ရာရရှိတာ ရှိပါက Mobye Rescue Team ကိုဆက်သွယ်ပေးဖို့ အသိပေးထားပါတယ်။
မိုးဗြဲမြို့ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့
ပြီးခဲ့တဲ့ ဇူလိုင်(၁၈)ရက်နေ့ကစပြီး ၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဆုတ်သွားတဲ့အချိန် နယ်မြေရှင်းလင်ရေးလုပ်ဆောင်တဲ့အခါ တပ်စွဲခဲ့တဲ့ ဘုရားကျောင်းကိုဖျက်ဆီးခဲ့တာ၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးတာ၊ ခိုးယူတာတွေ ကျူးလွန်ခဲ့တယ်လို့ မိုးဗြဲ PDF ကထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့ကို အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်တဲ့အတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိကြီးစွာနဲ့ နေထိုင်ကြဖို့ မိုးဗြဲ PDF က အသိပေးထားတာရှိပါတယ်။