ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၁၇
တော်လှန်ရေးပြီးတဲ့အခါ သူပိုင်တယ်၊ ကိုယ်ပိုင်တယ် အငြင်းပွားမှု မဖြစ်ဖို့ ကြိုတင်ကာကွယ်တဲ့ အနေဖြင့် မြေယာဆိုင်ရာ စီမံနိုင်ရေး ကြေငြာချက် CDF-Hakha ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
“ဒီဟားခါးမြို့ပေါ်ကရော ဘုန်းဆုံးရွာဧရိယာ အတွင်းမှာ ရော တရားမဝင်လိုင်စင်နဲ့ မြေပိုင်ရှင်တွေနဲ့ အကုန်တွေ့ပြီးတော့ နောက် သစ်တောတွေရော သစ်တွေလည်းခုတ် ရောင်းတာလည်းရှိတယ်။ သဘာဝသယံဇာတတွေကိုလည်း တရားမဝင် ထုတ်ရောင်းတာ တွေလည်းရှိတဲ့အခါ ဒါတွေကို ကျနော်တို့က ကြိုတင်မပြင်ဆင်၊ ကြိုတင် မကာကွယ်ထားဘူးဆိုရင် တော်လှန်ရေးပြီးတဲ့အခါ သူပိုင်တယ်၊ ကိုယ်ပိုင်တယ်ဖြစ်ကုန်မယ်ဆိုတဲ့ အချက်နဲ့ ကျနော်တို့က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျနော်တို့က ဒီစာကိုထုတ်တာဖြစ်တယ်” ဟု CDF ဟားခါးရဲ့ ဥက္ကဌ ဟရမ်လျန်က ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။
လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်မြေတို့အပါအဝင် အိမ်ခြံမြေ၊ မြေလွတ်မြေရိုင်းတို့နဲ့ ပတ်သက် ပြီးတော့ အငြင်းပွားမှု ကိစ္စဟာ ဟားခါးမြို့ပေါ်ရက်ကွက်များနှင့် ဘုန်းဆုံးရွာတစ်ဝိုက်မှာ အများဆုံး ကြုံရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲဒီ အငြင်းပွားမှု ဖြစ်နေတဲ့ လယ်မြေ၊ ယာမြေ၊ တောင်ယာမြေ၊ ဥယျာဉ်မြေတို့အပါအဝင် အိမ်ခြံမြေ၊ မြေလွတ်မြေရိုင်း ကိစ္စတို့ကို စစ်ကောင်စီက ၎င်းတို့ အုပ်ချုပ်ရေး ယန္တယား လည်ပတ်နိုင်အောင် ရောင်းချစီမံခွင့်နှင့် ရုံးပိုင်းဆိုင်ရာ စီမံခွင့် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
“အထူးသဖြင့် စစ်ကောင်စီ ဘက်ကလည်း နောက်ပိုင်းအခွင့်အရေး၊ လယ်ကွက်တွေ၊ မြေယာတွေ အမျိုးမျိုး ပေးပြီးတော့ ပြည်သူလူထုကို သူတို့ရုံးကိုသွားနိုင်အောင် သူတို့ရုံးလည်ပတ်နိုင်အောင် ကြိုးစားတာ ရှိတယ်။ ကျနော်တို့ ကြုံနေတာက ပန်းခင်းလမ်းစီမံကိန်းလိုမျိူး၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ လိုင်စင် တွေနဲ့ပတ်သက်ပြီး သူတို့ကဆောင်ရွက်တာတွေရှိတဲ့အခါမှာ NLD အစိုးရလက်ထက်တုန်းက ၆၇၆နဲ့ ပတ်သက်ပြီးတော့ အခုသူတို့ (စစ်ကောင်စီ)ကစီမံတာတွေရှိတယ်ပေါ့” ဟု CDF ဟားခါးရဲ့ ဥက္ကဌ ဟရမ်လျန်က ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။
ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည့် ဟားခါးက မြေနေရာများ ရောင်းချ စီမံနေသူများကို CDF ဟားခါး ဘက်က စတင်အရေးယူဖို့လည်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“ကျနော်တို့က လောလောဆယ်တော့ အရေးမယူနိုင်သေးဘူး၊ နောက်တစ်လလောက်ဆိုရင်တော့ အရေးယူနိုင်မယ်ပေါ့နော်။ အမှုတွေကတော်တော်တော့များတယ်၊ ဒါပေမယ့် တအားကြီးများတာတော့ မဟုတ်ဘူး။ လူနဲ့မိသားစုနဲ့ပြောလိုက်ရင်တော့ အဲလောက်မများဘူး။ ဟားခါးမှာက အိမ်ထောင်က ၄ထောင် ၅ထောင်လောက်ပဲကျန်မယ်။ အဲထဲမှာက ၁၀၀ လောက်ပဲပြဿနာဖြစ်တဲ့ မိသားစုတွေ နည်းနည်းမွှေ တတ်တဲ့လူတွေဖြစ်မယ်။ ဒါမယ့် တော်တော်တော့ ပြဿနာတော့နည်းတယ်ပေါ့နော်။ အခုက ကွန်ပလိန်း တွေလည်းအများကြီးရှိတယ်။ အဲဒါတွေကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ကျနော်တို့က နောက်လက နေဆိုရင် တော့ အရေးစယူမှုကလည်း ရှိမယ်ပေါ့” ဟု CDF ဟားခါးရဲ့ ဥက္ကဌ ဟရမ်လျန်က ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို အားပေးထောက်ခံသူများ ပိုင်ဆိုင်သည့် မြေနေရာများကိုလည်း CDF-Hakha ကောင်စီက လိုအပ်သလို သိမ်းဆည်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်၊ ထို့အပြင် အာဏာမသိမ်းမှီ ကာလ နေထိုင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ၎င်းတို့ မြေနေရာပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး သက်သေ အထောက်အထား ခိုင်မာပြည့်စုံစွာ တင်ပြနိုင်မှသာ CDF-Hakha ကောင်စီက အသိအမှတ်ပြုမည် ဖြစ်တယ်လို့ CDF-Hakha ကောင်စီဘက်က ဆိုထားပါတယ်။
တဆက်တည်းမှာပဲ စစ်ကောင်စီဘက်ကတော့ ချင်းပြည်နယ် မြို့နယ်အများစုတွင် နေအိမ်များ မီးရှို့ဖျက်ဆီးနေသလို ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့က ဟားခါး- ဖလမ်းကြားရှိ ဟားခါးမြို့နားက ချွန်ကျုံးကျေးရွာထဲကို စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး မီးရှို့ခဲ့လို့ အရပ်သားနေအိမ် ၁၃ လုံး မီးလောင် ပျက်ဆီးသွားတယ်လို့ CDF ဟားခါးဘက်က ထုတ်ပြန်ထားပါသေးတယ်။
အဲဒီ မီးရှို့ခံခဲ့ရသည့် ချွန်ကျုံးရွာဟာ အိမ်ခြေပေါင်း ၄၀၀ ဝန်းကျင်းရှိပြီး ဒေသခံလူဦးရေပေါင်း ၂၀၀၀ ဝန်းကျင်နေထိုင်သည့် ကျေးရွာဖြစ်ပါတယ်။