အတွေးအမြင်

စစ်ကောင်စီက သူ့အကျပ်အတည်းကို ဖောက်ထွက်နိုင်မလား၊ အာဆီယံနဲ့ တရုတ်ကိစ္စ

(၁) စစ်ကောင်စီက သူ့အကျပ်အတည်းကို ဖောက်ထွက်နိုင်မလား။

  • မင်းသေ့

လောလောဆယ် စစ်ကောင်စီက အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ မြန်မာစစ် ခေါင်းဆောင်တွေအတွက် အကြီးမားဆုံးအကျပ်အတည်းကတော့ စစ်ရေးအကျပ်အတည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့အတွက် အချိန်အနည်းငယ် အသက်ရှုပေါက်တချို့ ရချင်တယ်။ ဒါဆိုရင် သူ တောင့်ခံနိုင် တယ်လို့ တွက်ဆဟန်တူတယ်။ ဒါ့ကြောင့်လည်း စစ်တပ်က ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့ စစ်ကို ခဏ ဆိုင်းထားဖို ကြိုးစားဟန်တူတယ်။ သို့သော်လည်း ဒါက သူ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါ။

ကျနော် တစ်ခါက ရေးခဲ့ဖူးတဲ့ဆောင်းပါးမှာ– အခုလို ရေးဖူးတယ်။

ဒီပွဲဟာ ဘယ်သူကမှ ဘယ်သူ့အပေါ် အပြုတ်တိုက် အပြတ်ရှင်းတာမျိုး မလုပ်နိုင်ဘူး။ စစ်တပ်ကလည်း မလုပ်နိုင်ဘူး။ တော်လှန်ရေးအင်အားစုတွေကလည်း လုပ်နိုင်မယ် မထင်ဘူး။ ဒါ့ကြောင့် နောက်ဆုံးအထိ တောင့်ခံနိုင်တဲ့သူက အသာစီးရပြီး နိုင်မယ်လို မှတ်ထင်နေတယ်။ အထူးသဖြင့် ဒီအထင်အမြင်ဟာ မြန်မာစစ်တပ်မှာ အများဆုံး ရှိတယ်။ အိမ်စောင့်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးနေဝင်းက ရန်ကုန်အစိုးရလို ပြောတဲ့အခြေအနေကနေ ပြန်လည် အသာစီးရအောင် လုပ်နိုင်တဲ့ ဥပမာမျိုး။

မြန်မာစစ်တပ်ဟာ သူ့အကျပ်အတည်းကို ဂယ်ပေါက် တစ်ခုခု ရဖို ကြိုးစားနေတာ ထင်ရှားတယ်။

သို့သော်လည်း လက်တွေ့မှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စီရင်ခဲ့သလို ဂယ်ပေါက်မျိုးကို မင်းအောင်လှိင်က လုံးဝ လုပ်နိုင်မယ် မထင်။ ၂၀၂၃ ဩဂုတ် ရွေးကောက်ပွဲ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရမယ် ထင်တယ်။ ရွေးကောက်ပွဲအလွန်မှာ မြန်မာစစ်တပ်ရဲ့ လုပ်ပုံကိုင်ပုံ ခြေမပေါ်ရင်၊ မင်းအောင်လှိင်ကို သူ့အောက်က ကောင်တွေက ဖယ်လိမ့်မယ်လို ထင်တယ်။ ပိုပြီး Hardliner ဖြစ်တဲ့ တစ်ကောင်ကောင်က မင်းအောင်လှိုင် ကို ဖယ်တာမျိုးပဲ ဖြစ်လိမ့်မယ် ထင်တယ်။

〓 (၂) အာဆီယံနဲ့ တရုတ်ကိစ္စ။

〓 အာဆီယံကိစ္စ။

အာဆီယံကတော့ တရုတ်နဲ့ ယှဉ်ရင် မြန်မာပြည်အတွက် သိပ်အရေးပါတဲ့ အခန်းကဏ္ဍမှာ မရှိဘူး။ ဒေသတွင်းနိုင်ငံတွေအနေနဲ့ အဆုံးကြီး၊ အဆိုးဆုံးဖြစ်မသွားဖို့ကို လုပ်ပေးတဲ့ ကြားခံ မီဒီယံ သဘောမျိုးသာ ရှိပါတယ်။ အထူးသဖြင့် အမေရိကန်ရဲ့ တိုက်ရိုက်ပါဝင်မှု မရှိအောင် တရုတ်က အာဆီယံနဲ့ ခံထားပြီး မြန်မာကိစ္စကို ဝင်လုပ်တာမျိုးပဲ နှစ်မြိုတယ်လို ကျနော် ယူဆတယ်။ တရုတ်ကလည်း နောက်ကွယ်မှာ တိုက်ရိုက်ပါဝင်ပေမယ့် အပြလှအောင် အာဆီယံနဲ့ ပူးတွဲပြီး မြန်မာ့အရေးကို စေ့စပ်ညှိနှိင်းရေး လမ်းကြောင်းပေါ် တင်နေတာ တွေ့ရတယ်။

တကယ်တော့ အမေရိကန်လည်း စေ့စပ်ညှိနှိင်းရေးလမ်းကြောင်းပေါ်ပဲ ရပ်ဖို အားပေးတာတွေ့ရတယ်။ အမေရိကန်ဟာ လက်နက်ကိုင်လမ်းစဉ်ကို မငြင်းပယ်ပေမယ့်၊ သူကိုယ်တိုင် ကာယကံမြောက် အားပေးတာ မျိုးတော့ လုံးဝ မလုပ်ဘူးဆိုတာ သေချာတယ်။ အမေရိကန်တွေ တွန်းတာကလည်း စေ့စပ်ညှိ နှိုင်းရေး ဖြစ်ဖို့ပဲ တွန်းအားပေးတာတွေ့ရတယ်။

ဒါပေမယ့် တရုတ်ရော၊ အမေရိကန်ရော သဘောမပေါက်တာက။

လက်ရှိအခြေအနေက နှစ်ဖက်လုံးက ကျွံဝင်ကုန်ပြီ။

တော်ရုံနဲ့ စားပွဲဝိုင်းနိုင်ငံရေးအပေါ် ရောက်ဖို လုံးဝ မလွယ်တော့ဘူး။

အထူးသဖြင့် လက်ရှိ တည်ဆဲ အင်အားစုတွေနဲ့ စစ်တပ်အကြား အလျင်အမြန် စေ့စပ်ညှိနှိုင်းတယ်ဆိုတဲ့ လမ်းကြောင်းဟာ မျှော်လင့်ဖွယ် မရှိဘူး။

တည်ဆဲ အင်အားစုထဲမှာ တိုက်ရိုက်မပါသေး (မပါနိုင်သေး) တဲ့ အင်အားစုတချို့နဲ့ဆိုရင်တော့ မပြော တတ်ပါ။

〓 တရုတ်ကိစ္စ။

တရုတ်အနေနဲ့က မြန်မာပြည် ဒီမိုကရေစီ ဖြစ်ခြင်း မဖြစ်ခြင်းကို စိတ်မဝင်စားပါ။ မြန်မာပြည်စီးပွားရေး လုပ်လို ကောင်းအောင် တည်ငြိမ်ဖိုတော့ လိုလားတယ်။ အာဆီယံထက် တရုတ်ရဲ့ အခန်းကဏ္ဍဟာ မြန်မာပြည်ရဲ့ အချိုးအကွေ့တွေအပေါ်မှာ လွှမ်းမိုးမှု အားကြီးတာကို မငြင်းနိုင်ဘူး။ တရုတ်အနေနဲ့ သူနဲ့ စီးပွားရေး တွဲလုပ်ဖို ကောင်းတဲ့ အင်အားစုကိုပဲ မြန်မာပြည်မှာ အစိုးရဖြစ်စေချင်တာပါ။

တရုတ်အနေနဲ့ မြန်မာစစ်တပ်ကို လူမျိုးစုတပ်တွေနဲ့ တစ်တန်းတည်းထားပြီး အဆင့်နှိမ့် ဆက်ဆံတာကို မြန်မာစစ်တပ်က သိတယ်။ ဒါကို အလို မရှိပါ။ တရုတ်က မြန်မာစစ်ခေါင်းဆောင်တွေကိုလည်း အဆင့်နှိမ့် ဆက်ဆံတာတွေ့ရသလို၊ လောလောဆယ် အနောက်သိပ်ယိမ်းပြီး (အမေရိကန်ကိုမျှော်လွန်းတဲ့) NUG ကိုလည်း သဘောမကျပါ။ NLD ကိုတော့ တရုတ်က အတော် အမြင်ကြည်တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ကို ကန်ပြီး တရုတ်ဘက်ကို ယိမ်းပြီး ဆက်ဆံတာကို တရုတ်က သိတယ်။ ဒါကို စစ်တပ်ကလည်း သိတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နဲ့ နီးကပ်အောင်လုပ်ပြီး မြန်မာစစ်တပ်ကို ခွေဖို ကြိုးစားခဲ့တာပါ။ ဒါကို မြန်မာစစ်ခေါင်းဆောင်တွေက ကောင်းကောင်း နားလည်ခဲ့ ပါတယ်။

လောလောဆယ်အခြေအနေမှာလည်း စစ်ခေါင်းဆောင်တွေဟာ တရုတ်ထက် ရုရှားကို ပိုမျှော်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ တရုတ်အနေနဲ့ သူ အမြဲတမ်း စစ်ရေးအကူအညီတွေ ပေးခဲ့တဲ့ တိုင်းရင်းသား တပ်တွေ စတဲ့ အင်အားစုတွေ နွေဦးတော်လှန်ရေးမှာ မူအားဖြင့် သဘောတူတာကို အထူး ထည့်သွင်းစဉ်းစား တယ်။ သို့သော်လည်း လက်တွေ့မှာ မြန်မာစစ်တပ်ကို လက်လွှတ်လို မရသေးလို နှစ်ဖက်ခွပြီး ကစားတာ မျိုးပဲ လုပ်နေပါတယ်။

တရုတ်နဲ့ မြန်မာစစ်တပ် တိုက်ရိုက် ဆက်ဆံရေးချန်နယ်ရှိပေမယ့်၊ NUG နဲ့ တရုတ်က တိုက်ရိုက်ဆက်သွယ်ရေးလမ်းကြောင်း မရှိပါ။ ကြားခံ ဆက်သွယ်ရေးတော့ ရှိလိမ့်မယ်။ တရုတ်က နွေဦးတော်လှန်ရေးကို နိုင်အောင် လုပ်မပေးနိုင်ပေမယ့်၊ သူ အလို မရှိရင် ပျက်အောင်တော့ ဖျက်နိုင်စွမ်း ရှိပါတယ်။

Related Articles

Back to top button