တိုင်းရင်းသားများသတင်း

ကျောင်းပညာရေး ကလေးမိဘများ ဘယ်ကိုရွေးချယ်မလဲ

Getty Images

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၁၇

ကိုးဗစ် (၁၉) ရောဂါအလွန်၊ စစ်အာဏာသိမ်းမှုဖြစ်စဉ်နဲ့ဆက်စပ် ပဋိပက္ခတို့ကြောင့် ကျောင်းပညာရေး သင်ကြားနိုင်ခွင့်နှင့် ကင်းကွာလာ၍ ကလေးများ၏ ပညာရေးနှင့် ပတ်သက်ပြီး ကလေးမိဘများက ပူပန်နေကြရပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတို့ကြား ကလေး၊ လူငယ်များအတွက် ပညာရေးဝန်ဆောင်မှု ပေးနိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေတဲ့ ကာလာလည်း ဖြစ်နေပြန်ပါတယ်။

ဒီလိုကာလထဲမှာ ကျောင်းသားမိဘတွေက မည်သည့် အင်အားစုက ဖွင့်လှစ်သည့် ကျောင်းတို့ တက်ရောက် ခွင့်ပြု ရမလဲဆိုတာ ရွေးချယ်ရခက်ခဲနေသည့် အခြေအနေ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။

“တော်လှန်ရေးအင်အားစုအဖွဲ့တွေဖွင့်တဲ့ ကျောင်းတွေမှာတက်စေချင်ပေမယ့် တော်လှန်ရေးက ဘယ်လောက် ထိ ကြာနေဦးမှာလည်း၊ ကျမတို့လို ငွေကြေးမပြည့်စုံတဲ့ မိသားစုတွေအတွက် လက်တွေ့ ဘယ်လိုပုံစံနဲ့ သင်ယူခွင့်၊ သင်ကြားခွင့်ရမှာလဲ ကျမတို့ ဆီမှာ မေးခွန်းရှိတယ်၊ စစ်ကောင်စီဖွင့်တဲ့ ကျောင်းကို လည်း မသွားစေချင်တာတော့အမှန်ပါပဲ၊ ဒီလိုအခြေအနေမျိုးမှာ မိဘတွေကတော့ ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ရခတ်သာပေါ့” ဟု ကျောင်းသားမိဘ တဦးက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစု အချို့ကလည်း စစ်ကောင်စီက ဖွင့်လှစ်သည့် ကျောင်းပညာရေးကို မတက်ရောက်ဖို့ ကျောင်းသားမိဘများအပေါ်တိုက်တွန်းနေသလို စစ်ကောင်စီရဲ့ ပညာရေးနဲ့ အုပ်ချုပ်ရေး ယန္တယား လည်ပတ်နိုင်အောင် ပါဝင်ကူညီသည့်သူများကို အရေးယူမည်ဟုလည်း ထုတ်ပြန်ကြေညာ ထားပြန် ပါတယ်။

တဘက်မှာတော့ စစ်ကောင်စီက ၎င်းတို့ ဖွင့်လှစ်ဖြေဆိုခွင့်ပြုခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တနိုင်ငံလုံး အတိုင်းအတာအရ အောင်မြင်သူဦးရေနှင့် အောင်ချက်ရာခိုင်နှုန်း ယနေ့ထုတ်ပြန်လာပါတယ်။ ရာခိုင်နှုန်းအားဖြင့် (၄၆.၈၈%) အောင်ချက် ရှိခဲ့ကြောင်း ဖော်ပြထားပါသေးတယ်။ အဲဒီထုတ်ပြန်ချက်အရ တိုင်းနဲ့ပြည်နယ်များထဲမှ မွန်ပြည်နယ်က (၅၇.၂၁%)ဖြင့် အောင်ချက်အများဆုံး ပြည်နယ်အဖြစ် ရပ်တည် ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်နဲ့စပ်လျဉ်းပြီး NUG ရဲ့ ပညာရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီက ဖွင့်လှစ် ဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများကို အသိအမှတ်မပြုကြောင်း ပြောဆိုထားပြန်ပါတယ်။

“တရားမဝင်အကြမ်းဖက် စစ်အာဏာရှင်၏ ပညာရေးကို အသုံးချ၍ စစ်အာဏာရှင်စနစ် လည်ပတ်အောင် လုပ်ဆောင်မှုများ အားလုံးသည် တရားဝင်မှု မရှိကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး စနစ်တွင် ပြည်သူကို ကိုယ်စားပြုသည့် ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုး/ဒေသ အခြေပြု အဖွဲ့အစည်းများ၊ ကောင်စီများ၏ ပညာရေး အဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုသည်သာ တရားဝင် အသိအမှတ်ပြုမှုဖြစ်ပါသည်” ဟု အခုလိုဆိုပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတို့ကြား ၎င်းတို့က ပေးမည့် ပညာရေးဝန်ဆောင်မှုအပေါ် အသိအမှတ်ပြုမှု မပြုမှုနှင့် ဆက်စပ်လျဉ်းပြီး ပြောဆိုမှုအပေါ် တိုင်းရင်းသားလက်နက်ကိုင် ဒေသက လူငယ်များရဲ့ ကြုံခဲ့ရတဲ့ ပညာရေးအခြေအနေနဲ့ စပ်လျဉ်းပြီး အမျိုးသမီးအရေးနှင့် နိုင်ငံရေးတက်ကြွ လုပ်ရှားသူ ဒေါ်ခေါန်ဂျာကတော့ အခုလိုထောက်ပြ ပြောဆိုပါတယ်။

“စကစ ကျောင်းတွေက ၁၀ တန်းအောင်လာတဲ့ ကလေးတွေကို NUG MOE က ထုတ်ထားတဲ့ စာရဲ့ အမှတ် (၂) အရ NUG က အသိအမှတ်မပြုဘူးလို့ ပြောလာကြတဲ့အခါ ပြန်သတိရလာတာ ရှိတယ်။ ၂၀၁၁ ကတဲက KIO အုပ်ချုပ်တဲ့ဒေသတွေက ၁၀ တန်းအောင်ချက်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပညာရေး ဝန်ကြီးဌာနက အသိအမှတ်မပြုခဲ့ဘူး။ ဒါကြောင့် မြန်မာပြည်မှာ ဘယ်တက္ကသိုလ်မှ ဆက်တက်လို့ မရခဲ့သလို ပြင်ပတက္ကသိုလ်/ကျောင်းတခုခုကို ကြားခံ တက်ပြီးမှ ခက်ရာခဲဆစ် သွားကြရတာ။ ဘက်တာ မတူတာ။ လုပ်ထုံးလုပ်နည်းတွေက မိတ္တူကူးထားသလိုဘဲ” ဟု ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာ (Facebook) ကနေ တဆင့် အခုလို ပြောပါတယ်။

ယခုလို ခက်ခဲတဲ့ ကာလမျိုးမှာ ငွေကြေးမတက်နိုင်တဲ့ ကျောင်းသားမိဘတွေအတွက် စမတ်ဖုန်းတစ်လုံး ဝယ်ဖို့တောင်မတတ်နိုင်တဲ့ မိဘတွေအတွက် အစိုးရကျောင်းကလွဲလို့ ရွေးချယ်စရာမရှိသလို တခြားရွေးချယ် စရာရှိမနေတဲ့ နေရာဒေသတွေက မိဘတွေကတော့ ဒီခေတ်ကာလမှာ မိမိကလေးကို ကျောင်း မထား တော့ဘူးလို့ ဆုံးဖြတ်စေဖို့ ဖိအားဖြစ်စေတယ်လို့ Sai Kyi Zin Soe (Dr Husky) ကလည်း ထောက်ပြ ပြောဆို ထားပါတယ်။

“ဒီအချိန်ကာလမျိုးမှာ ကျောင်းနေအရွယ်ကလေးရှိနေတဲ့ မိဘတွေတော်တော်များများ မေးမိနေကြတဲ့ မေးခွန်းကတော့ ကလေးကို အစိုးရကျောင်းထားမှာလား မထားဘူးလား ဆိုတာလို့ပြောရင် မှားမယ် မထင်ပါဘူး။ ငွေကြေးအဆင်ပြေပြီး မြို့ကြီးပြကြီးမှာနေတာမို့လို့ တခြားရွေးချယ်စရာတွေရှိနေရင် ဆုံးဖြတ်ဖို့ မခက်လှပေမယ့် အင်တာနက်မရှိ၊ ရှိရင်လည်း အင်တာနက်ဖိုးမတတ်နိုင်၊ ကွန်ပျူတာ တက်ဘလက် မဆိုထားနဲ့ မျက်နှာပြင်ကျယ်ကျယ်နဲ့ စမတ်ဖုန်းတစ်လုံးဝယ်ဖို့တောင်မတတ်နိုင်ဘဲ အစိုးရကျောင်းကလွဲလို့ တခြားရွေးချယ်စရာရှိမနေတဲ့ နေရာဒေသတွေက မိသားစုတွေအနေနဲ့ကတော့ ဒီခေတ်ကာလမှာ မိမိကလေးကို ကျောင်းမထားတော့ဘူးလို့ ဆုံးဖြတ်စေဖို့ တွန်းအားတွေ ဖိအားတွေ ပတ်ဝန်းကျင်မှာ များနေတယ် ဆိုတာဟာလည်း ငြင်းမရပါဘူး” ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာ(Facebook) ကနေတဆင့် ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေး ပယောဂ မရှင်းမလင်းတဲ့ ပုံစံနဲ့ တည်ဆောက်တဲ့ ပညာရေးကလည်း အဆင့်မှီ အရည်အချင်းရှိတဲ့ ပညာရေး ဖြစ်လာနိုင်မှာ မဟုတ်ပါဘူးလို့ ကယန်းမျိုး ဆက်သစ်လူငယ်အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး  ခွန်းမောင်တင်က တိုက်တွန်းပြောဆိုပါထားတယ်။

 “နိုင်ငံရေး အမြတ်ထုတ်ဖို့နဲ့ အဖွဲ့အစည်းရဲ့ ပုံရိပ်ကောင်းဖို့အတွက် ပညာရေးကို စမယ်ဆိုရင်တော့ အဲဒါက စိတ်ရင်း စေတနာမှန် မဟုတ်တော့ဘူး၊ နိုင်ငံရေး ပယောဂ မရှင်းမလင်းဖြစ်တယ်ဆိုတော့ လက်တွေ့ ကြုံရမယ့် မြေစာပင်က ကလေးတွေသာ ဖြစ်သွားနိုင်ပါတယ်။ အဲဒီနိုင်ငံရေး ပယောဂ မရှင်းမလင်းတဲ့ ပုံစံနဲ့ တည်ဆောက်တဲ့ ပညာရေးကလည်း အဆင့်မှီ အရည်အချင်းရှိတဲ့ ပညာရေး ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး” ဟု ပြောပါတတယ်။

ဒေသအသီးသီးက တော်လှန်ရေး အင်အားစုတွေကြားမှာတော့ လူငယ်များရဲ့ ပညာရေးနှင့် ပတ်သက်ပြီး အရည်အချင်းရှိတဲ့ CDM ဆရာ၊ ဆရာမများနှင့်အတူ ပူးပေါင်း စုစည်းထားကြပြီး အဆင့်မှီအောင် အကောင်းမွန်ဆုံး အဆင်မြင့်ပညာရေးများကိုဝန်ဆောင်မှု ပေးသွားမှာဖြစ်သလို အခြေခံပညာကိုလည်း အတက်နိုင်ဆုံး စနစ်ကျအောင် လုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားကြပါတယ်။ 

Related Articles

Back to top button