သတင်း

ဇွန်လ ပထမအပတ် တိုက်ပွဲသတင်း စစ်ကောင်စီတပ်မှ ၂၆ ဦးသေဆုံးကြောင်း KNDF  ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် ဇွန်လ – ၈

ဇွန်လ (၂) ရက်နေ့မှစပြီး  လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးအုပ်စု၊ လင်ဖုံကြီးနှင့်ကုန်းမှီ ကျေးရွာဖက်သို့၊ အကြမ်းဖက် စစ်ကာင်စီတပ်များ စစ်ကြောင်းထိုးလာသောကြောင့်  ကရင်နီပူးပေါင်းတပ်တို့ ဇွန်လ (၂)ရက်နေ့တွင် ကုန်းမှီကျေးရွာ နှင့် ဇွန်လ (၃) ရက်နေ့ ဒေါတနောရေထွက်ပေါက် အနီးတို့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄င်းကျေးရွာရှိ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း နေအိမ်များကို မီးရှို့ခြင်းများပြုလုပ်ခဲ့သည့်အပြင် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

ထို့အတူ စစ်ကောင်စီတပ်များသည် ဇွန်လ (၄)ရက် လွိုင်ကော်မြို့ဘက်မှ ဒီးမော့ဆိုမြို့နယ်၊ဒေါပိုးစီဖက်နှင့် သေးဆူလဲကျေးရွာမှ ဟိုဖိတ်ကျေးရွာဖက်သို့ စစ်ကြောင်းနှစ်ကြောင်းထိုးခဲ့ရာ KNDF နှင့်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဇွန်လ (၅) ရက်နေ့တွင် စံပြ (၆) မိုင်၊ဘက်တလင်ကျေရွာအတွင်းရှိနေအိမ်တွင် ခိုအောင်းနေသာ စစ်ကောင်စီတပ်များကို KNDF မှတိုက်ခိုက်ခဲ့ပြီး ဇွန်လ (၆) ရက်နေ့တွင်လည်း ဒေါခလိုက်လင်း ကျေးရွာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF မှ ထပ်မံတိုက်ခိုက်ခဲ့ရာ၊ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဇွန်လ (၇)ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်ဘက်မှ မိုးဗြဲမြို့ဘက်သို့ စစ်ကြောင်းထိုး သဖြင့် မိုးဗြဲမြို့အဝင်ညောင်ဝိုင်းရပ်ကွက်အနီးတွင် KNDF၊ PDF ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ တစ်နေကုန် နီးပါး ဖြစ်ပွားခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲပြီး၊ ရပ်ကွက်နေပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ မိုးဗြဲမြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ (၂)ဦး သေဆုံးခဲ့ပြီး (၃) ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဇွန်လ ပထမအပတ်၊ ကရင်နီပြည်တဝှမ်းဖြစ်ပွားသော တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၆) ဦးသေဆုံးခဲ့ပြီး  ယာဥ်(၃) စီးမီးလောင်ခဲ့ပြီး၊ KNDF မှ လက်နက်အချို့နှင့် ယာဥ် (၂) စီးတို့ကို သိမ်းဆည်းရမိ ခဲ့ပါသည်။ KNDF မှ ဇွန်လ (၃) ရက်နေ့၊ ဒေါတနောရေထွက်ပေါက်တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်များကို ခုခံတိုက်ခိုက်ရင်း၊ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။

#ဖက်ဒရယ်ဂျာနယ်

#ကရင်နီပြည် #ဇွန်လပထမပတ် #တိုက်ပွဲ

 #KNDF #သတင်းနှင့်ပြန်ကြားရေးဌာန

https://www.facebook.com/federaljournal

https://federaljournalmm.org/

Related Articles

Back to top button