တိုင်းရင်းသားများသတင်း

စစ်ကောင်စီက KNUထိန်းချုပ်နယ်မြေ သထုံမြို့နယ် ထုံးဘိုကြီး၊ ထုံးဘိုလေး ကျေးရွာသို့ နေ့စဉ် လက်နက်ကြီး အမြောက်အများ ပစ်ခတ်နေ

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၆

စစ်ကောင်စီ ခမရ အမှတ် (၉) စခန်းက သထုံမြို့နယ်၊ ထုံးဘိုကြီး နှင့် ထုံးဘိုလေး ကျေးရွာ အတွင်းသို့ ဇွန်လ ၁ ရက်နေ့ကတည်းက ယနေ့အချိန်ထိ နေ့စဉ် လက်နက်ကြီး အလုံး ၅၀ ကျော် ပစ်ခတ်လျှက် ရှိနေသည်ဟု KNU၊ တပ်မဟာ (၁) တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်တွင် KNU က ခမရ အမှတ် ၉ စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဗိုလ်ကြီး ကျော်ဇင်ထက် နှင့် တပ်ကြပ်ကြီး နိုင်ဦးတို့ နှစ်ဦးကို ဖမ်ဆီးပြီး ပြန်မလွှတ်သောကြောင့် ယခုကဲ့သို့ ကျေးရွာများ အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) မှ တာဝန်ရှိသူများက “စခန်းမှာ လက်နက်ကြီး ၅ လက် ချထားပြီး တပြိုင်တည်း ပစ်တယ်။ တစ်နေ့ကို အလုံး ၅၀/၆၀ လောက် ရှိတယ် အခုချိန်ထိ ပစ်နေတုန်းပဲ” ဟု BAP သတင်းဌာနတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်စခန်းမှ ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထုံးဘိုလေးကျေးရွာမှ အသက် ၇၀ အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာ ရခဲ့ပြီး လူနေအိမ် ၂ လုံး ပျက်စီးကာ အိမ်မွေးဝက် ၁ ကောင် သေဆုံးခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သထုံမြို့နယ်ရှိ ဝီယော်ကျေးရွာ၊ သုံးအိမ်စုကျေးရွာ၊ ထုံးဘိုလေးကျေးရွာ နှင့် ထုံးဘိုကြီးကျေးရွာတို့မှ ‌ဒေသခံ သုံးထောင်ကျော် တိမ်းရှောင်နေရသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ထိုဒေသရှိ ပြည်သူလူထုများကို လူသားတံတိုင်းအဖြစ် အသုံးပြုရန် ယခင်လက ဖမ်းဆီးခေါ်ဆောင်သွားမှုများလည်း ရှိခဲ့သည်။

Related Articles

Back to top button