တိုင်းရင်းသားများသတင်း

စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း KHRG ပြော

ဓာတ်ပုံ-ရွာသား (KHRG Facebook)

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၁
စစ်ကောင်စီ တပ်သားများနှင့် ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA)တို့ကြား မေလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ကျေးရွာအတွင်းသို့ ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် ဒေသခံများ ထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က သတင်းထုတ်ပြန်ပါတယ်။
“၂၀၂၂ခုနှစ်၊ မေလ ၂၉ရက်နေ့ ညနေ (၂း၀၀) နာရီအချိန်တွင် တံခွန်တိုင်ရဲစခန်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများနှင့် ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)တို့ကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများသည် ဒူးပလာယာခရိုင်၊ ဝေါ်‌ရေ (ဝင်းရေး) မြို့နယ်၊ နန်းသိုင်း ထွန်‌ကျေးရွာ အတွင်းသို့လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။ ယင်းတို့ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး တစ်လုံးမှာ ရွာသားအိမ်ခြံဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ အသက်(၃၃)နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် ချက်ချင်းသေဆုံးခဲ့ပြီး ၎င်း၏(၇)နှစ်အရွယ်သမီးမှာ လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။ ထိုဖြစ်စဉ်ကြောင့်၊ နန်းသိုင်းထွန်ရွာမှ ရွာသားအားလုံးနီးပါး ထွက်ပြေး တိမ်းရှောင် နေကြရပါသည်” ဟု သတင်းထုတ်ပြန်ပါတယ်။
“ကူးဆိပ်စခန်းရှိ စစ်ကောင်စီ တပ်က မေလ ပထမပတ် (၇)ရက်နေ့ကလည်း မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထော ကျေးရွာအုပ်စု၊ တဒွီးခို ကျေးရွာအတွင်းသို့ လက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့ သာကြောင့် ကျေးရွာနေ ပြည်သူ များရဲ့ နေအိမ်အနီး လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး၊ (၁၅) နှစ် အရွယ်မိန်းကလေးတစ်ဦး ရင်ဘတ်တွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ (၁၂) နှစ်အရွယ်ညီမလေးမှာ ဝမ်းဗိုက် အောက်ပိုင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့တယ်။ ထိုပစ်ခတ်မှုတို့ကြောင့် ကျေးရွာတွင်းရှိ ပြည်သူများ နေအိမ် အချို့မှာလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်” ဟု သတင်းထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် ကရင်ပြည်နယ်အတွင်း သေဆုံးသူ ကလေးငယ်များ ၂၀ ဦးထိရှိလာခဲ့ပြီး ဒဏ်ရာရသူ ၄၀ ဦး ကျော်လာခဲ့ပြီလို့ သိရပါတယ်။

Related Articles

Back to top button