တိုင်းရင်းသားများသတင်း

ဖလမ်းမြို့သို့ ကုန်လာချသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ကို စစ်ကောင်စီတပ်ဖွဲ့ ပစ်သတ်မီးရှို့၍ ကားယူဆောင်သွား

ဧပြီ ၁၆၊ ၂၀၂၂ (ဖလမ်း)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် ၊ဖလမ်းမြို့သို့ ကုန်တင်ဆောင်လာသည့် ချင်းချယ်ရီဂိတ်မှကုန်ကား တစ်စီး ဧပြီလ ၁၂ ရက်နေ့က ကလေးမြို့ စည်သာကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးကို ပစ်သတ်ကာ နေရာတွင် ရုပ်အလောင်းကို မီးရှို့ထားခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)မှ တာဝန်ရှိသူထံက သိရသည်။

ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးတို့၏ ရုပ်အလောင်းကို မီးရှို့ထားပြီး ကုန်ကားကို ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

”သတ်ဖြတ်ခံရတဲ့ သူတွေက ဖလမ်းမြို့နယ်၊ကြောင်ထဲရွာသားတွေဖြစ်တယ်။ သူတို့တင်လာတဲ့ကုန်တင်ကားမှာ ကုန်တွေက ကာလတန်ဖိုး သိန်း ၄၀၀ကျော်လောက်တန်ဖိုးရှိတယ်။ ကြားတာကတော့ ငွေတောင်းတယ်ပြောတယ်။ နောက်တော့မပေးနိုင်ကြလို့မီးရှို့သတ်ပစ်လိုက်ကြတာ။ အခု အဲဒီကားကို စစ်ကောင်စီတပ်တွေမောင်းနေကြတာကို ကလေးမြို့နယ် ဟံသာဝတီကျေးရွာဖက်မှာတွေ့ရတယ်”ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ယာဉ်မောင်း ကျုံးကျုံး သည် အသောက်အစားကင်းပြီး အိမ်ထောင်ရှိသူ သားနှစ်ဦး၏ ဖခင်ဖြစ်ပြီး၊ ယာဉ်နောက်လိုက် အဖြစ်လုပ်ကိုင်နေသည့် ကျုံးနီ ဆိုသူသည် အိမ်ထောင်ရှိသူဖြစ်ပြီး သားတစ်ဦး၏ ဖခင်ဖြစ်ကြောင်းလည်း သိရသည်။

Related Articles

Back to top button