၂၀၂၂ခုနှစ်၊ ဧပြီလ(၁၀) ရက်နေ့တွင်ကျရောက်သော (၂၂) ကြိမ်မြောက် ကယန်းအမျိုးသားနေ့မှာ ကယန်းအမျိုးသားညီညွတ်ရေးဦးဆောင်ကော်မတီနာယကအဖွဲ့ ခွန်းမားကိုရ်ဘန်မှ ပြောကြားသည့် မိန့်ခွန်း
ကယန်းအမျိုးသားနေ့ အခမ်းအနားမှာ ကြွရောက်အားပေးကြသော ပြည်ထောင်စု ယာယီသမ္မတ နှင့်တကွ ခေါင်းဆောင်များ၊ ကယန်းအမျိုးသားပြည်သူများ အားလုံးကို ဝမ်းမြောက်ဝမ်းသာစွာဖြင့် လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ပြောကြားလိုပါသည်။
ကျွန်တော့်အနေဖြင့် ကယန်းအမျိုးသားနေ့မှာ ကယန်းလူမျိုးစတင်ဆင်းသက်လာပုံ၊ အဆင့်ဆင့် ပြောင်းရွှေ့နေထိုင်ပုံ၊ အတည်တကျနေထိုင်ပုံနှင့် တိုင်းပြည်တည်ဆောက်လာပုံကို ရှေးမိဘဘိုးဘွားများ လင်္ကာသံပေါက်ဖြင့် ဖွဲ့နွဲ့စီကုံးပြီး သီဆိုလာသည့်အာဂုဏ်ဆောင်တေးသီချင်းများကို သီဆိုတင်ပြသွားပါမည်။
ကရင်နီအမျိုးသားအုပ်စုဝင်ဖြစ်သော ကယန်းလူမျိုးသည် ကမ်းယန် လူမျိုးအုပ်စုကြီးမှ ကရင်နီအုပ်စု၊ ကရင်အုပ်စု၊ ပအိုဝ်းအုပ်စု တို့နှင့်အတူ ဘေဘီလုံ၊ မွန်ဂိုးလီးယား၊ တိဘက်၊ ယူနန် အဆင့်ဆင့် မှ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဧရာဝတီမြစ် အတိုင်းစုန်ဆင်းလာခဲ့ပြီး တောင်ငူ၊ ဒဂွမ်း(ခ)ရန်ကုန်၊ သထုံ၊ တန်ဖ၊ လုံးလိလု(ခ) ဇွဲကပင် တွင် မိုင်(ခ)မွန်လူမျိုးတို့နှင့်အတူ နေထိုင်လာခဲ့ကြောင်း၊ AD 1057 ခုနှစ်တွင် စစ်ဘေး စစ်ဒါဏ် ကြောင့် စစ်တောင်းမြစ်၊ သံလွင်မြစ်အတိုင်း ပြန်လည်စုန်တက်ပြီး မူလနေထိုင်လာသည့် ယနေ့ ကရင်နီပြည် တွင် တိုင်းပြည်ထူထောင်ကာ အတူပြန်လည်အခြေချနေထိုင်လာကြသည်။ ပအိုဝ်းအမျိုးသား အုပ်စုသည် ဆက်လက် ဆန်တက်ပြီး ရှမ်းပြည်တောင်ပိုင်း၊ သထုံပေး(ခ)ဆီဆိုင်နယ်၊ ဟိုပုံးနယ်တွင်အခြေချ နေထိုင်လာကြောင်း သမိုင်း အရ ဖော်ပြသည်။ ကရင်နီအုပ်စု၊ ကရင်အုပ်စု၊ ပအိုဝ်းအုပ်စုတို့သည် ကြက်ဥတစ်ခြင်းထဲမှ ပေါက်ဖွားလာသော ညီအစ်ကိုများဖြစ်ကြောင်းခံယူထားကြသည်။
ကရင်နီအမျိုးသားသည် ဘောလခဲနယ်၊ ကြက်ဖိုးကြီးနယ်၊ ကန္တာရဝတီနယ်၊ နန်းမယ်ခုံနယ်၊ နောင်ပလဲ နယ်၊ မွန်းပိုင်(ခ)မိုးဗြဲနယ်၊ ဆောင်ထွန်(ခ)ဘန်းဖရာ(ခ)လွယ်လုံနယ်၊ ကဲစော့(ခ)မောင်ကျော်နယ် စသော နယ် (၈)နယ်စုစည်းထားသည့် ကရင်နီပြည်ကိုထူထောင်လာခဲ့သည်။ ယင်း ကရင်နီပြည် တည်ထောင်လာခြင်း သမိုင်းများကို ရှေးလင်္ကာသံပေါက် အာဂုဏ်ဆောင် တေးသီချင်းများဖြင့် သီဆိုဖော်ပြထားသည်။
အင်္ဂလိပ်နှင့်မြန်မာဘုရင်တို့က ၁၈၇၅ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင်ကရင်နီပြည်ကိုသီးခြားလွတ်လပ် သောပြည်အဖြစ် အသိအမှတ်ပြုခဲ့သည်။ သို့ရာတွင် နယ်နိမိတ်အပိုင်းအခြားများတိုင်းတာသတ်မှတ်ခြင်း မရှိသေးပေ။ ၁၈၈၇ခုနှစ်မှ နယ်နိမိတ်စတင်တိုင်းတာပြီး ၁၈၉၂ ခုနှစ်တွင်တိုင်းတားခြင်းပြီးစီးသွားသည်။
ကရင်နီအမျိုးသားများ၊ စောဖျာများ၊ အင်္ဂလိပ်နယ်ချဲ့သမားကို တောက်လျှောက်ခုခံ တိုက်ခိုက်လာခဲ့ သည့်အပြင် ၁၈၈၅ခုနှစ်နောက်ပိုင်း တတိုင်းတပြည်လုံးအေးချမ်းသာယာနေသည့် အချိန်တွင် နောင်ပလဲ စောဖျာသူးရယ်သည် ၁၈၉၂ခုနှစ်၊ ဇွန်လ(၃၀) ရက်နေ့တွင် လွိုင်ကော်မြို့တွင်ရှိသော အင်္ဂလိပ်သံမှူးဝန်ထောက် မင်းရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုနေ့ရက် တစ်ရက်တည်းတွင်ပင် ပျဉ်မနားအရှေ့တောင်တန်း အလည်ချောင်းစာဟွား(ခ)စောဖျာမင်းအိုက်သထောင်သည် အင်္ဂလိပ်တောင် ပေါ်စခန်းမြို့ဖြစ်သော ဗက်သလင်ဟင် မြို့ကို ဝင်ရောက်တိုက်ခိုက်ဖျက်စီးလိုက်သည်။ ထို့အတူ မရှေးမနှောင်းအချိန်မှာ တောင်ငူ အရှေ့ ယခု သံတောင်နယ်မြောက်ပိုင်း ယာဒိုစာဟွား(ခ)စောဖျာပရိုက်ဖဒိုသည် စစ်တောင်းမြစ်တလျှောက်ရှိ အင်္ဂလိပ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သဖြင့်အင်္ဂလိပ်သည် များစွာတုန်လှုပ်ချောက်ခြားမိကြောင်း သမိုင်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် မိုးဗြဲနယ်နှင့် လွယ်လုံနယ်တို့ကို ဆက်လက်ကိုယ်ပိုင်အုပ်ချုပ်ရေးပေးထားသော်လည်း တောင်ကြီးအင်္ဂလိပ်အရေးပိုင်ကြီးကြပ်ရေးလက်အောက်သို့ လည်းကောင်း၊ ပျဉ်းမနားအရှေ့တောင်တန်း အလည်ချောင်းစောဖျာနယ်ကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆက်လက်ပေးထားသော်လည်း ရမည်းသင်းအရေးပိုင် ကြီးကြပ်ရေးလက်အောက်သို့လည်းကောင်း၊ ယနေ့သံတောင်မြောက်ပိုင်း (ခ) ယာဒိုစောဖျာမနွဲလယ်နယ် ကို တောင်ငူ အရေးပိုင် ကြီးကြပ်ရေးလက်အောက်သို့လည်းကောင်း ပိုင်းခြားသတ်မှတ် လာခဲ့သဖြင့် ယနေ့တွင် ရှမ်းပြည်၊ ကရင်ပြည်၊ မြန်မာပြည်၊ နေပြည်တော် နယ်မြေဟူ၍ အပိုင်းလေးပိုင်း ပိုင်းခြား ခံရသည်။
ထိုသို့ကရင်နီပြည် အပိုင်းလေးပိုင်း ပိုင်းခြားထားသည်ကို ပထမအကြိမ်အဖြစ်လွပ်လပ်ရေးကာလတွင် ကရင်နီခေါင်းဆောင်များဖြစ်ကြသော ဦးဘီတူရီ၊ သိုင်းဘဟန်၊ စောဝဏ္ဏ၊ မိုးဗြဲနယ်စာဟွားအိုက်မောင်ဦး၊ ပျဉ်းမနားအရှေ့တောင်တန်း စာဟွားသန်းစား(ခ)ဦးစံကျောက်၊ သံတောင်မြောက်ပိုင်းယာဒိုစော်ဘွား စောကဲ မနွဲလယ် တို့သည် ကရင်နီအမျိုးသားနယ်မြေအားလုံးကရင်နီပြည်အတွင်း ပြန်လည်စုစည်းရန် ကရင်နီပဒေါင် ကောင်စီဖွဲ့စည်းပြီး မိုးဗြဲနယ်ဟော်၊ ပျဉ်းမနားအရှေ့တောင်တန်းပြဒေါင်းကိုးရွာစော်ဘွားဟော်၊ တောင်ငူ အရှေ့တောင်တန်း ယာဒိုစော်ဘွားဟော် တို့ကို လွိုင်ကော်မြို့တွင် လာရောက်စုစည်းခဲ့ကြသည်။ သို့သော် ပြည်တွင်းစစ်ဒဏ်ကြောင့် ခေါင်းဆောင်များ ကျဆုံးသွားသဖြင့် အပြည့်အဝအောင်မြင်ခြင်းမရှိပါ။ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၁၈၂ အရ မိုးဗြဲနယ်သည် ကရင်နီပြည်ထဲသို့ ပူးပေါင်းပါဝင်လာခဲ့ သော်လည်း ၁၉၅၈ခုနှစ် တွင် ဗိုလ်နေဝင်းဖက်ဆစ်စစ်အုပ်စု အိမ်စောင့်အစိုးရလက်ထက်၌ စော်ဘွားလျှော်ကြေး ကို အကြောင်းပြုပြီး ကရင်နီပြည်မှ ရှမ်းပြည်သို့ ခွဲထုတ်ထားလိုက်သည်။
၁၉၆၄ခုနှစ်တွင် ကယန်းတိုင်းရင်းသားများသည် ကယန်းပြည်သစ်ပါတီ (Kayan Newland Party) စတင်ထူထောင်လာပြီး ဖယ်ခုံမြို့နယ် ပေါင်းလောင်း ဒေသ၊ ပျဉ်းမနား အရှေ့တောင်တန်းဒေသ၊ သံတောင် မြောက်ပိုင်းဒေသ စသည့်နယ်မြေများကို ယနေ့အထိတော်လှန်ရေးအရ တစုတစည်းတည်း စုစည်းလာနိုင်သည်။
၁၉၉၀ခုနှစ်၊ ပါတီစုံရွေးချယ်တင်မြောက်ရေးကာလတွင် ကယန်းအမျိုးသားစည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့ ပါတီသည် ရှမ်းပြည် ဖယ်ခုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်းမားရ်ကိုဘန် နှင့် ကရင်ပြည် သံတောင်မြို့ နယ် တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်းအာရ်ပီသောင်း တို့ ရွေးချယ်ခံရပြီး ကယားပြည်လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကယားပြည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တို့နှင့် ညှိနှိုင်းထားပြီး ကရင်နီ အမျိုးသား တဆက် တစပ် တည်းနေထိုင်သောနယ်မြေများ ကရင်နီပြည်အတွင်းပြန်လည်စုစည်းရေးပြည်သူ့လွှတ်တော်တွင် တင်ပြ ထောက်ခံသွားရန် အစီအစဉ်ရှိခဲ့ကြသည်။ သို့သော် နဝတစစ်အုပ်စု က ပြည်သူ့လွှတ်တော် ခေါ်ယူပေး ခြင်း မပြုသည့်အပြင် ဖမ်းဆီးထောင်ချသဖြင့် အစီအစဉ်ပျက်သွားခြင်းဖြစ်သည်။
ကယန်းတိုင်းရင်းသားသည် မိမိတို့ ကရင်နီအမျိုးသားတရပ်လုံး နိုင်ငံရေး၊ လူမှုရေး နစ်နာချက်များကို အလေးအနက်ပြန်လည်သုံးသပ်ပြီး အမျိုးသား အန္တိမ ရည်မှန်းချက်ဖြစ်သည့် ကယားပြည် မှ ကရင်နီပြည် အဖြစ် ပြောင်းလဲသတ်မှတ်ရေး၊ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ကရင်နီအမျိုးသား တဆက်တစပ်တည်း နေထိုင်သည့်ဒေသ မျာ ကရင်နီပြည် အတွင်း တစုတစည်းတည်း ပြန်လည်စုစည်းရေး အောင်မြင်သည်အထိ ကရင်နီအမျိုးသားထုတစ်ရပ်လုံးသည် နွေဦးတော်လှန်ရေး ကာလမှာ ရှေ့တန်းတွင် စွမ်းစွမ်းတမံ တိုက်ပွဲဆင်နွဲလျက်ရှိကြောင်း ဖော်ပြပါသည်။
သို့ဖြစ်ပါ၍ ကယန်းအမျိုးသား(၁၂)ကြိမ်မြောက်ရက်နေ့မြတ်မှာ မိမိတို့ ကရင်နီတမျိုးသားလုံး အန္တိမ ရည်မှန်းချက် အောင်မြင်သည်အထိ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ မဟာဗျူဟာ၊ နည်းဗျူဟာများကိုပြန်လည် ချမှတ် ပြီး စည်းလုံး ညီညွတ်စွာဖြင့် အခြားတိုင်းရင်းသားများနှင့်အတူ တက်ညီလက်ညီ လက်တွဲ ချီတက် ကြပါစို့ ဟု တိုက်တွန်း လိုက်ရပေသည်။ (ဆုံး)
Getty Images (ပုံဟောင်း)