တိုင်းရင်းသားများသတင်း

ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် ဖွင့်လစ်ထားသည့် အဆင့်မြှင့် ပညာရေးကျောင်း MIEd ဘွဲ့နှင်းသဘင်ကျင်းပ

ဓါတ်ပုံ – Simsa Kasa Multimedia, Mai Ja Yang Institute of Education(MIEd)
ဧပြီ ၂၊ ၂၀၂၂ (မိုင်ဂျာယာန်)
ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်တဲ့ တရုတ်ပြည်နယ်စပ် မိုင်ဂျာမြို့တွင် ဖွင့်လစ်ထားသည့် အဆင့်မြှင့် ပညာရေးကျောင်းဖြစ်သည့် Mai Ja Yang Institute of Education (MIEd) က ၅ ကြိမ်မြောက်နှင့် ၆ ကြိမ်မြောက်မှ ကျောင်းသူ၊သား စုစုပေါင်း (၅၇၅) ဦးကို ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ဂုဏ်ပြု ဘွဲ့နှင်းသဘင် ကျင်းပပြုလုပ်ခဲ့ကြောင်း The Kachin Net က ဖော်ပြထား သည်။
ကိုဗစ်နိုင်တင်း ကူးဆက်ပြန့်ပွားမှု ဖြစ်ပေါ်ခဲ့သောကြောင့် ၂၀၁၉-၂၀၂ ပညာ သင်နှစ်နှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၏ ကျောင်းသား၊သူများကို ယနေ့တွင် စုပေါင်း၍ ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အခမ်းအနားတွင် ကေအိုင်အို အရှေ့ပိုင်းတိုင်း ပညာရေးမှူး ဆရာကြီး မလန်ဘရန်တောင် တက်ရောက်အမှာ စကားပြောကြားခဲ့သည်။
၎င်းက “ကျနော်တို့ ကချင်လူမျိုးများဟာ ကနေ့ချိန်တော်လှန်ရေးကာလ ဖြစ်နေသေးသည်နှင့်အညီ ဒီကာလ အတွင်းမှာ လူငယ်လူရွယ်များ အဆင့်မြင့် ပညာရေးကို လေ့လာ ဆည်းပူးနိုင်ဖို့အတွက် ဖြစ်ချင်တာထက် ဖြစ်သင့်သာကို အားလုံး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း” ပြောကြားသည်။
အခမ်းအနားတွင် ကျောင်းအုပ် ဆရာကြီး အင်ညှယ်းလရော် ကလည်း ကျောင်းသား၊ သူများကို တိုက်တွန်း အမှာစကားပြောကြားခဲ့သည်။
၎င်းက “ဂုဏ်ပြု ဘွဲ့နှင်းသဘင် အသိအမှတ်ပြု လက်ခံရရှိကြပြီဖြစ်သည့် ကျောင်းသား၊သူများအနေဖြင့် အတန်းပညာရေးမှာ အဆင့်တခုကို သင်ယူ လေ့လာခဲ့ကြပြီး ဖြစ်သလို အသိပညာမှာ အကောင်း၊ အဆိုး ခွဲခြားသိမြင်ရမှာဖြစ်ပြီး မိမိအတွက်လည်းကောင်း၊ ကချင်တမျိုးသားလုံးအတွက် လည်းကောင်း၊ တိုင်းပြည်အတွက်လည်းကောင်း၊ ကမ္ဘာကြီးအတွက်လည်းကောင်း လေ့လာထားသည့် အသိပညာများဖြစ် ကြိုးစားတည်ဆောက်ပေးနိုင်ကြဖို့အရေးကြီးကြောင်း” တိုက်တွန်း ပြောကြားသည်။
ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်တဲ့ တရုတ်ပြည်နယ်စပ် မိုင်ဂျာနယ်မြို့တွင် အဆင့်မြှင့်ပညာရေး ကျောင်းများ ဖြစ်ကြသည့် Mai Ja Yang Institute of Education (MIEd) အပါအဝင် Mai Ja Yang College (MJYC), Institute of Liberal Arts and Sciences, Mai Ja Yang (ILAS-MJY) နှင့် တိုင်းရင်းသားလူငယ်ပေါင်းစုံ တက်ရောက် လေ့လာနေသည့် Federal Law Academy (FLA) စသည့် အဆင့်မြှင့်ပညာရေးကျောင်းတို့ကို အသီးသီး ဖွင့်လစ်ထားသည်။
ကေအိုင်အိုသည် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းမှ လူငယ်လူရွယ်များ အဆင့်မြှင့် ပညာရေးများ သင်ယူနိုင်ရန် အခွင့်အလှမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ပညာရေးကို တန်ဖိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတခုလည်းဖြစ်သည်။
 

Related Articles

Back to top button