ဖက်ဒရယ်ဂျာနယ်
မတ် ၂၆၊ ၂၀၂၂
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သည် ကြီးမားတဲ့ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် အရပ်သားများ အကာအကွယ်ပေးရေးဟူ၍ မူရှိကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ၊ ရဲဘော်မျိူးဝင်းက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။
ရဲဘော်မျိုးဝင်းက “ကျွန်တော်တို့ PPST မှာတော့ ကြီးမားတဲ့ရည်မှန်းချက်တစ်ရပ်ရှိတယ်။ အဲဒါကတော့ အရပ်သား အကာအကွယ်ပေးရေးပေါ့။ အရပ်သားအကာကွယ်ပေးရေးဆိုတဲ့ အခြေခံအောက်မှာ အခုဖြစ်နေတဲ့ အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းကသိအောင်ကျွန်တော်တို့ ကြိုးပမ်းနေတာရှိတယ်။ တစ်ပြိုင်နက်ထဲ မှာပဲ အကူညီပေးနိုင်ရေးအတွက် သက်ဆိုင်ရင်အဖွဲ့အစည်းအလိုက်တော့ အကူအညီပေးနေတဲ့ အနေအထား တွေတော့ ရှိတာပေါ့။ နဂိုကတည်းကလည်း ကျွန်တော်တို့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာတော့ သူ့အဖွဲ့နဲ့သူ သက်ဆိုင်ရာလုပ်ငန်းစဉ်တွေကတော့ ရှိကြတာပေါ့။ PPST အတွင်းထဲမှာတော့။ စုပေါင်း လုပ်ဆောင်တယ်ဆိုတာထက် တစ်ဖွဲ့ချင်းစီရဲ့ သတ်မှတ်ထားတဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းတွေကိုတော့ ကူညီနေတာတော့ရှိပါတယ်။ ကိုဗစ်ကာလမှာဆိုရင်လည်း ကိုဗစ်နဲ့ ပတ်သက်တဲ့ ပံ့ပိုးမှုတွေ ဝန်းရံမှုတွေ ကျွန်တော်တို့တစ်လျောက်လုံးမှာ လုပ်ခဲ့တယ်ပေါ့။ ဆိုလိုတာက အကူညီတွေက နေရာတိုင်းမှာကူညီနေတဲ့ အခြေအနေတွေရှိတယ်။ နိုင်ငံတကာကနေလည်း ရှာရတာပေါ့ တိုင်းပြည်အနေအထားကလည်းသိတဲ့အတိုင်းပါပဲ” ဟု ပြောသည်။
NCA-S EAOတို့၏ စတုတ္ထအကြိမ်မြောက်ညီလာခံ (ဒုတိယပိုင်း)ကို မတ်လ နောက်ဆုံးပတ်အတွင်း ကျင်းပြမည်ဖြစ်ပြီး လက်ရှိပြည်တွင်း နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ ပြောင်းလဲ ဖြစ်ပေါ် မှုများနှင့် PPST ၏ နိုင်ငံရေး ဆွေးနွေးပွဲပုံစံအသစ်မှတဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အဓိကထား ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ NCA-S EAO အပစ်ရပ်(၁၀)ဖွဲ့များသည် –
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)
၂။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)
၃။ ချင်းအမျိုးသား တပ်ဦး (CNF)
၄။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)
၅။ ကရင်အမျိုးသားအစည်းအရုံး (KNU)
၆။ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)
၇။ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)
၈။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)
၉။ မွန်ပြည်သစ်ပါတီ (NMSP)
၁၀။ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။