တိုင်းရင်းသားများသတင်း

ပါတီနဲ့ ပတ်သက်ပြီး ဖြစ်လာမယ့် နောက်ဆက်တွဲ အကြောင်းအရာတွေ အကုန်လုံးကို ရင်ဆိုင်ကျော်ဖြတ်သွားဖို့ပြင်ဆင်ထားတယ်ဟု ALD ပြော

ဖက်ဒရယ်ဂျာနယ်
မတ် ၂၅၊ ၂၀၂၂

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီသည် စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီစာရင်းဇယားတွေ လာရောက်အစစ်ဆေးခံရမယ်ဆိုတာကို လက်မခံဘဲ ငြင်းပယ်ထားသည့် တိုင်းရင်းသား ပါတီတခုဖြစ်သလို အဲဒီအတွက် ဖြစ်လာမယ့် နောက်ဆက်တွဲ အကြောင်းအရာတွေ အကုန်လုံးကိုလည်း ALD ပါတီအနေနဲ့ ရင်ဆိုင်ကျော်ဖြတ်သွားဖို့ပြင်ဆင်ထားတယ်ဟု ALD အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။

ဦးမျိုးကျော်က “ကော်မရှင်နဲ့ပါတီနဲ့ဆက်ဆံရေးမှာ တကယ့်တကယ်သူတို့ လိုအပ်ချက်အရ စစ်ဆေးမယ်ဆိုရင် တောင်မှ ကော်မရှင် အဖွဲ့တွေအနေနဲ့ သူတို့ရဲ့အဖွဲ့ခွဲတွေမှတဆင့် ပါတီရုံးတွေမှာလာပြီးစစ်ဆေးလို့ရတယ်။ အဲ့လိုမဟုတ်ပဲနဲ့ ကော်မရှင်ဆိုတာ ပါတီတွေကို အပေါ်ကနေ ပြီးတော့ ကြီးကြပ်ရမယ်ဆိုရင်တော့ အဲ့လိုစိတ်ကူး အတွေးအခေါ် အယူအဆတွေလွဲနေတယ်လို့ကျွန်တော်တို့ကမြင်တယ်။ နောက် တစ်ခုက အခုရှိနေတဲ့ ကော်မရှင်ဟာ ဒီအာဏာသိမ်းထားတဲ့စစ်ကောင်စီက ခန့်ထားတဲ့ကော်မရှင်သာဖြစ်တယ်။ လွတ်လပ်မျှတတဲ့ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတော့မဟုတ်ဘူး။ ဒီဟာကလည်း ကျွန်တော်တို့ပါတီရဲ့ မူဝါဒနဲ့ဆိုရင် ဆန့်ကျင် နေတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့သွားရောက်အစစ်ဆေးမခံခြင်းဖြစ်တယ်။ ဖြစ်လာမယ့် ဟာတွေအကုန်လုံး ကို ကျွန်တော်တို့ ALD ပါတီအနေနဲ့ ရင်ဆိုင်ကျော်ဖြတ်သွားဖို့ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရှိရာရုံးကို မည်သူမဆို လာ ရောက်ကြည့်ရှု စစ်ဆေးနိုင်တယ်၊  ကျွန်တော်တို့ ဖွင့်ထားတာရှိတယ်လို့လည်း ဆက်ပြောသည်။

ဦးမျိုးကျော်က “ပါတီရဲ့ရပ်တည် ချက်မူအရကျွန်တော်တို့ကတော့ အစစ်ဆေးမခံဘူး။ အစစ်ဆေး မခံဘူးဆိုတာက ကျွန်တော်တို့က သူတို့ဆီမှာသွားပြီးအစစ်ဆေး မခံ တာပါ။ ငွေစာရင်းတွေရော ပါတီလူစာရင်းတွေရော အကုန်လုံးက ကျောက်တော်ပါတီရုံးချုပ်မှာ အားလုံးရှိတယ်။ မည်သူမဆို လာ ရောက်ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ ကျွန်တော်တို့ဖွင့်ထားတာရှိတယ်။ ကျွန်တော်တို့သွား ရောက်အစစ်ဆေး မခံဘူးဆိုတာက ပါတီရဲ့ ရပ်တည်ချက်နဲ့ဆိုင်တယ်” ဟု ပြောသည်။

စစ်ကောင်စီက ဖွဲ့စည်းလိုက်သည့် ရွေးကောက်ပွဲကော်မရှင်သည် မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီ၏ စာရင်းဇယားများကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ လာရောက်အစစ်ဆေးခံရန် အကြောင်းကြားစာ ပေးပို့ထားသည့် တိုင်းရင်းသားပါတီတခုဖြစ်သလို အာဏာသိမ်း ခံရတဲ့အစိုးရအဖွဲ့ရဲ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းပြည်နယ်မှာ ဩဇာအကြီး ဆုံးပါတီ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီတို့ကိုလည်း မတ်လ ၉ ရက်နေ့အထိ နောက်ဆုံးထားပြီး ကော်မရှင်မှာ သွားပြီး ပါတီစာရင်းဇယားစစ်ဆေးခံဖို့ လာရောက် အစစ်ဆေးမခံဘူးဆိုရင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အရေးယူသွား မယ်လို့ ကော်မရှင်က သတိပေးထားသည်။

ALD ပါတီမှာ လွန်ခဲ့သည့် ၁၉၈၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သည့်နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။ ယင်းနောက် ၁၉၉၂ ခုနှစ်တွင် တစ်ကြိမ်ဖျက်သိမ်းခံရပြီး ၂ဝ၁၂ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။

Related Articles

Back to top button