တော်လှန်ရေးကြီး…အဓွန့်ရှည်ပါစေ (နိဂုံးပိုင်း)
ထိုအဖြစ်အပျက်များ က တနိုင်ငံလုံးသို့ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၍ နိုင်ငံ လူဦးရေ၏ လေးပုံ သုံးပုံသည် ရုပ်မြင်သံကြား စကရင် မှ မျက်လုံးမခွာစတမ်း စူးစိုက် ကြည့်နေချိန်လည်း ဖြစ်သည်။ ကြည့်နေသူ အားလုံးသည် တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားလုံး၏ ရင်ထဲတွင် နှလုံးခုံသံများ ဆူညံစွာ မြည်ဟီးလာခဲ့ကြသည်။ နာမည်ဆိုးဖြင့် ကျော်ကြားနေသော the Securitate ခေါ် လျို့ဝှက်ရဲအဖွဲ့သည် ချက်ခြင်း ဆိုသလို တိုက်ရိုက်ထုတ်လွှင့်နေမှုကို ရပ်ပစ်ရန် အမိန့်ပေးလာခဲ့သည်။ သို့သော် ရုပ်သံ ဝန်ထမ်းများက ၎င်းတို့၏ အမိန့်ကို နာခံကြခြင်း မရှိတော့ပေ။ ကင်မရာမင်းများက လေသာဆောင်ပေါ်တွင် ထိတ်လန့်တကြား ဖြစ်လာနေသော ပါတီ ခေါင်းဆောင်များအား မမြင်နိုင်အောင်သာ ကင်မရာများကို မိုးပေါ်သို့ သာ လှည့် ပေးခဲ့ကြသည်။ သို့သော်လည်း အသံဖမ်း ပညာရှင်များက မူ ထွက်ပေါ်လာနေသော အသံများကို ဆက်လက် ဖမ်းယူနေကြသည်။ ရုပ်သံ ပညာရှင်များကလည်း ထုတ်လွှင့်မှုကို တမိနစ်ကျော်ကျော်မျှသာ ရပ်ဆိုင်းပေးခဲ့ကြပြီး ဆက်လက် ထုတ်လွှင့်ခဲ့ကြပြန်သည်။
လူထုကြီးထံမှ လှောင်ပြောင်အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာနေပြီး ချောင်စက်စကူးလည်း မိုက်ကရိုဖုန်း ချို့ယွင်းသလိုမျိုး ဟန်ဆောင်ကာ “ဟဲလို..ဟဲလို” နှင့် အသံပေးနေသည်။ ဇနီးဖြစ်သူ အယ်လီနာကတော့ ပရိသတ်ကြီးကို အော်ဟစ် ကြိမ်းမောင်းလာခဲ့သည်။ “အားလုံး တိတ်တိတ် နေကြစမ်း၊ တိတ်တိတ် နေကြလို့ ပြောနေတယ်” ဟု ဆူပူနေ၍ ချောင်ဆက်စကူး က “မင်းလည်း တိတ်တိတ် နေစမ်း” ဟု အော်လိုက်သည်ကို အားလုံး အတိုင်းသား ကြားလိုက်ကြသည်။
ထို့နောက် ချောင်ဆက်စကူး သည် ရင်ပြင်ထဲရှိ စိတ်လှုပ်ရှား စွာ အော်ဟစ်နေကြသူများ ဖက် လှည့်ကာ “ရဲဘော်တို့…ရဲဘော်တို့ ခင်ဗျား..ကျေးဇူးပြုပြီး ငြိမ်ငြိမ်သက်သက် နေပေးကြပါ” ဟု တောင်းပန် တိုးလျိုးနေပြန်သည်။
သို့သော် သူ၏ ရဲဘော်များ ကတော့ ငြိမ်ငြိမ်သက်သက် နေဖို့ စိတ်မကူးကြတော့၊ ဘူခါရက်စ် မြို့လယ်ခေါင် ရင်ပြင်ထဲရှိ ရှစ်သောင်း ခန့် ရှိသော လူများသည် မိမိတို့ အားလုံးသည် လေသာဆောင်ထက်ရှိ သိုးမွှေး ခေါင်းဆောင်း နှင့် အဖိုးအို ထက် များစွာ အင်အား တောင့်တင်းသည်ကို သဘောပေါက်လာချိန်တွင်တော့ ကွန်မြူနစ် ရိုမေးနီယား သည် ပြိုလဲသွားခဲ့ရပေတော့သည်။
တကယ်တမ်း အံမခန်း ဖြစ်ခဲ့ရသည်က စနစ်ကြီး ပြိုလဲသွားသည့် အချိန် ပိုင်း မဟုတ်ပဲ ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် ရပ်တည်နိုင်စွမ်း ရှိခဲ့မှုပင် ဖြစ်သည်။ အဘယ်ကြောင့် တော်လှန်ရေးသည် ရှားပါးကုန် ဖြစ်ခဲ့ရပေသနည်း၊ အဘယ်ကြောင့် လူထုကြီးသည် တခါတရံတွင် လက်ခုပ်လက်ဝါးတီး၍ ကောင်းချီးထောပနာများ မဆုံးနိုင်အောင် ပြုခဲ့ကြရသနည်း၊ အဘယ်ကြောင့် လသာဆောင်ပေါ်ရှိ လူတယောက် ၏ စေစားခိုင်းစေနေမှုများကို လိုက်နာနေခဲ့ကြရသနည်း၊ တကယ်တမ်းတွင် ရင်ပြင်ထဲရှိ လူအုပ်ကြီးသည် လသာဆောင် ပေါ်သို့ အချိန်မရွေး ပြေးတက်ကာ ထိုလူကြီးအား အလွယ်တကူပင် တစဆီ ဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလား။
ချောင်ဆက်စကူး နှင့် သူ၏ လက်ဝေခံ ခရိုနီများသည် သန်း နှစ်ဆယ် သော ရိုမေနီယား နိုင်ငံသားများ အပေါ် နှစ်ပေါင်း လေးဆယ်နီးပါး လွှမ်းမိုးထားနိုင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် လွန်စွာ အရေးပါသည် အကြောင်း သုံးရပ်ကို သေချာအောင် စီမံ နိုင်ခဲ့ကြသောကြောင့်ပင် ဖြစ်သည်။
ပထမ အကြောင်းတရပ်မှ ၎င်းတို့၏ ကွန်မြူနစ် လက်ပါးစေများကို စစ်တပ်၊ အလုပ်သမား သမဂ္ဂများ တွင်သာ မက အားကစား အစည်း အရုံးများ ကဲ့သို့သော အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန် လိုသည့် ကွန်ယက်များတွင် ထည့်သွင်း၍ ထိန်းချူပ်ထားနိုင်ခဲ့ခြင်း ပင် ဖြစ်သည်။ ဒုတိယ တကြောင်းမှာ ၎င်းတို့အား ပူးပေါင်း ဆန့်ကျင်လာနိုင်သည့် အုတ်မြစ်များ ဖြစ်လာနိုင်သည့် မည်သို့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းကို ဟန့်တားထားခဲ့ခြင်း ကြောင့် ဖြစ်သည်။ တတိယ အကြောင်းမှာ ဆိုဗီယက် ယူနီယံ နှင့် အရှေ့ ဥရောပရှိ ညီနောင် ကွန်မြူနစ်ပါတီများ ၏ ထောက်ခံမှု ကို ရရှိနေခြင်း ကြောင့် ဖြစ်သည်။ ၎င်းတို့ အချင်းချင်းအကြား အခါအားလျှော်စွာ တင်းမာမှုများ ရှိနေခဲ့သော်ငြားလည်း ပြင်ပမှ ဆိုရှယ်လစ် နိဗ္ဗာန် ဘုံသို့ ဝင်ရောက် စွက်ဖက်လာခြင်း မရှိစေရန် အတွက် လိုအပ်လာလျှင် အပြန်အလှန် အကူအညီ ပေးခဲ့ကြသည်။
ထိုသို့သော အခြေအနေများ အောက်တွင် အာဏာရ လူတန်းစားများ၏ နည်းမျိုးစုံ ဒုက္ခပေးနေမှု များကို ခါးစည်း ခံနေကြရသော်လည်း သန်းပေါင်း ၂၀ သော လူထုကြီးသည် ၎င်းတို့အပေါ် ထိရောက်စွာ ဆန့်ကျင်နိုင်ရန် စုစည်း နိုင်ခဲ့ကြခြင်း မရှိ ဖြစ်လာရသည်။
အထက်ပါ ဖေါ်ပြသည့် အချက် သုံးချက် ကွယ်ပျောက်သွားသည်နှင့် ချောင်ဆက်စကူးသည် အာဏာ လက်လွှတ် ဖြစ်သွားခဲ့ရပေတော့သည်။ ၁၉၈၀ ကျော် နှစ်များ ကုန်လွန်ခါနီး တွင် ဆိုဗီယက် ပြည်ထောင်စုသည် ကွန်မြူနစ်နိုင်ငံများ အပေါ် အကာအကွယ် ပေးနေမှုများ ရုပ်သိမ်းသွားခဲ့သည်နှင့် အတူ ကွန်မြူနစ် အစိုးရများသည်လည်း ဒိုမီနီ အချပ်များလို အဆင့်ဆင့် လဲပြိုသွားခဲ့ကြသည်။
၁၉၈၉ ဒီဇင်ဘာလ ရောက်လာသည့် အခါတွင်တော့ ချောင်ဆက်စကူးသည် ယခင်ကကဲ့သို့ ပြင်ပမှ အကူအညီ ပေးမှုများကို မျှော်လင့်၍ မရတော့သည့် အခြေအနေ ဆိုက်လာခဲ့ပြီ ဖြစ်သည်။ အကူအညီမပေး နိုင်တော့သည့်အပြင် အနီးအနားရှိ နိုင်ငံများတွင်လည်း တော်လှန်ရေးကြီးများ ဖြစ်ပေါ်လာနေခဲ့သည်။ ကွန်မြူနစ်ပါတီ အတွင်းမှာပင် အကွဲကွဲ အပြားပြား ဖြစ်လာခဲ့သည်။ အလယ်အလတ် အယူဝါဒ ရှိသူများက ချောင်ဆက်စကူး အား ဖြုတ်ချပြီး အချိန်မနှောင်းသေးခင် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ် လိုလာကြသည်။
ဘူခါရက်စ် ဆန္ဒပြပွဲကြီး ဖြစ်လာအောင် ဖန်တီးခဲ့မှု နှင့် အတူ ယင်းဖြစ်စဉ်အား ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပြသနိုင်ခဲ့သဖြင့် ချောင်ဆက်စကူး ကိုယ်တိုင် တော်လှန်ရေး သမားများအား ၎င်းတို့တွင့် သူ့အား ဆန့်ကျင်နိုင်သည့် စွမ်းပကား နှင့် အတူ စုစည်းညီညွတ်နိုင်ကြကြောင်း အခွင့်အလန်းများကို ချပြ လိုက်သလို ဖြစ်သွားခဲ့ရသည်။ တော်လှန်ရေးကြီး လျှင်မြန်စွာ ပျံ့နှံ့သွားအောင် ရုပ်မြင်သံကြား တွင် ပြသခဲ့သည်ထက် အခြားမည်သို့သော နည်းဖြင့် ပြုလုပ်နိုင်ပေဦးမည်နည်း။
လသာဆောင်ပေါ်ရှိ လူထု အစည်းအဝေးကြီး ဖြစ်လာအောင် ဖန်တီးခဲ့ကြသူများ လက်ထဲတွင် အာဏာများ လက်လွှတ်လာနေရပြီ ဖြစ်သော်လည်း ရင်ပြင်ထဲရှိ လူထုကြီးလက်ထဲသို့ ရောက်ရှိသွားခဲ့ခြင်းတော့ မရှိသေးပေ။ လူအင်အား နှင့် စိတ်ဓါတ်ခွန်အားများ တက်ကြွနေသော်ငြားလည်း လူအုပ်ကြီးသည် ထိုအခြင်းအရာများကို မည်သို့ မည်ပုံ စီမံ အသုံးချရမည်ကို သိရှိကြခြင်း မရှိသေးပေ။ ၁၉၁၇ တွင် ရုရှားတွင် ဖြစ်ပွားခဲ့သလိုမျိုး အာဏာသည် ကောင်းစွာ စုစည်းနိုင်စွမ်း ရှိနေသည့် နိုင်ငံရေး အုပ်စု ငယ်လေး တခုထံ ရောက်ရှိသွားခဲ့သည်။
ဤသို့ဖြင့် ရိုမေးနီယား တော်လှန်ရေးကြီးသည် မိမိတို့ကိုယ် မိမိတို့ အမျိုးသား ကယ်တင်ရေး တပ်ဦး အဖြစ် ကြွေးကျော်လာသည့် အဖွဲ့၏ မောင်ပိုင်စီးခြင်းကို ခံလိုက်ရသည်။ ထိုအဖွဲ့သည် တကယ်တမ်းတွင် ကွန်မြူနစ်ပါတီ၏ သဘောထား အလယ်အလတ် ရှိသူများက ဟန်ပြ ဖွဲ့စည်းလာခဲ့ခြင်းပင် ဖြစ်သည်။ အဆိုပါ တပ်ဦးသည် ဆန့်ကျင် ကန့်ကွက်နေကြသည့် လူထုကြီး နှင့် ဆက်စပ်နေခြင်းလည်း မရှိပေ။ ကွန်မြူနစ်ပါတီ၏ အလယ်အလတ်ဆင့် အရာရှိများကို ယွန် အီလီယက်စကူး ဆိုသည် ယခင် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် နှင့် ဝါဒ ဖြန့်ချီရေး ဌာ အကြီးအကဲ တဦးမှ ဦးဆောင် ဖွဲ့စည်းလာခဲ့ခြင်းပင် ဖြစ်သည်။
အီလီယက်စကူး နှင့် အမျိုးသား ကယ်တင်ရေး တပ်ဦး အဖွဲ့ဝင်များသည် ၎င်းတို့ကိုယ် ၎င်းတို့ ဒီမိုကရေစီ လိုလားသော နိုင်ငံရေး သမားများ အဖြစ် အသွင်ပြောင်း ဖန်တီးလာခဲ့ကြပြီး ရောက်လေရာ တွင် မိုက်ကရိုဖုန်း ကိုင်၍ မိမိတို့သည် တော်လှန်ရေးကြီး၏ ခေါင်းဆောင်များ ဖြစ်အောင် ပုံဖေါ်ပြောဆိုခဲ့ကြသည်။ ထို့နောက်တွင်တော့ နိုင်ငံကို ထိန်းချုပ်နိုင်ရန် ၎င်းတို့တွင် ကာလကြာမြင့်စွာကတည်းက ရှိနှင့်ပြီး ဖြစ်သော အတွေ့အကြုံများ၊ ကရိုနီ ကွန်ယက်များကို အသုံးချလာခဲ့ကြပြီး တိုင်းပြည်၏ အရင်းအမြစ်များကို အိပ်ကပ်ထဲ ထည့်လာခဲ့ကြသည်။
ကွန်မြူနစ် ရိုမေးနီယား တွင် အရာရာတိုင်းသည် နိုင်ငံပိုင် ဖြစ်သည်။ ဒီမိုကရေစီ ရလာသော ရိုမေးနီယားသည် အားလုံးကို ပုဂ္ဂလိက ပိုင် အဖြစ် အလျှင်အမြန် ပြောင်းလဲကာ ယခင် ကွန်မြူနစ် လူဟောင်းများထံသို့ လျော့ဈေးဖြင့် ရောင်းချခဲ့သည်။ ထိုလူများကလည်း ရနိုင်သမျှ ကို အလုအယက် ဆုပ်ကိုင်ခဲ့ကြပြီး တဦးကို တဦး အပြန်အလှန် အကျိုးပြုခဲ့သည်။
အမျိုးသား စက်မှုလုပ်ငန်းများ နှင့် အခြေခံ အဆောက်အအုံပိုင်းများကို ထိန်းချုပ်လုပ်ကိုင်နေသည့် အစိုးရပိုင် လုပ်ငန်းများ နှင့် သဘာဝ အရင်းအမြစ်များကို ယခင် ကွန်မြူနစ် အရာရှိဟောင်းများ လက်ဝယ် သို့ ဖောဖောသီသီ ရောင်းချပေးခဲ့ပြီး တဖက်တွင်လည်း ပါတီ၏ အောက်ခြေ အဖွဲ့ဝင်များပင် အိမ်များ တိုက်ခန်းများကို မဖြစ်စလောက် ငွေပမာဏ ဖြင့် ဝယ်ယူခဲ့ကြသည်။
ယွန် အီလီယက်စကူးအား ရိုမေးနီယား သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ သူ၏ လုပ်ဖေါ်ကိုင်ဖက်များလည်း ဝန်ကြီးများ၊ ပါလီမန် အမတ်များ၊ ဘဏ်တိုက်ကြီးများ၏ အုပ်ချုပ်မှု ဒါရိုက်တာများ နှင့် မီလျံနာ များ ဖြစ်လာကုန်သည်။ ယခုထိ ရိုမေးနီယားကို ထိန်းချုပ်ထားသည့် အုပ်ချုပ်သူ ရေပေါ်ဆီ လူတန်းစားများသည် ယခင် ကွန်မြူနစ်လက်ဟောင်းများ နှင့် ၎င်းတို့၏ မိသားစုဝင်များ သာ ဖြစ်သည်။
တမစ်ဆော်ရာ နှင့် ဘူခါရက်စ် မြို့ကြီးများတွင် မိမိတို့ အသက်ကို ပဓာန မထားပဲ ဆန့်ကျင်ခဲ့ကြသည့် လူထုကြီးအဖို့ကတော့ ၎င်းတို့ မလိုချင်သည့် အကြွင်းအကျန်များနှင့် ရောင့်ရဲခဲ့ကြရပေတော့သည်။ ဤသည်ကလည်း မိမိတို့ အကျိုးစီးပွား အတွက် အချင်းချင်း မည်သို့မည်ပုံ သမာဝါယမ ပြု ပူးပေါင်း ကြရမည်၊ အစွမ်းထက်မြက်မှု ရှိမည့် အဖွဲ့အစည်းကြီး တရပ် ဖွဲ့စည်းရမည် ဆိုသည်တို့ကို သိရှိနားလည်နိုင်ခဲ့ကြခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။
အလားတူ ကံကြမ္မာမျိုးလည်း ၂၀၁၁ တွင် အီဂျစ် တော်လှန်ရေးသမား များ အပေါ် ကျရောက်လာခဲ့ပြန်ပေသည်။ ၁၉၈၉ တွင် ရုပ်မြင်သံကြားက ပံ့ပိုးနိုင်ခဲ့သလို ၂၀၁၁ တွင် တွစ်တာ နှင့် ဖေ့စ်ဘုတ်တို့ က အကျိုးပြုလာခဲ့သည်။ ထိုသို့အသစ် ပေါ်ပေါက်လာသော ဆက်သွယ်ရေး မီဒီယာ များသည် လူထုကြီးအကြား အချင်းချင်း ညှိနှိုင်း ဆောင်ရွက်နိုင်အောင် အထောက်အကူ ပေးနိုင်ခဲ့သဖြင့် လမ်းများ နှင့် ရင်ပြင်များ ဆီသို့ ထောင်ပေါင်းများစွာသော လူများ တဖွဲဖွဲ ရောက်ရှိလာကြပြီး မူဘာရက် အစိုးရကို ဖြုတ်ချနိုင်ခဲ့ကြသည်။
ဤနေရာတွင် သိထားသင့်သည်က လူပေါင်း တသိန်းခန့်အား တာဟီရာ ရင်ပြင်ဆီသို့ ရောက်အောင် ဆွဲခေါ်နိုင်ခဲ့မှုသည် နိုင်ငံရေး ယန္တရားကြီးကို အမိအရ ဆုပ်ကိုင် နိုင်ခြင်း နှင့် တခြားစီ ဖြစ်နေခြင်းပင်။ နိုင်ငံရေး ယန္တရားကြီးကို ဆုပ်ကိုင်နိုင်ဖို့ ဆိုသည်က နောက်ကွယ်တွင် မည်သို့သော လူများ နှင့် သာ လက်ချင်း ချိတ်ဆက် ဆွေးနွေးရမည်ကို မှန်မှန်ကန်ကန် သိရှိ သဘောပေါက်ပြီး နိုင်ငံကို ထိထိရောက်ရောက် အုပ်ချုပ်သွားနိုင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
ကန့်ကွက်ဆန္ဒပြမှုများကြောင့် မူဘာရက် ရာထူးမှ ဆင်းပေးလိုက်ရသော်လည်း ဆန္ဒပြ လူထုကြီးသည် လစ်လပ်သွားသော လေဟာနယ်ကို ဖြည့်ဆည်းနိုင်ခဲ့ကြခြင်း မရှိပေ။ အီဂျစ်တွင် နိုင်ငံကို အုပ်ချုပ်သွားနိုင်ရန် လုံလောက်စွာ ဖွဲ့စည်း ထားသည့် အင်စတီကျုးရှင်း နှစ်ခုသာ ရှိပေသည်။ တခုက စစ်တပ် နှင့် ကျန်တခုက မူဆလင် ညီနောင်များ အဖွဲ့ပင် ဖြစ်သည်။ ထို့ကြောင့် အီဂျစ် ပြည်သူတို့၏ တော်လှန်ရေးအား ပထမဦးဆုံး မောင်ပိုင်စီးခွင့် ရသွားခဲ့သူများက မူဆလင် ညီနောင်များ အဖွဲ့ဖြစ်ပြီး နောက်ပိုင်းတွင် စစ်တပ် လက်ဝယ်သို့ ပြန်ရောက်သွားခဲ့ရသည်။
ရိုမေးနီယား ကွန်မြူနစ် လက်ဟောင်းကြီးများ နှင့် အီဂျစ် စစ်ဗိုလ်ချုပ်များသည် အာဏာရှင်ဟောင်းများ၊ ဘူခါရက်စ်နှင့် ကိုင်ရိုရှိ ဆန္ဒပြသူများထက် ပို၍ အသိအမြင် ကြွယ်ဝပြီး ကျွမ်းကျင် ပါးနပ်မှု ရှိခဲ့ကြသောကြောင့် မဟုတ်၊ သူတို့တွင် အလျော့အတင်း လုပ်ကာ ပူးပေါင်း ဆောင်ရွက်နိုင်မှု တခုသာ ရှိခဲ့ကြသည်။ သူတို့ အားလုံးသည် ဆန္ဒပြ လူအုပ်ကြီးထက် သာလွန်ကောင်းမွန်စွာ ပူးပေါင်း လုပ်ဆောင်နိုင်ခဲ့သည်။ သူတို့သည် သမာရိုးကျသာ တွေးခေါ်နိုင်စွမ်း ရှိပြီး အမြင်ကျဉ်းမြောင်းသော ချောင်ဆက်စကူး နှင့် မူဘာရက်တို့ထက် ပို၍ ပြောင်းလွယ် ပြင်လွယ် အလျော့အတင်း လုပ်လိုစိတ် ရှိကြောင်း ပြသဖို့ လိုလိုလားလား ရှိခဲ့ကြသောကြောင့်ပင် ဖြစ်ပေသည်။
လှစိုးဝေ ရေးတယ်
ဖက်ဒရယ်ဂျာနယ်
မတ် ၁၃၊ ၂၀၂၂