ဆောင်းပါး

ပြည်သူတစ်ဦး၏ ပေးစာ

    ပြည်သူတစ်ဦး၏ ပေးစာ

မင်းသေ့ (ဆောင်းပါး)

• တော်လှန်သောလူငယ်တွေကို၊ သာမန် ပြည်သူ တစ်ယောက်က စကားပါးတယ်လို့ မှတ်ယူစေလိုပါတယ်။ မြန်မာ့နွေဦး တော်လှန်ရေးဟာ တဖြည်းဖြည်းနဲ့ အရှိန်အဟုန် ကောင်းတာတွေ တွေ့လာရလို့၊ ဝမ်းသာမိတယ်။

နွေဦးရဲ့ အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းမျိုး ဖြစ်စေဖို့ မျှော်လင့်မိတယ်။ စ၊ လယ်၊ ဆုံး… သုံးပါးစလုံးကောင်းခြင်းတွေနဲ့ ပြည့်လျှမ်းနေအောင်၊ ပြည်သူက အားပေးရင်း လက်တို့ရင်း ကူညီရင်း အားဖြည့်ပေးရင်း ယုံကြည်ပေးနေကြပါတယ်။

• မြန်မာ့နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲကြလို့ အထိအခိုက်များလှပြီ။ တတ်နိုင်သရွေ့ ကိုယ့်ဘက်က အကျအဆုံးနည်းအောင် ကြိုးစားနေကြတာကိုလည်း တွေ့ရတယ်။ နိုင်ငံရေးအတွေ့အကြုံ မရှိပေမယ့်၊ တော်လှန်ရေးမှာ ပါဝင်ဦးဆောင်နိုင်ကြတဲ့လူငယ်မျိုးဆက်ကို ကြည့်ရင်း – သူတို့ဟာ မုဆိုး စိုင်သင် သဘောနဲ့ တတ်မြောက်သွားကြပါ့လား၊ အတုမြင် အတတ်သင်ပြီး သင်ယူ တတ်မြောက်လွယ်ကြပါ့လား ဆိုပြီး အံ့ဩရတယ်။ ဝမ်းသာရတယ်။

• ယခင်က မလုပ်ဖူး၊ မကြုံဖူး၊ မဖြတ်သန်းဖူးပေ မယ့် တိုင်းပြည်တွက် တာဝန်တစ်ခုကို မဖြစ်မနေ သယ်ပိုးဖို့ လိုအပ်လာတဲ့အခါ၊ သူတို့ စိတ်အားထက်ထက်သန်သန် မိမိတို့ ဘာသာ သင်ယူတတ်မြောက်နိုင်စွမ်းရှိကြပါ့လား လို့ တွေးမိတယ်။ ဒါဟာ သိပ်ကို လေးစားစရာကောင်းတဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။

အတွေ့အကြုံရှိမှ၊ ဖြတ်သန်းမှု ရှိခဲ့မှ လုပ်လို့ ကိုင်လို့ ရတယ်ဆိုတာ ဒီခေတ်မှာ မရှိတော့ ပါဘူး။ သင်ယူချင်စိတ်ရှိရင် ဘယ်လိုအရာမဆို သင်ရင် တတ်ပါတယ်။ အခုလည်း ကိုယ့်ဘာသာ သင်ယူရင်း တကယ့် လက်နက်ကိုင်တိုက်ပွဲမှာ ဗိုလ်မှူး၊ ဗိုလ်ကြီးသဖွယ် ဦးဆောင်နိုင်စွမ်း ရှိကြတာကို တွေ့ရတယ်။ ဒါဟာ လူငယ်တွေရဲ့ထင်မှတ်မထားတဲ့ ခရီးကြမ်းထဲက အရည်အချင်းသစ်တွေပါပဲ။

ဒီနေရာမှာ ပြည်သူ တစ်ယောက်က ဆုတောင်းစကား ပေးပို့ချင်ပါတယ်။ တော်လှန်သောလူငယ်များ….

• မာကျောပါစေ…
• ဉာဏ်ပညာကြီးမားပါစေ….
• ဂုဏ်သိက္ခာရှိကြပါစေ…

ကမ္ဘာ့သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့၊ ဖြစ်ပျက်နေဆဲဖြစ်တဲ့ တော်လှန်ပုန်ကန်မှုဖြစ်ရပ်တွေကို လေ့လာကြည့်မိပါတယ်။ တော်လှန်ပုန်ကန်မှုဖြစ်ရပ်တွေမှာ နိုင်ရင် သူရဲကောင်းလို့ သတ်မှတ်ခံရပြီး၊ ရှုံးရင် သူပုန်သတ်မှတ်ခံရပါတယ်။

သမိုင်းကို ပြန်ကြည့်ရင် တော်လှန်ပုန်ကန်သူတွေ အစိုးရဖြစ်ပြီး တိုင်းပြည်ကို ကောင်းအောင် တည်ဆောက်နိုင်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။
အမေရိကန်တော်လှန်ရေး၊ အင်္ဂလိပ်တော်လှန်ရေး၊ ပြင်သစ်တော်လှန်ရေး၊ အောက်တိုဘာ တော်လှန်ရေး၊ ၁၉၁၁ တော်လှန်ရေးနဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံ စတဲ့ဖြစ်ရပ်တွေကိုကြည့်ရင်၊ ဖိနှိပ်မှုနဲ့ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတွေကို တော်လှန်ရင်း တော်လှန်သူတွေဟာ နိုင်ငံ့ခေါင်းဆောင်တွေအဖြစ် တိုင်းပြည်ကို ဦးဆောင်သွားနိုင်ခဲ့ကြတဲ့ သာဓကတွေ ရှိပြီးဖြစ်ပါတယ်။ ဒီနေရာမှာ တော်လှန်ရေးကာလအတွင်း ဖြည့်ကျင့်ရမယ့် သင်ခန်းစာကတော့….

• ကျနော်တို့မာကျောအောင် လေ့ကျင့်ထားရမယ်၊
• ဉာဏ်ပညာကြီးအောင် ဖြည့်ဆည်းရမယ်၊
• ဂုဏ်သိက္ခာရှိအောင် ကျင့်ကြံရမယ် ဆိုတာပဲဖြစ်ပါတယ်။

ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို မာကျောအောင် တည်ဆောက်မထားရင်၊ မာကျောအောင် လေ့ကျင့်မထားရင် ကျနော်တို့ဟာ အမြစ်စွဲနေတဲ့ အကျင့်ဆိုးတွေနဲ့ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ ဟောင်းနွမ်းတဲ့ အဆောက်အအုံတွေကို ဖြိုဖျက်ဖို့ ခက်ခဲနိုင်ပါတယ်။ အခက်အခဲတွေကြားကပဲ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ပို၍ ပို၍ မာကျောအောင် တည်ဆောက်ရပါလိမ့်မယ်။ ကျနော်တို့ ကိုယ် ကျနော်တို့ မာကျောစေရမယ်။ ကျနော်တို့ အစုအဖွဲ့ကို မာကျောစေရမယ်၊ ကျနော်တို့ အုပ်စုကို မာကျောစေရမယ်၊ ကျနော်တို့ လူထုကို မာကျောစေရမယ်။ တော်လှန်ရေးမှာ ပျော့တိပျော့ဖတ်လုပ်နေရလို့ မရပါဘူး။

• ပြတ်သားတဲ့ ဆုံးဖြတ်ချက်၊
• ရှင်းလင်းတဲ့အမြင်၊
• တိကျတဲ့လုပ်ဆောင်မှု၊
• တူညီတဲ့ပန်းတိုင်၊
• ကျစ်လစ်တဲ့ စုစည်းမှု….

စတာတွေကို ကျနော်တို့ မြဲမြဲမြံမြံ ကျင့်ဆောင်ရမယ်လို့ ယူဆပါတယ်။

နောက် ကျနော်တို့ဟာ မာကျောနေရုံနဲ့ မပြီးသေးဘူး။ ကြံ့ခိုင်နေရုံနဲ့ မပြီးသေးဘူး။ ကျနော်တို့ဟာ ဉာဏ်ပညာ ကြီးမားဖို့ လိုသေးတယ်။ သေးသိမ်တဲ့ အသိဉာဏ်နဲ့ မြင့်မြတ်တဲ့တော်လှန်ရေးကို မဦးဆောင်နိုင်ပါဘူး။ ကျဉ်းမြောင်းတဲ့ အသိနဲ့ ကြီးမြတ်တဲ့တော်လှန်ရေးကို မအောင်မြင်နိုင်ပါဘူး။ ဒီတော့ ကျနော်တို့ဟာ တည်ရှိနေဆဲ အသိပညာတွေကိုလည်း လက်တွေ့အသုံးချနိုင်ဖို့ လိုသလို၊ တော်လှန်ရေးကာလအတွင်းမှာလည်း တတ်နိုင်သမျှ အသိနဲ့ ဉာဏ်ပညာကို ဖြည့်တင်းနေဖို့ လိုပါတယ်။

ကျနော်တို့ဟာ တော်လှန်ရေးလွန်ကာလမှာ ပိုမိုသိမ်မွှေ့တဲ့ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ရပါလိမ့်မယ်။ ဒီ့အတွက်လည်း ဉာဏ်ပညာ လိုတယ်။ လူထုအတွက် ဓမ္မဘက်ကနေ အားဖြည့်ပေးတဲ့တော်လှန်သူတွေမှာလည်း ဉာဏ်ပညာကြီးစွာ လိုအပ်ပါတယ်။ ဉာဏ်ပညာက ပိုမိုကောင်းမွန်ပြီး ပိုမိုနေပျော်စရာ ၊ နေချင့်စဖွယ် ဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့အတွက် အခြေခံ အုတ်မြစ်ဖြစ်ပါတယ်။

• နောက်ဆုံး အရေးကြီးတဲ့အချက်ကတော့၊ ဂုဏ်သိက္ခာဖြစ်ပါတယ်။ ကျနော်တို့ဟာ လွတ်လပ်ခွင့်အတွက်၊ တန်းတူညီမျှခွင့်အတွက်၊ ဓမ္မအတွက်၊ လူ့ဂုဏ်သိက္ခာအတွက်၊ တရားမျှတမှုအတွက်၊ ကြောက်ရွံ့မှုက လွတ်မြောက်ဖို့အတွက် တော်လှန်နေကြတာဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ဟာ လူ့ဂုဏ်သိက္ခာကို မဏ္ဍိုင်အဖြစ် တည်ဆောက်ထားရပါလိမ့်မယ်။

• ဂုဏ်သိက္ခာကို မလေးစား၊ မမြတ်နိုးတဲ့ ဘယ်တော်လှန်ရေးမဆို နောက်ဆုံး သမိုင်းအမည်းစက်ထဲမှ ပြတ်ကျန်နေခဲ့တာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ တော်လှန်ရေးမှာ သွေးထွက် သံယိုမှုတွေ ရှိခဲ့ပါတယ်၊ ရှိနေပါတယ်၊ နောက်လည်း ရှိပါလိမ့်မယ်။ သို့သော်လည်း ကျနော်တို့ဟာ စစ်ကို ပြုသည် ဆိုအုံးတော့… တရားသော စစ်ကိုသာ ပြုကြရတာဖြစ်ပါတယ်။

တော်လှန်သောစစ်သည်မှာလည်း စစ်သည်တော် ကျင့်ဝတ်ရှိပါတယ်။ စစ်ပွဲအတွင်းမှာ ကျင့်ဆောင်ရတဲ့ ကျင့်ဝတ်တွေကို ကျနော်တို့ ကိုယ်တိုင် လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ သုံ့ပန်းကို ဘယ်လို သဘောထားရမယ်၊ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ဘယ်လိုသဘောထားရမယ် ဆိုတာတွေ၊ စစ်သည်တော်ကျင့်ဝတ်မှာ ပါရှိပြီးဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ် တွေ အပေါ် ဘယ်လိုသဘောထားရမယ်၊ ရဟန်းသံဃာနဲ့ ဘာသာရေးအဆောက်အအုံတွေ၊ မြို့ပြမှာ လူသူထူထပ်တဲ့ နေရာတွေ… စတာတွေ အပါအဝင်၊ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံတွေနဲ့ပတ်သက်ရင် သတိထားရမယ့် ဘယ်လိုနည်းနာမျိုးတွေ ရှိတယ်… ဆိုတာက အစ ကျနော်တို့မှာ ကျင့်ဝတ်တွေ ရှိနေပါတယ်။

ကျနော်တို့ဟာ ဂုဏ်သိက္ခာကို အခြေပြုတဲ့တော်လှန်ရေးဖြစ်ပါမှ၊ သမိုင်းဟာ လှပါလိမ့်မယ်။ နိုင်ရင် ပြီးရော၊ ဘယ်လိုပဲ နိုင်နိုင်၊ ဘယ်လိုနည်းနဲ့ အနိုင်ရရ၊ အနိုင်ရအောင် လုပ်တဲ့တော်လှန်ရေးမှာ ဘယ်လုပ်ရပ်မျိုးမဆို တရားတယ်၊ လုပ်သင့်တယ်ဆိုတဲ့ သိမ်ဖျင်းတဲ့ မက္ခီယာဗယ်လီရဲ့ ဉာဉ်ဆိုး အယူအဆဆိုးမျိုးကို ပယ်ဖျက်နိုင်ရပါလိမ့်မယ်။ ကျနော်တို့လူထုအတွက် တော်လှန်ရေးဟာ အရေးကြီးတယ်။ စစ်အာဏာရှင် အမြစ်ဖြတ်ရေးဟာ သိပ်ကို အရေးကြီးတယ်။ ထိုနည်းတူစွာ ကျနော်တို့ တော်လှန်သူ လူထု၊ လူငယ်တွေမှာ ဂုဏ်သိက္ခာနဲ့ အညီ ကျင့်ကြံရေးဟာလည်း သိပ်ကို အရေးကြီးနေပါတယ်။

တော်လှန်သူ လူငယ်များ၏ခန္ဓာဓာတ်အတွင်းသို့

• ခံနိုင်ရည်ရှိ၍ ကြံ့ခိုင်သော မာကျောသည့်ဓာတ်သတ္တိ၊
• နက်နဲ၍ ကျယ်ပြန့်သော ဉာဏ်ပညာဓာတ်၊
• မြင့်မြတ်၍ တန်ဖိုးရှိသော ဂုဏ်သိက္ခာတို့ စီးဆင်းပါစေ….။

မင်းသေ့ (ဆောင်းပါး)

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၂၁

Related Articles

Back to top button