တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအင်တာဗျူး

သီးသန့်တွေ့ဆုံမေးမြန်းခန်း အစီအစဉ်

“သီးသန့်တွေ့ဆုံမေးမြန်းခန်း အစီအစဉ်”

ဒီတပတ်မှာတော့ (CNF)အထွေထွေအတွင်းရေးမှူး ၊ (CJDC) ဥက္ကဌ PU THLA HEI နှင့် ဖက်ဒရယ်ဒရယ် သီးသန့် တွေ့ဆုံ မေးမြန်းထားတဲ့ အစီအစဉ်ကနေ  တင်ဆက်ချက်ကို ပြန်လည်ဖတ်ရှုရမှာပါ။

“ဗမာအနေ နဲ့ကတော့ ဗမာပြည်ထောင်ကို ဘယ်လိုတည်ထောင်ရမလဲ ဆိုတာ သူတို့အချင်းချင်းကြားမှာ တော်တော်လေး ဆွေးနွေးရမယ့် အခြေအနေကိုရောက်လာတယ်။  တစ်ဖက်မှာ ဘုံရန်သူကို တိုက်ထုတ်နေရတဲ့ အချိန်ဖြစ်တဲ့ အားလျော်စွာ သူတို့မှာ အချိန်မရှိသေးတာမျိုး ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ တစ်ခြား တိုင်းရင်းသားတွေ အနေနဲ့ ကတော့ ပြည်ထောင်စုကို တည်ဆောက်ချင်တယ်။ သို့သော် ထိုပြည်ထောင်ကို တည်ဆောက်တဲ့ နေရာမှာ စနစ်အများကြီးထဲကမှ ပြည်နယ်အခြေခံ/ပြည်ထောင်အခြေခံ ကနေ ပြည်ထောင်စု  တည်ဆောက်တဲ့စနစ်ကို လိုချင်ကြတယ်။ ယခု လက်တွေ့အခြေနေနဲ့လည်း အံဝင်ဂွင်ကျ အဖြစ်ဆုံးလို့ ယုံကြည်ပါတယ်”

“ချင်းပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ယခုအချိန်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနေရတဲ့အချိန် ဖြစ်သလို တစ်ဖက်မှာ ချင်းအမျိုးသားပြည်ထောင်ကို တည်ထောင်ဖို့ အင်မတန် အရေးကြီးပါတယ်။ အဲ့ဒီလို ချင်းပြည်ထောင်ကို တည်ထောင်ပြီးခါမှာ ပြည်ထောင်စုအဆင့်အတွက် ကျွန်တော်တို့ ဆွေးနွေးရမှာ ဖြစ်တဲ့ အတွက်ကြောင့် ပြည်တွင်းပြည်ပရောက် ချင်းပြည်သူတစ်ရပ်လုံးအနေနဲ့ ချင်းအမျိုးသား ပြည်ထောင် တည်ဆောက်ရေးမှာ အားလုံး  ပါဝင်ကြဖို့ တိုက်တွန်း နှိုးဆော်ချင်ပါတယ်”

မေး။ ။ ပထမဆုံးအနေနဲ့ ဆရာတို့ CNF ဉီးဆောင်မှုဖြင့် ချင်းလဲန်းအတွင်း လက်ရှိ တော်လှန်ရေး ဆင်နွဲနေမှု အနေအထားကို ခြုံငုံပြီး သုံးသပ်ပေးပါလား။ ချင်းလဲန်းကို ဘယ်လောက်ထိ/ဘယ် လောက်ရာခိုင်နှုန်းအထိ ဆရာတို့ ထိန်းချုပ်နိုင်ပြီလဲ။ အသာစီးရနေပြီလို့ ဆိုနိုင်ပြီလား။

ဖြေ။ ။ ပထမဦးစွာ အခုလို ဖယ်ဒရယ်ဂျာနယ်နဲ့ တွေ့ဆုံခွင့် ရတဲ့ အတွက်‌ ကျေးဇူးတင်ပါတယ်။ ယနေ့ ကျွန်တော်တို့ရဲ့ အခြေနေကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ ရှိတဲ့ ချင်းပြည်သူအားလုံးက CDM လုပ်ခြင်းဖြင့်သော်လည်းကောင်း နည်းအမျိုးစုံနဲ့ အကြမ်းမဖက် တော်လှန်ခဲ့ကြသလို ပြည်ပမှာ ရောက်ရှိနေကြတဲ့ ချင်းလူမျိုးတွေကလည်း အားကုန်စိုက်ထုတ်ပြီး ကူညီထောက်ပံ့ခဲ့ကြတယ်။  ဒါပေမယ့် အဲ့ဒီလို အကြမ်းမဖက်တဲ့နည်းနဲ့ တော်လှန်ခဲ့ကြတဲ့ ပြည်သူတွေကို စစ်တပ်က လက်နက်အင်အားသုံးပြီး အကြမ်းဖက်ဖြိုခွင်းလာတဲ့ အခါမှာတော့ ပြည်သူတွေက ရွေးချယ်စရာ မရှိတော့ဘဲ နာမည်မျိုးစုံတပ်ပြီး လက်နက်ကိုင်တော်လှန် လာခဲ့ကြပါတယ်။ CNA, CDF, CNDF, ZFU နှင့် အခြားသော နာမည်တွေနဲ့ ဒီအဖွဲ့တွေအားလုံးရဲ့ ရည်မှန်းချက်က အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းဖို့ ဖြစ်တယ်။ ဒီလို လက်နက်ကိုင်တော်လှန်တဲ့ အခါမှာ လက်နက်ခဲယမ်းအခက်ခဲ နှင့် အခြားသော အခက်ခဲမျိုးစုံ ရှိလင့်ကစား လူငယ်တွေရဲ့ အမျိုးသားရေးစိတ်ဓာတ် နိုးကြားမှုဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ အရာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ သမိုင်းကို ကြည့်မယ်ဆိုရင် အခုအချိန်လောက် အမျိုးသားရေးစိတ်ဓာတ်နိုးကြားတဲ့ ကာလမရှိခဲ့ဘူး။ နောက်ပြီး ကျွန်တော်တို့ တောက်လျှောက်တိုက်ခိုက်လာတဲ့ အနေအထားနဲ့ ကြည့်မယ်ဆိုရင် ယနေ့ ချင်းပြည်နယ်လို့ (ခေါ်) ချင်းလဲန်းဒေသ တော်တော်များများကို ကျွန်တော်တို့ စိုးမိုးထားနေနိုင်ပါပြီ။ အခုလောလောဆယ်ကတော့ ရာခိုင်နှုန်းနဲ့ ပြောဖို့ခက်နေသေးပေမယ့် ကျေးလတ်ဒေသအားလုံးကိုတော့ ကျွန်တော်တို့ဘက်က ထိန်းချုပ်ထားပါပြီ။ မြို့ပေါ်တစ်ချို့တွေကိုလည်း စစ်ကောင်စီဘက်က တစ်ဝက် နဲ့ ကျွန်တော်တို့ဘက်က တစ်ဝက် ထိန်းချုပ်ထားနိုင်တဲ့ အခြေနေလို့ ဆိုလို့ရပါတယ်။ မြို့နယ်အသီးသီးမှာ ဖွဲ့စည်းနေတဲ့ ပြည်သူ့အုပ်ချု်ပရေး အဖွဲ့တွေကို စစ်တမ်းကောက်ပြီးမှ ကျွန်တော်တို့ ထိန်းချု်ပနေတဲ့ ဒေသတွေကို ရာခိုင်နှုန်းအတိကျ ပြောပြပေးနိုင်အောင်ကြိုးစားပါမယ်။ ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ တိုက်နေတဲ့ တိုက်ပွဲတစ်လျှောက်မှာ အောင်မြင်မှုရရှိခဲ့တယ်လို့ ယုံကြည်မိသလို ဒီတိုက်ပွဲကို အောင်မြင်စွာ တိုက်မှာ ဖြစ်တဲ့အတွက် အနေနေအရပ်ရပ်ရှိ ချင်းပြည်သူလူထုမှ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းလိုပါတယ်။

မေး။ ။ ထန်တလန်မြို့ကို ဆရာတို့ သိမ်းလိုက်မယ်လို့ လွန်ခဲ့တဲ့ သုံးလေးလကတည်းက တစ်နိုင်ငံလုံး က ခန့်မှန်းကြတယ်။ စောင့်ကြည့်နေကြတယ်။ ဒါပေမယ့် အခုထိ မြို့သိမ်းတိုက်ပွဲ မဆင်နွဲ သေးဘူး။ ဘာကြောင့်လဲ။ ထန်တလန်ကိစ္စ လူထုက ဘယ်လိုမျှော်လင့်ရမလဲ။ ပြောလို့ရမလား။

ဖြေ။ ။ ဟုတ်ပါတယ်။ ထန်တလန်ကိစ္စကို ချင်းလူပြည်သူလူထုတွေသာမက တစ်ပြည်လုံးက အလေးထား စောင့်ကြည့်နေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်ပူ ပန်ပေးနေကြတဲ့ ပြည်သူအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး အနေအထားနဲ့ ကြည့်မယ်ဆိုရင်တောင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနိုင်တဲ့ ဒေသဆိုတာ မရှိသေးဘူးလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ထန်တလန်ကိုလည်း အမြန်ဆုံး သိမ်းယူချင်ပေမယ့် အားလုံးသိထားကြတဲ့အတိုင်း စစ်တိုက်တယ်ဆိုတာ အခြေအနေနဲ့ အချိန်အခါအရ ကျွန်တော်တို့ ဆန္ဒအတိုင်းသွားဖို့ အဆင်မပြေတဲ့ အခါတွေရှိပါတယ်။ သို့သော်လည်းဘဲ ထန်တလန်မြို့ အပါအဝင် စစ်ကောင်စီတွေ ထိန်းသိမ်းထားဆဲ ဖြစ်တဲ့ ချင်းလဲန်းဒေသနှင့် တစ်နိုင်ငံလုံးကို ကျွန်တော်တို့အားလုံး အရယူဖို့ အဆုံးထိ   သန်ဓိဌာန်ချ တိုက်ပွဲဝင်ရပါမယ်။ ကျွန်တော်တို့အနေနဲ့လည်း ထန်တလန်အ‌ရေးနဲ့ ပတ်သက်လို့ တက်နိုင် သလောက် ပြင်ဆင်မှုတွေပြုလုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိ ခိုလှုံနေကြတဲ့ ထန်တလန်ပြည်သူတွေအနေနဲ့လည်း စိတ်ဓာတ်မကျဘဲ တစ်ဖန်ပြန်လည်ခွန်အားယူပြီး ရောက်ရှိရာအရပ်မှာ ဒီတိုက်ပွဲကို အောင်မြင်စွာတိုက်နိုင်ဖို့ ဆုတောင်းပေးကြဖို့ တိုက်တွန်းချင်ပါတယ်။

မေး။  ။ CNF က ကမကထပြု ဉီးဆောင်ပြီး CJDC ဖွဲ့စည်းထားတဲ့အပေါ် NUG ရော ချင်းပြည်သူ တစ်ရပ်လုံးကပါ ဝမ်းသာဂုဏ်ယူနေကြတာတွေ့ရတယ်။ ဒါပေမယ့် အခုထိတော့ CJDC ပူးပေါင်းတပ်ဖွဲ့ဝင် ဖွဲ့စည်းတာတို့၊ ပူးပေါင်းစစ်ဆင်ရေး လုပ်တာတို့ကို မမြင်တွေ့ရသေးဘူး။ စိန်ခေါ်မှုတွေရှိသလား။ ရှေ့ဆက်ရော လူထူက ဘယ်လို/ဘယ်လောက်ထိ မျှော်လင့်ရမလဲ။

ဖြေ။  ။ CJDC ကို CNF အပါအဝင် အဖွဲ့ဝင် ၁၇ ဖွဲ့နဲ့ ဖွဲ့စည်းထားပါတယ်။ အခုထိတော့ မင်းတပ်မှာလည်း စစ်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်။ ပလတ်ဝ မှာလည်း ထိုနည်းတူပဲ။ မတူပီ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း နဲ့ ကလေးကဘော် တွေမှာလည်း စစ်စင်ရေးတွေ အဆက်မပြတ် ရှိနေတယ်။ အဲ့ဒီလို အဖွဲ့ဝင်အသီးသီးက မြေပြင်မှာ ပြင်းထန်တဲ့ စစ်စင်ရေးတွေ ပုံမှန်မပြတ်ရှိနေကြတာကြောင့် အစည်းအဝေးကိုလည်း နှစ်ကြိမ်ဘဲ လုပ်နိုင်ပါ သေးတယ်။ ပူးပေါင်းစစ်စင်ရေး တွေ အတူတကွ လုပ်ဖို့အတွက် CJDC ကွန်မန်ဒူတပ် ဆိုပြီးတော့လည်း အစောဆုံး ဖွဲ့စည်း ဖို့ရှိပါတယ်။ ကျွန်တော်တို့ အားလုံး အတူတကွ စည်းလုံးပြီး တိုက်ခိုက်ဖို့ လိုအပ်တယ်လို့ ခံယူထားလို့ ယခုလို လုပ်ရတာ ဖြစ်တယ်။ အခုခေတ်က ခေတ်မီတဲ့  ဆက်သွယ်ရေးဆိုင်ရာ နည်းပညာတွေနဲ့ ဆက်သွယ်ရေးတွေလွယ်ကူ လာတဲ့ အတွက်ကြောင့် လှုပ်ရှားမှုတွေကို အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ ပြည်သူတွေ အနေနဲ့ လိုချင်ကြတယ် ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ စစ်စင်ရေးတွ ပုံမှန် ရှိနေတာကြောင့် တွေ့ဆုံဆွေးနွေးဖို့ ခရီးသွားရတာတောင် မလွယ်ကူတဲ့ အခြေနေမှာ ရှိနေပါတယ်။ မိမိတို့ ဒေသမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အဖွဲ့အားလုံးရဲ့ ရည်ရွယ်ချက်ကလည်း အမိချင်းလဲန်း အတွက်သာ ဖြစ်သလို ကျွန်တော်တို့ အနေနဲ့ကလည်း ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ်စင်ရေးတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါကြောင့်  CJDC ဆိုတာ ကျွန်တော်တို့ အတွက် အားကိုးထိုက်တဲ့ အဖွဲ့အစည်း ဖြစ်သလို ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ ပြည်သူတွေ အားလုံးက အားပေးထောက်ခံမယ်ဆိုရင် ထိရောက်တဲ့ စစ်စင်ရေးနဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

မေး။ ။ တစ်ဆက်တည်းမှာ အခုလို မြို့နယ်အခြေခံနဲ့ မျိုးနွေစုအခြေခံ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့တဲ့ဟာမှာ အားသာချက်တစ်ချို့ ရှိလင့်ကစား… ချင်းအမျိုးသားနိုင်ငံရေး တည်ဆောက်တဲ့ အပိုင်းမှာ အဟန့်အတားနဲ့ စိန်ခေါ်မှုတွေ အများကြီးရှိမယ် တစ်ချို့က စိုးရိမ်ကြတယ်။ အထူးသဖြင့် အနာဂတ် DDR/SSA လုပ်တဲ့အချိန်မှာပေါ့။ ထိန်းမရသိမ်းမရ…. မင်းမဲ့စရိုတ်လို ဓားမြနဲ့ ဂိုဏ်းစတားအဆင့် သာသာတွေ၊ နွယ်စုနဲ့ မြို့နယ်စွဲ ပြဿနာတွေ အပြင်းအထန် ထွက်လာမှာမျိုးပေါ့။ အဲဒါနဲ့ ပတ်သက်လို့ ဆရာတို့ ဘယ်လို ပြင်ဆင်ထားလဲ။

ဖြေ။ ။ ဟုတ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးကို မလိုလားကြလို့ ကျွန်တော်တို့အားလုံး CDM လုပ်တဲ့အပြီးမှာ လက်နက်ကိုင် တော်လှန်ကြတာဖြစ်တယ်။ ဒီလို လက်နက်ကိုင်တော်လှန်ကြတယ် ဆိုတာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တော်လှန် ဖို့သာဖြစ်တယ်။ ဒီ စစ်အာဏာရှင် ကိုတော်လှန်ပြီး အောင်မြင်သွားတဲ့အခါလက်နက်နဲ့ခဲယမ်းအားလုံးကို CNA/CNF မှာ အပ်မယ်ဆိုတဲ့ CDF အဖွဲ့တွေလည်း ရှိကြပါတယ်။ ဆက်ပြီးတော့ သပ်သပ်ရှိနေမယ် ဆိုတဲ့အဖွဲ့တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါတွေအားလုံး ခြုံငုံပြီးကြည့်တဲ့ အခါ လက်နက်ကိုင်တယ်ဆိုတာ သတိထားရမယ့်အရာတွေ အများကြီးရှိနေတယ်ဆိုတာ  သိနိုင်ပါတယ်။ သတိမထားနိုင်ရင်တော့ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မဆိုနဲ့ ဓားမြတစ်ဖွဲ့ကတောင် တိုင်းပြည်နဲ့ လူမျိုးကို အခက်အခဲဒုက္ခတွေ အများကြီး ပေးနိုင်ပါတယ်။ CJDC မှာ လည်း မြို့နယ်အခြေခံတွေရှိသလို ဒေသအခြေခံတွေလည်း ရှိကြလင့်ကစား ချင်းလဲန်းဆိုတဲ့ စကားလုံးကို သုံးထားခြင်းဟာ အာလုံး ချင်းလဲန်းအတွက်သာ တိုက်ပွဲဝင်ကြတယ်ဆိုတာ ပြနေပါတယ်။ ကျွန်တော်တို့ လူမျိုးအတွက် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တဲ့ အတွက် ဒီလိုမျိုးကြိုးစားနေကြတာ ဖြစ်တယ်။ ဒါကြောင့် အခုလိုမျိုး လက်နက်ကိုင်တွေ အမြောက်အများ ပေါ်ထွက်လာတဲ့ အတွက် အနာဂါတ်မှာ စိုးရိမ်ပူပန်စရာတွေ ရှိလာနိုင်တယ်လို တွေးပူနေရပေမယ့်  ယနေ့ထိတော့ ဒေသအခြေခံ၊ မြို့နယ်အခြေခံ လက်နက်ကိုင် လူငယ်ခေါင်းဆောင်တွေရဲ့ သဘောထားမှာ ချင်းအမျိုးသားညီညွတ်ရေးက ပထမဦးစာပေး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အတွေးအခေါ်နဲ့ အမြော်အမြင် ကြီးမာတဲ့ လူငယ်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု အောက်မှာ ကျွန်တော်တို့ အားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းသွားနိုင်မယ် လို့ ယုံကြည်မျှော်လင့်မိပါတယ်။ ဘယ်အဖွဲ့အစည်းကမှ သီးခြားနေလို့ မဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အားလုံးကလည်း CJDC ကို အားပေးထောက်ခံဖို့ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် ဒေသ နှင့် မြို့နယ် လက်နက်ကိုင် ခေါင်းဆောင်တွေ အနေနဲ့လည်း မိမိဒေသ နှင့်  မြို့နယ်အတွက် ဖြစ်လင့်ကစား အမိ ချင်းလူမျိုးနှင့် ချင်းလဲန်အတွက် ခိုင်မာစွာ ရပ်တည်မည်ဆိုရင် နောက်နောင်မှာ အငြင်းပွားဖွယ်ရာနှင့် ပြဿနာများအစား ချင်းအမျိုးသားညီညွတ်ရေးအတွက် အကျိုးရှိရှိ အသုံးချနိုင်မယ်လို့ မျော်လင့်ရပါတယ်။ ရှမ်းပြည်နယ်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ များတဲ့အတွက် အခက်ခဲပြဿနာများစွာ ရှိနေကြသလို ကျွန်တော်တို့ ချင်းလဲန်းမှာလည်း အဲ့ဒီလို မဖြစ်ဖို့အတွက် လက်နက်ကိုင်ခေါင်းဆောင်တွေ အားလုံး အနေနဲ့ အမျိုးသားရေးတည်ဆောက်ဖို့ တာဝန်ရှိပါတယ်။ CNF/A ကလည်းပဲ CJDC အဖွဲ့ဝင် အပြင် အားလုံး အတူတကွစည်လုံးနိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေပါတယ်။  ပြည်တွင်းပြည်ပမှ ပြည်သူများ အနေနဲ့လည်း အမျိုးသားရေးတည်ဆောက်ဖို့ အားပေးကူညီကြမယ်ဆိုရင် ပြဿနာများအစား အမျိုးသားညီညွတ်ရေးမှာ အကျိုးရှိရှိ အသုံးချနိုင်မည်လို့ မျော်လင့်မိပါတယ်။

မေး။ ။ ဟိုလေးတစ်ကျော် ဖြစ်လာတဲ့ ZRA တို့ ကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့ အမြင် သဘောထား သိချင်ပါတယ်။ သူတို့က ချင်းအမျိုးသား တည်ဆောက်ရေးနဲ့ နွေဉီးတော်လှန်ရေးမှာ အကျိုးပြုမယ်ထင်သလား။ ဘာကြောင့်လဲ။

ဖြေ။ ။ ZRA ကတော့ ရှေးတည်းက အိန္ဒယနိုင်ငံ၊ မဏိပူရပြည်နယ်မှာ ရှိတဲ့ အဖွဲ့ပေါ့။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာတော့ ZRA Eastern Command ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားကြတာတွေ့ရတယ်။ သို့ပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်တဲ့အခါ ချင်းတစ်မျိုးသားလုံး ညီညွတ်ရေးအစား မြန်မာ့တပ်မတော် နဲ့ မိတ်ဖွဲ့ပြီး ချင်းအမျိုးသားရေးကို နှောင့်ယှက် လှုပ်ရှားနေကြတာကို တွေ့ရတယ်။ ဒါ့အပြင် မြန်မာ့တပ်မတော်ကို တော်လှန်တိုက်ခိုက်နေတဲ့ PDF Zoland ဖြစ်စေ၊ CDF-Hualngo နှင့် ZFU ကိုလည်း နှောင့်ယှက်တိုက်ခိုက်တာတွေတွေ့ရတယ်။ ဒီလို ပြဿနာမျိုးတွေ ရှိလာတဲ့အတွက်ကြောင့် CJDC ကလည်း  စစ်အာဏာရှင် နှင့် ပူးပေါင်းသော မည်သည့် အဖွဲ့ကို မဆို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သူတို့အဖွဲ့နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက် နှစ်ကြိမ် ထုတ်ခဲ့ ဖူးပါတယ်။ ဒါတွေအားလုံးကို ခြုံငုံသုံး သပ်ရရင်တော့ အခုချိန်ဟာ ကျွန်တော်တို့ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရမည့် အချိန်ကောင်းဖြစ်သလို ချင်းပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ် ရေးကို ထိပါးပြီး စစ်အာဏာရှင်နှင့် ပူးပေါင်းသော မည်သည့်အဖွဲ့မဆို ချင်းပြည်သူလူထု တစ်ရပ်လုံးရဲ့ ရန်သူအဖြစ် သတ်မှတ်ရပါမည်။ ဒါကြောင့် ချင်းပြည်သူတွေအနေနဲ့ ချင်းအမျိုးသားရေးကို တည်ဆောက်ပြီး ပြည်ထောင်မှ တစ်ဆင့် ပြည်ထာင်စုနိုင်ငံတော်ကို တည်ဆောက်ဖို့အတွက် တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်ရေးကို ထိပါးသော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့မဆို တော်လှန်တိုက်ထုတ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ 

မေး။ ။ နောက်…. CNF က C-3-C မှာ ပါဝင်တယ်လို့ သိရတယ်။ စီသုံးစီရဲ့ လက်ရှိအနေအထားနှင့် စစ်ရေး ပြင်ဆင်မှုတွေ (အထူးသဖြင့် ချင်းဒေသဘက်က ပြင်ဆင်မှုတွေ) တစ်ချို့ကို ပြည်သူကို ချပြလို့ရသ လောက် ပြောပြပေးပါလား။

ဖြေ။ ။ CCC ဆိုတာ Central Command and Control Committee ဖြစ်ပြီး CNF လည်း အဖွဲ့ဝင်တွေထဲမှာ ပါတယ်။ CCC ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူ မဟုတ်တဲ့အတွက်ကြောင့် အားလုံးကို ကျွန်တော် ပြောပြလို့ မရပါဘူး။ သို့သော် အဖွဲ့ဝင်ဖြစ်တဲ့ CNF အနေနဲ  CCC ရဲ့ ဦးစီးဦးဆောက်မှုအောက်မှာ အတူတကွ တိုက်ပွဲဝင်ကြဖို့ အရေးကြီကြောင်း ပထမဦးဆုံး တိုက်တွန်းချင်တယ်။ ကျွန်တော်တို့ နှစ် ခုနှစ်ဆယ် လုံးလုံး လက်နက်ကိုင်တော်လှန်ခဲ့ကြတဲ့ သမိုင်းကို ကြည့်လိုက်ရင် တိုင်းရင်းသားလို့ ခေါ်တဲ့ လူနည်းစုပြည်နယ်အခြေခံ တွေကသာ ပြည်ထောင်စုအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပြီး လက်နက်ကိုင်တော်လှန်တဲ့အဖွဲ့အစည်းများ မစည်းလုံးနိုင်ခဲ့ကြလို့ အရေးနှိမ့်ခဲ့ကြရတာ ဖြစ်တယ်။ သို့သော် ဒီတစ်ခေါက် တော်လှန်ရေးမှာတော့ မြေပြန့်မှ လူအများစုဗမာတွေဖြစ်တဲ့ PDF များလည်း ပါဝင်လာတဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးမှ လက်နက်ကိုင်အဖွဲ့များ အားလုံးအတူတကွ စည်းလုံးပြီး တိုက်ပွဲဝင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီ စီသုံးစီကို ဖွဲ့စည်းရတာဖြစ်တယ်။ တစ်နိုင်ငံလုံး အနေအထားနဲ့ ဆိုရင် ကချင်ပြည်နယ်မှာ KIA ရှိတယ်၊ NUG ရဲ့ ကာကွယ်ရေးဌာနအောက်မှာ PDF တပ်ရင်းတွေရှိတယ်၊ စီသုံးစီ အဖွဲ့ဝင်ဖြစ်တဲ့ ကရင်နီ နှင့် ABSDF တွေရှိကြသလို တစ်ခြား ပြည်နယ်မှ အဖွဲ့များလည်း ပူးပေါင်းပါဝင်လာပြီး စီသုံးစီရဲ့ လမ်းညွှန်မှုအောက်မှာ အတူတကွ တိုက်ပွဲဝင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ ပြင်ဆင်စရာတွေ များစွာရှိတဲ့ထဲမှ အခက်ခဲဆုံးပြင်ဆင်ရေးကာလတွေကို ကျွန်တော်တို့ အားလုံး ကျော်ဖြတ်ခဲ့ကြပါပြီ။ အခုချိန်ဟာ ကျွန်တော်တို့ အားအနည်းဆုံးကာလဖြစ်တယ်၊ ဒီထက်ပိုပြီး အားနည်း လာဖို့ မရှိနိုင်တော့ပါဘူး၊ ပိုပြီး အားကောင်းလာဖို့ပဲ ရှိပါတော့တယ်။ CNF အနေနဲ့လည်း စီသုံးစီ ရဲ့ စစ်ဒေသ(၁)၊ စစ်ဒေသ (၂) နှင့် စစ်ဒေသ (၃) တွေမှာ အခုကနေစလို့ တိုက်ပွဲတွေကိုလည်း အကောင်းဆုံး ဆင်နွှဲနိုင်ဖို့ ကြိုတင်ပြင်ဆင်နေပါတယ်။ နောက်ပြီး CNF အနေနဲ့ စီသုံးစီ ဟာ အရင်ကနေမတူယဲ ယခုတော်လှန်ရေးတိုက်ပွဲရဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ကို ခေါ်ဆောင်ပေးနိုင်မည့် အဖွဲ့အစည်းဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့…. ဒီတော်လှန်ရေး အောင်မြင်သွားလို့ နိုင်ငံရေးစားပွဲပေါ်ရောက်တဲ့အခါ CNF အနေနဲ့ ပင်လုံစာချုပ်အကောင်ထည်ဖော်တဲ့လမ်းကြောင်းအတိုင်းရပ်တည်မလား၊ အခု တစ်လော တစ်ချို့တွေ ပြောကြလို ပင်လုံမတိုင်ခင်(Pre-Panglong) အခင်းအကျင်း အတိုင်း အစကနေ ပြန်လည် ဆွေးနွေးတဲ့ ပုံစံကို သွားချင်တာလား။ ဆိုလိုတာက ပင်လုံစာချုပ်-မူ ကို ဆက်ကိုင်စရာလိုဉီးမလား။ ဆရာတို့အဖွဲ့ရဲ့ ရပ်တည်ချက်က ‘ပင်လုံစာချုပ်’နဲ့ ဖက်ဒရယ်မူ တစ်ခုတည်းပဲ ဆက်ရှိနေလား။

ဖြေ။ ။ တစ်ချို့က ပင်လုံမတိုင်ခင်ကို သွားတယ်၊ တစ်ချို့က ပင်လုံစာချုပ်ကို ပြန်ပြီးအကောင်ထည်ဖော်‌နေတယ်လို့ ပြောကြတယ်။ သို့သော်လည်း CNF အနေနဲ့ပြောရမည်ဆိုရင်တော့ ပြည်ထောင်စုကိုအသစ်တစ်ဖန် တည်ဆောက်ချင်ရင် ပြည်ထောင်ကနေ အရင်စဖို့လိုအပ်တယ်။ ၁၉၄၈ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ Proper Burma မှာ ဆိုရင်လည်း ပြည်ထောင်စုကို ချင်းပြည်ထောင်၊ ကရင်နီပြည်ထောင်၊ ရှမ်းပြည်ထောင်၊ ကချင်ပြည်ထောင် ဆိုတဲ့ (၅) ပြည်ထောင် နှင့် တည်ဆောက်ခဲ့ကြတာဖြစ်တယ်။ အဲ့ဒီ ငါးပြည်ထောင်စုတဲ့ အရာကို ပြည်ထောင်စု လို့ခေါ်တာဖြစ်တယ်။  အဲ့တာကြောင့် ပင်လုံမတိုင်ခင်ပဲ သွားသွား ပင်လုံစာချုပ်ကို ပြန်အကောင်ထည်ဖော်တာပဲဖြစ်ဖြစ် ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက်တော့ ပြည်ထောင်အသီးသီးက အခြေတစ်ကျ ကောင်းကောင်းတည်ရှိဖို့ လိုအပ်တယ်။  အဲ့ဒီ အခြေတစ်ကျတည်ရှိတယ့် ပြည်ထောင်တွေကို ဘယ်လို ပြန်ပြီးစုမလဲ ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းဆွေးနွေးဖို့ လိုအပ်တယ်။ အဲ့ဒီလို ဆွေးနွေးတဲ့ အခါမှာ နိုင်ငံအသီးသီးက ကျင့်သုံးနေကြတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်တွေက မတူကြသလို ကျွန်တော်တို့ ချင်းလူမျိုး (CNF) အပါအဝင် တိုင်းရင်းသားတွေအားလုံး လိုချင်လက်ခံနေကြတဲ့ ဖယ်ဒရယ်ကတော့ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက်ဆိုရင် ပြည်ထောင်စုကနေ မဟုတ်ဘဲ ပြည်နယ်ခေါ် ပြည်ထောင် တွေကနေ  စပြီးတည်ထောင်ဖို့ဖြစ်တယ်။ အခုလောလောဆယ် ချင်းပြည်သူလူထုရဲ့ အခြေအနေမှာ လည်း တစ်ဖက်မှာ အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်ရင်း တစ်ဖက်မှာ ချင်းပြည်ထောင်ကို တည်ထောင်ဖို့ လိုအပ် ပါတယ်။ CNF ကလည်းပဲ အဲ့ဒီနှစ်ချက်ကို ယနေ့ချိန်ထိ တစ်စိုက်မက်မက် လုပ်ဆောင်နေတာဖြစ်တယ်။ CJDC မှာလည်းပဲ ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာ အတူသွားနိုင်ဖို့ နှင့် ချင်းအမျိုးသားပြည်ထောင်ကို တည်ဆောက်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေတာ ဖြစ်တယ်။ တစ်ခြား တိုင်းရင်းသား ညီအစ်ကိုတွေလည်း ဒီအချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ပြီးသွားနေကြတာ ဖြစ်တယ်။ ပြည်နယ် (၇) ခုကို ကြည့်မည်ဆိုရင်လည်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ် များကနေ ဒီအချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားကြတယ်ဆိုတာ သိသိသာသာတွေ့မြင်နေရပါပြီ။ ဗမာအနေ နဲ့ကတော့ ဗမာပြည်ထောင်ကို ဘယ်လိုတည်ထောင်ရမလဲ ဆိုတာ သူတို့အချင်းချင်းကြားမှာ တော်တော်လေး ဆွေးနွေးရမယ့် အခြေအနေကိုရောက်လာတယ်။  တစ်ဖက်မှာ ဘုံရန်သူကို တိုက်ထုတ်နေရတဲ့ အချိန်ဖြစ်တဲ့ အားလျော်စွာ သူတို့မှာ အချိန်မရှိသေးတာမျိုး ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ တစ်ခြားတိုင်းရင်းသားတွေ အနေနဲ့ ကတော့ ပြည်ထောင်စုကို တည်ဆောက်ချင်တယ်။ သို့သော် ထိုပြည်ထောင်ကို တည်ဆောက်တဲ့နေရာမှာ စနစ်အများကြီးထဲကမှ ပြည်နယ်အခြေခံ/ပြည်ထောင်အခြေခံ ကနေ ပြည်ထောင်စု တည်ဆောက်တဲ့စနစ်ကို လိုချင်ကြတယ်။ ယခု လက်တွေ့အခြေနေနဲ့လည်း အံဝင်ဂွင်ကျ အဖြစ်ဆုံးလို့ ယုံကြည်ပါတယ်။ နောက်ဆုံး အနေနဲ့ ချင်းပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ယခုအချိန်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနေရတဲ့အချိန် ဖြစ်သလို တစ်ဖက်မှာ ချင်းအမျိုးသားပြည်ထောင်ကို တည်ထောင်ဖို့ အင်မတန် အရေးကြီးပါတယ်။ အဲ့ဒီလို ချင်းပြည်ထောင်ကို တည်ထောင်ပြီးခါမှာ ပြည်ထောင်စုအဆင့်အတွက် ကျွန်တော်တို့ ဆွေးနွေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းပြည်ပရောက် ချင်းပြည်သူတစ်ရပ်လုံးအနေနဲ့ ချင်းအမျိုးသား ပြည်ထောင် တည်ဆောက်ရေးမှာ အားလုံး  ပါဝင်ကြဖို့ တိုက်တွန်း နှိုးဆော်ချင်ပါတယ်။

Related Articles

Back to top button