ဆောင်းပါး

ဝံသာနုရက္ခိတ သရုပ်ခွဲ

ဝံသာနုရက္ခိတ သရုပ်ခွဲ

အမျိုးသားရေးစိတ်လို့ ပြောရင်၊ ဇာတိပဝတ္ထိကို အခြေခံတဲ့စိတ်နဲ့ သွေးသားဆွေမျိုးကို အခြေခံတဲ့စိတ်ဆိုပြီး တွေ့ရတယ်။ တစ်ခုက ပထဝီအပေါ်မှာ အခြေခံတာ။ တစ်ခုက သွေးအပေါ်မှာ အခြေခံတာ။ သွေးနဲ့ ပထဝီဆိုတာ က သီးခြား မဟုတ်ဘူး။ ဆက်စပ်နေတယ်။ ပတ်သက်နေတယ်။ တိုက်ရိုက်ကို ပတ်သက်နေတယ်။ သတ္တဝါတိုင်း ဟာ မဟာပထဝီမြေကြီးကို အားပြုပြီးတော့ နေထိုင်ရှင်သန်ရပ်တည်ရတယ်။ ထို့ကြောင့် ကြီးပြင်းရတယ်။ နိုင်ငံရေး သိပ္ပံဘာသာရပ်မှာ နိုင်ငံတော်ဆိုတာကို သတ်မှတ်နိုင်ဖို့ အဓိက အရေးကြီးတဲ့ အချက် နှစ်ချက် ထုတ်ပြတယ်။ အဲဒါက လူနဲ့ မြေ။ ဒီနှစ်ခုဟာ နိုင်ငံတစ်ခုရဲ့ အခြေခံပဲ။ ဒီတော့ မျိုးတူစုတွေ စုဖွဲ့နေထိုင်တဲ့ အမျိုးသားရေးနိုင်ငံဆို တာ၊ ဒေသကိုလည်း ပယ်လို့ မရဘူး။ သွေးကိုလည်း ပယ်လို့ မရဘူး။ သွေးဟာ လူဖြစ်ပြီး၊ ဒေသဟာ လူရှင်သန်ဖို့ အတွက် အဓိက အခြေခံအုတ်မြစ်ကြီးဖြစ်တယ်။

တိုင်းပြည်ချစ်စိတ်နဲ့ မျိုးချစ်စိတ်

အမျိုးသားရေးဝါဒမှ သရုပ်ခွဲမှုတွေ အများအပြားရှိတယ်။ အဲသည့်အထဲက တွဲဖက်ဖြစ်တဲ့ အမျိုးသားရေးဝါဒကို နာမည် (၂) မျိုးနဲ့ ကင်ပွန်းတပ်တယ်။ (၁) တိုင်းပြည်ချစ်စိတ်နဲ့ (၂) မျိုးချစ်စိတ် လို့ ခေါ်တယ်။ အနီးစပ်ဆုံးနားလည် နိုင်တဲ့ အင်္ဂလိပ်ဝေါဟာရ နှစ်ခု ရှိပါတယ်။ (၁) Civic Nationalism နဲ့ (၂) Ethnic Nationalism လို့ နားလည်နိုင် တယ်။ ဘာသာပြန်သူတချို့ဟာ Civic Nationalism ကို နိုင်ငံအခြေပြုတဲ့ အမျိုးသားရေးဝါဒ လို့ အနက်ဖလှယ် တယ်။ Ethnic Nationalism ကိုတော့ လူမျိုးအခြေပြုအမျိုးသားရေးဝါဒလို့ အနက်ပြန်တယ်။ ကျနော်ကတော့ ရိုးရိုးရှင်းရှင်းနဲ့ ထင်လွယ်မြင်လွယ်ဖြစ်ပြီး မထောက်တဲ့ မတောင့်တဲ့ အနက်သဘောကို ယူလိုတယ်။ ဒါ့ကြောင့် Civic Nationalism ဆိုတာကို တိုင်းပြည်ချစ်စိတ်လို့ ခေါ်မယ်၊ Ethnic Nationalism ကို မျိုးချစ်စိတ်လို့ ခေါ်ချင် တယ်။ နှစ်ခုစလုံးဟာ အမျိုးသားရေးဝါဒတွေ ချည်းပါပဲ။ သို့သော်လည်း တိုင်းပြည်ချစ်စိတ်ကတော့ ဒေသ (သို့မဟုတ်) ပထဝီကို အခြေခံပြီး စွဲမြဲတဲ့ အမျိုးသားရေးစိတ်ဖြစ်တယ်။ မျိုးချစ်စိတ်ကတော့ သွေးသားဆွေမျိုးကို အခြေခံပြီး စွဲမြဲတဲ့အမျိုးသားရေးစိတ်ဖြစ်တယ်။ နှစ်မျိုးစလုံးဟာ ဝံသာနုစိတ်ပဲ ဖြစ်တယ်။

ဘေးထွက်ဆိုးကျိုးနည်းမယ့် အရာ

တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်တဲ့ ညီနောင်သွေးချင်းတွေဆိုတာဟာ ဒေသနဲ့ ဇာတိကို မူတည်ပြီးတော့ စုဖွဲ့ထားတဲ့ ဝံသာနုစိတ်လို့ နားလည်နိုင်တယ်။ အမျိုးသားရေးဝါဒကို ဆုပ်ကိုင်သူတွေဟာ ဒီနှစ်ခုကို သဲသဲကွဲကွဲ မရှိဘဲ ရောထွေးနေလေ့ရှိတယ်။ တကယ်တော့ သရုပ်ခွဲပြီးနားလည်ရမယ့် အရာဖြစ်တယ်။ အဲသည့်အထဲမှာ ဘေးထွက်ဆိုးကျိုးနည်းတဲ့ အမျိုးသားရေးဝါဒကို ဆွဲကိုင်ခြင်းဟာ အနာဂတ်အတွက် ပိုအကျိုးဖြစ်လိမ့်မယ်။ အမျိုးသားရေးဝါဒမှာ ရန်လိုတဲ့ အမျိုးသားရေးဝါဒ၊ အစွန်းရောက်တဲ့ အမျိုးသားရေးဝါဒဆိုတာတွေ ရှိတတ်တယ်။ သွေးသားဟာ ခေတ်ကာလတွေ ကြာရှည်လာလေလေ၊ ရောနှောဖို့ များလေလေပဲ။ လူသားအားလုံးရဲ့ အရေပြား အောက်မှာ သွေးအားလုံးဟာ နီညိုရောင်သာ ဖြစ်တယ်။

ဘယ်သွေးကမှ

  • ဘယ်သူ့သွေးကမှ မဖြူဘူး။
  • ဘယ်သူ့သွေးကမှ မပြာဘူး။
  • ဘယ်သူ့သွေးကမှ မမည်းဘူး။
  • ဘယ်သူ့သွေးကမှ မစိမ်းဘူး။
  • ဘယ်သူ့သွေးကမှ မဝါဘူး။

သွေးအားလုံးဟာ အတူတူပဲ ဖြစ်တယ်။ အရေပြားပေါ်က အရောင်ကို လိုက်ပြီးတော့သာ လူတွေမှာ ဝိရောဓိတွေ ဖြစ်ကုန်ကြတာ။ ဒါကို နားလည်အပ်တယ်။ ဒီတော့ ဒေသပေါ်မှာ အခြေခံတဲ့ အမျိုးသားရေးစိတ်နဲ့ ပထဝီအပေါ်မှာ အခြေခံပြီးတည်ဆောက်ထားတဲ့ ဝံသာနုတရားကသာလျှင် အနာဂတ်အတွက် ပိုသင့်တော်နိုင်တယ်။ ပိုဖြစ်သင့် တယ်။

အမျိုးစွဲစိတ် လျော့ဖို့ လိုတယ်

အမျိုးစွဲစိတ် အစွန်းရောက်လွန်းရင်၊ လူ့အဖွဲ့အစည်းတွေက ကွဲပြဲကုန်ကြတာများတယ်။ အမျိုးစွဲစိတ်ဟာ ပဋိပက္ခတွေကို ဖန်တီးနိုင်တဲ့ ရေခံမြေခံ ဖြစ်နေတတ်တယ်။ သွေးသားရဲ့ သဘောဝကို မသိနားမလည်လို့ မျိုးချစ် စိတ်ဟာ တည်တံ့နေရတယ်။ တကယ်တော့ သွေးသားပေါ်မှာ အခြေခံတာထက် ၊ ပထဝီဒေသအပေါ်မှာ အခြေခံ ခြင်းဟာ အပြုသဘောဆောင်တဲ့ အမျိုးသားရေးဝါဒ ဖြစ်နိုင်တယ်။ သို့မဟုတ်ရင်တော့ ငါ့အမျိုးမှ ငါ့အမျိုးဆိုပြီး၊ အမျိုးထိ မချိအောင်နာတယ်၊ အမျိုးထိ ဓားကြည့်ဆိုတာတွေ ဖြစ်လာပြီး ပဋိပက္ခတွေ ဘယ်တော့မှ ငြိမ်းအေးမယ် မထင်ဘူး။ ဒီတော့ အမျိုးချစ်စိတ်ကို လျော့ပြီး တိုင်းပြည်ချစ်စိတ်ကို တိုးအောင် လုပ်ကြမှ ကောင်းမယ်။ ကျဉ်း မြောင်းတဲ့အမျိုးသားရေးဝါဒထက် ကျယ်ပြန့်တဲ့ အမျိုးသားရေးဝါဒကို အလိုရှိတယ်။ လူမျိုးတိုင်းဟာ ဝံသာနုရက္ခိတ စိတ် ထက်သန်ကြတာဖြစ်လို့၊ အမျိုးအနွယ်ကို ဦးစားပေးလွန်းတဲ့ အာဂျင်ဒါတွေ ထိပ်တက်လာရင်၊ အမျိုးသားရေး ဝါဒ အချင်းချင်း တွန်းတိုက်ကုန်ကြမယ်။ အဲသည့်အခါ၊ ပဋိပက္ခသံသရာထဲ ပြန်ရောက်မယ်။

ဒီတော့ တိုင်းပြည်ချစ်စိတ်ကို တိုးမြှင့်ကျယ်ပြန့်စေပြီး၊ မျိုးချစ်စိတ်ဆိုတာကို လျော့နည်းစေပါမှ အနာဂတ် ပြည်ထောင်စုတိုင်းပြည်အတွက် မျှော်လင့်ချက် အလင်းတွေ များများ ထွန်းတောက်နိုင်မယ်လို့ ယူဆပါတယ်။

မင်းသေ့ ရေးတယ်။

ဖက်ဒရယ်ဂျာနယ်

ဖေဖော်ဝါရီ ၈၊ ၂၀၂၂

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button