ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၁၊ ၂၀၂၂
■ မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် ‘ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှု’ ကျူးလွန်သူတွေအတွက်၊ ဥပဒေအရ အချိန်အကန့်အသတ်မရှိဘဲ အချိန်ဘယ်လောက်ကြာကြာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ တရားရင်ဆိုင်ရမှာ ဖြစ်တဲ့အကြောင်း IIMM အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဒီနေ့မှာ IIMM က အခုလို ကြေညာချက်ထုတ်ပြန်ပြီး သတိပေးလိုက်တာပါ။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လေ့လာစုံစမ်းပြီး မှတ်တမ်းတင်ဖို့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုယန္တရား IIMM ဟာ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံမှာ လူထုကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်အာဏာရှင်လူတစ်စုက ဖယ်ရှားလိုက်ပြီးတဲ့နောက်၊ IIMM အဖွဲ့အနေနဲ့ စိုးရိမ်ပူပန်ပြီး စောင့်ကြည့်ခဲ့တဲ့အကြောင်း၊ စစ်တပ်က အာဏာသိမ်းလိုက်တာ တစ်ခုတည်းနဲ့ ‘ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှု’လို့ သတ်မှတ်ထားတဲ့ ပြစ်မှု မမြောက်ပေမဲ့ မြန်မာစစ်တပ်ဟာ သူတို့ကို နိုင်ငံရေးအရ ဆန့်ကျင်သူတွေကို အကြမ်း ဖက်တတ်တဲ့ သမိုင်းရှိတဲ့အတွက် အနီးကပ်စောင့်ကြည့်ခဲ့တယ်လို့ မစ္စတာ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူပေါင်းတစ်ထောင်ကျော် သတ်ဖြတ်ခံခဲ့ရပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု မြောက်နိုင်တဲ့ အခြေအနေတွေ ဖြစ်ခဲ့တာကို အစီရင်ခံ စာတွေအရ သိထားတယ်လို့လည်း မစ္စတာ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေဟာ အရပ်သားထောင်ပေါင်းများစွာကို ဖမ်းဆီးထားစဉ်အတွင်းမှာ ညှဉ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာနဲ့ သတ်ဖြတ်တဲ့အထိ လုပ်ဆောင်ခဲ့ကြောင်း ယုံကြည်စိတ်ချရတဲ့ ပြောဆိုမှုတွေ ရှိခဲ့ကြောင်း၊ IIMM အဖွဲ့အနေနဲ့ ဒီရာဇဝတ်မှုတွေ အမှန်တကယ်ကျူးလွန်ခဲ့ခြင်း ရှိမရှိ ဆုံးဖြတ်နိုင်ဖို့ စွပ်စွဲပြောဆိုချက်တွေကို အတည်ပြုနိုင်ဖို့ ကြိုးစားနေတဲ့အ ကြောင်းနဲ့ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့တာမှန်ရင် ဘယ်သူ့မှာတာဝန်ရှိသလဲ ဆိုတာ ဆုံးဖြတ်ပြီး၊ တရားစွဲဆိုရာမှာ အထောက်အကူဖြစ်မယ့် အမှုတွဲ တည်ဆောက်မှုတွေကို ပြုလုပ်နေတယ်လို့ မစ္စတာ နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က ပြောပါတယ်။