တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ချင်းဒေသကာကွယ်ရေးအဖွဲ့အများဆုံး ပူးပေါင်းသည့် ဆယ်ရက်တိုက်ပွဲ

ဖက်ဒရယ်ဂျာနယ်

ဇန်နဝါရီ ၃၀၊ ၂၀၂၂

 

ဇန်နဝါရီလ (၁၂) ရက်နေ့မှ စတင်ခဲ့သည့် ဟိန်ဇိန်း တိုက်ပွဲသည် ဇန်နဝါရီလ (၂၂) ရက်နေ့ အထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ (၈၀) ဦးကျော်ကျဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ (၃) ဦးကျဆုံးကာ (၉) ဦးဒဏ်ရာရရှိခဲ့သည်ဟု PDF – Zoland က ဇန်နဝါရီ (၂၄) ရက်နေ့ ထုတ်ပြန်ချက်နှင့်အတူ Chin World စုစည်း တင်ပြချက်ကို ပြန်လည်ဖော်ပြလိုက်သည်။

 

ဟိန်းဇိန်သည် စစ်ကိုင်းတိုင်း ကလေးမြို့ နှင့် ချင်းပြည်နယ် တီးတိန်၊ ဖလမ်း၊ ဟားခါးမြို့များ ဆက်သွယ်ထားသည့်လမ်းပေါ်ရှိသည့် အပြင် အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းပေါ်တွင် တည်ရှိသည့် ကျေးရွာဖြစ်ပြီး ကလေးမြို့မှ မိုင် (၂၀ ) ကျော်ဝန်းကျင်သာဝေးသည့် တောင်ပေါ်ကျေးရွာတစ်ရွာဖြစ်သည်။

ဟိန်ဇိန်တိုက်ပွဲတွင် စစ်ကောင်စီတပ်အား ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် ပြည်သူ့ ကာကွယ်ရေးတပ် – ကလေး နှင့် ချင်းဒေသကာကွယ်ရေးတပ် – ကလေး/ကဘော်တို့ ပါပူးပေါင်း တိုက်ခိုက် ခဲ့သည်။ တိုက်ပွဲတွင် CNA, Zoland-PDF, CDM-Siyin, CNDF, Zomi – PDF, PDA, Zogam Army, CDF – KKB နှင့် PDF – Kalay တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်အတွင်း ဖြစ်ပွားသည့် စစ်ကောင်စီနှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့တို့အကြားဖြစ်ပွား သည့်တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့အများဆုံး စုပေါင်း တိုက်ခိုက်သည့် တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။

 

တိုက်ပွဲသည် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်ကောင်စီတပ်သား ၁၀၀ ကျော် ချင်းတောင်ဖက်သို့ တက်သွားသည့် အချိန်မှ စတင်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။

 

ဇန်နဝါရီ (၁၃) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်တွင် ၁၂ ရက်နေ့က စစ်ကောင်စီတပ်များ စခန်းချအိပ်စက်ခဲ့သည့် ထေးဇန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးပြီး အဆိုပါနေ့တွင် ဒေသကာကွယ်ရေးတပ်ဖက်မှ ထိခိုက်မှု မရှိပဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြသည်။

 

အဆိုပါနေ့လည် (၂) နာရီခန့်တွင် ထေးဇန်ရွာ ကော်ဖီခြံမှ အိမ်သုံးလုံးကို စစ်ကောင်စီ တပ်သားများမှ မီးရှို့ဖျက်စီးခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

 

ချင်းတောင်သို့ စစ်ကောင်စီတပ်များတက်လာစဉ် ဒီဇင်ဘာလ (၂၅) ရက်နေ့က စကစမှ ဖမ်းစီးခဲ့သည့် CDM – Siyin တပ်သားတစ်ဦးအား လမ်းပြအဖြစ် လိုက်ပါစေခဲ့ခြင်းဖြစ်ပြီး အဆိုပါ တပ်သားမှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ အဆိုပါနေ့တွင် CDM – Siyin, PDF – Zoland, Zogam Army, PDA, CNDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

 

ဇန်နဝါရီ (၁၄) ရက်နေ့ နံနက် (၁၀) နာရီမှ ညနေ (၃) နာရီ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁) ဦးသေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း CDM – Siyin ကထုတ်ပြန်ခဲ့သည်။

 

ဇန်နဝါရီ (၁၅) ရက်နေ့တွင် စစ်ကောင်စီဖက်မှ အကျအဆုံးများလာခြင်းကြောင့် ကလေးတက္ကသိုလ်ဝင်းအတွင်းမှ ချင်းတောင်ဖက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ပြီး တိုက်လေယာဉ် (၂) စီးဖြင့်ပါ ဗုံးများဆက်တိုက်ကြဲခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ (၇) ဦးဒဏ်ရာပြင်းထန်ခဲ့သည်။ ချင်းအမျိုးသား တပ်မတော်မှ Sergeant Thang Pui ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

 

ဇန်နဝါရီ (၁၆) ရက်နေ့တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် Sergeant Thang Pui သည်၄င်း၏ ဒဏ်ရာဖြင့် အသက်ဆုံးရှုံးသွားသည်။

 

ဇန်နဝါရီလ (၁၇) ရက်နေ့ (၁၀) နာရီအချိန်တွင် ချင်းပြည်နယ်နှင့် ကလေးမြို့ဆက်သွယ်ထားသည့် လမ်းအတိုင်း စစ်ကူတက်လာသည့် စစ်ကောင်စီ ကားကြီး (၃) စီး နှင့် စက်သေနတ်ပါ ကားသေး (၂) စီးကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစု ခြုံခိုဖြတ်တိုက်ရာ စစ်ကောင်စီမှ (၁၀) ဦးသေဆုံးပြီး ဒဏ်ရာရရှိ သူများပြားသည့်အတွက် ကလေးမြို့ဖက်သို့ ပြန်လှည့်ဆင်းသွားခဲ့ရသည်။

 

ဇန်နဝါရီ (၁၈) ရက်နေ့တွင် ကလေးတက္ကသိုလ်နှင့် ကလေးမြို့၊တောင်ဖီလာကုန်းပေါ်မှ မနက် (၈) နာရီမှစပြီး လက်နက်ကြီးများဖြင့် ချင်းတောင်ဖက်သို့ ပစ်ခတ်နေခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား အသေးစားပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ စစ်ကောင်စီမှ ၄င်းတို့တပ်စွဲရာ ဟိန်ဇိန်ဒေသမှ ထွက်လာခြင်းမရှိခဲ့ပေ။

 

ဇန်နဝါရီလ (၁၉) ရက်နေ့တွင် နေ့လည် ၁း၃၀ အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့မှ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ထိပ်စခန်းသို့ ရဟတ်ယာဉ်ဖြင့် စစ်သားအချို့နှင့် ပစ္စည်းအချို့ပေးပို့ခဲ့သည်။ နေ့လည်ပိုင်းတွင် နှစ်ဖက် အသေးစား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် ဟိန်ဇိန်ရှေ့တန်းတိုက်ခိုက်မှုမှ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သည်။ ဖလမ်းမြို့ဖက်ခြမ်းမှ တီးတိန်ဖက်သို့ ဦးတည်လာသည့် စစ်ကောင်စီတပ်သား ၁၈၀ ကျော်ကို CNDF တပ်များမှ ပြင်းထန်စွာ တားစီးတိုက်ခိုက်ခဲ့ခြင်းကြောင့် ရှေ့ဆက်မတိုးနိုင်ပဲ Lungbang ရွာတွင်တပ်စွဲထားရသည်။

 

ဇန်နဝါရီလ (၂၁) ရက်နေ့မနက် (၁း၄၅) နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်များမှ ဟိန်ဇင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဝင်စီးခဲ့ရာ စစ်ကောင်စီဖက်မှ (၁၅) ဦးသေဆုံးပြီး အမြောက်အမြားဒဏ်ရာရရှိခဲ့သည်။ ဒေသကာကွယ်ရေးတပ်များဖက်မှ (၂) ဦးကျည်ထိ မှန်ဒဏ်ရာရရှိထား သော်လည်း စိုးရိမ်စရာမရှိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဖက်မှ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်အား ကူညီရန် တီးတိန်မြို့ဖက်မှ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ဆင်းလာခြင်းကြောင့် ဒေသကာကွယ်ရေး မဟာမိတ်တပ်များမှ အနောက်ဖက်စစ်မျက်နှာသို့ အင်အားမျှခုခံခဲ့ရသည်။

 

ဇန်နဝါရီလ (၂၂) ရန်နေ့တွင် ကလေးတက္ကသိုလ်ဖက်မှ တီးတိန်မြို့နယ် သိုင်းငင်း၊ ဟိန်ဇိန်ကျေးရွာကြား ဒေသများကို စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီး များပစ်ခတ်ခဲ့သည်။ မနက် ၈း၃၀ အချိန်တွင် ရဟတ်ယာဉ် ၂ စီးဖြင့်ရောက်ရှိလာကာ စက်သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ပြီး ဗုံးများစွာ ပစ်ချခဲ့သည်။

 

တီးတိန်မြို့ဖက်မှ စစ်ကူရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့မှာလည်း လမ်းမကြီးအတိုင်း မလာပဲ တောလမ်းဖြင့် ချီတက်လာခဲ့ကြသည်။ စစ်ကောင်စီမှ အဝေး ပစ်လက်နက်များဖြစ်သည့် ၆၀ မမ၊ ၁၂၀ မမ၊ ၁၅၅ မမ များနှင့် ရဟတ်ယာဉ်ပါ အသုံးပြုပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုတွင် လက်နက်အင်အားနှင့် လူအင်အားမမျှခြင်းကြောင့် ညနေ ၅းဝ၀ နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ သိုင်းငင်းမှ ခေတ္တနောက်ဆုတ်သွားခဲ့သည်။ အဆိုပါ တစ်နေ ကုန်တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ၄၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ဟဲန်ဇင်စစ်မြေပြင်တွင် မိုင်းပေါက်ကွဲသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်သား အချို့ဒဏ်ရာရရှိခဲ့ပြီး PDF – Zoland မှ Tg.Kap Suan Mung@Mung No နှင့် ချင်းအမျိုးသား တပ်မတော်မှ Salai Cung Lian Sang တို့ သေဆုံးခဲ့သည်။

 

ကလေး – ချင်းတောင်မြို့များသို့ ဆက်သွယ်သည့် လမ်းပေါ်ရှိ ဟိန်ဇိန်တိုက်ပွဲ (၁၀) ရက်ဖြစ် ပြီးနောက် ဇန်နဝါရီ (၂၈) ရက်နေ့တွင် PDF – Zomi, People Defense Army, Civic Defense Miliatia နှင့် Zogam Army တို့အနေဖြင့် ညီနောင်မဟာမိတ်တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

နိုင်ငံတော်အာဏာကို စစ်တပ်မှ သိမ်းယူပြီးနောက် ချင်းဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောက်စီအကြား ပြင်းထန်တိုက်ပွဲဖြစ်ပွားမှုအတွင်း ၂၀၂၁ ဒီဇင်ဘာလအထိ စစ်ကောင်စီဖက်မှ ၁၀၂၉ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ၅၈ ဦးသေဆုံးခဲ့ရကြောင်း Chinland Joint Defense Committee မှထုတ်ပြန်ထားသည်။

Related Articles

Back to top button