ဆောင်းပါး

လုံးဝနီးပါး ငြိမ်သက်နေသော ရှမ်းမြောက်

အိုင်စီဂျီ အစီရင်ခံစာ (၅)

(၂) (ဃ) လုံးဝနီးပါး ငြိမ်သက်နေသော ရှမ်းမြောက်

ရှမ်းပြည် မြောက်ပိုင်း သည် လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း တိုက်ပွဲကြီး များ အပြင်းအထန် ဖြစ်ပွားခဲ့ရာ ဒေသလည်း ဖြစ်သည်။ သို့သော် အာဏာသိမ်းပြီး နောက်ပိုင်းတွင်မူ သိသိသာသာ တည်ငြိမ်မှု ရှိနေခဲ့သည်။ ဤသည်ကလည်း နိုင်ငံ၏ အကြီးမားဆုံး လက်နက်ကိုင် အဖွဲ့ ဖြစ်‌သော United Wa State Army (UWSA) နှင့် ၎င်းတို့ နယ်မြေများ နှင့် ထိစပ်နေသည့် ဒေသရှိ အမျိုးသား ဒီမိုကရက် မဟာမိတ် တပ်တော် Myanmar National Democratic Alliance Army (MNDAA) တို့သည် ဖာသိဖာသာ နေခဲ့ကြသောကြောင့်လည်း ဖြစ်သည်။ အဆိုပါ ဒေသများသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားပြီး ဖြစ်သည့် အပြင် ပထဝီ အနေအထားအရလည်း လက်ရှိ နိုင်ငံရေး အကျပ်အတည်းကြီး နှင့် ဝေးကွာစွာ ရှိနေပြီး မြန်မာ နိုင်ငံရေး နှင့် ကင်းကင်းရှင်းရှင်း နေခဲ့ကြသူများ ဖြစ်သည်။

အဆိုပါ အဖွဲ့များသည် တရားဝင်အားဖြင့် တဖက်ဖက် ကို ရပ်တည်ပေးခဲ့ခြင်း မရှိ‌သော်ငြားလည်း ၎င်းတို့ ပါဝင် ပတ်သက်ခဲ့ခြင်း မရှိသဖြင့် စစ်တပ်သည် အခြားဒေသများသို့ တပ်များသို့ ပို၍ စုရုံးစေနိုင်ခဲ့သည်။

ရှမ်းပြည်နယ် အတွင်းရှိ အခြား လက်နက်ကိုင် အဖွဲ့များ ဖြစ်သော Ta’ang National Liberation Army (TNLA), ရှမ်းပြည် တိုးတက်ရေး ပါတီ Shan State Progressive Party (SSPP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ Restoration Council of Shan State (RCSS) တို့၏ ရပ်တည်ချက်သည်လည်း သဲသဲကွဲကွဲ မရှိလှပြန်ပေ။ RCSS သည် အခြားသော NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များ နှင့် အတူ ပူးတွဲ၍ အာဏာသိမ်းပြီး ရက်အနည်းငယ်အတွင်းမှာပင် စစ်တပ်အား ရှုတ်ချလာခဲ့ပြီး “ဖမ်းဆီးထားသော ခေါင်းဆောင်များကို ချွင်းခြက်မရှိ အမြန်ဆုံး လွှတ်ပေးရန်” ကိုပါ တောင်းဆိုခဲ့သည်။

သို့သော် RCSS ကော SSPP ပါ NUG နှင့် ပူးပေါင်းဆောင်ရွက်ရန် နှင့် ဆွေးနွေးရန်ကိုမူ စိတ်ပါဝင်စားခြင်း မရှိကြပေ။ ထို့အပြင် RCSS သည် ၎င်းတို့ နယ်မြေ အတွင်း PDF များ မရှိရေး ကိုပင် အာမခံ ခဲ့သည်။ တဖက်တွင် TNLA ကမူ PDF များ ဖွဲ့စည်း ဖြစ်ပေါ်လာရေး ကို ကြီးကြပ် ဆောင်ရွက်လာခဲ့ပြီး NUG နှင့်လည်း အတိုင်းအတာ တခုအထိ ထိတွေ့ဆက်ဆံလာခဲ့သည်။ စစ်တပ်အားလည်း အခါအားလျှော်စွာ တိုက်ခိုက်လာခဲ့သည်။ ၂၀၂၁ ဧပြီလထဲတွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသော ၎င်းတို့ လူမျိုးစုများအား နှိမ်နှင်းခဲ့သည်ကို လက်တုန့်ပြန်သည့် အနေဖြင့် လာရှိုး တဝိုက် ဒေသများတွင် စစ်တပ်အား တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ကျယ်ကျယ်ပြန့်ပြန့် ပါဝင် ပတ်သက်ရန်ကိုမူ အကန့်အသတ် လုပ်ထားပုံရှိသည်။

သို့သော် အထက်တွင် ဖေါ်ပြခဲ့သော အဖွဲ့သုံးဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်း နှင့် အလယ်ပိုင်း ဒေသများကို ထိန်းချုပ်နိုင်ရန် သူတို့အချင်းချင်း အညိုးကြီးစွာ တိုက်ခိုက်လာကြသည်။ ဤသည်ကလည်း ၂၀၁၅ နောက်ပိုင်းတွင် RCSS သည် မြောက်ပိုင်း ဒေသများကို တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ရာမှ တိုက်ပွဲများ စတင် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။ ဇွန်လ နှင့် ဇူလိုင်လများ အတွင်း SSPP နှင့် TNLA တို့သည် ကျေးသီ မြို့နယ် ဒေသများတွင် RCSS ကို တိုက်ထုတ်နိုင်ရန် လက်နက်ကြီးများ အပါအဝင် တပ်အင်အား စုရုံးလာခဲ့၍ RCSS သည် ၎င်းတို့ ၂၀၁၇ ခုနှစ် အတွင်း သိမ်းပိုက်ရယူခဲ့သည့် စခန်းများမှ ဆုတ်ခွာပေးခဲ့ရသည်။

ပို၍ မြောက်ဖက် ကျသည့် ကျောက်မဲ နှင့် သီပေါ ဖက်တွင်လည်း တိုက်ပွဲများ ပုံမှန်လို ဖြစ်ပွားနေသည့် သတင်းများလည်း ထွက်ပေါ်လာသည်၊ ထိုသို့ တိုက်ပွဲများ ဖြစ်လာမှုကို နှစ်ဖက်စလုံးက ကြေညာချက်များ ထုတ်ပြီး တဦးကို တဦး အပြစ်ဖို့ခဲ့ကြသည်၊ ဤသည်ကို ကြည့်ချင်းအားဖြင့် အာဏာသိမ်း အဖွဲ့ နှင့် NUG တို့ထက် ၎င်းတို့ အချင်းချင်း ကိုသာ အာရုံထား‌နေကြသည်မှာ လုံးဝ ထင်ရှားနေပေသည်။

သို့သော် ရှမ်းပြည်နယ်အတွင်း လှုပ်ရှားနေသော ကိုးကန့် လက်နက်ကိုင် အဖွဲ့ ဖြစ်သည့် MNDAA သည် ၎င်းတို့နှင့် လုံးဝကွဲပြားစွာ ရပ်တည်လာပြီး လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို မူတည်ပြီး စစ်တပ်ကို တတ်နိုင်သမျှ ဆန့်ကျင် တိုက်ခိုက်လာခဲ့ကြသည်။ စစ်တပ်သည် အင်အားကို ချွေတာ သုံးစွဲနေရသည်ကို ကောင်းစွာ ရိပ်စားမိပြီးလည်း ဖြစ်၍ တရုတ်နယ်စပ် မုန်းကိုး တဝိုက် စစ်စခန်းများကို တိုက်ခိုက်လာကြသည်။ ပြီးခဲ့သည့် လများ အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့် သတင်းများ နေ့စဉ်လို ထွက်ပေါ်လာခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်ပွားလာသော တိုက်ပွဲများဟု ဆိုရမည် ဖြစ်သည်။ နှစ်ဖက်စလုံးက လက်နက်ကြီး များ နှင့် စစ်အင်အား အမြောက်အများ အသုံးပြု တိုက်ခိုက်ခဲ့ကြခြင်းလည်း ဖြစ်သည်။

သို့သော် MNDAA သည်လည်း NUG နှင့် ထိတွေ့ဆက်ဆံခြင်းလည်း မရှိသည့်အပြင် အာဏာသိမ်းမှု အားလည်း အပြင်းအထန် ဆန့်ကျင်ခဲ့ခြင်းမျိုးလည်း မတွေ့ရပေ။ ထိုအစား လက်ရှိ ဖြစ်ပေါ်နေသော အကျပ်အတည်းကို အခွင့်ကောင်းယူကာ သမိုင်းအဆက်ဆက် ၎င်းတို့ ပိုင် ဟု ပြောဆိုထားသည့် နယ်မြေများကို ပြန်လည် ရရှိရန် ကြိုးပမ်း‌နေခြင်းသာ ဖြစ်ပေသည်။

Hla Soewai (လှစိုးဝေ)

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၉၊ ၂၀၂၂

Related Articles

Back to top button