ဆောင်းပါး

ရခိုင်ပြည်မှ လူဖမ်းပွဲ

ရခိုင်ပြည်မှ လူဖမ်းပွဲ

နယုန်လသည် စာပြန်ပွဲများကျင်းပတတ်သည့်လဟု စာပေများတွင် အဆိုရှိကြသည်။ သို့သော် သည်အဆိုက ရခိုင်ပြည်အတွက် လတ်တလောတွင် အကျုံးမဝင်ပေ။ ယခုနှစ် ရခိုင်ပြည်တွင် “နယုန်လ စာပြန်ပွဲ”အစား “နယုန်လ လူဖမ်းပွဲ”ဟုပင် ဆိုလိုက်ချင်ပေသည်။ မည်သူက မည်သူ့ကို မည်သည့်အတွက်ဖမ်းသည်ဆိုသည်ကိုတော့ သည်ဆောင်းပါးတွင် ဆက်လက်ဖတ်ရှုကြည့်ကြရအောင်ပါ။

ရခိုင်တွင် သိသိသာသာ မြင်သာထင်သာဖြစ်လာခဲ့သည့် လူဖမ်းပွဲမှာ ဇွန်လ ၁၁ ရက်နေ့ကဖြစ်သည်။ ယင်းနေ့ နံနက်က ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားခဲ့သည်။ ကျောက်တော်သို့ရောက်ရှိနေသည့် ပလက်ဝမှအမျိုးသမီးတစ်ဦးကို ကျောက်တော်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးက တည်းခိုခန်းတစ်ခုအတွင်း လာရောက်တွေ့ဆုံစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ဖမ်းဆီးခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးအနက် တစ်ဦးမှာ တည်းခိုခန်းအတွင်းဖမ်ဆီးခံလိုက်ရခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ တည်းခိုခန်းမှတဆင့် ကျောက်တော်မြို့မစျေးသို့ရောက်ရှိနေချိန် မြို့မစျေးအနီးဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးခံလိုက်ရပြီးနောက် ထိုနေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား မြို့တွင်းသို့ဝင်ရောက်လာခဲ့သည်။ မြို့တွင်းရှိ စျေးများ၊ မြို့လယ်ရှိ ဓမ္မာရုံနှင့် လမ်းဆုံလမ်းခွတို့တွင် ဖြန့်ကြက်နေရာယူကာ လမ်းသွားလမ်းလာများကို စစ်ဆေးဖမ်းဆီးခြင်းများပြုလုပ်ခဲ့ကြသည်။ မြို့ခံများလည်း စိုးရိမ်ကြောက်လန့်ပြီး မြို့မစျေးကို နေ့လယ်ကတည်းကနေပိတ်လိုက်ကြသလို စျေးဆိုင်စျေးခန်းများကိုလည်း စောစောပိတ်လိုက်ကြသည်။ နေ့ခင်းကြောင်တောင် လမ်းသွားလမ်းလာများမရှိသလောက် နည်းပါးသွားခဲ့သည်။ ယင်းနေ့ညတွင်လည်း မြို့တွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေရှုပ်နေခဲ့ကြသည့်အတွက် မြို့ခံများမှာ အိမ်ထဲမှ အိမ်ပြင်သို့ပင် မထွက်ရဲဘဲ စိုးရိမ်ကြောက်လန့်နေခဲ့ရသည်။ နောက်တစ်နေ့နံနက်နှင့် နေ့လယ်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းများကို စစ်ဆေးမေးမြန်းမှုများတင်းကျပ်နေခဲ့ပြီး ညနေပိုင်းတွင်မှ ပုံမှန်အခြေအနေသို့ အနည်းငယ်ပြန်လည်ရောက်ရှိခဲ့ကြသည်။

တဖန် ဇွန်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့သို့ စျေးလာဝယ်သည့် ပုဏ္ဏားကျွန်းအခြေစိုက် ၅၄ဝ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို AA က ထပ်မံ ဖမ်းဆီးခဲ့ပြန်သည်။ ၂ ဦးကိုဖမ်းဆီးခဲ့သော်လည်း ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု မျက်မြင်များက ပြောကြသည်။ ယင်းသို့ ဖမ်းဆီးခံရပြီးနောက်ပိုင်း ၅၄ဝ တပ်ရင်းမှ သေနတ်သံအချို့ ထွက်ပေါ်ခဲ့သည်။ နောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့တွင်းသို့ဝင်ရောက်လာခဲ့ကာ စစ်ဆေးမေးမြန်းဖမ်းဆီးမှုများရှိခဲ့သည်။

ဇွန်လ ၁၇ ရက်နေ့အရောက်တွင် မြောက်ဦးမြို့နယ် တိန်ညိုရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ် ၁ ဦးကို AA က ဆက်လက်ဖမ်းဆီးခဲ့ပြန်သည်။ သည်ဖြစ်စဉ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း ဝင်ရောက်ခြေရှုပ်မှုမရှိခဲ့၍ ဘာမှ ဖြစ်မသွားခဲ့ဟု သိရသည်။

အလားတူ ဇွန်လ ၂ဝ ရက်နေ့တွင် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းအနီးအရက်ဆိုင်၌ အရက်သောက်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုလည်း AA က ဖမ်းဆီးသွားခဲ့သည်။ ထိုရဲတပ်ဖွဲ့ဝင်များတွင် ရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ပါဝင်ပြီး ၄င်းတို့အားလုံးသည် ကျောက်တော်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသူများဖြစ်ကြသည်။

ယင်းနေ့ညနှင့် နောက်တစ်နေ့နံနက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်တော်မြို့အတွင်း ဒေသခံများကို ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများရှိခဲ့သည်။ ဖမ်းဆီးခံလိုက်ရသူများတွင် ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ အသက် ၄၂ နှစ်အရွယ် ဦးဇော်ဝင်းလည်း ပါသွားခဲ့သည်။

ဆက်လက်ပြီး ဇွန်လ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သည့် စစ်တွေမြို့၌ စစ်ကောင်စီရေတပ်အရာရှိတစ်ဦးနှင့် တပ်သား တစ်ဦးတို့ကို AA က ဖမ်းဆီးသွားခဲ့ပြန်သည်။ စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏လုံခြုံရေးအထူထပ်ဆုံးနှင့် စစ်တပ်များလည်း ဝိုင်းကာထားသည့် ပြည်နယ်အစိုးရရုံးစိုက်သည့်မြို့ဖြစ်သည်။ သည်လောက် လုံခြံုရေးထူထပ်နေသည့်ကြားက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးသွားနိုင်သည်မှာ AA ၏ခြေလှမ်းက အတော်သွက်သည်ဟု ဆိုရမည်ပင်။

ယင်းသို့ဖမ်းဆီးခံရပြီးနောက် ယင်းနေ့ညနှင့် နောက်တစ်နေ့နံနက်တို့တွင်လည်း စစ်တွေမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားက အင်အားသုံးကာ ဒေသခံများကို စစ်ဆေးဖမ်းဆီးမှုများရှိခဲ့သည်။ ဇွန်လ ၂၃ ရက်ညကဆိုလျှင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား အများအပြား နေရာယူထားသည့် စစ်တွေအဝေးပြေးကားဂိတ်ဘက်မှ သေနတ်သံအချို့ပင် ထွက်ပေါ်ခဲ့သေးသည်။ မနက်မိုးလင်းတော့ ထိခိုက်ဒဏ်ရာရရှိသူများမရှိခဲ့ဟု သိရသည်။ မည်သို့ပင်ဆိုစေ ယင်းနေ့ညအချိန်မတော် သေနတ်သံများထွက်ပေါ်ခဲ့သည့်အတွက် မြို့ခံများအကြား စိုးရိမ်ထိတ်လန့်မှုမြင့်တက်ခဲ့ကြရသည်။

ဇွန်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် စစ်တွေ၌ စစ်ကောင်စီတပ်ဖွဲဲ့ဝင်များက မြို့ခံများကို အဖမ်းအဆီးကြမ်းခဲ့သလို အစစ်အဆေးများလည်း အထူးတင်းကျပ်ခဲ့သည်။ ယင်းကြောင့် မြို့တွင်းတွင် လမ်းသွားလာလမ်းလာများပင် မရှိသလောက်ဖြစ်ခဲ့ရသည်။ ဘယ်အချိန် ဘယ်ရပ်ကွက်ကို ဝင်လာပြီးဖမ်းမလဲဟု သံသယစိုးရွံ့စိတ်များအကြား ကျီးလန့်စာစားခဲ့ကြရသည်။

ဇွန်လ ၂၅ ရက်နေ့နောက်ပိုင်းမှစတင်ကာ စစ်ကောင်စီနှင့် AA တို့နှစ်ဘက်စလုံးက အဖမ်းအဆီးများကို ထပ်မတွေ့ရတော့ပေ။ သည်တော့မှ ပြည်သူများကလည်း စိတ်အေးလာခဲ့ရသည်။ သို့သော် လူဖမ်းပွဲက မည်သည့်အချိန် ပြန်လည်ပေါ်လာမည်ဆိုသည်ကို မည်သူမျှ တပ်အပ်မပြောနိုင်ပေ။

ဇွန်လ ၁၁ ရက်နောက်ပိုင်းမှစတင်ကာ ဇွန်လ ၂၄ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် စစ်တွေစသည့် မြို့ ၄ မြို့မှ ပြည်သူ ၄၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။ အဆိုပါ ၄၅ ဦးတွင် အသက်မပြည့်သေးသူ ၅ ဦးနှင့် မူဆလင်အချို့လည်း ပါဝင်ခဲ့သည်။ ဇွန်လ ၂၈ ရက်အထိတော့ ထို ၄၅ ဦးအနက် အနည်းကိုသာ စစ်ကောင်စီက ပြန်လွှတ်ပေးထားပြီး အများစုကို ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်သည်။ ဖမ်းဆီးထားသူများကိုလည်း မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရဘဲ မိသားစုနှင့်လည်း အဆက်အသွယ်ဖြတ်တောက်ထားသည်။ ယင်းသို့ ဖမ်းဆီးခံထားရသူများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်တစ်စုံတစ်ရာမရ၍လည်း မိသားစုဝင်များ စိတ်သောကကြံုကြရသည်။

မကြာသေးခင်ရက်ပိုင်းက BBC သတင်းတစ်ပုဒ်တွင် စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်တွင် လတ်တလောအခြေအနေ၌ AA နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးထားသူ တစ်ဦးမျှမရှိဟု ပြောထားသည်။ သို့သော် AA ပြောခွင့်ရသူ ဦးခိုင်သုခကမူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလနှင့် ဇွန်လတို့တွင် AA တပ်ဖွဲ့ဝင်များ၏နေအိမ်သို့ ညအချိန်ဝင်ရောက်ကာ ဖမ်းဆီးမှုများရှိလာနေသည့်အတွက် AA ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခုကဲ့သို့ တန်ပြန်ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဇွန်လ ၁၄ ရက်ကပြုလုပ်ခဲ့သည့် AA ၏သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ စစ်ကောင်စီက ဖမ်းဆီးထားသည့် AA တပ်ဖွဲ့ဝင်များကို အမြန်ဆုံးလွှတ်ပေးပါက AA ဖမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း အမြန်ဆုံးပြန်လည်လွှတ်ပေးသွားမည်ဟု ဦးခိုင်သုခက ဆိုသည်။

ဆိုရလျှင် စစ်ကောင်စီနှင့် AA တို့သည် အပစ်အခတ်ရပ်ရန် နားလည်မှုစာချုပ်ဖြင့် လက်မှတ်ရေးထိုးသဘောတူထားခြင်းမဟုတ်ပေ။ နားလည်မှုဖြင့်သာ အပေးအယူလုပ်ပြီး အပစ်ရပ်ထားကြခြင်းဖြစ်သည်။ တစ်ဘက်ဘက်က တင်းလွန်းပါက မည်သည့်အချိန်မဆို ထပေါက်ကွဲနိုင်သည့်အခြေအနေပင်ဖြစ်သည်။ ရခိုင်တွင် တိုက်ပွဲများရပ်စဲနေကြသည်မှာ ၂ဝ၂ဝ နိုဝင်ဘာမှဆိုလျှင် ၁ နှစ်ခွဲကျော် ကြာမြင့်လာပြီဖြစ်သည်။

သည်ကြားထဲ မောင်တောတွင် နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲသဏ္ဍာန်ဖြစ်ပေါ်ခဲ့သေးသည့်အတွက် တစ်ကျော့ပြန်တိုက်ပွဲများပြန်ဖြစ်တော့မှာလားဟု စစ်မဖြစ်လိုသူများက စိုးရိမ်ထိတ်လန့်ခဲ့ရသည်။ နောက်ပိုင်း ဆက်မဖြစ်ခဲ့ဘဲ ငြိမ်သက်သွားခဲ့သည်။ သို့သော် စစ်ကောင်စီတပ်များက ရခိုင်တွင် နေရာအနှံ့ဖြန့်ကြက်တပ်စွဲနေကြဆဲဖြစ်သည်။ စစ်ကောင်စီတပ်များက ရခိုင်မြို့ရွာများအထိသွားရောက်ကာ ရေငုတ်သင်္ဘောများကိုပြသလာသည်အထိ စစ်ရေးလှုပ်ရှားမှုရှိခြင်း၊ လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာအင်အားဖြည့်တင်းခြင်း၊ AA ၏လှုပ်ရှားဆောင်ရွက်နေမှုတို့ကို ဟန့်တားနှောင့်ယှက်ခြင်းတို့ကို အစဉ်တစိုက်ပြုလုပ်နေသည်ကိုတွေ့ရသည်။ သူ့ဟာနှင့်သူ အေးအေးဆေးဆေးနေမည်ဆိုလျှင် မည်သည့်ပြဿနာမျှ ဖြစ်လိမ့်မည်မဟုတ်။ စစ်ကောင်စီတပ်က တစ်ခုခုကို မီးဝင်မွှေးပြီဆိုလျှင် ပြဿနာက စတင်ဖြစ်ပေါ်တတ်သည်။

ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ အထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း သေကြေဒဏ်ရာရခဲ့ကြသည့် ရာနှင့်ချီသော အရပ်သားပြည်သူများ၏သွေးများသည် မခမ်းခြောက်သေးပေ။ ရပ်ရွာအနီး လက်နက်ကြီး၊ လက်နက်ငယ်များကျရောက်ပေါက်ကွဲမှုကြောင့်လည်းကောင်း၊ ရပ်ရွာအနီး မည်သည့်အဖွဲ့ကထောင်ထားခဲ့မှန်းမသိသည့်မိုင်းများနင်းမိ၍ အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရသွားသူများ ဒုနှင့်ဒေးရှိခဲ့သည်။ စစ်ဘေးရှောင်များလည်း အများအပြားရှိခဲ့သည်။ လက်ရှိအချိန်ထိ ရပ်ရွာအနီးနှင့် တောတောင်များတွင် အစိုးရက မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းမပေးသေးသည့်အတွက် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်အများအပြားလည်း ရှိနေကြဆဲဖြစ်သည်။

ယင်းကြောင့် ရခိုင်ပြည်ကြီးဆက်လက်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ရန် နှစ်ဘက်စလုံးက ဆန္ဒရှိပါလျှင် ပြည်သူကို ငဲ့သင့်ပေသည်။ ပြည်သူကြားထဲတွင် လူဖမ်းပွဲကဲ့သို့ ပွဲများကိုဖန်တီးပါက ပြည်သူသာ နစ်နာကြရပေမည်။ ပြည်သူသာ သံသယဖြင့် အဖမ်းအဆီးအဆေးခံကြရမည်။ ယင်းကြောင့် လူဖမ်းပွဲကဲ့သို့ စစ်ရေးအရ ကျူးကျော်ရန်စမှုများကို ရုပ်သိမ်းကြရန်လိုအပ်သည်။ တစ်ဘက်နှင့်တစ်ဘက် နားလည်မှုဖြင့် ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်ကြရန် ကြိုးပမ်းကြစေလိုသည်။ သို့မဟုတ်ပါက ရခိုင်တွင် လူဖမ်းပွဲများ ဆက်ဖြစ်ကာ တိုက်ပွဲများလည်း ဖြစ်လာနိုင်ပေသည်။ တိုက်ပွဲများသာ ထပ်ဖြစ်လာပါက ရခိုင်ပြည်အခြေအနေက ယခင်ထက် ပိုခံရနိုင်ဖွယ်ရှိနေသည်ဟုလည်း လေ့လာစောင့်ကြည့်သူတို့က ယူဆနေကြသည်။

လှထွန်းဖြူ

Related Articles

Back to top button