အသံမဲ့ဂီတ
—-
*တိတ်ဆိတ်ခြင်းဟာ
သာယာနာပျော်ဖွယ်ကောင်းတဲ့
အကောင်းဆုံးဂီတ လွင်ပြင်
နှလုံးသားနဲ့ကြားရတဲ့ ရင်ခုန်သံစဥ်ပါ။
*နောက်ကျောကြည့်ကြည့်
ရင်ဘက်ကြည့်ကြည့်
ပစ္စုန်ပ္ပန်တည့်တည့်ကိုမြင်တတ်ရင်
အမှန်တရားနဲ့တွေ့ရမယ်။
*အမှန်ဆိုတာ
မဖောက်မပြန် မပြောင်းမလွဲ
ထာဝရမှန်နေမှ အမှန်စစ်တယ်
သူ့ဘက်ကမှန်ပြီး ကိုယ့်ဘက်ကမှားမှား
ကိုယ့်ဘက်ကမှန်ပြီး သူ့ဘက်ကမှားမှား
ဘက်လိုက်တဲ့ အမှန်ဆိုရင်
လွဲပါတယ်။
*မှားခြင်းကိုအကြောင်းပြလို့
အမှန်ဖြစ်မလာသလို
ဆင်ခြေဆိုတာ အမှားဖုံးကရိယာမဟုတ်
မင်း ၊ သူ ၊ ငါ ၊ ကျွန်ုပ်
စာအုပ်တွေထဲက ဝင်္ကဘာ။
*သတင်းဖြစ်ဖို့ သရုပ်မဆောင်ဘဲ
သရုပ်ဆောင်ရင်း သတင်းဖြစ်သွားတဲ့ လိမ်ညာမှု
ဘယ်သူ့ကိုတရားစွဲရမလဲ
တိတ်ဆိတ်ခြင်းဂီတ
အမှန်ငါ့မှာရှိနေတယ်
*အိပ်စက်ခြင်းနှင့် ငြိမ်သက်ခြင်း
သေဆုံးခြင်းတူသော်လည်း
နိုးထခြင်းနှင့် ပုပ်ပွခြင်းကွဲပြား
အမှန်တရားဆိုတာ ဘယ်တော့မှမမှား။
နိုင်ယုဝေ