တိုင်းရင်းသားများသတင်း

စစ်ကောင်စီတပ်က မီးရှို့သတ်ခဲ့တဲ့ ဖရူဆို စစ်ဘေးရှောင် ပြည်သူအလောင်းများ မြေမြုတ်သဂြိုလ်

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၃၀၊ ၂၀၂၁

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က  စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ် မိုဆိုရွာအနီးမှာ မီးရှို့သတ်ခဲ့တဲ့ စစ်ဘေးရှောင် ပြည်သူအလောင်းတွေကို မနေ့က  ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ ခွဲအချိန်မှာ မိဘဆွေမျိုးများ နှင့် ရဲဘော်များက မြေမြုတ်သဂြိုလ်ပေးခဲ့ပါတယ်လို့ ဒေသခံတဦးက ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

“ကျွန်မတွေ့ရတာကတော့ KNDF တွေ့တယ်၊ ရိန်းဂျားလည်းတွေ့တယ်။ KNDF ဉီးဆောင် ကော်မတီဝင်တွေ တွေ့ရတယ်။ သပိတ်တုန်းက အကိုတွေလည်းတွေ့တယ်” ဟုပြောပါတယ်။

ဖရူဆို စစ်ဘေးရှောင်ပြည်သူများကို မီးရှို့သတ်ခဲ့တဲ့ စစ်ကောင်စီတပ်ပေါ် ဒေသခံတဦးအအနေနဲ့ ပြောစရာ စကားတောင် မရှိတော့ဘူးလို့လည်း သူမဆက်ပြောပါတယ်။

“အရမ်းရက်စက်တာပေါ့နော်။ သူတို့ရဲ့ရန်သူကိုလုပ်တာဆိုလို့ရှိရင် နည်းနည်းဖြေသာလို့ ရသေးတာပေါ့။ အခုက ဘာမှ အပြစ်မရှိတဲ့ပြည်သူတွေကို ဒီလိုလုပ်တယ်ဆိုတော့ ကျွန်မအရမ်းကြောက်ပြီး တုန်လှုပ်သွားမိတာပေါ့။ သူတို့ရဲ့လုပ်ရပ်အပေါ်မှာလည်း သူတို့နည်းနည်းလေးပြန်သုံးသပ်သင့်တယ်လို့ ကျွန်မထင်တယ်။ ပြောစရာ စကားတောင် မရှိတော့ပါဘူး” ဟုပြောပါတယ်။

စစ်ဆေးချက်အရ စုစုပေါင်းအလောင်း ၃၃ လောင်းနှင့် ကျိုးပဲ့နေသောအပိုင်းအစတို့ကို တစ်ပါး တည်းမြုတ်နှံခဲ့ တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ရှာဖွေဖမ်းဆီးမှုတွေ ရှိနေတဲ့သတင်းများ ထွက်ပေါ်နေသာ ကြောင့် မိသားစုဝင်တစ်ချို့ကလည်း ဖမ်းခံရမှာစိုးလို့ ဈပနပွဲကို မလာနိုင်ကြဘူးလို့လည်း သိရပါတယ်။

ကယားပြည်နယ်မှာ ဒီဇင်ဘာလ ၂၄ရက်နေ့က မီးရှို့တိုက်ခိုက်ခံရလို့ ကလေးငယ် ၄ ဦး၊ Save the Children အဖွဲ့ရဲ့ ဝန်ထမ်း ၂ ဦး အပါအဝင် လူအနည်းဆုံး ၃၅ ဦးသေဆုံးခဲ့ရတဲ့ကိစ္စနှင့် စပ်လျှဉ်းပြီး ဒီဇင်ဘာလ ၂၉ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ပြစ်တင်ရှုတ်ချကြောင်းနှင့် ကျူးလွန်သူများအနေဖြင့် တာဝန်ယူမူ တာဝန်ခံမှု ရှိရန် လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ကောင်စီက မီးရှို့သတ်ခဲ့တဲ့ ဖရူဆို စစ်ဘေးရှောင် ပြည်သူအလောင်းများ မြေမြုတ်သဂြိုလ်ပေးနေစဉ်။ ( CJ )

 

Related Articles

Back to top button