တိုင်းရင်းသားများသတင်းမော်ကွန်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 155, December 28, 2021)

 

၁။ “ကားပေါ်ပစ်တင်ပြီးတော့ အရှင်လတ်လတ်မီးရှို့တာ” ဖရူဆိုတွင် အသတ်ခံရသူ၏ မိသားစုဝင်
27 December, 2021

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာက ဒေသခံရွာသူ၊ ရွာသားတွေနဲ့ ခရီးသွားပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက် ကားပေါ်တင်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားခဲ့တာနဲ့ ပတ်သက်ပြီး ဒီတသက် မကျေနိုင်ဘူးလို့ မိသားစုက ဒီဗွီဘီကို ပြောပါတယ်။ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် ၆၆ တိုက်ခိုက်ရေးတပ်မဌာနချုပ်ရဲ့ ခမရ ၁၀၈ တပ်ရင်းစစ်ကြောင်းတစ်ခုဟာ ဒေသခံရွာသူ၊ ရွာသားတွေနဲ့ သာမန်ခရီး သွားပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ ဒီဇင်ဘာ ၂၄ ရက်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေဟာ အမုန်းတရားကို ပွားစေတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

မီးရှို့သတ်ဖြတ်ခံရသူရဲ့ မိသားစုဝင်အမျိုးသမီးတဦးက “ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်စား သောက်နေတဲ့လူကို ရက်ရက် စက်စက်သတ်သွားတာကတော့ ကျမတို့ ဒီတသက်တော့ မကျေနိုင်ဘူး။ အမုန်းတရားတွေ ပွားစေတယ်” တခြားမိသားစု ဝင်တစ်ဦးကလည်း “သူတို့ တောင်ယာသွားပြီး ပြန်လာတာလား၊ သွားတဲ့အချိန်မှာ ဖမ်းတာလားမသိဘူး။ သေချာမသိဘူးပေါ့။ သူ သွားတာကတော့ ၈ နာရီကျော် ၉ နာရီမထိုးခင်သွားတယ်။ သွားတော့ ပြန်ပေါ်မလာတော့ဘူး။ ပြီးတော့ လာသမျှလူတွေကို အကုန်တားတယ်။ လာသမျှကားတွေ အကုန်တားတယ်။ ပြီးတော့ ဓာတ်ဆီတွေ ဒီဇယ်တွေနဲ့ လောင်းတယ်။ လောင်းပြီးမှ အကုန်လုံး ရိုက်နှက်ပြီးတော့ ကားပေါ်ပစ်တင်ပြီးတော့ အဲလို အရှင်လတ်လတ်မီးရှို့တာ။ ကျနော်တို့အနေနဲ့ ဘယ်လို ခံစား ရမလဲဆိုတော့ ပြောမထွက်နိုင်တော့ဘူး”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့သတ်ဖြတ်တာခံခဲ့ရသူတွေထဲမှာ အမျိုးသမီး နဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၃၅ ဦးပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် ကလလတ အသွင်ပြောင်း နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် ၄ ဦး အသတ်ခံရသလို Save The Children အဖွဲ့က ၂ ဦး ပျောက်ဆုံးနေတယ်လို့လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။ မျက်မြင်သက်သေ ဒေသခံ ရပ်မိရပ်ဖတွေက‌တော့ သတ်ဖြတ်ခံရသူစာရင်းဟာ ထုတ်ပြန်ထားတာထက် ပိုနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဒေသခံရွာ သားတစ်ဦးက “နောက်တရက် မနက် ၉ နာရီ ကျနော်တို့ သွားကြည့်တယ်။ အဲဒီအချိန်မှာ မီးလည်း ငြိမ်းသွားပြီ။ စစ်ကောင်စီ လည်း နောက်ဆုတ်သွားပြီ။ ကျနော်တို့ သွားကြည့်တဲ့အချိန် လေးလုံးထိုးအောက်မှာကျတော့ အလောင်းက ၇ လောင်း မဲတူး နေတာပဲ။ လူရုပ်လည်း မပေါ်တော့ဘူး။ နောက်ဘန်ပါအောက်မှာ ၈ လောင်း၊ နောက် ဟိုင်းဂျက်ပေါ်မှာက အထပ်လိုက်ပေါ့။ ဘယ်နှယောက်လဲတော့ မသိဘူး။ အပုံတော့ အမြင့်ကြီးပဲ။ တွေ့တော့ ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူးပေါ့နော်။ ”လို့ ပြောပါတယ်။ ကရင်နီပြည်ရဲဌာန (KSP) ကတော့ လတ်တလော ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လူသားမဆန်စွာ သတ်ဖြတ် မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး ဒီညနေ့အထိ ပျောက်ဆုံးသူ ၁၅ ဦး တိုင်ကြားထားကြောင်း KSP ပြောခွင့်ရသူက ပြောပါ တယ်။ “အခုလောလောဆယ်က ကျနော်တို့လက်ထဲမှာ ၁၅ ယောက်တော့ စာရင်းတော့ ရထားတယ်။ ပျောက်နေတဲ့လူ၊ တိုင်ကြားထားတဲ့ လူတွေပေါ့။ အဲဒီ ၁၅ ယောက်က ကျနော်တို့ ဒေသခံတွေပဲ ပြောလို့ရနိုင်သေးတယ်။ လွိုင်ကော်က လူတွေပါ တယ်။ ဖရူဆိုဘက်က လူပါတယ်။ လောလောဆယ် ကလေးနဲ့အမျိုးသမီးစာရင်းတော့ မရောက်သေးဘူး။ ၁၈ နှစ်ကောင်လေး တယောက်တော့ပါတယ်။ ကျန်တဲ့ဟာတွေကလည်း ဆယ်ကျော်သက်တွေပါပဲ။ ” ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KSC အနေနဲ့ သက်သေတွေ ရအောင်ယူပြီး ကမ္ဘာသိအောင်ချပြမှာ ဖြစ်လို့ အရေးယူဆောင်ရွက်လို့ရတဲ့အထိ ဆောင်ရွက်သွားမယ်လို့လည်း ကရင်နီပြည်ရဲဌာနက ပြောပါတယ်။

၂။ မြဝတီမြို့နယ်ရှိ ထီးမယ်ဝါးခီးကို ကေအန်ယူ ပြန်သိမ်း
27 December, 2021

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၆ မိုင်လောက်အကွာ လေးကေ့ကော်နဲ့ကပ်နေတဲ့ ထီးမဲ့ဝါးခီးရွာဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA၊ PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ကေအန်ယူဘက်က ပြောပါ တယ်။ “ကျနော်တို့ တပ်တွေ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ မနက် ၄ နာရီကစပြီး ထီးမယ်ဝါးခီးကို ဝင်တိုက်တယ်။ စစ်ကောင်စီ ဘက်က လက်နက်ကြီးအကူတွေနဲ့ပေးပေမဲ့ နောက်ပိုင်း သူတို့ ဆုတ်သွားတယ်” လို့ ကရင် တပ်မှူးတဦးက ပြောပါတယ်။ တိုက်ပွဲ မှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးစာရင်း မသိရသေးဘဲ KNLA ဘက်ကတော့ အနည်းအကျဉ်း ဒဏ်ရာရသူ တချို့ရှိတယ်လို့ ဆိုပါတယ်။

ထီးမဲ့ဝါးခီးရွာဂိတ်ကို စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ကေအန်ယူ ဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့တာပါ။ ထီးမဲ့ဝါးခီးရွာထဲမှာ နေထိုင်တဲ့ ရွာသားတွေကတော့ ပြီးခဲ့တဲ့ရက်တွေကတည်းက စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။ မင်းလက်ပန်ရွာ၊ မယ်ထော်သလေးရွာ၊ မြဝတီမြို့အထွက်၊ ကော့ကရိတ် အထွက်နဲ့ သေ့ဘောဘိုးဒေသ တွေမှာလည်း ဒီနေ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

၃။ ငွေကြေးကောက်ခံနေသော စံပြ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်ပြီး ကား ၁ စီး နှင့် လက်နက်များသိမ်းယူ
December 27, 2021

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီး စံပြကျေးရွာ၏ အနောက်ဘက်ခြမ်း လမ်း ၄ ဆုံနေရာတွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်က စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။ ပြည်သူ့စစ်အဖွဲ့သည် KIA အဖွဲ့ရှိရာ လောဒ်ဂျာမှော်ဘက်အထိ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသည် သာမက ပြည်သူများထံမှ ငွေကြေးကောက်ခံမှုများပြုလုပ်နေသဖြင့် KIA တပ်ရင်း (၁၄)အဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်တို့မှာ စံပြကျေးရွာရဲ့ အနောက်ဘက်ခြမ်းမှာ လမ်း ၄ ဆုံဆိုတာရှိတယ်။ အဲ့ဒီလမ်း ၄ရဲ့ ပတ်လည်မှာ ဆိုင်ဖွင့်ပြီး နေကြ တဲ့ ပြည်သူတစ်ချို့ရှိတယ်။ ပြည်သူ့စစ်အဖွဲ့က သူတို့ဆီက ငွေတွေလိုက်လံတောင်းတယ်လို့ သိရတယ်။ ပြီးရင် KIA က အနီး မှာဘဲရှိတယ်။ KIA ရှိတာကို နယ်မြေကျူးကျော်ချင်လာတဲ့သဘောဖြစ်တယ်။ အဲ့ကြောင့် KIA က သတိပေးလိုက်တဲ့သဘော ဖြစ်တယ်”ဟု ပြောဆိုသည်။ ပစ်ခတ်မှုတွင် ပြည်သူ့စစ်အဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းနှင့် KIA ဘက်မှ ပြည်သူ့စစ် အဖွဲ့၏ 4W ကားတစ်စီးနှင့် လက်နက်အချို့ သိမ်းယူသွားကြောင်း သိရသည်။

ထိုနောက် ယနေ့ ပတ်ခတ်မှုဖြစ်ပွားနေချိန်တွင် စံပြကျေးရွာတွင် အခြေစိုက်ထားသည့် ပြည်သူ့စစ်တပ်စခန်းနှင့် ရှဒူးဇွပ် ကျေးရွာတွင် အခြေစိုက်ထားသော ခလရ (၂၉၈)တပ်ရင်းမှ KIA ရှိသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုပြု လုပ်ခဲ့ကြောင်းလည်း သိရသည်။ ယနေ့ ညနေပိုင်းတွင်မူ စစ်ကောင်စီ ကား ၂ စီးဖြင့် စံပြပြည်သူ့စစ်စခန်းသို့ စစ်အင်အား တိုးချဲ့ထားကြောင်း ဒေသခံများထံမှ သိရသည်။

၄။ မင်းတပ်မြို့ တိုက်ပွဲများအတွင်း ဗိုလ်ကြီး တစ်ဦး အပါအဝင် (၁၀)ဦးဝန်းကျင် သေဆုံးဟုဆို
December 27, 2021

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ထိုးစစ်ဆင်လာသည့် အာဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့် CDF-MINDAT အကြား တိုက်ပွဲ တွင် အာဏာသိမ်းစစ်တပ်ဘက် ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးဝန်းကျင်သေဆုံးပြီး သေနတ်(၂)လက် သိမ်းဆည်းရ မိ ကြောင်း CDF-MINDAT က ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် ထုတ်ပြန်လာသည်။ မင်းတပ်မြို့နယ်အတွင်း သို့ ဒီဇင်ဘာလ(၁၇)ရက်နေ့ကစပြီး ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ အကြမ်းဖက်စစ်တပ်က စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDF-MINDAT နှင့် တိုက်ပွဲအကြိမ်အကြိမ် ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဒီဇင်ဘာလ(၂၄)ရက်နေ့က မင်းတပ်မြို့ပေါ်တွင် ပြောက်ကျားတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ဗိုလ်ကြီး အဆင့်ရှိ (၁)ဦးနှင့် ရဲ(၁)ဦးတို့ သေဆုံးပြီး သေနတ်(၂)လက်ကိုလည်း သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာလ(၂၆)ရက် နေ့က ချစ်မွှေးရွာတိုက်ပွဲတွင် CDF-MINDAT ၏ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သော်လည်း အာဏာသိမ်းစစ်တပ်ဘက်က (၈)ဦး ဝန်းကျင်သေဆုံးသည့် အပြင် ထိခိုက်ဒဏ်ရာရရှိသူများသည်ဟုလည်း သိရသည်။ အာဏာသိမ်း အကြမ်းဖက်စစ်တပ် သည် မင်းတပ်ဒေသအတွင်း လက်နက်အင်အား၊ လူအင်အားများဖြင့် ထိုးစစ်ဆင်လာနေခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

၅။ ကယားပြည်နယ်အတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ညီနောင် မဟာမိတ်သုံးဖွဲ့ထုတ်ပြန်
December 27, 2021

စစ်ကောင်စီမှ ကယားပြည်နယ်အတွင်း လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ကြောင်း ရက္ခိုင့်တပ်တော် (AA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ စစ်ကောင်စီမှ ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် (၃၅) ဦး ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် ဖမ်းဆီးစဉ်က ညှိနှိုင်းရန်သွားရောက်ခဲ့သည့် နယ်ခြားစောင့်တပ်ရင်း (၁၀၀၄)မွ တပ်ဖွဲ့ ဝင် (၄) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကြားသိရသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

စစ်ကောင်စီ၏ ထိုလုပ်ရပ်များသည် စစ်မြေပြင်၌စောင့်စည်းရမည့် စစ်ဥပဒေ၊ အရပ်သားများကို အကာကွယ်ပေးရမည့် ဥပ‌ဒေ များကို မျက်ကွယ်ပြုကာ လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း ညီနောင် မဟာမိတ်သုံးဖွဲ့က ဆိုသည်။ ထိုလုပ်ရပ်များသည် စစ်ကောင်စီမှ မိမိတို့၏ဒေသများ၌ လုပ်လေ့လုပ်ထရှိသော လုပ်ရပ်တစ်ခု သာဖြစ်ပြီး လူသားမျိုးနွယ်စုများအပေါ် ကြီးမားသောပြစ်မှုများကို ကြိမ်ဖန်များစွာ ပြောင်ပြောင်တင်းတင်း ကျိူးလွန်နေခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်မှာပါရှိသည်။ ခရစ္စမတ်အကြိုနေ့တွင် ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူ လူထု များ၏ မိသားစုများ နှင့်ထပ်တူ ဝမ်းနည်းကြေကွဲရသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ ရက်စက်သည့်လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချသည့်အပြင် ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့်လည်း စစ်ကောင်စီကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇတ်ဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန် ခြင်းများကို အမြန်ဆုံးထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်သည်ဟု ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်တပ်တော်(MNDAA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA) တို့က တိုက်တွန်းထားသည်။

၆။ သျှမ်းပြည်အတွင်းရှိ PDF တပ်ဖွဲ့များ လက်နက်လာအပ်ရန် စစ်ကောင်စီ တိုက်တွန်း
December 27, 2021

သျှမ်းပြည်အတွင်းရှိ တချို့သော မြို့ကြီးများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များအားလက်နက်လာရောက် အပ်နှံ ရန် စစ်ကောင်စီက လိုက်လံဆော်သြနေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ကလောနှင့် တချို့ သောမြို့များတွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကိုင်ဆောင်ထားသည့် လက်နက်များ အပ်နှံရန် ဒီဇင်ဘာ ၂၅ ရက်နေ့က လိုက်လံကြေညာခဲ့ကြောင်း သိရသည်။

“အခုလို နိုင်ငံရေးမငြိမ်မသက်တဲ့အချိန်မှာ လက်နက် လာအပ်ပေးရင် အရေးမယူဘူးတဲ့၊ ခွင့်ပြုလက်မှတ်နဲ့ကိုင်ထားတဲ့ လက် မှတ်တွေလည်း လာအပ်ဖို့ ကားနဲ့ လှည့်ပြီးအော်တယ်” ဟု ကလောမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို့အပြင် လက်နက်ကိုင်ဆောင်သူ များပြားပြီး ပစ်ခတ်မှု မကြာခဏဖြစ်လေ့ရှိသည့် တာချီလိတ်မြို့တွင်လည်း လက်နက်ရှိသူများ လာရောက်အပ်နှံရန် စစ်ကောင်စီတပ်သားများက လိုက်လံကြေညာနေကြောင်းလည်း သတင်းသိရသည်။ “တာချီလိတ်မှာ သေနတ်ကိုင်တဲ့သူတွေ အဲ့လောက်များတာ သူတို့စကားကို ဘယ်သူက အရေးလုပ်မှာလဲ၊တာချီလိတ်မှာ ပြည်သူ့စစ် အမည်ခံပြီး လုပ်စားနေတဲ့သူလည်း အများကြီးရှိတယ်လေ၊ ဒီလို လိုက်ပြီးပြောတာတော့ ထိရောက်မှုမရှိဘူးထင် တယ်” ဟု တာချီလိတ်မြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သျှမ်းပြည်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်ပေါများသည့်အလျောက် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီး နောက်ပိုင်း တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအပြင် မြို့မျက်နှာဖုံး သူဌေးများအပါအဝင်လူအများအပြားတွင် သေနတ်ကိုင်ဆောင်လာ ကြောင်း စုံစမ်းသိရသည်။

၇။ ကလေးမြို့နယ်ရှိ ချင်းတိုင်းရင်းသားရွာများကို စစ်ကောင်စီတပ်က အကြမ်းဖက်ပစ်ခတ်မီးရှို့နေ
27 December, 2021

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ချင်းတိုင်းရင်းသားရွာတွေကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်မီးရှို့တာတွေပြုလုပ် နေပြီး နှစ်သစ်ကူးကာလမှာ အဆိုးဆုံးအခြေအနေ တွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦးတာဝန်ရှိသူက ပြောပါ တယ်။ ချင်းပြည်နယ်စပ်၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ အကြမ်းဖက်ပစ်ခတ်မီးရှို့တာတွေဆက်တိုက်ပြုလုပ်နေတာပါ။

နှစ်သစ်ကူးနဲ့ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ စစ်ကောင်စီက အဆိုးဆုံးအကြမ်းဖက်မှုတွေ ထပ်လုပ်လာနိုင်တာကြောင့် ချင်းပြည် ကာကွယ်ရေးပူး ပေါင်းအဖွဲ့တွေက ပြည်သူတွေကို အကာအကွယ်ပေးဖို့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ချင်းအမျိုး သားတပ်ဦး CNF တာဝန်ရှိသူကပြောပါတယ်။ စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာ ကလေးမြို့တောင်ပိုင်း၊ သံဖိုကျေးရွာက နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးနားက ရန်ကြီးအောင်ကျေးရွာမှာလည်း တပ်စွဲထားပါတယ်။ ကလေးမြို့နယ်ထဲမှာ လက်နက်ကြီးပစ်ခတ်ပေါက်ကွဲသံ တွေဆက်တိုက်ကြားခဲ့ရပြီး သတင်းအတိအကျအချက်အလက်တွေကို အတည်ပြုဖို့ ခက်ခဲ နေပါတယ်။ ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာလည်း စစ်ကောင်စီက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ တစ်ညလုံးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းကစပြီး စစ်ကောင်စီက ဒေသခံကာကွယ်ရေးတပ်တွေနဲ့ မြေပြင်မှာထိပ်တိုက်တွေ့တာကို ရှောင်ရှားပြီး စစ်မြှူနေတယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတစ်ယောက်က သုံးသပ်ပါတယ်။ PDF တွေစစ်ပန်းချိန်ရောက်မှ လေ ကြောင်း ပစ်ကူတွေကိုထုတ်သုံးပြီး နယ်မြေထိန်းချုပ်ဖို့ကြိုးစားတာမျိုးဖြစ်လာတယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်ထဲမှာ နေထိုင်တဲ့ ပြည်သူ ၅ သိန်းကျော်ဟာ စစ်ကြောင့် စားဝတ်နေရေးခက်ခဲတာ၊ သွားလာရေးခက်ခဲတာအပြင် ဘာသာရေး၊ လူမျိုးရေးအရပါ စစ်ကောင်စီရဲ့အနိုင်ကျင့်တာကို ခံနေရတာဖြစ်ပါတယ်။

၈။ ရွှေကူမြို့က CDM ကျောင်းဆရာတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ
December 27, 2021

ကချင်ပြည်နယ် ရွှေကူမြို့ ဟင့်အွန်ရွာမှာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ကျောင်းဆရာ ဦးဇော်ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ ပစ်သတ်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆရာ ဦးဇော်ဦး ကို သေနတ်နဲ့ ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆရာက ရွာမှာ သူ့ညီမ မင်္ဂလာဆောင်အတွက် ဝါးသွားခုတ်ပြီးအပြန် စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ တိုက်ပွဲဖြစ်နေလို့ ထွက်ပြေးတဲ့အချိန်မှာ ခြေထောက်ကို အရင်အပစ်ခံရတာ ပြီးတော့ အဖမ်းခံရတယ်၊ ပြီးတော့ စစ်ကောင်စီက သတ်လိုက်ပြီး မြေမြှုပ်လိုက်တယ်” ဆရာရဲ့အလောင်းကို ဒေသခံတွေက ပြန်လည်တူးဖော်တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကျောင်းဆရာ ဦးဇော်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူ့လက်ချက်လဲဆိုတာ RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။ ဦးဇော်ဦး ဟာ ရွှေကူမြို့ဇာတိဖြစ်ပြီး ကချင်ပြည်နယ် မြောက်ပိုင်းစွန်း နောင်မွန်မြို့မှာ မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် CDM လုပ်နေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၉။ ပလက်ဝမြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ၁ ပတ် ကျော်ကြာစားနပ်ရိက္ခာ ပြတ်လပ်နေ
December 28, 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောက်စခန်း များအားလုံးတွင် စားနပ်ရိက္ခာများ ပြတ်လပ်နေသည်မှာ ၁ ပတ်မှ ၂ ပတ်နီးပါးအထိကြာမြင့်နေပြီဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းစခန်းတာဝန်ခံများကပြောသည်။ ပလက်ဝမြို့နယ်တွင် လက်ရှိ အထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်စခန်း ၅ ခုထိ ကျန်ရှိနေပြီး အဆိုပါ စခန်းများတွင် စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀၀ နီးပါးခန့်ရှိကာ ၄င်းတို့ကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ကထောက်ပံ့ပေးထားခြင်းဖြစ်သည်။

စားနပ်ရိက္ခာပြတ်လပ်နေသည်မှာ ၁ ပတ်ကျော်ကြာမြင့်နေပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်များ ဖြစ်သလို ချေးငှားစား သောက်နေကြရသည်ဟု ပလက်ဝမြို့ဝိသုဒါရုံစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးတင်ဦးက Western News ကိုပြောသည်။ “နောက်ဆုံးပေးရမယ့်ရက်က ဒီလ ၂၀ ရက်နေ့ပါ။ အခုက ၂၇ ရက်ဖြစ်နေပြီဆိုတော့ ၁ ပတ်ကျော်နေပါပြီ။ ရိက္ခာခုထိမရသေး လို့ စားဖို့ရိက္ခာမရှိကြတော့ဘူး။ စစ်ဘေးရှောင်တွေက ချေးငှားပြီးစားသောက်နေကြရပါပြီ။ တစ်လဖိုး အတွက်ပဲပေးတာ ဆိုတော့ အပိုလည်းမရှိကြဘူးလေ ” ပြောသည်။ ယခုလအတွက် ဆန်ရိက္ခာအစား ငွေကြေးထောက်ပံ့ပေးမည်ဟုကြားသိရ သော်လည်း လက်ရှိအထိထောက်ပံ့ငွေမရရှိသေးသည့်အတွက် အကြပ်အတည်းဖြင့် ရင်ဆိုင်နေကြရသည်ဟု ဘောလုံးကွင်း စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးရဲဒက်မောင်ကပြောသည်။ “ဆန်အစား ငွေထောက်ပံ့မယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် ခုထိတော့ မရသေးဘူး။ ကျွန်တော်တို့ စခန်းတစ်ခုတည်းမရတာမဟုတ်ဘူး။ အကုန်မရတာဆိုတော့ ကျွန်တော်တို့လည်းသွား မပြောရဲတော့ဘူး။ ဒီမှာတော့ အကုန်ရိက္ခာမရှိကြတော့ဘူး”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ဝိသုဒ္ဓါရုံ၊ အထက၊ ဘောလုံးကွင်း၊ စိုက်ပျိုးရေး၊ အာဆီစစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး လက် ရှိအချိန်ထိ နေ ရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၅၀၀ နီးပါးခန့်ရှိကာလူဦးရေအားဖြင့် ၃၀၀၀ နီးပါးခန့်ရှိသည်ဟုသိရသည်။

၁၀။ သထုံခရိုင်မှာ သုံးရက်အတွင်း တိုက်ပွဲ ခြောက်ကြိမ်ဖြစ်၊ ဒေသခံ ၂၀၀၀ လောက် ထွက်ပြေးရ
December 27, 2021

ဒီဇင်ဘာလ ၂၂ ရက်နေ့ ကနေ ၂၄ ရက်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ သထုံခရိုင်ထဲမှာ ကရင့် အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီ တပ်တွေအကြား တိုက်ပွဲ ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က မနေ့ကပဲ သတင်း ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ၂၄ ရက် ညနေ ၂ နာရီ မှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့တွေဟာ ဖားအံမြို့နယ်၊ ကျုံမသွယ် အုပ်စု၊ ဝတ်ကြီးရဲစခန်းမှာ တစ်ကြိမ်၊ ညနေ ၄ နာရီခွဲမှာ ကျုံမသွယ်အုပ်စု၊ နို့ဖိုးမိုက ခမရ (၄၀၉) မှာ တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီလောက်မှာ သထုံမြို့နယ် ဝီယော်ရွာက စစ်ကောင်စီစခန်းမှာ KNLA တပ်ရင်း (၂) ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက် မနက် ၁၁ နာရီ လောက်မှာ ကျိုက်ထိုမြို့နယ်၊ အင်ဂဘိုရွာနားမှာ တစ်ကြိမ်၊ ခမရ (၄၀၇) နဲ့ သထုံမြို့နယ်၊ ဆောဘိနားမှာ တစ်ကြိမ် တိုက်ပွဲ ဖြစ်ခဲ့ပြီး အဲဒီမှာ စစ်ကောင်စီတပ်ဘက်က ငါးဦး သေ၊ ခြောက်ဦး ဒဏ်ရာရခဲ့ပြီး KNLA ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ညနေ ၃ နာရီ ခွဲမှာတော့ စစ်ကောင်စီရဲ့ ခလရ – ၂ စခန်းမှာ တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ကဆိုပါတယ်။ အဲဒီ တိုက်ပွဲတွေကြောင့် ဘီးလင်း မြို့နယ်အတွင်း က ဒေသခံ ၂၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ KNU က သတင်းထုတ်ပြန် ပါတယ်။ ဒီလို တိုက်ခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်မှုကို သိနိုင်အောင် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFAက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

၁၁။ မုံးကိုးတိုက်ပွဲ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်
December 28, 2021

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ဒေသ ပန်မေရွာထဲမှာ ဒီဇင်ဘာ ၂၅ ရက်က စစ်ကောင်စီ တပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မနက်က သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူဟာ ပန်မေရွာက တရုတ်လူမျိုးဖြစ်ပြီး ခြေထောက်နှစ်ဖက်မှာ လက်နက် ကြီးကျည် ထိမှန်တဲ့ဒဏ်ရာနဲ့သေဆုံးနေတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လကစပြီး စစ်ကောင်စီ တပ်တွေနဲ့ MNDAA တို့ရဲ့ တကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲတွေထဲမှာ လက်နက်ကြီးနဲ့ အပစ်ခံရလို့ ဆယ်နှစ်အရွယ် ကလေး ငယ်တစ်ဦး အပါအဝင် သေဆုံးသူ ခြောက်ဦးအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၆ ရက်မှာ ဟွာချောက်နဲ့ မန်ချယ်ဒေသတွေမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က စစ်ကားတစ်စီး မီးလောင်ပြီး ထိခိုက်ကျဆုံးသူ ၁၂ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၉ ရက်ကလည်း မန်ရန်နဲ့ ရှိကျိကျတောင်တန်း တွေမှာ တိုက်ပွဲပြင်းထန်ခဲ့လို့ စစ်ကောင်စီဘက်က တစ်ရာဝန်းကျင် ထိခိုက်ကျဆုံးတယ်လို့ ကိုးကန့် က သတင်းထုတ်ပြန်ခဲ့ ပေမဲ့ စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပါတယ်။ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မုံးကိုးဒေသမှာ ဒီဇင်ဘာ ၂၂ ရက်အထိ တိုက်ပွဲတွေဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေရှိခဲ့ပေမဲ့ အများအပြား ဆိုတာတော့ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။ လက်ရှိမှာလည်း အဲဒီမုံးကိုးဒေသမှာ အခြေအနေတွေက မငြိမ်သက်သေးဘူးလို့ ပြော ပါတယ်။

၁၂။ အကြမ်းဖက်မှုဖြင့်တရားရင်ဆိုင်နေရသည့် ကျောက်ဆိပ်ကျေးသားများအမှုအား လာမည့်ရုံးချိန်းတွင် စွဲချက်လျှောက် လဲချက်ပေးမည်
December 27, 2021

အကြမ်းမှုတိုက်ဖျက်ရေး ဥပဒေပုဒ်များဖြင့် ၁ နှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေး ရွာသားများ အမှုကိုလာမည့်ရုံးချိန်းတွင် စွဲချက်လျှောက်လဲချက်ပေးသွားမည် အမှုလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေက ပြော သည်။ ဒီဇင်ဘာ ၂၇ ရက်နေ့ ယနေ့ရုံးချိန်းတွင် အမှုစစ်အရာရှိအားဆက်လက်စစ်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် စွဲချက်လျှောက်လဲ ချက်ပေးသွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးလှသိန်းအောင်က Western News ကိုပြော သည်။

“ ဒီနေ့တော့ အမှုစစ်အရာရှိကိုယ်စား လက်ရှိပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှူးကို ဆက်စစ်ဆေးပါတယ်။ လိုပြသက်သေတွေလည်း အကုန်လုံးစစ်ဆေးပြီးပြီဆိုတော့ လာမယ့်ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့်လျှေက်လဲချက်ပေးရမှာပါ။ လာမယ့် ရုံးချိန်းကို ဇန်နဝါရီလ ၅ ရက်နေ့ကိုထပ်ချိန်းလိုက်ပါတယ်”ဟုပြောသည်။ ပြီးခဲ့သည့် ၂၀၂၀ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ကျောက်ဆိပ် ကျေးရွာသား ကျောက်ဆိပ်ကျေးရွာသား ၃၈ ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ ၃၃ ဦးအားပြန်လည်လွှတ်ပေး လိုက်ကာ အမှုတွင် ကိုညီညီအောင်၊ ကိုမျိုးလှိုင်ဦး၊ ကိုမောင်ချေ၊ ကိုမင်းစိုးနှင့် ကိုကျော်ဝင်းဟိန်းတို့ ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေများဖြင့်အမှုဖွင့်ခံရကာ လက်ရှိတရားရင်နေကြရသည်။

အဆိုပါ ကျောင်းဆိပ်ကျေးရွာသားများအားဖမ်းဆီးပြီးနောက် စစ်တပ်ရေယာဉ်တစ်ခုပေါ်တွင် ရိုက်နှက် နှိပ်စက်နေသည့် ဗီဒီယို ဖိုင်တစ်ခု ၂၀၂၀ခုနှစ် မေလ ၁၀ ရက်နေ့က လူမှုကွန်ယက်ပေါ်တွင်တက်လာပြီး ဝေဖန်မှုများရှိခဲ့သလို စစ်တပ်မှလည်း ၎င်း ဗီဒီယိုဖိုင်နှင့်ပတ်သက်ကာ ဝန်ခံခဲ့ပြီး ပါဝင်သူများအား အရေးယူသွားမည်ဟုထုတ်ပြန်ခဲ့သည်။ ၎င်းတို ၅ ဦးအာ ပုဏ္ဏားကျွန်း မြို့ ခမရ ၅၀၅ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် ပြီးခဲ့သည့် ၂၀၂၀ခုနှစ် မေလ ၂၂ ရက်ကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၁၃။ ဘူးသီးတောင်က ခမီစစ်ဘေးဒုက္ခသည်တွေ စောင်၊ အနွေးထည်နဲ့ စားနပ်ရိက္ခာ လိုအပ်နေ
December 27, 2021

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ် ဂန္ဓာရီကျောင်းက ခမီစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ၊ စောင်နဲ့ အနွေးထည်း တွေ လိုအပ်နေတယ်လို့ ဂန္ဓာရီကျောင်းတိုက် ဆရာတော်က မိန့်ပါတယ်။ ဆောင်းရာသီ အေးတဲ့အချိန်ဖြစ်နေပြီး စားနပ်ရိက္ခာတွေလည်း လူဦးရေနဲ့ မမျှတတော့ဘူးလို့ ဆရာတော်က မိန့်ပါတယ်။

“အစိုးရဆီက ဆန်တစ်ခုပဲရပါတယ်။ ဒါကြောင့် မီးဖိုချောင်သုံးပစ္စည်းတွေ၊ အနွေးထည်တွေ လိုအပ်နေပါတယ်” ဘူးသီးတောင် မြို့နယ် ခမီချောင်း၊ အုတ်တောင် စတဲ့ ရွာတွေကနေ ရောက်လာကြတာ ဖြစ်ပြီး အိမ်ထောင်စု ၁၉၉ စု၊ ကျား ၅၇၅၊ မ ၅၅၄ စုစုပေါင်း ၁၁၂၉ ဦး ရှိပါတယ်။ ရခိုင်ပြည်နယ်ထဲ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ရပ်တန့်နေတာ တစ်နှစ်ကျော် ပေမယ့်လည်း နေရပ်မပြန်နိုင်ကြသေးပါဘူး။

၁၄။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မောက်မယ်ဒေသခံများ
December 26, 2021

စွတ်ကျယ်အင်္ကျီနဲ့ ဟောင်းနွမ်းနေတဲ့ ပုဆိုးကို ဝတ်ဆင်ပြီး ခန္ဓာကိုယ်မှာလည်း အဖြူမှုန့်တွေ ပေကျံနေသူတစ်ဦးက ဆာလာ အိတ်ကို အခင်းလုပ်ထိုင်ကာ ကျောက်တုံးငယ်တစ်တုံးကို အာရုံစိုက်ပြီး ထုဆစ်နေပါတယ်။ အဲဒီလူရဲ့ ဘေးပတ်ပတ်လည်မှာ ဂေါ်ဒန်ကျောက်တုံးတွေ၊ ဘုရားဆင်းတုတော်တွေ၊ နောက်ပြီး ပုံတူ ရုပ်ထုတွေလည်း ရှိနေပါတယ်။ သူကတော့ ပန်းဆယ်မျိုး ထဲက တစ်မျိုးဖြစ်တဲ့ ပန်းတမော့ ပညာရှင် ဦးစိုးမောင် ဖြစ်ပါတယ်။ ပန်းတမော့ လုပ်ငန်းဆိုတာ ကျောက်၊ သဲကျောက်၊ စကျင် ကျောက် (ဂေါ်ဒန်ကျောက်)တွေကို အရုပ်သဏ္ဍန်ပေါ်အောင် ထုလုပ်တဲ့ ပညာရပ်ဖြစ်ပါတယ်။ ပန်းတမော့ ခေါ် ကျောက်ဆစ် လုပ်ငန်းကို မန္တလေးမြို့မှာ အများဆုံး ပြုလုပ်တာဖြစ်ပြီး မောက်မယ်မြို့မှာ ထုဆစ်နေတာကိုတော့ သိတဲ့သူ နည်းပါးပါတယ်။

မိဘအမွေဖြစ်တဲ့ ဒီလက်မှုလုပ်ငန်း မပျောက်ကွယ်သွားစေဖို့ စိုင်းလုံတစ်ယောက် ကြိုးစားနေပေမယ့် ရောင်းဝယ်ရေး ခက်ခဲသ ထက် ပိုခက်ခဲလာတဲ့အပြင် စားဝတ်နေရေးကလည်း ယခင်နှစ်ကထက် ပိုကြပ်တည်းလာတယ်လို့ ဆိုပါတယ်။ “ရောင်းဝယ် ရေးကတော့ ၈၀ ရာခိုင်နှုန်းလောက်ကို လျော့ကျသွားပြီ။ အရမ်းကို လျော့နည်းသွားတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ်နှိုင်းယှဉ်ကြည့် တာ အဲ့လောက်ထိကို ကွာခြားသွားတယ်။ စားဝတ်နေရေးအတွက်တောင် မလွယ်တော့ဘူး” ဆိုပြီး ပြောပြပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ် ပထမလှိုင်းတုန်းက ရောင်းဝယ်ရေးကို လုပ်ကိုင်လို့ ရခဲ့ပေမယ့် ယခုနှစ် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီး တဲ့နောက် နယ်မြေမတည်ငြိမ်ခြင်း၊ သယ်ယူပို့ဆောင်ရေး ပိုမိုခက်ခဲလာခြင်း၊ ကိုဗစ်ကူးစက်မှု မြင့်တက်လာခြင်းတွေကြောင့် ရောင်းဝယ်ရေးကို ပိုမို ခက်ခဲလာပါတယ်။ မောက်မယ်မြို့ကနေ ထွင်းထုတဲ့ ဆင်းတုတော်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်၊ နေ့နံရုပ် စတာတွေကို တောင်ကြီး၊ လင်းခေး၊ လဲချား၊ မိုင်းကိုင်၊ လားရှိုး၊ ကျိုင်းတုံမြို့တွေအပြင် အခြားမြို့နယ်တွေကနေလည်း မှာယူ ကြပါတယ်။ လက်ရှိ နိုင်ငံရေးအခြေနေနဲ့ ကိုဗစ်ကူးစက်မှုဒဏ်ကြောင့် ထွင်းထုပြီးသား ဆင်းတုတော်တွေကို ဝယ်ယူသူ တွေက လာ‌ရောက်သယ်ယူ ပင့်ဆောင်နိုင်ခြင်း မရှိသေးပေ။

ဝင်ငွေမရှိတဲ့ကြား ကုန်စျေးနှုန်းတက်ပြီး မြန်မာငွေစျေးနှုန်းတွေကျဆင်းမှုကြောင့် လုပ်ငန်းခွင်ကို ဆက်ရုန်းဖို့အင်အားမရှိတော့ တဲ့ အခြေအနေရောက်နေကြောင်းလည်း မောက်မယ်ဒေသခံတွေက ပြောဆိုလိုက်ပါတယ်။“လုပ်ရင်လည်းရှုံးမယ်။ မလုပ်ရင် လည်း ဝင်ငွေမရှိဘူး။ မြန်မာငွေစျေးကလည်း အကျဘက်ပဲရှိတယ်။ ဘာဆက်လုပ်ရမှန်းမသိတဲ့အခြေအနေပဲ”လို့ မောက်မယ် ဒေသခံ အသက် ၃၅ ကျော် နန်းဆိုင် က ပြောပါတယ်။ မြေသြဇာစျေးနှုန်း မြင့်တက်မှု၊ အငှားလိုက်တဲ့ အလုပ်သမားခ မြင့်မားမှု နဲ့ ဝင်‌ငွေချက်ချင်းမပေါ်တဲ့အတွက် မိသားစု စားဝတ်နေရေး အခက်ခဲကိုတော့ မဖြေရှင်းနိုင်သေးပါ။ “ဒီအလုပ် မဖြစ်လို့ စိုက်ပျိုးရေး တွဲလုပ်တယ်။ ခု ပဲတီစိမ်း စိုက်တာပေါ့။ အဲ့တာလည်း ငွေချက်ချင်းမရဘူးလေ။ အနည်းဆုံး ၃ လဝန်းကျင်လောက် စောင့်ရတာ။ မြေသြဇာစျေးကလည်း အရမ်းတက်တယ်၊ စိုက်ပျိုးရေးလည်း မလွယ်ပါဘူး”လို့ စိုင်းလုံရဲ့ မိခင်ဖြစ်သူက သက်ပြင်းချပြီး ပြောပြပါတယ်။

၁၅။ အာဏာသိမ်းမှုကာလ ချင်းပြည်နယ်အတွင်း ခရစ်ယာန်ဘာသာရေးအဆောက်အဦး ၂၂ ခုဖျက်စီးခံရ
December 28,2021

စစ်အာဏာသိမ်းမှုအတွင်း ချင်းပြည်နယ်၌ စစ်ကောင်စီမှ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်မှု၊ မီးရှို့မှုတွေကြောင့် ခရစ်ယာန်ဘာသာရေး အဆောက်အဦး ၂၂ ခုထိပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ကဆိုသည်။ ထိုသို့ဘာသာရေး အဆောက်အဦး ပျက်စီးမှုတွင် ထန်တလန်မြို့ပေါ်၌ပင် ရှစ်ခုလောက်ရှိပြီး အခြားကျေးရွာများတွင် ဘုရားကျောင်း မီးရှို့ဖျက် စီးမှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုမျိုး၊ စစ်ကောင်စီတပ်များကိုယ်တိုင် ဘုရားကျောင်းတွင်းရှိ ပစ္စည်းများဖျက်စီးမှုမျိုးများစွာရှိ ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း က ပြောဆိုထားကြောင်း RFA သတင်းဌာ နတွင်ဖော်ပြထားသည်။ ပြည်တွင်းစစ်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ စစ်ဘေးရှောင်ဒုက္ခသည်များ အဆမတန်များပြား လာ သည့်အတွက် အချို့ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်ပြည်သူများအား ခိုလှုံခွင့်နှင့် စောင့်ရှောက်မှု များပေးရသည့်အနေအထားများရှိနေသည်။

စစ်ကောင်စီတပ်များအနေဖြင့် စစ်ကြောင်းချီရာတွင် အများနှင့်သက်ဆိုင်သည့် ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် တပ်စွဲလေ့ရှိသည့်အတွက် ကလေး – PDF မှလည်း သတိပေးထုတ်ပြန်ချက်ကို ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ မီးရှို့မှုမရှိကြောင်း၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည့်အတွက် မလွှဲမရှောင်သာ ထိခိုက်မှုများဖြစ်ကြောင်း ပြောဆိုထား သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူမှလည်း ဘာသာရေးမှိုင်းတိုက်မှုမျိုးကို မိမိတို့အနေဖြင့် နားလည်ထားကြောင်းနှင့် ပြည်သူအသက်အိုးအိမ်ထိခိုက်မှုဖြစ်စေမည့် အကာအကွယ်ယူခြင်းမျိုး၊ ဘာသာရေး အဆောက် အဦးများကို အကာအကွယ်ယူခြင်းမျိုးမရှိကြောင်း ပြောဆိုထားမှုများကို RFA သတင်းဌာနတွင်ဖော်ပြသည်။ ချင်းလူ့အခွင့် အရေးအဖွဲ့အနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်၏ ဖျက်စီးခံရသည့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများ စာရင်းကို အတိအကျပြုစုပြီး ကုလသမဂ္ဂထံ တင်ပြထားကြောင်း သိရသည်။

၁၆။ စစ်ဘေးဒုက္ခသည်တွေ လိုအပ်နေတဲ့ စောင်ကို နိုင်ငံတကာပအိုဝ်းအင်အားစုမှ လာရောက် လှူဒါန်း
December 28, 221

ကရင်နီနယ်စပ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်တွေ ဆောင်းတွင်း မှာ လိုအပ်လျက်ရှိနေတဲ့ စောင်တွေကို နိုင်ငံတကာပအိုဝ်းအင်အားစုကနေပြီးတော့ စောင်အထည်(၇၀၀) သွားရောက် လှူဒါန်း ခဲ့တယ်လို့သိရပါတယ်။ “ ကျနော်တို့က အဓိက ဒီဆောင်းတွင်းမှာပေါ့နော။ ကျနော်တို့ နိုင်ငံတကာ ပအို့ဝ်အင်အားစုကနေပြီး တော့ အထဲဘက်မှာကတော့ သူတို့မကြာခဏလှူတယ်လေ။ ဒီဖက်မှာ သူတို့သတင်းကြားတော့ PNO နယ်စပ်ဆက်ဆံရေး ရုံး ကနေတဆင့်ပေါ့။ နယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို သူတို့ဘာကူညီရမလဲပေါ့။ စစ်ဘေးရှောင်စခန်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ် ပြောပြတာက အဓိက စောင်ပေါ့။ စောင်အဓိကလိုချင်တယ်ဆိုတော့ သူတို့လည်း သိသိချင်းပဲ နိုင်ငံတကာ ပအို့ဝ်အင်အားစုက နေပြီးတော့ လှူဖြစ်သွားတာပေါ့။ “လို့ နိုင်ငံတကာ ပအိုဝ်းအင်အားစုအဖွဲ့တစ်ဦးဖြစ်တဲ့ ခွန်မြတ်က ပြောပါတယ်။

ဒီဇင်ဘာလ (၂၅)ရက်နေ့မှာ သွားရောက်လှူဒါန်းဖြစ်ခဲ့ပြီး နယ်စပ်စစ်ရှောင်စခန်းမှာတော့ ပထမဆုံးအကြိမ် လှူဒါန်းဖြစ်တာလို့ ဆိုပါတယ်။ KNPP ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းမှာဆိုရင် စစ်ရှောင် တစ်ထောင်ကျော် ရှိနေတာဖြစ်ပါတယ်။ နိုင်ငံတကာ ပအိုဝ်းအင်အားစုဟာဆိုရင် အဓိက ဘေးဒုက္ခရောက်နေတဲ့ သူတွေကို ကူညီပေးနေတာဖြစ်ပြီး လက်ရှိမှာဆိုရင် ကရင်နီပြည်တွင်းက စစ်ရှောင်တွေကိုလည်း ကူညီပေးနေတယ်လို့ သိရပါတယ်။ နိုင်ငံတကာ ပအိုဝ်းအင်အားစုဟာဆိုရင် နိုင်ငံ ရပ်ခြားရောက် လူမျိုးတွေ စုဖွဲ့ဖွဲ့စည်းထားတာဖြစ်ပြီး ဘေးဒုက္ခကြုံတဲ့နေရာတွေမှာ ကူညီတာဖြစ်လို့ သိရပါတယ်။

၁၇။ ပြင်ကောက်ဆည်တည်ဆောက်ရာတွင် မြေယာပါဝင်သွားသည့်တောင်သူများ လျှော်ကြေးငွေမရရှိသေး
December 27, 2021

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က လျှိုပိတ်ဆည်တည်ဆောက်ရာ၌ မြေ ယာပါဝင်သွားသည့်တောင်သူများမှာ လက်ရှိအချိန်ထိ လျှော်ကြေးငွေ မရရှိကြသေးကြောင်း ပြောဆိုကြသည်။ အဆိုပါ ဆည် တည်ဆောက်ရာတွင် ပုံစံ(၇)ရှိသောတောင်သူ ၉ ဦးနှင့် ပုံစံ(၇)မရရှိသည့်တောင်သူ ၉ ဦးတို့၏ မြေယာစုစုပေါင်း ၅၂ ဒသမ ၄၅ ဧက ပါဝင်သွားခဲ့သည်။ ပြင်ကောက်ဆည်တည်ဆောက်ရာတွင် မြေယာပါဝင်သွားသော ဒေသခံတောင်သူများအတွက် နစ်နာ ကြေးရရှိနိုင်ရန် အစိုးရထံတင်ပြထားသည်ဟု ယခု ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေး မှပြောဆို ထားသော်လည်း ယခုနှစ်ကုန်ပိုင်းအချိန်ထိ ထူးခြားမလာသေးကြောင်း မြေယာပါဝင်သွားသည့် တောင်သူများကဆိုသည်။

“အခုက နစ်နာကြေးလဲမရဘူး၊ လျှော်ကြေးလဲမရဘူး၊ အလုပ်အကိုင်လဲမရှိဘူး၊ စီးပွားရေလဲပျက်နေပြီ။ တောင်သူဆိုတာ လယ် လုပ်ပြီးစားရတာ၊ အခုလယ်မရှိတော့ လုပ်စရာအလုပ်လဲမရှိဘူး။ ဘယ်အစိုးရတက်တက် ကျနော်တို့မြေယာအတွက် လျှော် ကြေး ကိုပေးစေချင်တယ်။ အခုဟာက အပြောတစ်ခြား အလုပ်တစ်ခြားဖြစ်နေပြီ”ဟု ဆည်တည်ဆောက်ရာတွင် မြေယာပါဝင် သွားသည့် ဒေသခံဦးဖိုးရီကပြောသည်။ ဆည်တည်ဆောက်စဉ်က ပါဝင်သွားသည့်မြေယာများအတွက် လျှော်ကြေးငွေပေးမည် ဟု မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်က ဒေသခံတောင်သူများကို ကတိပြုပြောကြားခဲ့ သည်။ ယင်းကိစ္စအား လွှတ်တော်တွင်တင်ပြထားပြီး ၂၀၂၀ ခုနှစ်ထဲတွင်ပေးမည်ဟုလည်း ဦးတင်နုကပြောဆိုခဲ့သည်။ သို့သော် ယခုအာဏာသိမ်းယူထားသည့် စစ်ကောင်စီလက်ထက်တွင်လည်း ပြင်ကောက်ဆည် တည်ဆောက်ရာတွင် မြေယာပါဝင်သွား သည့် ဒေသခံတောင်သူများအတွက် လျှော်ကြေးငွေမရရှိသေးချေ။ နစ်နာမှုရှိသောတောင်သူများကို လုပ်ကိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက် နစ်နာကြေး အမြန်ပေးစေလိုကြောင်း ဆည်တည်ဆောက်ရာတွင်မြေယာပါဝင်သွားသည့် ဒေသခံ ကိုတင်မောင်ထွေး က ပြောသည်။

ပြင်ကောက်ဆည်ကို သောက်သုံးရေရရှိရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနမှ တာဝန်ယူပြီး ခန့်မှန်းကုန်ကျငွေ (ကျပ်သန်း ၁၂၀) ဖြင့် ဆောက်လုပ်ခဲ့သည်။ ဆည်၏အလျားမှာ ၃၄၅ ပေရှည်လျားပြီး အမြင့် ၄၀ ပေရှိကာ ထိပ်ဝအကျယ် ၂၀ ပေရှိ‌ကြောင်း သိရသည်။ သို့သော်အဆိုပါဆည်မှ လက်ရှိအချိန်ထိ ရေပေးဝေမှုမရှိသေးကြောင်း ပြင်ကောက်ကျေးရွာသားများ ကပြောသည်။ မာန်အောင်မြို့နယ်အတွင်းတွင် ကြက်တောင်ဆည်၊ ကံလက်ဆည်၊ ဒိုးဒန်းဆည်နှင့် ပြင်ကောက်ဆည် စသည့် လျှိုပိတ်ဆည်လေးခုရှိသည့်အနက် ကြက်တောင်ဆည်နှင့် ပြင်ကောက်ဆည်တို့မှာ ရေဖြန့်ဝေခြင်း မလုပ်ဆောင်နိုင်သေး ကြောင်းလည်း ဒေသခံများထံမှသိရသည်။

၁၈။ Mytel မြန်မာဘီယာ အပါအဝင် စစ်တပ်ထုတ်ကုန်များ ကရင်နီပြည်နယ်တွင် မရောင်းချရန် KNDF အသိပညာပေး၊ ပညာပေးကာလကျော်လွန်လျှင် အရေးယူမည်
December 28, 2021

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်တပ်က ထုတ်လုပ်ထားသည့် Mytel ဖုန်းကတ်၊ မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ် ကုန်များကို ကရင်နီပြည်နယ်တွင် မရောင်းချရန် KNDF က အသိပညာပေးလျက်ရှိပြီး ပညာပေး ကာလကျော်လွန်လျှင် အရေးယူမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။ ပြည်သူအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများလုပ်ဆောင်နေ သည့် အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ဇန်နဝါရီလ(၁)ရက်နေ့က စတင်ကာ အာဏာ သိမ်းစစ်တပ်နှင့် ဆက်နွယ်သည့် ထုတ်ကုန်ပစ္စည်းများကို ရောင်းချ သုံးစွဲခြင်း မပြုလုပ်ရေး သတိပေးစာများကို ကရင်နီအမျိုး သားများကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်း(၁၀)လှုပ်ရှားနယ်မြေများအတွင်း အသိပေး ဖြန့်ဝေထားကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ စ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်း(၁၀) လှုပ်ရှားနယ်မြေအ တွင်းရှိ ဆိုင်များတွင် ပြည်သူများအနေဖြင့် အာဏာသိမ်းစစ်တပ်မှ ထုတ်လုပ် ဆက်နွယ်သည့် ကုန်ပစ္စည်းများဖြစ်သည့် Mytel၊ Premium Gold၊ Red Ruby၊ မြန်မာဘီယာ၊ အန်ဒမန်၊ ဒဂုံ၊ မန္တလေးတံဆိပ် ဘီယာများ၊ ဆင်မင်း၊ ကြံ့တံဆိပ် ဘိလပ်မြေ၊ Seven၊ Milky နို့ဆီ နှင့် ရွှေဖီဦး တီးမစ် စသည့် ထုတ်ကုန်ပစ္စည်းများကို လက်ဝယ်သိုလှောင် ရောင်းချခြင်း နှင့် သယ်ယူပို့ ဆောင်ခြင်းများကို လုံးဝ(လုံးဝ)ခွင့်မပြုကြောင်း KNDF က သတိပေးထားသည်။ တားမြစ်ထားသည့်ကြားမှ သယ်ယူ၊ ရောင်း ချမှုများ ပြုလုပ်ပါက ထိုက်သင့်သည့် ပြစ်ဒဏ်ပေးဆောင်ရမည်ဖြစ်ပြီး ဒီဇင်ဘာလ(၂၆)ရက်နေ့က စတင် အသိပေးထားပြီး အသိပညာပေးကာလအဖြစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရှိရသည်။

၁၉။ ရှမ်းတောင်မှာ RCSS က လူသစ်စုဆောင်းလို့ ရွာခံတွေ တောထဲထွက်ပြေးတိမ်းရှောင်နေရ
December 27, 2021

ရှမ်းပြည်နယ်တောင် မိုင်းကိုင်၊ လဲချားနဲ့ ကျေးသီးမြို့နယ်က ကျေးရွာတွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကာင်စီ (RCSS) က လူသစ်စုဆောင်းတာကြောင့် ရွာခံတွေထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးသီးမြို့နယ်က ဒေသခံတစ်ဦးက “RCSS တွေက ရွာမှာ စစ်သားလာကောက်တော့ အကုန်ထွက်ပြေးလာကြတယ်။ အခု တလော သူတို့တော်တော်ကောက်နေတယ်။ လောလောဆယ် တောထဲမှာ ပြေးနေရတယ်။ အခုထိတောင် ထမင်းမစားရသေး ဘူး”လို့ ရွှေဖီမြေကို ပြောပါတယ်။ စစ်ကောက်ခံရတဲ့ ကျေးရွာတွေမှာ လဲချားမြို့နယ်က ခိုင်းတွန်းရွာ (၆)ယာက်၊ ပန်ညောင်း (၃)ယောက်၊ လုံးတောင်ရွာ ၃ ယောက် မိုင်းကိုင်မြို့နယ်မှာ ဟိုရုပ်ကျေးရွာ (၁၀)ယောက်၊ လွိုင်လန်၊ ပန်လော့၊ ကီ့ပူ၊ လှုပ်ခါး စတဲ့ကျေးရွာတွေမှာ ၃ ယောက်စီနဲ့ ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲမှ ပန်ထွန်း၊ နားလင်းလိုင်၊ ဖက်ရန်း အဲရွာတွေမှာ ၃ယောက်စီ ကောက်ခံနေတာဖြစ်ပါတယ်။

စစ်သားကောက်ခံနေရတဲ့ လုံတောင်ရွာခံတစ်ဦးက “အိမ်ထဲမှာဝင်မွှေပြီး ပစ္စည်းတွေလည်းယူသွားတယ်။ မွေးမြူထားတဲ့ ကျွဲ၊ နွား တိရိတ္ဆန်တွေကိုလည်းယူသွားတယ်”လို့ ပြောပါတယ်။ စစ်ကောက်ခံထားရတဲ့ အဲရွာတွေထဲမှာမှ လုံတောင်ရွာခံနဲ့ ဟိုရုပ် ရွာခံတွေဟာ ရွာလုံကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံ မေးမြန်းရာမှာ“ကျွန်တော် အဲသတင်းမကြားရသေးဘူး။ ဘာဖြစ်လဲဆိုတော့ နယ်မြေမတည်ငြိမ်မှုလည်းဖြစ်တယ်။ စစ်ပြေးဒုက္ခသည် IDP တွေရှိနေတယ်။ နောက်တစ်ခုက စစ်ရေး တင်းမားမှုလည်းရှိတော့ မသိရသေးဘူး”လို့ ပြောပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာ မိုင်းကိုမြို့နယ်နဲ့ ကျေးသီးမြို့နယ် ဘက်မှာ RCSS နဲ့ SSPP တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားတဲ့ နယ်မြေဒေသလည်းဖြစ်ပါတယ်။

၂၀။ မြန်မာပြည် နှစ်သစ်မှာ အပစ်ရပ်ကြဖို့ ကုလ အထူးကိုယ်စားလှယ်သစ် တိုက်တွန်း
December 28, 2021

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာနေတာကို အထူးပဲ စိုးရိမ်ပူပန်ရပြီး မြန်မာစစ်တပ်နဲ့ အတိုက်အခံတွေအ ကြား နှစ်သစ်မှာအပစ်အခတ်ရပ်စဲကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ် နိုလင်းဟေဇာက တနင်္လာနေ့မှာ တိုက်တွန်းလိုက်တဲ့အကြောင်း AFP သတင်းမှာဖော်ပြပါတယ်။ ကရင်ပြည်နယ်နဲ့ တခြားဒေသတွေမှာအကြမ်း ဖက်တိုက်ခိုက်မှုတွေ ဆက်ပြီးမြင့်တက်နေတာကိုအထူးစိုးရိမ်နေပြီး တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေသူတွေအတွက် လူသား ချင်းစာနာမှုအကူအညီတွေပေးဖို့ခွင့်ပြုဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုတယ်လို့ မစ္စဟေဇာက ပြောပါတယ်။

စင်္ကာပူနိုင်ငံသူ နိုလင်းဟေဇာဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ကုလအတွင်းရေးမှူးချုပ်က အောက်တိုဘာလမှာ ခန့်အပ်ခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံသူ ခရစ္စတင်း ဘာဂနာနေရာမှာ အစားထိုးခဲ့တာပါ။ နေပြည်တော်မှာရှိတဲ့ ကုလဆိုင်ရာအထူးကိုယ်စား လှယ်ရုံးကို စစ်ကောင်စီက ဆက်ပြီးဖွင့်ခွင့် မပေးတော့ဘူးလို့ နိုင်ငံပိုင်သတင်းတွေမှာ ပြီးခဲ့တဲ့ အပတ်က ဖော်ပြခဲ့ပါတယ်။ အခု ကုလအထူးကိုယ်စားလှယ်အသစ် နိုလင်းဟေဇာကို မြန်မာနိုင်ငံ လာခွင့်ပေး၊ မပေးနဲ့ သူ့အ တွက် ရုံးကိုဖွင့်ခွင့်ပေး၊ မပေးဆိုတာကို စစ်ကောင်စီဘက်ကပြောဆိုတာ မရှိသေးဘူးလို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

၂၁။ PR စနစ်ဆွေးနွေးပွဲ အင်အားကြီးတိုင်းရင်းသားပါတီများ မတက်ရောက်
27 December, 2021

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကဦးဆောင်ပြီး ရန်ကုန်မှာကျင်းပခဲ့တဲ့ PR စနစ်ဆွေးနွေးပွဲကို အင်အားကြီးတိုင်းရင်း သားပါတီတွေ မတက်ရောက်ခဲ့ကြဘူးလို့ ပါတီတာဝန်ရှိသူတွေက ပြောဆိုပါတယ်။ ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြုစနစ် PR စနစ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၊ မင်္ဂလာခန်းမမှာ ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိဆွေးနွေးပွဲ ကျင်းပခဲ့ကြတာပါ။ PR စနစ်နဲ့ပတ်သက်ပြီး တက် ရောက်လာတဲ့ ပါတီအားလုံးက သဘောတူကြပြီး ကော်မရှင်အနေနဲ့ လိုအပ်တဲ့ ဥပဒေ၊ နည်ဥပဒေတွေကို ပြင်ဆင်လိုက်ရင် PR စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်တော့မယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။

ဒါပေမဲ့ အဲဒီဆွေးနွေးပွဲတွေကို ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ အင်အားကြီးတိုင်းရင်းသားပါတီ ကြီးတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၊ ရခိုင်အမျိုးသားပါတီ ANP တို့ကတော့ မတက် ရောက်ခဲ့ကြပါဘူး။ PR စနစ်ဟာ ရှုပ်ထွေးတာကြောင့် အချိန်ယူပြင်ဆင်ရမှာဖြစ်ပြီး အခုလိုမျိုး အလောတကြီးဆောင်ရွက်ရင် တိုင်းပြည်အတွက် အကျိုးမရှိတာတွေပဲ ဖြစ်လာနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဉီးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော် ကပြောပါတယ်။ စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို အဓမ္မ ဖျက်သိမ်းကာ အာဏာ သိမ်းယူခဲ့ပြီးနောက် အချိုးကျကိုယ်စားပြုစနစ် PR စနစ်နဲ့ ရွေးကောက်ပွဲသစ် ကျင်းပနိုင်ရေး ကြိုးစားပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

အဲဒီနောက် PR နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေကို ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။ အင်အားကြီးတိုင်းရင်းသားပါတီ တစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အဲဒီဆွေးနွေးပွဲတွေကို မတက်သလို သဘောထားလည်း ပေးဖို့မရှိဘူးလို့ဆိုပါတယ်။ လက်ရှိအချိန်ဟာ လွှတ်တော်မရှိတဲ့ကာလဖြစ်တဲ့အတွက် PRစနစ်လိုမျိုး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမယ့် ကိစ္စတွေကို မလုပ်သင့်သေးဘူးလို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ စစ်ကောင်စီက PRစနစ်နဲ့ ရွေးကောက်ပွဲကျင်းပဖို့ တက်သုတ်ရိုက်ပြင်ဆင်နေတာဟာ သူတို့နဲ့အပေါင်းအပါ ပါတီတွေ အာဏာထိန်းချုပ်ထားနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး လက်ရှိတိုင်းပြည်အနေအထားအရတော့ ရွေးကောက်ပွဲဖြစ်လာနိုင်စရာမရှိဘူးလို့လည်း နိုင်ငံရေးလေ့ လာသုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှု အခြေ အနေပေါ်မူတည်ပြီး ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲကျင်းပဖို့ကြိုးစားမယ်လို့ ပြောထားပါတယ်။

၂၂။ မူဆယ်မြို့ တရုတ်ငွေလဲသည့် အမျိုးသမီး ဓားပြတိုက်ခံရ
December 27, 2021

သျှမ်းမြောက် မူဆယ်မြို့ ကောင်းမှုလွိုင်နယ်မြေ ရွှေညောင်ပင်လမ်းတွင် ယနေ့ (ဒီဇင်ဘာ ၂၇)ရက် ည ၇နာရီ၌ တရုတ် ငွေ လဲ သည့် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ ည ၇ နာရီတွင် မူဆယ်မြို့ ကောင်းမှုလွိုင် ရွှေညောင်ပင်လမ်း၌ နေထိုင်သည့် တရုတ်ငွေလဲသည့် မအားလီ၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင် ၄ ဦးက လာရောက် ပြီး ဓားပြတိုက်သွားကြောင်းမျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ဒီည ၇ နာရီလောက် မအားလီ ရဲ့ အိမ်ကို လက်နက်ကိုင် ၄ ဦး လာတယ်။ ဓားပြလာတိုက်တာ။ သေနတ်ကျည်လည်းဖောက်သွားတယ်။ မအားလီ ကတော့ ဒဏ်ရာမရဘူး” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီတွင်လည်း မူဆယ်မြို့လယ်ခေါင် နာရီစဉ်အနီးတွင် တရုတ်ငွေလဲနေသူ ဓားပြ တိုက်ခံရပြီး သေနတ်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ခိုးဆိုးလုယက် မှုများ မကြာခဏဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

၂၃။ ပလက်ဝမြို့နယ် ၂၈၉ တပ်ရင်း တပ်နယ်အတွင်းတွင် အလံဖြူထောင်ထားသည်ကို မြင်တွေ့ရဟု ဒေသခံများဆို
December 28, 2021

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ခလရ ၂၈၉ တပ်ရင်း၏ တပ်နယ်အတွင်းရှိ တောင်ကုန်းတွင် အလံဖြူထောင်ထားသည်ကို မြင်တွေ့နေရသည်ဟု ပလက်ဝဒေသခံများက ပြောသည်။ အလံဖြူထောင်ထားသည်ကို ဒီဇင်ဘာလ နောက်ဆုံးအပတ် လောက်တွင် တွေ့မြင်ခြင်းဖြစ်ပြီး လက်ရှိ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ရှိနေဆဲဖြစ်သည်ဟု ပလက်ဝဒေသခံ ကိုတင်ထွန်းအောင် ကပြောသည်။ “ပထမသူတို့ထောင်ထားတဲ့နေရာက ဒီဖက်ကအမြင်ရှင်းတယ်။ နောက်တစ်ရက်နှစ်ရက်ကျတော့ နောက်ဆုတ် ပြီး ပြန်ထောင်ထားတယ်။ ကျနော် အဲ့ဒီအလံဖြူကို စတွေ့တာကတော့ ဒီဇင်ဘာ ၂၃ ရက်နေ့ကစတွေ့တာ။ အခုလည်း ရှိနေ တုန်းပဲ။ အဲ့ဒီအလံထောင်ထားတဲ့ နယ်က အန်ခိုဝက် ဘက်နဲ့နီးတယ်။ ပြီးတော့ ဆီးဖလောင်းရွာဘက်တွေနဲ့ နီးတယ်။ အလံဖြူထောင်ထားတာကတော့ အဲ့မှာရှိတဲ့ ၂၈၉ တပ်ရင်းနယ်နိမိတ်ကျတယ်” ဟုပြောသည်။

ပလက်ဝမြို့မှကြည့်လျှင် တပ်နယ်နိမိတ်အတွင်း အလံဖြူထောင်ထားခြင်းကို မြင်တွေ့နေရပြီး အလံစထောင်သည့် နေ့အား သတိထားမိလိုက်ခြင်းမရှိဟု ပလက်ဝမြို့တွင်နေထိုင်သူ ဦးတင်ဦး ကပြောသည်။ “ အဲ့ဒီတပ်ရင်းရှိတဲ့နေရာမှာ အလံဖြူထောင် ထားတာတွေ့ပါတယ်။ ဘယ်အချိန်လောက်ကစထောင်ထားလဲဆိုတာ တော့ကျနော်လည်းသေချာသတိမထားမိလိုက်ဘူး။ ခုချိန်ထိတော့ ထောင်ထားတုန်းပဲ။” ဟုပြောသည်။ “အရင်နှစ် တိုက်ပွဲဖြစ်ပွားချိန်တုန်းကလည်း အလံဖြူထောင်ခဲ့ဖူးတယ်။ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်မှုတွေရပ်သွား တဲ့နောက်မှာ ခုလိုမျိုးထောင်တာပေါ့။ ခုလည်း ဘယ်လိုကြောင့် ထောင်တယ်ဆို တာ မသိပါဘူး” ဟုပြောသည်။ ခလရ ၂၈၉ တပ်ရင်း၏ တပ်နယ်အတွင်းရှိ တောင်ကုန်းတွင် အလံဖြူထောင်ထားသည်ကို မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ပြုလုပ်ထားသည်မသိရပေ။ အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိနိုင်ရန် ပလက်မြို့ရှိ တပ်မ ၁၁ မှ တပ်မမှူးအား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

၂၄။ ထားဝယ်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်၏မိခင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ
27 December, 2021

ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ ဒုဥက္ကဋ္ဌ မသီရိမိုး ရဲ့ မိခင်ဖြစ်တဲ့ ဒေါ်သက်သက်ထွေး ကို စစ်ကောင်စီက ဒီဇင်ဘာ ၂၇ ရက်မှာ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ မသီရိမိုးက ဒီဗွီဘီကို ပြောပါတယ်။ စစ်ကောင်စီ ဟာ မသီရိမိုး ကို ဖမ်းမမိတာကြောင့် မိခင်ဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ပြီး အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မသီရိမိုးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ညပိုင်းမှာ ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာက နေအိမ်မှာ လာရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဖမ်းမမိတာကြောင့် အမေဖြစ်သူ ဒေါ်သက်သက်ထွေးနဲ့ ညီမဖြစ်သူ မရွှေရည်မိုး တို့ကို ဖမ်းဆီးသွားခဲ့တာပါ။

နိုဝင်ဘာ ၁၁ ရက်မှာတော့ ညီမဖြစ်သူ မရွှေရည်မိုး ကို ပြန်လွှတ်ပေးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေး ကိုတော့ စစ်ကြော ရေးသို့ ပို့ဆောင်ပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ အမှု ဖွင့်လှစ်ခဲ့ပါတယ်။ အမှုစစ်ဆေးနေတဲ့အချိန်မှာလည်း မသီရိမိုး လာရောက် အဖမ်းခံရင် မိခင်ဖြစ်သူကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီဘက်ပြောဆိုထားပေမဲ့ မိခင်ဖြစ်သူက မသီရိမိုး နဲ့အဆက်အ သွယ်မရှိကြောင်း ပြောဆိုခဲ့တာကြောင့် အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တာပါ။ မသီရိမိုး ဟာ စစ်တပ်အာဏာ သိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက နေအိမ်ကနေဆင်းသွားပြီးနောက် မိသားစုနဲ့ အဆက်အသွယ်မလုပ်တာ ၁၁ လနီးပါး ကြာ ပြီးဖြစ်ပါတယ်။ ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ ဒုဥက္ကဋ္ဌ မသီရိမိုး ကို အာဏာသိမ်း စစ်ကောင်စီက ရာဇသတ် ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားတာပါ။

၂၅။ ရှမ်းမြောက်မှာ တစ်နှစ်အတွင်း မိုင်းနင်းမိပြီး သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရှိသူ ၁၇ ဦးထိရှိနေ
December 27, 2021

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရွှေဖီမြေသတင်းအေဂျင်စီက ကောက်ယူထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် တစ်နှစ်အတွင်း မိုင်းနင်း မိပြီး သေဆုံးသူ ၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၇ ဦးထိရှိနေပါတယ်။ မိုင်းနင်းမိသူတွေထဲမှာမှ RCSS နဲ့ TNLA နဲ့ SSPP တပ်ပေါင်းစုတို့ကြား တိုက်ပွဲပြင်းထန်နေခဲ့တဲ့ ကျောက်မဲမြို့နယ်မှာ အများဆုံးဖြစ်ပါတယ်။ ကျောက်မဲအခြေစိုက် အိုမ်တမောဝ် လူမှုကူညီရေးအသင်း တွဲဖက်အတွင်းရေးမှုး တစ်ဦးက“စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းက တိုက်ပွဲပြင်းလို့ မိုင်းနင်းမိတဲ့သူလည်းများတယ်။ ဒီလိုမတည်ငြိမ်မှုကြောင့်လည်း လူနာသွားသယ်ဆောင်လာဖို့ လူမှုကူညီရေးအသင်းမှာ အခက်အခဲဖြစ်တယ်။ မြို့နဲ့ ဝေးကျေးရွာတွေကတော့ အဆက်အသွယ်ချိတ်မှုက အတော်လေးခက် တယ်။ လူနာကုသဖို့အတွက် အချိန်ကြန့်ကြာတာတွေလည်း ရှိနေတယ်”လို့ ရွှေဖီမြေကို ပြောပါတယ်။

မိုင်းနင်းမိတဲ့ နေရာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ နယ်မြေတွေဖြစ်လို့ လူနာကယ်ဆယ်ရာမှာ အန္တရာယ်များတယ်လို့ သူကဆိုပါတယ်။ ကျောက်မဲတိုက်ပွဲဟာ ငြိမ်သက်သွားပြီဖြစ်ပေမယ့် မပေါက်ကွဲသေးတဲ့ မိုင်းတွေ ကြောင့် လက်ရှိအချိန်ထိ အလုပ်သွားရောက်လုပ်ကိုင်တဲ့နေရာမှာ ဒေသခံတွေ အခက်တွေ့နေကြရပါတယ်။ အချို့ကျေးရွာတွေ မှာလည်း တိုက်ပွဲနောက်ဆက်တွဲကြောင့် မိုင်းနင်းမိမှုတွေလည်း ရှိနေခဲ့ပြီး အချို့စာရင်းတွေကိုတော့ ရွှေဖီမြေက အချက် အလက်မရရှိထားပါဘူး။ “မိုင်းနင်းမိတဲ့သူတွေရဲ့ မိသားစုတွေကတော့ အလုပ်ခွင်ဝင်ဖို့ စီးပွားရေးရှာဖို့ အခက်အခဲတွေဖြစ် တယ်။ တချို့ရွာမှာ လက်ဖက်ခြံတွေမှာ ထောင်ထားတဲ့မိုင်းတွေလည်းရှိတယ်။ မိုင်းတွေကြောက်ကြတော့ စီးပွားမရှာနိုင်တော့ ဘူး။ မိသားစု စားဝတ်နေရေးပါ အခက်အခဲဖြစ်လာတယ်”လို့ အိုမ်တမောဝ်လူမှုကူညီရေးအသင်း တွဲဖက်အတွင်းရေးမှူး တစ်ဦးက ဆက်ပြောပါတယ်။

မိုင်းနင်းမိတဲ့ ဒေခံတွေဟာ ကျောက်မဲပြီးရင် သီပေါ၊ နမ့်ဆန်၊ မူဆယ်၊ နမ္မတူနဲ့ မုံးကိုးမြို့နယ်တွေမှာလည်း ရှိနေပါတယ်။ စစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်ကြား တိုက်ပွဲက မိုင်းတွေထက် တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်းကြား တိုက်ပွဲအတွင်းက မိုင်းနင်းမိမှုတွေက ပိုများနေပါတယ်။

၂၆။ ရခိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးသူနည်းလာ
December 27, 2021

စိုက်ပျိုးစရိတ်ကုန်ကျမှုများလာသဖြင့် ရခိုင်ပြည်နယ်အတွင်းတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးသူ နည်းလာကြောင်း ဆောင်း သီးနှံစိုက်ပျိုးတောင်သူများက ပြောဆိုကြသည်။ မြေဆီမြေသြဇာဈေးနှုန်းမှာ ယခင်နှစ်များထက် လေးဆနီးပါးမြင့်တက်လာ ခြင်းနှင့် အလုပ်သမားခ ဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ဆောင်းသီးနှံစိုက်ပျိုးတောင်သူများ အခက်ကြုံနေရသည်ဟုဆိုသည်။ စစ်တွေမြို့၊ မောင်နီပြင်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်နေသူ ကိုဦးသန်းဝင်းက “အရင်နှစ်တွေကဆိုရင် မြေဆီတစ်အိတ်ကို သုံးသောင်းလောက်ပဲရှိတယ်။ အခုက မြေဆီတစ်အိတ် ကိုးသောင်းနဲ့ တစ်သိန်းနီးပါးရှိတယ်။ စိုက်ပျိုးစရိတ်ကပိုများလာ ပေမယ့် ခြံထွက်အသီးအနှံကဈေးကောင်းမရတော့ စိုက်ပျိုးသူနည်းလာတယ်”ဟု ပြောသည်။ ဆက်လက်၍ ဦးသန်းဝင်းက “ဒီနှစ်မှာတော့ ဆောင်းသီးနှံစိုက်သူတွေ အတော်လေးလျှော့နည်းလာမဲ့ သဘောမှာရှိတယ်။ လက်ရှိအချိန်မှာ ဟင်းသီးဟင်း ရွက်ရှားပါးနေကြတယ်လို့ ပြောသံတွေကြားရတယ်။ ဒါကြောင့် ရခိုင်ကထွက်တဲ့ ဆောင်းသီးနှံတွေက ဒီနှစ်မှာရှားပါးမဲ့ အနေ အခြေအနေတွေရှိတယ်”ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်များက အရင်းအနှီးကုန်ကျစရိတ်နည်းသဖြင့် ဂေါ်ဖီထုပ်၊ ဖရဲသီး၊ ပန်းပင်နှင့် ဆောင်းရာသီတွင် စိုက်ပျိုးသည့် သီးနှံပင်များကိုစိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဘူးပင်နှင့် ချဉ်ပေါင်ပင် စသည့်သီးနှံပင်များကိုသာ တောင်သူအချို့စိုက်ပျိုးနေကြကြောင်း သိရသည်။ နှစ်ပေါင်း ၃၀ ကျော်ကြာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လာခဲ့သည့် စစ်တွေ မြို့နယ် မောင်နီပြင်ကျေးရွာမှ ဦးအောင်ကျော်မှာလည်း ယခုနှစ်တွင် အခက်အခဲများကြောင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အလုပ်သမားအချို့ကို လျော့ချခဲ့ရကြောင်းပြောသည်။ “မြေသြဇာတွေကဈေးတက်တော့ အရင်လို့သီးပင်တွေကို မစိုက်ပျိုးနိုင် တော့ဘူး။ အလုပ်သမားတွေဆိုလည်း လျှော့ချလိုက်ရတယ်။ လုပ်ငန်းမလှည့်ပတ်နိုင်တဲ့အတွက်ပေါ့။ နောက်ပြီးတော့ဒီမှာက အလုပ်သမားတွေကို ငှားရမ်းတာကလည်း ဈေးကြီးပေးရတယ်”ဟု ဦးအောင်ကျော်ကပြောသည်။

“ဒီနှစ်မှာ ဆောင်းသီးနှံစိုက်ပျိုးတဲ့ တောင်သူတွေအကုန်လုံးက အရင်နှစ်တွေထက် လုပ်ကိုင်တာနည်းပါးကြတယ်။ မြေဆီ မြေသြဇာ တွေ၊ ကုန်‌ဈေးနှုန်းတွေဈေးကြီးတဲ့အတွက် ဆောင်းသီးနှံမစိုက်ပျိုးနိုင်တဲ့တောင်သူတွေ အများကြီးရှိတယ်”ဟု ကိုခိုင်အောင်ထွန်းက ဆိုသည်။ ကျောက်တော်မြို့နယ်တွင် ကွမ်း၊ မြေပဲအမျိုးမျိုး၊ အားလူး စသည့်သီးနှံများကိုစိုက်ပျိုးကြပြီး နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မကွေးတိုင်းမှဝယ်ယူရသည့် မြေပဲမျိုးစေ့အိတ်များမှာယူရာတွင်လည်း အခက်အခဲရှိကြောင်း သိရ သည်။ ရခိုင်ပြည်အတွင်းတွင် ဆောင်းသီးနှံကို စစ်တွေမြို့၌ အများဆုံးစိုက်ပျိုးကြပြီး ပေါက်တော၊ ရသေ့တောင်၊ မင်းပြား၊ ဘူးသီးတောင် စသည့်မြို့နယ်များသို့ရောင်းချကြကြောင်း စိုက်ပျိုးရေးလုပ်ကိုင်သူများက ပြောသည်။

၂၇။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏အမှု တရားလိုပြ သက်သေ ၃ ဦး စစ်ဆေး
27 December, 2021

အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိ အမှုတွေအတွက် ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို စစ်ကောင်စီက တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွား ရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခဲ့တယ်လို့ တဖက်သတ်စွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။ ဒီကနေ့ ရုံးချိန်းမှာတော့ စစ်ကောင်စီက တင်သွင်းထားတဲ့ ပြန်ခေါ် တရားလိုပြ သက်သေ ၃ ဦး ကို ကျိုက်မရောဗဟို အကျဉ်းထောင်ရှိ အထူးတရားရုံးမှာ စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စွဲဆိုထားတဲ့ အဂတိအမှု ၉ မှုစလုံးအတွက် စွဲချက် တင် အမိန့်ချခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ တရားလိုပြ သက်သေတွေကို ပြန်လည် ခေါ်ယူပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ အဂတိအမှု ၉ မှုအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ရွေးကောက်ပွဲမှာ မလျော်သြဇာ သုံးတယ်ဆိုပြီး စစ်ကောင်စီ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ ၁၇၁ (စ) အပါအဝင် အမှု ၃ မှု ထပ်တိုးဖွင့်လှစ် ခံထားရပါတယ်။ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ စွပ်စွဲကာ ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

၂၈။ သျှမ်းအမျိုးသား ကာယဗလ မောင် ပထမဆု ထပ်မံရရှိ
December 26, 2021

သျှမ်းအမျိုးသား ကာယဗလမောင် စိုင်းဆိုင်အွန်သည် ယခုလအတွင်း ဖူးခက်မြို့တွင်ကျင်းပသည်က့်ယ ဗလပြိုင်ပွဲ၌ ပထမ ထပ်မံဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၅ – ၂၆ ရက်နေ့ ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပသည့် Thailand Southern Bodybuilding Championships ပြိုင်ပွဲ၌ ပထမဆု ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။။

အဆိုပါ ပြိုင်ပွဲတွင် စိုင်းဆိုင်အွန်သည် အမြင့် 175 cm အထက်ပြိုင်ပွဲမှာ ခါးနံပါတ် (၈၇)ဖြင့် (၅)ယောက်တွဲပြိုင်ပွဲတွင် ယှဉ်ပြိုင် ခဲ့ပြီး ပထမဆု ရရှိခဲ့တာဖြစ်ကြောင်း သိရသည်။ ပထမဆုအဖြစ် အမျိုးသားဗလမောင် ရုပ်ထုနှင့် ထိုင်းဘတ်ငွေ ကျပ် (၁) သောင်း ရရှိခဲ့တာဖြစ်သည်။ နိုဝင်ဘာလတွင်လည်း ထိုင်းနိုင်ငံ ပတ္ထရားမြို့ တွင်ကျင်းပသည့် ကာလ ဗလပြိုင်ပွဲတွင်လည်း ပထမဆုရရှိခဲ့ဖူးသူဖြစ်သည်။ စိုင်းဆိုင်အွန်သည် အသက် ၂၆ နှစ်အရွယ်ရှိပြီး လုံးစင်နှင့် ပါခမ်း တို့၏ သားဖြစ်ပြီး သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့ဇာတိဖြစ်သည်။

Related Articles

Back to top button