တိုင်းရင်းသားများသတင်း

လေးကေ့ကော်မြို့သစ်တစ်တိုက် အာဏာသိမ်းစစ်ကောင်စီတပ် အင်အားအများအပြားဖြင့် ဝင်ရောက်ရှာဖွေပြီး NLD လွှတ်တော်အမတ်တစ်ဦးအပါအဝင် (၁၁) ဦးထက်မနည်း ဖမ်းဆီးသွား

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၁၄၊ ၂၀၂၁
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ် ဧရိယာသို့ အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းနေ၍ တိုက်ပွဲဖြစ်ပွားမှုများရှိလာနိုင်ကြောင်း အဆိုပါနယ်မြေ၌ ရောက်ရှိနေသူ တစ်ဦးက ပြော သည်။
ယနေ့( ဒီဇင်ဘာ ၁၄ရက်) နံနက် ၈နာရီခန့်မှစ၍ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်က စစ်ကြောင်းလေးခုဖြင့် လေးကေ့ကော်မြို့သစ်ဧရိယာသို့ ဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ရှာဖွေဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း၊ လူ ၁၀ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဖုန်း၊ အင်တာနက်လိုင်းများ ဆက်သွယ်မရဖြစ်နေကြောင်း ကရင်သတင်းဌာန KICက ဖော်ပြသည်။
ကရင်ဒေသခံတစ်ဦးက စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများရှိဟု ပြောသည်။
“လေးကေ့ကော် ၂ ရပ်ကွက်မှာ မြောင်းမြလွှတ်တော်ကိုယ်စားလှယ် ကိုဝေလင်းအောင်အပါအဝင် ၁၁ ဦး ဖမ်းခံထားရတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိအဆိုပါ ဒေသတွင် စစ်ကောင်စီတပ်များရှိသကဲ့သို့ KNU တပ်မဟာ (၆) တပ်ဖွဲ့ဝင်များလည်း ရှိနေပြီး သူတိုင်း၊ ကိုယ်တိုင်း အခြေအနေမျိုး ဖြစ်နေကြောင်း၊ ပစ်မိန့်မရသေး၍ တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း အဆိုပါ နယ်မြေသို့ ရောက်ရှိသူတစ်ဦးက ပြောသည်။
ဦးသိန်းစိန် အစိုးရလက်ထက်က KNUနှင့် အပစ်အခတ်ရပ်စဲပြီးနောက် နှစ်ဖက်သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ထားသည့် လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ယခင်ကလည်း လုပ်ဆောင်ခဲ့သည်။

ဓာတ်ပုံ – စောတာတူး

Related Articles

Back to top button