သတင်း

မြန်မာစစ်တပ် ပြစ်ဒဏ်ကင်းလွတ်နေမှုကို အဆုံးသတ်ရန် အမေရိကန် တိုက်တွန်း

ဖက်ဒရယ်ဂျနယ်

ဒီဇင်ဘာ ၁၁၊ ၂၀၂၁
မြန်မာစစ်တပ် အနေဖြင့် ပြစ်ဒဏ်ခံရခြင်းမှ ကင်းလွတ်နေသည့် ယဉ်ကျေးမှုကို အရေးတကြီး အဆုံးသတ်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်က ဒီဇင်ဘာ (၁၀)ရက်နေ့က တိုက်တွန်းပြောဆိုခဲ့သည်။
၎င်းက “စစ်တပ်၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် ကြောက်မက်ဖွယ်ရာ ရက်စက်သော အကြမ်းဖက်မှုက စစ်တပ် တာဝန်ရှိသူများကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေ၍ မြန်မာစစ်တပ် အနေဖြင့် ပြစ်ဒဏ်ခံရခြင်းမှကင်းလွတ်နေသည့် ယဉ်ကျေးမှုကို အရေးတကြီး အဆုံးသတ်ပြီး မြန်မာနိုင်ငံ၏ အားလုံးပါဝင်သော ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ရန် မီးမောင်းထိုးပြနေပါတယ်” ဟု ပြောသည်။
မနေ့က ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ ရန်ကုန် အမေရိကန်သံရုံး အင်တာနက်စာမျက်နှာမှတဆင့် ဗီဒီယိုရုပ်သံဖိုင်ဖြင့် တိုက်တွန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပြောကြားချက်တွင် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ ကလေးများ အပါအဝင် ရွာသူ၊ ရွာသူများအား စစ်ကောင်စီက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ခိုင်လုံပြီး စက်ဆုပ်ဖွယ်ကောင်းသည့် သတင်းကြောင့် အမေရိကန်အစိုးရအနေဖြင့် လက်ခံနိုင်ဖွယ်မရှိအောင် ခံစားရကြောင်း ထည့်သွင်းပြောဆိုထားသည်။
ထိုသို့ စစ်တပ်က ပြည်သူလူထုအပေါ် ဖိနှပ်ညှဉ်းပန်းရာတွင် ဆိုးရွား၍ လက်ခံနိုင်စရာ မရှိသည့် နည်းလမ်းများအား အသုံးပြုနေသည်ဆိုသည့် သတင်းများ ကြားရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နက်ပရိုက်က ပြောသည်။

ထိုကြောင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ရန် မတရား ဖမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြည်သူများ၏ ဆန္ဒကို လေးစားရန် စစ်အာဏာရှင်ကို တောင်းဆိုသည်ဟုလည်း ၎င်းက ဆိုသည်။

Related Articles

Back to top button