တိုင်းရင်းသားများသတင်း

Lautu (လောက်တူ) တို့အကြောင်း မှတ်စု

Lautu (လောက်တူ) တို့အကြောင်း မှတ်စု
ပြီးခဲ့ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာများတွင် CDF-Lautu သင်တန်းဆင်းပွဲဆိုသည်ကို တွေ့လိုက်ရသည်။ ချင်းပြည်နယ် CDF များသည် မြို့အမည်နှင့်တွဲ၍ ၎င်းတို့ CDF တပ်ဖွဲ့များကို ဖေါ်ပြလေ့ရှိရာ ချင်းတောင်တန်းနှင့် မရင်းနှီးသော ကျနော်သည်လည်း Lautu အား မြို့ အဖြစ်ထင်မှတ်မှားခဲ့ပြီး ချင်းပြည်နယ် မြေပုံတွင် ရှာဖွေကြည့်မိခဲ့သေးသည်။

ကျနော်၏ ချင်းမိတ်ဆွေများက ပြောပြမှ Lautu ဆိုသည်မှာ မြို့မဟုတ်ဘဲ ချင်းမျိုးနွယ်စုတခု၏အမည်ဖြစ်မှန်းသိခဲ့ရသည်။ မြန်မာစကားဖြင့် လောက်တူ ဟု အသံထွက်မည်ဟုထင်ခဲ့သည်။ မဆလ အစိုးရထုတ်ပြန်သည့် တိုင်းရင်း သား ၁၃၅ မျိုးပါ ချင်း ၅၃ မျိုးတွင် လောက်ထူ ဟု ဖေါ်ပြသည်ကို တွေ့ရသည်။ ချင်းမိတ်ဆွေများကို ထို ချင်း ၅၃ မျိုးဆိုသည်နှင့်ပတ်သက်၍ မေးမြန်းကြည့်သောအခါ ထိုစာရင်းသည် မပြည့်စုံ၊ အမှားတွေများသည်ဟု တညီတညာတည်း တုန့်ပြန်ကြသည်။ Lautu တို့ကိုယ်တိုင်ကမူ လောက်သူဟုသုံးသည်ကို တွေ့ရသည်။ ၎င်းတို့နေထိုင်ရာ နေရာအား လောက်သူနယ်မြေ၊ လောက်သူဒေသဟု သုံးစွဲသည်ကို တွေ့ရသည်။

Lautu ချင်းမျိုးနွယ်စုများသည် ထန်တလန်မြို့နယ်တွင်းတွင် အများစုရှိသည်ဟုသိရသည်။ မတူပီမြို့နယ်အတွင်းတွင်လည်း ရွာ ၃ ရွာခန့်ရှိသည်ဟုသိရသည်။ ရခိုင်တွင်လည်း Lautu မျိုးနွယ်စုအချို့ နေထိုင်ကြပြီး ဘာသာစကားကွဲပြားမှုရှိသည်ဟုသိရသည်။

၂၀၂၀ ခုနှစ်ခန့်က ထန်တလန်မြို့နယ်အတွင်းမှ မြို့အဆင့် သတ်မှတ်ခဲ့သည့် နှာရိန်းမြို့ ( နှာဟရိန်မြို့) သည် Lautu တို့၏ မြို့ဖြစ်သည်ဟုသိရသည်။ ချင်းမိတ်ဆွေတဦး၏ အဆိုအရ Lautu မျိုးနွယ်စုများသည် နိုင်ငံရပ်ခြားတွင် ပြောင်းရွှေ့အခြေချသူ၊ အလုပ်လုပ်ကိုင်သူများပြားပြီး ဓနအင်အားရှိကြသည်ဟုဆိုသည်။

Lautu ချင်းမျိုးနွယ်စုသည် လူဦးရေမည်မျှ ရှိသည်ကို မသိရသော်လည်း လူမှုကွန်ယက်တွင် တွေ့ရသည် CDF သင်တန်းဆင်းပွဲ ဓါတ်ပုံတွင် လူအင်အား ၅၀၀ အတော်ကျော်လိမ့်မည်ဟု ခန့်မှန်းရသည်။ ချင်းမိတ်ဆွေတဦးပြောပြခဲ့သည့် သက်ကြီးရွယ်အိုနှင့်ကျန်း မာရေးမကောင်းသူ များက စစ်ရှောင်ကြပြီး လူငယ်တွေက CDF ထဲ ရောက်ကုန်ကြပြီဆိုသည့်စကားကို အမှတ်ရမိသည်။ ချင်းပြည်နယ်တွင် မြို့နယ်အလိုက်သာမက မျိုးနွယ်စုအလိုက်ပါ CDF များဖွဲ့လာသည်ကို တွေ့နေရပေသည်။ တဆက်တည်းဆိုရလျင် Lautu အပါ တိုင်းရင်း သားလူမျိုးများနှင့် ပတ်သက်၍ ကျနော်တို့ လေ့လာရန် အများကြီးလိုအပ်ပါသေးသည်။

မောင်မောင်စိုး
ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၊ ၂၀၂၁

ဓါတ်ပုံ – လောက်တူ ချင်းတိုင်းရင်းသားတို့ရဲ့ ခေါင်ရည် – Arakan Yoma
See translation

Related Articles

Back to top button