တိုင်းရင်းသားများသတင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

အာဏာသိမ်းမှုနောက်ပိုင်း ပြည်နယ်/လူမျိုးအလိုက် ညှိနှိုင်းတိုင်ပင်ရေးကောင်စီများ လှုပ်ရှားမှုအကျဉ်းချုပ်

အာဏာသိမ်းမှုနောက်ပိုင်း

ပြည်နယ်/လူမျိုးအလိုက် ညှိနှိုင်းတိုင်ပင်ရေးကောင်စီများ

လှုပ်ရှားမှုအကျဉ်းချုပ် (ဩဂုတ်လမှ စက်တင်ဘာလအထိ- ၂၀၂၁)

အာဏာသိမ်းသည့် နောက်ပိုင်းတွင် မိမိပြည်နယ်နှင့်လူမျိုးအလိုက် stakeholders အသီးသီးများ စုစည်းလျက် နိုင်ငံရေးနှင့် စစ်ရေးအရ အင်အားတည်ဆောက်ကြပါသည်။ လက်ရှိတွင် ကချင်၊ ကယား၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ် တို့တွင် အဆိုပါ ကောင်စီ သို့မဟုတ် ကောင်စီများကို ဖွဲ့စည်းကြသည်ကို တွေ့ရသည်။ ရခိုင်နှင့် ကရင်ပြည်တွင် ဖွဲ့စည်းမှုမရှိသည်ကို တွေ့ရသည်။

၁။ ချင်းပြည်နယ် – ICNCC

CNF လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရေးတော်ပုံ တွင်ပါဝင်သည့် အရပ်ဘက်အဖွဲ့အစည်းများဖြင့် ဧပြီလတွင် ဖွဲ့စည်းခဲ့သည့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီသည် လက်ရှိအချိန်တွင် ချင်းပဋိညာဉ် (Chin Charter)စာတမ်း မူကြမ်းရေးဆွဲ နေဆွဲဖြစ်ပြီး နိုဝင်ဘာလ မကုန်ခင် အပြီးပြတ် ဆောင်ရွက်ရန် စီစဉ်ထားကြကြောင်း သိရှရသည်။ ထိုစာတမ်း အတည်ပြုပြီးနောက် ဒီဇင်ဘာလအတွင်း ကြားကာလ ချင်းအမျိုးသားညီညွှတ်ရေး အစိုးရ တစ်ရပ်ကို ဖွဲ့စည်းရန် ရည်မှန်းထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများမှအဆင့် သိရှိရသည်။ လက်ရှိ အချိန်တွင် ICNCC ကောင်စီက Humanitarian Committee နှင့် Covid-19 Committee တို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ ထိုကော်မတီများမှတဆင့် ချင်းပြည်သူများ၏ အခက်အခဲများကို ကူညီဆောင်ရွက် ရန်လည်း စီစဉ်ထားသည်ဟု သိရှိရသည်။

၂။ ကယားပြည်နယ်- KSCC

ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများ၊ လူငယ် နှင့် အမျိုးသမီးအဖွဲ့အစည်းများ၊ တတ်သိ ပညာရှင်များ စုစည်း၍ ကိုယ်စားလှယ် (၃၇)ဉီးဖြင့် ဖွဲ့စည်းသည့် ကြားကာလာ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီသည် ကရင်နီပြည် အတွင်းရှိ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး၊ စားဝတ်နေရး တို့ကို ဆောင်ရွက်ရန် ပြင်ဆင်ထားသည်ကို တွေ့ရသည်။

ပြည်နယ်အဆင့်တွင် အစိုးရ အခိုင်အမာ တည်ဆောက်ရန် ပြင်ဆင်လျက်ရှိသော KSCC သည် လက်ရှိတွင် အစိုးရ အင်္ဂါရပ်များ အနေဖြင့် ကရင်နီ ပြည်သူ့ရဲတပ်ဖွဲ့ (KSP)၊ ပညာရေးကော်မတီနှင့် ကျန်းမာရေး ကော်မတီတို့ကို ဖွဲ့စည်းပြီး စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

ပြည်နယ် ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာ ကော်မတီ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကော်မတီနှင့် နိုင်ငံရေးအထောက် အကူပြု ကော်မတီများကို ဖွဲ့စည်းပြီ စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ ကရင်နီ ပြည်နယ် ရဲ တပ်ဖွဲ့ကိုလည်း ဩဂုတ်လ (၂၅)ရက်နေ့ တွင် ဖွဲ့စည်းခဲ့သည်။

၃။ မွန်ပြည်နယ် – MSICC

မွန်ပြည်နယ်တွင် ဖွဲ့စည်းထားသည့် မွန်ပြည်နယ် ကြားကာလ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (MSICC) သည် နွေဉီးတော်လှန်ရေးတွင်ပါဝင်သည့် တက်ကြွလှုပ်ရှားသူများ ဉီးဆောင်၍ ဖွဲ့စည်းထား သည်ဟု သိရှိရသည်။ MSICC အနေဖြင့် အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ရရှိရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ရည်မှန်းထား သည်ဟု သိရသည်။ MSICC အနေဖြင့် NUG အစိုးရတွင် ပူးပေါင်းပါဝင်လျက်ရှိရာ လက်ရှိတွင် NUCC မှ ရေးဆွဲထားသော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်(ချာတာ)မှာ လက်မှတ်ထိုးနိုင်ရေးတို့ကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ကြားကာလ မွန်ပြည် အစိုးရဖွဲ့စည်းရန် အစီအစဉ်မရှိသေးကြောင်း သိရှိရသည်။

၄။ ကချင်ပြည်နယ် – KPICT

KPICT သည် ပြည်တွင်းပြည်ပ ကချင်အဖွဲ့အစည်း (၅)ဖွဲ့မှ ကိုယ်စားလှယ်သုံးဦးစီစေလွှတ်၍ (၁၅)ဦး ကော်မတီဖြင့် မတ်လ (၉ – ၁၁) ရက်နေ့တွင် ဖွဲ့စည်းကာ ဦးဆောင်နေခြင်း ဖြစ် ကြောင်းနှင့် မကြာခင်တွင် ကြားကာလကချင်ပြည်နယ် အစိုးရကိုလည်း ဖွဲ့စည်းရန် ရည်ရွယ်လျက်ရှိကြောင်း သိရှိရသည်။ ဩဂုတ်လ မှ အောက်တိုဘာလအတွင်း KPICT အနေဖြင့် အွန်လှိုင်း ပလက်ဖောင်းပေါ်မှ တဆင့် လူထုကို နိုးဆော်သည့် လုပ်ငန်းစဉ်များကို အဓိက ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

၅။ ရှမ်းပြည်နယ် – TPCC

တအာင်းနိုင်ငံရေး ခေါင်းဆောင်များ၊တအာင်းနိုင်ငံရေးပါတီ၊ တအာင်းလွှတ်တော်ကိုယ်စားလှယ်များ၊ တအာင်း အရပ်ဖက် အဖွဲ့အစည်းများနဲ့ ပါဝင်၍ ဖွဲ့စည်းသည့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (Ta’ang Political Consultative Committee –TPCC) ကို ကော်မတီဝင် (၁၁) ဦးနှင့် အရံကော်တီ (၆)  ဦးတို့ဖြင့် ဖွဲ့စည်း ခဲ့ပါသည်။ TPCC သည် ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် လုပ်ဆောင် နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိပါသည်။

TPCC ၏ နိုင်ငံရေး ရည်မှန်းချက်အနေဖြင့်

(၁) အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေး၊

(၂) တအာင်းဒေသအတွင်းရှိ ပြည်သူများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး

(၃) တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး

(၄) တအာင်းပြည်နယ် တည်ဆောက်ရေး

(၅)ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး စသည့်တို့ ဖြစ်ပါသည်။

လုပ်ငန်းစဉ်များအနေဖြင့်

၁။ နိုင်ငံရေးဆိုင်ရာညှိနှိုင်းမူနှင့် ပူးပေါင်းဆောင်ရွက်ရေး

၂။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေး

၃။ တအာင်းဒေသအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်း

၄။ Advocacy နှင့် Networking

၅။ လူထု လှုပ်ရှားမူ

၆။ သတင်းနှင့်ပြန်ကြားရေး စသည့်တို့ကိုဆောင်ရွက်နေသည်။

CRPH ၏ လမ်းညွန်ချက်များနှင့်အညီ ကြားကာလ တအာင်းဒေသပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့- Ta’ang Region Administration အဖွဲ့ကို ဖွဲ့စည်းထားပြီး အကာအကွယ် ကင်းမဲ့နေတဲ့ လူထုကို ကူညီပေးနေ ကြောင်း TPCC ၏ ပြောခွင့်ရ နိုင်အောင်မိုင်းက ဖက်ဒရယ်ဂျာနယ်ကို ပြောသည်။

ဖက်ဒရယ်ဂျာနယ် စုစည်းတင်ဆက်သည်။

နိုဝင်ဘာ ၂၈၊ ၂၀၂၁ 

Related Articles

Back to top button