ဆောင်းပါး

မဟာလူမျိုးကြီးဝါဒကို ဆက်လက်ကျင့်သုံးသွားမှာလား

? မဟာလူမျိုးကြီးဝါဒကို ဆက်လက်ကျင့်သုံးသွားမှာလား (Lagon Eain)

မဟာလူမျိုးကြီးဝါဒဆိုတာ လူမျိုးများစွာရှိနေတဲ့အထဲမှာ ငါ့လူမျိုးက အခြားလူမျိုးတွေထက် ပိုပြီးမြင့်မြတ်တယ်၊ ပိုပြီးတော်တယ်၊ ပိုပြီးကောင်းတယ်၊ ပိုပြီးထက်မြက်တယ် စတဲ့ အမြင်အယူအဆတွေကို အခြေခံပြီး ငါတို့ကပဲ ရှေ့ဆောင်ရမယ်၊ ငါတို့ကပဲ စီမံရမယ်၊ ငါတို့ကပဲ နေရာတကာပေါ်လွင်ထင်ရှားနေရမယ်၊ ကျန်တဲ့လူမျိုးတွေက ယုတ်တယ်ညံ့တယ်၊ အစွမ်းအစမရှိဘူး၊ ဦးမဆောင်ထိုက်ဘူး၊ တန်းတူနေရာ မပေးသင့်ဘူး စတဲ့ အမြင်စိတ်ထားတွေနဲ့ အခွင့်အာဏာ အင်အားတွေသုံးပြီး တစ်ပါးသောလူမျိုးတွေအပေါ် ချိုးနှိမ် ကျွန်ပြု လွှမ်းမိုး ဝါးမြို ချုပ်ကိုင်နေတာမျိုးဟာ မဟာလူမျိုးကြီးဝါဒပါပဲ။ ဒီအမြင်အယူအဆဟာ အတ္တကိုယ်ကျိုးကြည့်အမြင်နဲ့ မာနထောင်လွှား ဘဝင်မြင့်ခြင်းတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်ရောဂါတစ်မျိုးပဲ။

တကယ်တော့ လူမျိုးဘာသာ အသားအရောင်တွေ ကွဲပေမယ့် ပုခုံးနှစ်ဖက်အကြားက ခေါင်းပေါက်လာတဲ့ လူတွေသာဖြစ်လို့ အတူတူပါပဲ။ တစ်ချိန်က အချို့နိုင်ငံတွေမှာ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူကြွယ်မျိုး၊ ကျေးကျွန်မျိုး ဆိုပြီး ခွဲခြားကြတယ်။ အချို့နိုင်ငံတွေမှာ လူဖြူလူမည်းဆိုပြီး ခွဲခြားကြတယ်။ အစွမ်းအစ၊ ဉာဏ်ပညာ၊ ကိုယ်ကျင့်သိက္ခာ စတာတွေအပေါ်မှာ မကြည့်ပဲ ပေါက်ဖွားလာတဲ့ အသိုင်းအဝိုင်းကို ကြည့်ပြီး မြင့်မြတ်တယ် ယုတ်နိမ့်တယ်လို့ ခွဲခြားသတ်မှတ်တဲ့အမြင် အယူအဆတွေဟာ အလွန်ကို ခေတ်နောက်ကျနေပါပြီ။ တစ်ချိန်က အလွန်ကို အနှိမ်ခံနေရတဲ့ လူမဲဟာ အခုတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုမှာ သမ္မတတောင် ဖြစ်လာနေပါပြီ။ လူချင်းအတူတူ အခွင့်အရေးတန်းတူရှိရမယ် ဆိုတဲ့အမြင်ဟာ ဒီခေတ်မှာ အမှန်တရားဖြစ်တယ်။ ဒါကိုလက်ခံမှ လူမျိုးဘာသာ အသားအရောင် ကွဲပြားနေတဲ့လူတွေ ချစ်ခင်စွာ အတူနေထိုင်နိုင်မှာဖြစ်ပြီး လက်မခံရင် ငြိမ်းချမ်းတိုးတက်တဲ့ လူ့ဘောင်ကို တည်‌ဆောက်နိုင်မှာ မဟုတ်ဘူး။

လူမျိုးဆိုတာ လူသားတွေစတင်ပေါ်ပေါက်လာကတည်းက တည်ရှိလာတယ်လို့ ပြောရင် မှားမယ်မထင်ဘူး။ သူ့အစုအဖွဲ့နဲ့ သူနေ ဘာသာစကားတွေပေါ်ပေါက်လာကတည်းက လူမျိုးဆိုတာ ဖြစ်ရှိလာတယ်။ လူမျိုးဆိုတဲ့ အတူနေလူ့အဖွဲ့အစည်းဟာ မိမိအဝန်းအဝိုင်းမှာ ရှိတဲ့လူတွေကို ကာကွယ်ခဲ့ အကျိုးပြုခဲ့တာတွေ များစွာရှိတာကြောင့် လူတွေဟာ ကိုယ့်လူမျိုးအတွက် အသက်နဲ့လဲပြီး ခုခံကာကွယ်နေကြတာဖြစ်တယ်။ လက်ဝဲလက်ယာ ဘာနိုင်ငံရေးအယူအဆပဲရှိရှိ မိမိလူမျိုးကိုထိရင် ညီအစ်ကိုကိုထိသလို နာတတ်တာ လူတွေရဲ့ ဓမ္မတာပဲ။ တစ်ချိန်က ယူဂိုဆလားဗီးယားနိုင်ငံဟာ ဆိုရှယ်လစ်စနစ်ကို ခံယူထားပေမယ့် ဆာ့ဗ်လူမျိုးတွေရဲ့ မဟာလူမျိုးကြီးဝါဒတွေကြောင့် လူမျိုးရေးပြဿနာတွေဖြစ်ပွားပြီး ပြည်ထောင်စုကြီးလည်း ပြိုကွဲခဲ့ရတယ်။ ပြည်နယ်တွေခွဲထွက်ကြပြီးတဲ့နောက်မှာ ကျန်ရှိနေသေးတဲ့ ပြည်နယ်ထဲက အယ်လ်ဗေးနီးယား လူမျိုးစုတွေကို ဆာ့ဗ်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့လို့ နိုင်ငံတကာက ဝင်ကူခဲ့ရတယ်။ ဆာ့ဗ်လူမျိုးခေါင်းဆောင် ဆလိုဗိုတန်မီလိုရှေးဗစ် နဲ့ အပေါင်းအပါ ခေါင်းဆောင်အချို့ဟာ ကမ္ဘာ့ရာဇဝတ်ခုံရုံးမှာ တရားစွဲခံခဲ့ကြရတယ်။  ဆိုဗီယက်ယူနီယံမှာလည်း တခြားပြည်နယ်နဲ့ လူမျိုးတွေကို အခွင့်အရေးပိုပေးဖို့ သမ္မတဂိုဗားဂျော့ဗ် စီစဉ်တာကို အယူသီးကွန်မြူနစ်ခေါင်းဆောင်‌တွေက ဆန့်ကျင်ဖျက်စီးခဲ့လို့ ဆိုဗီယက်ယူနီယံကြီး ပျက်စီးခဲ့ရတယ်။ ဆူဒန်နိုင်ငံတောင်ပိုင်း ဒါဖှော်ဒေသရှိ ဒေသခံလူမျိုးစုတွေကို အပြင်းအထန် ဖိနှိပ်သတ်ဖြတ်ခဲ့လို့ အခုတော့ သီးခြားနိုင်ငံတစ်ခုအဖြစ် ခွဲထွက်သွားကြပြီ။ အီရတ်နိုင်ငံမှာ ဆဒမ်ဟူစိန်ဟာ ကာဒ်လူမျိုးစုတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့လို့ ကြိုးမိန့်နဲ့အရေးယူအပြစ်ပေးခြင်း ခံလိုက်ရပြီ။ ဒါတွေဟာ မဟာလူမျိုးကြီးဝါဒကျင့်သုံးခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။

အင်္ဂလိပ်တွေကတော့ ဒီကိစ္စမှာ ပါးနပ်တယ်လို့ပြောရမယ်။ နေမဝင်အင်ပါယာဖြစ်နေပေမယ့် ကိုလိုနီတိုင်းပြည်တွေကို စောစောစီးစီး လွတ်လပ်ရေးပေးခဲ့တယ်။ သူ့နိုင်ငံမှာ ရှိနေတဲ့ ပြည်နယ်တွေကိုလည်း တောင်းဆိုမှုတွေ ရှိလာတာနဲ့ အခွင့်အာဏာတွေ တိုးပေးလိုက်တယ်။ မတူညီတဲ့ လူမျိုးတွေ‌အပေါ်မှာ အတင်းအကျပ်ချုပ်ကိုင်မထားဘူး။ တရုတ်တွေကလည်း ဟောင်ကောင်ကျွန်းနဲ့ မကာအိုကျွန်းတွေကို သီးခြားနိုင်ငံရေးစနစ်နဲ့ စီမံအုပ်ချုပ်ခွင့်ပေးပြီး တစ်နိုင်ငံ စနစ်နှစ်မျိုး ကျင့်သုံးနေတယ်။ ပြောင်းလဲတိုးတက်လာနေတဲ့ ခေတ်ထဲမှာ နိုင်ငံခေါင်းဆောင်တွေဟာ မိမိတိုင်းပြည်တည်ငြိမ်အေးချမ်းတိုးတက်ရေးအတွက် နိုင်ငံခြားက ပညာရှင်တွေ၊ ထူးချွန်လုပ်သားတွေကို ဈေးကောင်းပေးပြီး ခေါ်ယူကြတယ်။ အလုပ်ကြမ်းသမားတွေကိုလည်း လိုအပ်သလောက်ခေါ်ယူကြတယ်။ လူမျိုးရေး ဘာသာရေး ခွဲခြားမနေတော့ဘူး။

ဂလိုဗယ်လိုင်ဇေးရှင်းခေါ် ကမ္ဘာလုံးဆိုင်ရာ ဆက်နွှယ်နေတဲ့ ခေတ်ကြီးမှာ ဘာသာစကား၊ စာပေယဉ်ကျေးမှု၊ အနုပညာ စတာတွေဟာ ရောနှောတာ လွှမ်းမိုးတာရှိပေမယ့် အတင်းအဓမ္မနည်းနဲ့ မလုပ်ဘူး၊ လိုရင်သင် ကြိုက်ရင်ယူ ဆိုတဲ့သဘောမျိုးပဲကျင့်သုံးတယ်။ ဂလိုဗယ်လိုင်ဇေးရှင်းခေတ်ထဲမှာ လူမျိုးဘာသာ၊ အသားအရောင် မခွဲခြားဘဲ အေးချမ်းချစ်ခင်စွာ အတူတကွနေထိုင်ရေးကို အလေးထားတယ်။ မဟာလူမျိုး၊ မဟာဘာသာ၊ မဟာမျိုးနွယ် ဝါဒတွေနဲ့ အဓမ္မလွှမ်းမိုးတာမျိုး မလုပ်ဘူး။ လူမျိုးတစ်မျိုးရဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို အလေးထားပြီး လေ့လာတယ်၊ ဖော်ထုတ်တယ်၊ အသိအမှတ်ပြုတယ်၊ ထိန်းသိမ်းမြှင့်တင်ဖို့ အားပေးကူညီတယ်။ အထင်သေးတာ၊ ဝိုင်းပယ်တာမျိုး မလုပ်ကြဘူး။ လူမျိုးတွေကို မဆိုထားနှင့်၊ ရှားပါးတဲ့ တိရစ္ဆာန်တွေ၊ သစ်ပင်တွေ၊ ရှေးဟောင်းအဆောက်အဦးတွေကိုတောင် ပျောက်ဆုံးမသွားအောင် ငွေကြေးကုန်ကျခံပြီး ဝိုင်းဝန်းထိန်းသိမ်းနေကြတယ်။

အထက်ပါ ပြောင်းလဲလာနေတဲ့ ခေတ်ကာလအယူအဆ အခြေအနေတွေနဲ့ ကျွန်တော်တို့နိုင်ငံမှာ အာဏာရအစိုးရအဆက်ဆက်တွေရဲ့ သဘောထားလုပ်ရပ်တွေဟာ သင်တော်ကိုက်ညီ ဆီလျော်ပါရဲ့လား။ လူမျိုးစုံဘိုးဘွားတွေရဲ့ ပိုင်ဆိုင်ခဲ့တဲ့မြေ၊ လူမျိုးစုံ စုပေါင်းတိုက်ခဲ့ပြီးတော့မှ လွတ်လပ်လာတဲ့မြေ၊ အချို့က စေတနာအရ ပူးပေါင်းလာတဲ့မြေ၊ ဒီလိုမြေ ဒီလိုပြည်ကို လူတစ်မျိုးတည်းက လက်ဝါးကြီးအုပ် ချုပ်ကိုင်ပြီး ကျန်လူမျိုးတွေကို ရေတိုရေရှည်အနုအကြမ်း နည်းပေါင်းစုံနဲ့ ဝါးမြိုလွှမ်းမိုး ချုပ်ကိုင်နေတာဟာ သင့်တော်မှန်ကုန် တရားနည်းလမ်းကျပါရဲ့လား။ လွတ်လပ်ရေးမရခင်ကတစ်မျိုး၊ လွတ်လပ်ရေးရပြီးတော့တစ်မျိုး ပြောဆိုနေတာတွေဟာ၊ ပင်လုံသဘောတူညီစာချုပ်ကို ချိုးဖောက်နေတာတွေဟာ မဟာလူမျိုးကြီးဝါဒကို ပြောင်ပြောင်ရှင်းရှင်း ကျင့်သုံးနေတာဖြစ်တယ်။ စစ်ခေါင်းဆောင်ကြီး အချို့ရဲ့ သင်ကြားပို့ချနေတဲ့ သဘောတရားရေးရာသင်တန်းတွေမှာ “ဒို့နိုင်ငံဟာ လူဦးရေ သန်းထောင်ကျော်ရှိတဲ့ နိုင်ငံနှစ်ခုရဲ့ကြားမှာ ရှိနေတယ်။ ဒါဟာသိပ်အန္တရာယ်ကြီးတယ်။ အရေးကြုံလာရင် ကာကွယ်နိုင်ဖို့ ကျစ်လျစ်ခိုင်မာတဲ့ စုစည်းညီညွတ်မှု ရှိဖို့လိုတယ်။ ဒို့နိုင်ငံမှာ လူမျိုးစုံ ကိုးကွယ်မှုဘာသာစုံ ရှိနေလို့ စုစည်းညီညွတ်မှု အားနည်းနေတယ်။ စုစည်းဖို့မလွယ်ဘူး။ ဒါကြောင့် အနာဂတ်မှာ ဗမာတစ်မျိုးတည်းဖြစ်လာဖို့ ဗုဒ္ဓဘာသာတစ်မျိုးတည်းဖြစ်လာဖို့ ရေတိုရေရှည်အစီအစဉ်တွေနဲ့ အကောင်အထည်ဖော်ကြရမယ်” ဆိုတဲ့သဘောထားတွေဟာ အတွင်းထရံကိုဖောက်ပြီး အပြင်ကိုရောက်လာတာကြာပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်ကိုချိုးဖောက်၊ တခြားလူမျိုးတွေ ဗမာလက်အောက်ရောက်လာအောင် ပြည်နယ်ပြည်မစနစ်နဲ့ လုပ်ဆောင်လာခဲ့တယ်။ အဲဒီနောက်မှာ “ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဆိုပြီး အာဏာသိမ်းကာ တစ်ပါတီစစ်အာဏာရှင်စနစ်နဲ့ ချုပ်ကိုင်လာခဲ့တယ်။ ပြည်ထောင်စုဆိုတာ စာထဲမှာနဲ့ ကြွေးကြော်သံတွေထဲမှာသာရှိပြီး လက်တွေ့မှာ တစ်ပြည်ထောင်စနစ်ကိုပဲ ကျင့်သုံးလာခဲ့တာ ယနေ့ထိပါပဲ။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေအတွက် ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေဆိုပြီး နာမည်အရသတ်မှတ်ထားပေမယ့် ရုံးတွေကျောင်းတွေမှာ သူတို့စကား၊ သူတို့စာပေ၊ သူတို့ယဉ်ကျေးမှုတွေ နည်းနည်းကလေးမှ သုံးစွဲသင်ကြား ကျင့်သုံးခွင့်မပေးဘူး။ တစ်ပြည်လုံးမှာ ဗမာစကား၊ ဗမာစာ၊ ဗမာယဉ်ကျေးမှုတွေနဲ့ ဖုံးလွှမ်းနေစေဖို့ ဥပဒေတွေထုတ်၊ တခြားတိုင်းရင်းသားလူမျိုးတွေရဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှု နဲ့ ဓလေ့စရိုက် လက္ခဏာ အားလုံးကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ အာဏာနဲ့ လုပ်ဆောင်နေတာတွေဟာ မဟာလူမျိုးကြီးဝါဒရဲ့ လက္ခဏာရပ်တွေပါ။ ဒါတွေလုပ်ဆောင်နေသမျှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်ရင် တိုင်းရင်းသားတွေရဲ့ နစ်နာချက်နဲ့ ခံစားချက်တွေကို လေ့လာသုံးသပ်စေချင်တယ်။ ကိုယ်ချင်းစာကြည့်စေချင်တယ်။ ဗမာတွေ အင်္ဂလိပ်လက်အောက် ကိုလိုနီဘဝရောက်ခဲ့စဉ်က ဗမာစကား၊ ဗမာစာတွေ ပျောက်တော့မလိုဖြစ်ပြီး အင်္ဂလိပ်စကား၊အင်္ဂလိပ်စာတွေ နေရာဝင်ယူလာတော့ ဗမာခေါင်းဆောင်တွေ ဗမာမျိုးချစ်တွေ ပြာပြာသလဲ တုန်လှုပ်နာကြည်းခဲ့ကြတယ်။ ကိုယ့်ဘာသာစာပေယဉ်ကျေးမှုတွေ မပျောက်ပျက်အောင် အဘက်ဘက်က ကြိုးပမ်းခဲ့ကြတယ်။ “ဗမာစကားသည် ဒို့စကား၊ ဗမာစာသည် ဒို့စာ” လို့‌ ကြွေးကြော်ပြီး အမျိုးသားလွတ်လပ်ရေးအတွက် ရုန်းကန်ခဲ့ကြတယ်။ ဗမာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေ တိမ်ကောပျောက်ကွယ်တော့မလို ဖြစ်တဲ့အခါ ဗမာတွေ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို စဉ်းစားပြီး ကျန်တိုင်းရင်းသားတွေရဲ့ စကားစာပေယဉ်ကျေးမှုတွေ နေရာမရ အသုံးနည်း ပျောက်ကွယ်တော့မလို ဖြစ်နေတဲ့အပေါ် သူတို့ဘယ်လို ခံစားနေရမယ်ဆိုတာ ကိုယ်ချင်းစာကြည့်ရင် သိနိုင်ပါလိမ့်မယ်။ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေမှာ ဆိုင်ရာတိုင်းရင်းသားစာပေကို သင်ကြားဖို့ အခက်အခဲတွေကို တန်ဖိုးထား မဖြေရှင်းနိုင်ရင် တန်ဖိုးကြီးမားလှတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာမဟုတ်ဘူး။

ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေက ကိုယ့်ဘိုးဘွားပိုင်မြေဖြစ်တဲ့ တိုင်းပြည်မှာနေထိုင်ပြီး ကိုယ့်လူမျိုးရဲ့ အခြေခံအခွင့်အရေးတွေ မရရှိလို့ အာဏာရအစိုးရတွေကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်နေရတာဖြစ်တယ်။ ဒီလို  မိမိတို့လူမျိုးရဲ့ မွေးရာပါအခွင့်အရေးဆုံးရှုံးနေရလို့ တောင်းဆိုတိုက်ပွဲဝင်နေတာကို ကျဉ်းမြောင်းတဲ့ အမျိုးသားရေးအမြင်လို့ ခေါ်မလား။ လူမျိုးစုံပိုင်ဆိုင်ပြီး လူမျိုးစုံနေထိုင်တဲ့နိုင်ငံမှာ အခြားလူမျိုးတွေရဲ့ရှင်သန်ရပ်တည်ခွင့်ကို အာဏာနဲ့ ပိတ်ပင်တားမြစ်နေတာဟာ မဟာလူမျိုးကြီးဝါဒ မဟုတ်ဘူးလား။ တရားသူကြီး လုပ်ပြီး စဉ်းစားကြည့်စမ်းပါ။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်ပြားလို့ ပြည်တွင်းစစ် အနှစ် (၆၀) ကျော်ရှိခဲ့ပြီ။ ဒီပြည်တွင်းစစ်ကြောင့် တစ်ချိန်က အရှေ့တောင်အာရှ နိုင်ငံတွေအကြားမှာ တပါးသူတွေထက် ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံဟာ အခုတော့ အဆင်းရဲဆုံးနဲ့ ခေတ်နောက်အကျဆုံး နိုင်ငံဖြစ်နေရပြီ။ လွတ်လပ်ပါတယ်ဆိုတဲ့နိုင်ငံမှာ ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး အာဏာရှင်တွေအနိုင်ကျင့်သမျှကို ခံနေကြရတယ်။ နယ်စပ်ဒေသရဲ့ တိုင်းရင်းသားပြည်သူတွေဟာ အစိုးရတပ်ရဲ့အနိုင်ကျင့်တာကို ပိုမို ခံနေရပြီး များစွာသောပြည်သူတွေဟာ စစ်ပြေးဒုက္ခသည်ဘဝ ရောက်နေကြရတယ်။ အတွင်းပိုင်းက ပြည်သူတွေဟာလည်း လယ်ယာမြေများသိမ်းခံရရုံသာမက အရွယ်မရောက်သေးတဲ့ သားငယ်တွေကို စစ်တပ်ထဲ ဆွဲသွင်းခံနေကြရတယ်။ ဒီလိုဖြစ်နေရတာဟာ အရင်းစစ်ကြည့်ရင် ပြည်တွင်းစစ်ကြောင့်၊ ပြည်တွင်းစစ်ဖြစ်နေရတာကို ပြန်စစ်ကြည့်တော့ မဟာလူမျိုးကြီးဝါဒကြောင့်၊ အခွင့်အရေးဆုံးရှုံးသွားလို့ ရုန်းကန်နေရသူနဲ့ သူတပါးအခွင့်အရေးကို လိုက်ပြီးပိတ်ပင်နေသူ နှစ်ဦးအကြားမှာ ဘယ်သူက တရားခံလဲ။ ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ။ အရင်းစစ်ကြည့်တော့ မဟာလူမျိုးကြီးဝါဒအစွဲအလမ်း ဝင်နေလို့ပါပဲ။

ကျွန်ုပ်တို့နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်ပေမယ့် လွတ်လပ်ရေးရဲ့ အရသာကို ပြည်သူတွေ မခံစားရတာဟာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားကို မနာခံလို့ပါ။ ဗိုလ်ချုပ်က “လွတ်လပ်ရေးဆိုတာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးသားလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမှာ တခြားတစ်ဦးတစ်ယောက်ရဲ့အကျိုးကို မထိခိုက်စေဘဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တယ်။ သူတပါးအကျိုးစီးပွားကို အနှောင့်အယှက် မဖြစ်စေရဘူး။ အခြားလူမျိုး အခြားလူတွေရဲ့ အကျိုးကို မထိခိုက်ဘူးဆိုရင် လုပ်နိုင်တယ်။ သို့သော်လည်းပဲ သူများတကာရဲ့ လွတ်လပ်ရေးကို သွားထိပါးတဲ့ လွတ်လပ်ရေးမျိုးဟာ လွတ်လပ်ရေးမဟုတ်ဘူး။ အဲဒါက ဘာလဲဆိုရင် ရမ်းကားမှု ဖြစ်တယ်။ ဒီတော့ လွတ်လပ်ရေးရဲ့ အဓိပ္ပါယ်ဟာ စည်းမဲ့ကမ်းမဲ့ သဘောမျိုးမဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာ ဖြစ်တယ်” လို့ မှာကြားခဲ့တာရှိပါတယ်။

ညီညွတ်မှုနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ရဲ့မှာကြားချက်ကတော့ “တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ စားဖားသမားတွေရဲ့ညီညွတ်ရေး ဒီညီညွတ်ရေးမျိုး ကျုပ်မလိုချင်ဘူး။  တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထု ညီညွတ်ရေး ဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်းပဲ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ် ဖာသည်တိုင်းပြည် ဖြစ်နေမှာပဲ။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့က မပျက်ပါနဲ့။ ဘယ်သူ ဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးပါတယ်” လို့ ၁၉၄၇ ခု၊ ဇူလိုင်လ (၁၃) ရက်နေ့မှာ မိန့်မှာခဲ့ပါတယ်။

ဗိုလ်ချုပ်ရဲ့ ဒီမှာကြားချက်ကို အာဏာရသူတွေ လျစ်လျူရှုပြီး မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးခဲ့လို့ ကျွန်ုပ်တို့နိုင်ငံဟာ ဖာသည်နိုင်ငံ တကယ်ကို ဖြစ်နေရပါပြီ။ မဟာလူမျိုးကြီးဝါဒကို ဘယ်သူတွေက ပိုပြီးမြှင့်တင်ကျင့်သုံးနေတာလဲ။ အာဏာကို လက်ဝါးကြီးအုပ်လိုတဲ့ စစ်ခေါင်းဆောင်တွေပါ။ သူတို့ကိုယ်သူတို့ တကယ့်မျိုးချစ်ပုဂ္ဂိုလ်တွေလို့ ထင်မှတ်နေပြီး တိုင်းပြည်ကို အကာအကွယ်ပေးနေသလိုနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစုံကို ခေါင်းမထောင်နိုင်အောင် ဖိနှိပ်နေတာတွေဟာ လူမျိုးရေးပဋိပက္ခကို ပိုမိုကြီးမားစေတယ်။ ဒါဟာပြည်တွင်းစစ်ကို ပိုမိုနက်ရှိုင်စေပြီး တိုင်းပြည်ကို ပိုမိုဒုက္ခရောက်အောင်လုပ်ဆောင်နေတဲ့ မဟာလူမျိုးကြီးဝါဒရဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးစုံပြည်သူတွေကို ဒုက္ခဖြစ်အောင် ဖန်တီးနေတဲ့ ဒီမဟာလူမျိုးကြီးဝါဒကို ဆက်လက်ကျင့်သုံးနေမယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပိုမိုဆိုးဝါးတဲ့ အခြေအနေကို ရောက်သွားမှာပဲ။ ဒါကြောင့် ဒီမဟာလူမျိုးကြီးဝါဒကို ဆက်လက်ကျင့်သုံးခွင့် ပေးထားမှာလား။ တိုင်းပြည်အေးချမ်းတည်ငြိမ်တိုးတက်ရေးကို လိုလားနေတဲ့ပြည်သူများ ပြတ်ပြတ်သားသား အဖြေပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

နိုင်ဟံသာ (ဆောင်းပါး)

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၅၊ ၂၀၂၁ 

Related Articles

Back to top button