တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

တပ်မတော်က SSPP ကို အားပေးအားမြောက်ပြုသည်ဟု RCSS ၏ ပြောဆိုချက် မမှန်ကန်ကြောင်း ထုတ်ပြန်

တပ်မတော်က SSPP ကို အားပေးအားမြောက်ပြုသည်ဟု RCSS ၏ ပြောဆိုချက် မမှန်ကန်ကြောင်း ထုတ်ပြန်

ဖက်ဒရယ် ဂျာနယ်၊ အောက်တိုဘာ ၃၊ ၂၀၂၁ 

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကို တပ်မတော်မှ အားပေးအားမြောက်ပြုသည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ထုတ်ပြန်ချက်မှာ မမှန်ကန်ကြောင်း SSPP မှ ယနေ့(အောက်တိုဘာ ၃) တွင် ထုတ်ပြန်ခဲ့သည်။

RCSS ၏ တပ်များကို အဆက်မပြတ် လိုက်လံတိုက်ခိုက်ရန် တပ်မတော်က တအာင်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA)၊ SSPP တို့ကို မော်တော်ယာဉ်များဖြင့် ကားလမ်းမအတိုင်း မြို့ရွာများဖြတ်၍ လွတ်လပ်စွာ သယ်ဆောင် ခွင့်ပြုပြီး အားပေးအားမြောက်ပြုသည်ဟု RCSS က အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၎င်းကိစ္စနှင့် ပတ်သက်၍ SSPP က “တပ်မ‌တော်မှ အားပေးအားမြောက်ပြုသည်ဟု ပြောဆိုချက်သည် မမှန်ကန်ပါ။ RCSS ၏ စွပ်စွဲပြောဆိုချက် သက်သက်သာဖြစ်သည်။ မိမိတို့ ရှမ်းပြည်တိုးတက်ရေးပါတီသည် ရှမ်းပြည်နယ်၏ အလယ်ဗဟိုတွင် တည်ရှိသော်ကြောင့် ကားလမ်းမကြီးအချို့ကို အသုံးပြုနိုင်ခြင်းသည် ထူးဆန်းသည်မဟုတ်ပါ” ဟု ထုတ်ပြန်ချက်မှာ ပြော ထားသည်။

ထို့အပြင် SSPP သည် နှစ်ပေါင်းများစွာ အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ RCSS မှ သဘောတူညီချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့ပြီး မိမိတို့ SSPP အရာရှိများနှင့် အမာခံပြည်သူတို့ကို ဖမ်းဆီး သတ်ဖြတ် ခြင်း ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RCSS ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်ကြီး စဝ်ပန်ဖထံသို့ ပေးပို့သောစာအား SSPP မှ ပြန်လည် အကြောင်းကြားခြင်း မရှိဟု ဆိုသည်မှာလဲ မမှန်ကန်ကြောင်း ဆိုသည်။ SSPP နိုင်ငံရေးဦးသျှောင်ဖြစ်သည့် ဗိုလ်ချုပ်ကြီး စဝ်ဆေထင်မှ RCSS ၏ ဥက္ကဌဖြစ်သော ဗိုလ်ချုပ်ကြီး ယွက်စစ်ထံသို့ လိပ်မူ၍ ပေးပို့ခဲ့ပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ထံ ပေးပို့ခဲ့သည့်စာတွင် “ကနဦးခြေလှမ်းအဖြစ် မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်မြေများကို ယခင် နယ်နိမိတ်များ သတ်မှတ်ထားသည့်အတိုင်း RCSS မှ ရှမ်းပြည်တောင်ပိုင်းတွင် တာဝန်ယူ၍ SSPP မှ ရှမ်းပြည်မြောက်ပိုင်း တွင် တာဝန်ယူရန်။ ဘုံရန်မှန်းချက် တူညီမှုရှိသော အကြောင်းအရာများကို ပူးပေါင်း‌ဆောက်ရွက်ပြီး တူညီမှုမရှိသော အကြောင်းအရာများကို ဆက်လက် ဆွေးနွေးသွားသင့်သည်။

ဤသို့ဖြင့် တပ်နှစ်တပ် ပူးပေါင်းရန် ကြိုးပမ်း ဆောင်ရွက် ကြခြင်းသည် ပိုမိုလက်တွေ့ကြပြီး ပေါင်းစည်းခြင်းအတွက် ရလာဒ်ကောင်းများကို ဖော်ဆောင်နိုင်မည်ဖြစ်သည်” ဟု SSPP က ဆိုသည်။

RCSS သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်ဖြစ်ပြီး SSPP ကမူ NCA မထိုးရသေးဘဲ ထိုးနိုင်ရေးဆွေးနွေးနေဆဲ ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

RCSS နှင့် SSPP တို့သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ္မတူ၊ နောင်ချို စသည့် မြို့နယ်များအတွင်း နယ်မြေအငြင်းပွား၍ တိုက်ပွဲများ ယနေ့ချိန်ထိ မကြာခဏ ဖြစ်ပွား လျက်ရှိနေသည်။

Related Articles

Back to top button