
ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးအရေးမယူရင် ပိုအတင့်ရဲ ကျူးလွန် လာမယ်လို့ IIMM သတိပေး
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၈၊ ၂၀၂၅
ရာဇဝတ်မှုများကို လျစ်လျူရှု ထားပြီး အပြစ်ပေးအရေးမယူရင်၊ ကျူးလွန်သူများက နောက်ထပ် ရက်စက် ကြမ်းကြုတ်တဲ့ ကျူးလွန်မှု များလုပ်ဖို့ ပိုအတင့်ရဲလာမှာ ဖြစ်တယ်လို့ အကြိမ် (၆၀) မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလပ်စ် ခွန်ဂျန် (Mr. Nicholas Koumjian) က မြန်မာနိုင်ငံက နိုင်ငံတကာအဆင့်ရှိ ကျူးလွန်နေတဲ့ ရာဇဝတ်မှု သက်သေစုဆောင်းချက် စာတမ်းကို တင်သွင်း ပြောဆိုလိုက်တယ်လို့ IIMM က သတင်း ထုတ်ပြန်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများ ပိုမိုကျူးလွန်နေပြီး မြန်မာ ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲများလည်း ဆက်လက်ဆိုးရွားနေပြီး စစ်တပ်က နိုင်ငံရေးအတိုက်အခံလို့ ယူဆ သူများကို အခြေခံလိုက်နာရမဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများမပါဘဲ လူထောင်ချီပြီး ဖမ်းဆီး ခြင်း၊ ထိန်းသိမ်းထား သူများကို ရိုက်နှက်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း၊ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများနဲ့ စနစ်တကျ ညှဉ်းပန်း နှိပ်စက်တဲ့ အထောက်အထားများကို ယန္တရားက စုဆောင်း ရရှိထားပါတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်က အတိုက်အခံအင်အားစုများနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အရပ်သားများကို ပစ်မှတ် ထားဖို့ လေကြောင်းတိုက်ခိုက်ရေးကို ပိုအားထားလာပြီး အနီးဝန်းကျင်မှာ စစ်ရေးဆိုင်ရာ ပစ်မှတ် တွေမရှိဘဲ၊ အိမ်များ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦများ၊ ဒုက္ခသည် စခန်းများနဲ့ စာသင်ကျောင်းများကို ထိမှန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တဲ့အပေါ် စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့လည်း အသိပေးထားပြီး ဒီရာဇဝတ်မှုတွေမှာ ဘယ်သူက အမိန့်ပေးသလဲ ဖော်ထုတ်ဖို့ အတွက် မြန်မာလေတပ်ရဲ့ အမိန့်ပေးမှုကွင်းဆက် အထောက်အထားတွေ ဆက်လက် စုဆောင်းနေတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လေယာဉ်များ၊ ဒရုန်းများနဲ့ အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငတ်မွတ် ခေါင်းပါးမှုကြုံနေသူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးပို့မှုများကို တားဆီး ဟန့်တားတဲ့ သတင်းများကို စုံစမ်းစစ်ဆေးနေပြီး ရခိုင်ပြည်နယ်ထဲ ကျန်နေတဲ့ ရိုဟင်ဂျာတွေဟာ များသောအားဖြင့် ထိခိုက်နစ်နာသူများဖြစ်နေသလို နောက်ထပ် ရိုဟင်ဂျာ ၁၅၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး၊ ရခိုင်ပြည်နယ်ထဲက လူမျိုးစု အသိုင်း အဝိုင်းအားလုံးလည်း ဒုက္ခရောက်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က ရာဇဝတ်မှု အခြေအနေနှင့် စပ်လျဉ်းပြီး မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ နှစ်ဖွဲ့စလုံးက ကျူးလွန်ခဲ့တယ်ဆိုတဲ့ အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုများနှင့် ပတ်သက်ပြီးလည်း ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးချက်မှာပါတဲ့အတိုင်း အာဆီယံနဲ့ လူ့အခွင့် အရေးကောင်စီက မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုများ ရပ်တန့်ဖို့ တောင်းဆိုထားသော်လည်း အကြမ်းဖက်မှုတွေက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာကာ ရာဇဝတ်မှုများကို လျစ်လျူရှု ထားပြီး အပြစ်ပေးအရေးမယူရင်၊ ကျူးလွန်သူများက နောက်ထပ် ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှု များလုပ်ဖို့ ပိုအတင့်ရဲလာမှာ ဖြစ်တယ်လို့ သတိပေး ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြစ်ဒဏ်ကင်းလွတ်နေတဲ့ သံသရာကို အဆုံးသတ် ဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးဆန္ဒရှိရမှာ ဖြစ်ပြီး ဒီရာဇဝတ်မှုများအပေါ် တရားစွဲလိုမှုနဲ့ တရားစွဲဆိုနိုင် စွမ်းရှိပြီး မြန်မာပြည်သူများရဲ့ ဒုက္ခခံစားမှုကို အဆုံးသတ်ရေး ဆောင်ရွက်လိုတဲ့ သက်ဆိုင်ရာ နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားစီရင်ခွင့်ရ အာဏာပိုင်များကို ပံ့ပိုးကူညီဖို့ ယန္တရားက အသင့်ရှိနေတယ်လို့လည်း IIMM ဘက်က အသိပေးထားပါတယ်။
ယခု သက်သေ စုဆောင်းချက်များဟာ IIMM ယန္တရားအနေဖြင့် မြန်မာ့ပြည်တွင်းက ရာဇဝတ်မှု ကျူးလွန်နေတာနဲ့ စပ်လျဉ်းပြီး မျက်မြင်သက်သေပေါင်း ၆၀၀ ကျော် အပါအဝင် သတင်းပေးအရင်းအမြစ်ပေါင်း ၁၃၀၀ ကျော်မှ အထောက်အထားများကို စုဆောင်းခဲ့ပြီး စိစစ်သုံးသပ်ချက်များ ပြုလုပ်ခဲ့တဲ့ အထောက်အထားတွေကို နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရုံးများရဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများ လွယ်ကူချောမွေ့စေရေးအတွက် အသုံးပြု သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၊ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ အာဂျင်တီးနား ဖက်ဒရယ် တရားရုံးတို့ထံ အထောက်အထားနှင့် စိစစ်သုံးသပ်ချက် အများအပြား မျှဝေပြီးဖြစ်သလို အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံနဲ့ အခြားတရားစီရင်ပိုင် ခွင့်ရ အာဏာပိုင်တွေရဲ့ သီးခြား အချက်အလက် တောင်းဆိုမှုများကိုလည်း တုံ့ပြန်ဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
နိုင်ငံတကာ စစ်မက်ဥပဒေများက အရပ်သားများနဲ့ ဖမ်းဆီးရမိတဲ့ တိုက်ခိုက်ရေးသမားများကို အကာအကွယ် ပေးထားသလို အရပ်သားများကို လုံးဝပစ်မှတ်မထားရဘူးလို့လည်း IIMM ဘက်က မြန်မာနိုင်ငံက တပ်ဖွဲ့ပေါင်းစုံရဲ့ တပ်မှူးများ ကြားသိအောင် သတိပေး ပြောဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိတဲ့ တိုက်ခိုက်ရေးသမား များကို နှိပ်စက်ခြင်း၊ ကွပ်မျက်ခြင်း လုံးဝမပြုလုပ်ရသလို ဒီကျူးလွန်မှု သတင်းတွေ ရရှိတဲ့အခါ၊ ကျူးလွန်သူ နဲ့ ထိခိုက်နစ်နာသူများရဲ့ နိုင်ငံရေး ယုံကြည်ချက်နဲ့ လူမျိုးစုဖြစ်တည်မှုတွေကို မခွဲခြားဘဲ အထောက်အထားများကို ဆက်လက် စုဆောင်းသွားမှာ ဖြစ်ကာ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် တစ်နေ့မှာ ပြစ်မှုကျူးလွန်သူများနဲ့ ရာဇဝတ်မှုများကို တားဆီးအရေးယူရန် တာဝန်ပျက်ကွက်ခဲ့တဲ့ စစ်ခေါင်းဆောင် များကို အရေးယူ အပြစ်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ဓါတ်ပုံ – Independent Investigative Mechanism for Myanmar