
နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ
လစဉ်အစီရင်ခံစာ(၂၀၂၅ ခုနှစ် ဇွန်လ)
နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာပြုစု၍ ထုတ်ပြန် လျက်ရှိပါသည်။ ယခုစာတမ်းတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခ များကြောင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေး ရဲဘော်များ နှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ အရပ်သား ပြည်သူများသေဆုံးမှုနှင့် တော်လှန်ရေးတပ်ပေါင်းစုများ၏ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများ ကို စုစည်းတင်ပြ ထားပါသည်။
အပိုင်း (၁)
ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့် လုံခြုံရေး နောက်ဆက်တွဲ အခြေအနေများ
(က) တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများ
၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့ အကြား ထိတွေ့ပစ်ခတ်မှု အကြိမ်ပေါင်း(၉၈)ကြိမ်ကျော်ရှိခဲ့ရာ ကရင်ပြည်တွင်(၂၅)ကြိမ်၊ ကချင်ပြည် တွင်(၂၀)ကြိမ်၊ ရှမ်းပြည်တွင်(၁၈)ကြိမ် နှင့် ရခိုင်ပြည်တွင်(၁၅)ကြိမ်၊ ချင်းပြည်တွင် (၁၀) ကြိမ်၊ ကရင်နီပြည်နှင့် မွန်ပြည်တွင် (၅)ကြိမ် အသီးသီး ဖြစ်ပွားကြောင်း မှတ်တမ်း တင်နိုင်ခဲ့သည်။
ဇွန်လ တစ်လတာစစ်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရခိုင်ပြည်တွင် (၁၅၀) ဦး၊ ကရင်ပြည်တွင် (၁၃၆)ဦး၊ ကချင်ပြည်တွင် (၁၀၀) ဦး၊ ကရင်နီပြည်တွင်(၅၉)ဦး၊ ရှမ်းပြည်တွင် (၄၀) ဦး၊ ချင်းပြည်တွင် (၁၅)ဦးနှင့် မွန်ပြည်တွင် (၈) ဦးစသည်ဖြင့် စုစုပေါင်း (၅၀၈) ဦးခန့် နှင့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ ဘက်မှလည်း (၁၃) ဦးခန့် ကျဆုံးခဲ့ ကြောင်းမှတ်တမ်း တင်နိုင်ခဲ့ပါသည်။
(ခ) တိုက်ပွဲဖြစ်ပွားမှု ဒေသများ
(၁) ကချင်ပြည်
ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ် ဒေသများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ စစ်ကာင်စီသည် ဖားကန့်မြို့နယ်ရှိ လမောင်ကုန်း (lamawnh Bum) နှင့် မော်မောကုန်း (Mawmau Bum) နှစ်ခုကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် လက်နက် အင်အားများ ဖြည့်တင်းလျက်ရှိကာ တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။
(၂) ချင်းပြည်
ချင်းပြည်တွင် တီးတိန်မြို့နယ် မွာလ်ပီးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ချင်းလဲင်းအစိုးရတပ်မတော် နှင့် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့, PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ စစ်ကောင်စီ တပ်သည် ခိုင်ကမ်းဆင်စခန်း၊ ကလေး-တီးတိန် လမ်းမပေါ်ရှိ လေထန်ကုန်း ခေါ် ထန်မွာလ် နှင့် ထေးဇန် ကျေးရွာ ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။
(၃) ကရင်နီပြည်
ကရင်နီပြည်ဒေသတွင် ဖားဆောင်းမြို့နယ်၊ ဒီးမောဆို့မြို့နယ်၊ ရှမ်း-ကရင်နီအစပ်ဒေသ များတွင် ကရင်နီပြည် တပ်မတော်-KA နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ရှမ်း-ကရင်နီ နယ်စပ်ဒေသဖြစ်သည့် မိုးဗြဲဒေသတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။
(၄) ကရင်ပြည်
ကရင်ပြည်ဒေသတွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဌာနချုပ်အဖြစ် ၁၉၉၅ မှ ၁၉၉၇ ခုနှစ်အထိ ၂၈ နှစ်ကြာ အသုံးပြုခဲ့ဖူးသည့် ဒူးပလာယာခရိုင် ရှိ ထီးကပလယ် စခန်းကို ဇွန်လ ၂၂ ရက်နေ့တွင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ထီးကပလယ် စခန်းကို ကေအဲန်ယူ လက်အောက်ရှိ KNLA, KNDO, KTLA နှင့် NUG လက်အောက်ရှိပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၅ တပ်စွဲထားသည့် အီးသာခေ (ဗောဓိ) စခန်းကို KNLA ပူးပေါင်းတပ်များက ဇွန်လ ၁၀ ရက်နေ့က သိမ်းပိုက် နိုင်ခဲ့ပါသည်။
(၅) ရခိုင်ပြည်
ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတို့သည် ဂွမြို့နယ်၊ ဧရာဝတီတိုင်းဒေသ, မကွေးတိုင်းဒေသအချို့တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ မြေပုံမြို့နယ် ကျွန်းသာယာတွင် တပ်စွဲထားသည့် အမြောက်တပ် (ခ) ခဝဲစခန်းသည် ဇွန်လအတွင်း တပ်ရုတ်သိမ်းသွားသဖြင့် ရခိုင်ပြည်နယ်တွင် မြေပုံမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သည့် မြို့နယ်ဖြစ်လာခဲ့ပါသည်။ ကျောက်ဖြူမြို့နယ်တွင်လည်း စစ်ကောင်စီသည် ရေကြောင်း နှင့် လေကြောင်းမှ လက်နက်မျိုးစုံဖြင့် ပစ်ခတ်လျက်ရှိပါသည်။ အာရက္ခ တပ်တော် (AA) သည် အမ်းနှင့် ပဒါန်းလမ်းပေါ်ရှိ MPT တာဝါတိုင် စခန်းကုန်းကို ဇွန်လအတွင်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။
(၆) မွန်ပြည်
မွန်ပြည်တွင် ရာမညမွန်တပ်တော် (RMA) နှင့် စစ်ကောင်စီတပ်တို့သည် ရေးမြို့နယ်၊ သံဖြူဇရပ် မြို့နယ်တို့တွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘြ အရပ်သား ပြည်သူများရှိသည့်နေရာများကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ မွန်ပြည် မုဒုံမြို့နယ် ဒေသများတွင် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။
(၇) ရှမ်းပြည်
ရှမ်းပြည်ဒေသတွင် နောင်ချိုမြို့နယ်၌ စစ်ကောင်စီနှင့် TNLA တို့အကြား တိုက်ပွဲများ ပြင်းထန် ခဲ့ပါသည်။ ရှမ်းတောင် ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် – PNO တို့မှ စစ်ကြောင်းထိုးခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်လျက်ရှိပါသည်။ စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ် ၏အချို့ဒေသများတွင် မကြာခဏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။
အပိုင်း (၂)
အရပ်သားပြည်သူများအပေါ် တိုက်ပွဲ၏ အကျိုးအဆက်များ
(က) အရပ်သားပြည်သူ သေဆုံးမှု
၂၀၂၅ ခုနှစ် မတ်လအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှု၊ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းကြောင့်ထိခိုက်မှု၊ တိုက်ပွဲအတွင်း ပစ်ခတ်မှုများနှင့် သတ်ဖြတ်ခံရမှုများကြောင့် အရပ်သားပြည်သူ (၁၁၃) ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင် ခဲ့သည်။ ထိုသေဆုံးမှုများမှာ ကချင်ပြည်တွင်(၅၇)ဦး၊ ကရင်ပြည်တွင်(၂၂)ဦး၊ ကရင်နီပြည်တွင်(၁၂)ဦး၊ ရှမ်းပြည်တွင် (၁၁) ဦး၊ ရခိုင်ပြည်တွင် (၇) ဦး၊ မွန်ပြည်တွင် (၃) ဦးနှင့် ချင်းပြည်တွင် (၁) ဦး စသည်ဖြင့် အသီးသီး မှတ်တမ်း တင်နိုင်ခဲ့သည်။
(ခ) အိုးအိမ် ပျက်စီးမှု
၂၀၂၅ ခုနှစ်၊ မတ်လအတွင်း တိုင်းရင်းသားဒေသအသီးသီးတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်းလက်နက်ကြီး ထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ်(၁၀၀)ကျော်ပျက်စီးခဲ့ကြောင်း မှတ် တမ်းတင်နိုင်ခဲ့ပါသည်။ ရှမ်းပြည်တွင်(၄၈)ကျော်၊ ကချင်ပြည်တွင်(၂၀)ကျော်၊ ကရင်ပြည်တွင်(၁၂)ကျော် နှင့် ရခိုင်ပြည်တွင် (၁၀) ကျော် နှင့် ချင်းပြည်နှင့် ကရင်နီပြည်တွင် နေအိမ် (၅) လုံးကျော် စသည်ဖြင့် ပျက်စီးမှု အခြေနေများကို တွေ့ရှိခဲ့ရပါသည်။
ကိုးကားချက်များ –
၁) လွတ်လပ်သော ပြည်တွင်း သတင်းမီဒီယာများနှင့် တိုင်းရင်းသားသတင်းမီဒီယာများ
၂) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများ
၃) ဖက်ဒရယ်ဂျာနယ်-မြန်မာမှ မေးမြန်းချက်၊ စုစည်းချက်များ