
ဆန္ဒအခြေခံနိုင်ငံရေးနှင့် အထောက်အထားအခြေခံနိုင်ငံရေး [Evidence based politics]
ခွန်စိုးမြင့် [ပ၊ အ၊ မ၊ ဖ] ၊ အတွေးအမြင်
▪️ လူတိုင်းမှာ များသောအားဖြင့် မိမိလူမျိုးအတွက်၊ မိမိတိုင်းပြည်အတွက်၊ မိမိအသိုင်းအဝိုင်းအတွက်၊ ပိုမိုကောင်းမွန်အောင်လုပ်ပေးလိုတဲ့ ဆန္ဒရှိတတ်ကြပါတယ်။ ထိုမှ တဆင့် မိမိဖြစ်လို မြင်လိုတဲ့ အမျိုးသားရေး ပတ်ဝန်းကျင်ကို ဖန်တီးလုပ်ဆောင်တတ်ကြပါတယ်။ ထိုသို့ဆောင်ရွက်လုပ်ဆောင်ရာမှာ မိမိစိတ်ဆန္နသက်သက် အခြေခံပြီး လုပ်သွားကြတာများတတ်ပါတယ်။ ထို့အတူပဲ လူငယ်တွေကလည်းပဲ နိုင်ငံရေး သို့မဟုတ် အမျိုးသားရေး လုပ်ငန်းတွေကို မိမိရဲ့ ဆန္ဒအပေါ် အခြေခံပြီး စခဲ့ကြတာချည်းပဲလို့ယူဆတယ်။
▪️ မိမိဆန္ဒကိုအခြေခံပြီး နိုင်ငံရေးကိုလုပ်ရင် မကောင်းဘူးဆိုတော့ မဟုတ်ပါဘူး ကောင်းပါတယ်၊ ဒါပေမယ့် တခါတလေ မိမိဖြစ်စေချင်တဲ့ဆန္ဒနဲ့ မိမိအမျိုးသားရေးလိုအပ်နေတဲ့အရာက ကွဲလွဲနေတတ်ပါတယ်။ နောက်တစ်ခုက မိမိဆန္ဒကိုသာအခြေခံံသည့်အတွက်ကြောင့် မိမိဆန္ဒနဲ့ သွေဖည်နေတဲ့ အယူအဆရှိသူ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် တွေဆိုရင် ပထုတ်ပြီး မိမိဆန္ဒနဲ့ နီးစပ်မှုပိုရှိတဲ့လူတွေနဲ့ပဲ အတူတူအလုပ်လုပ်လိုကြတာတွေလည်းရှိပါတယ်။
ဤသည် လူမျိုးတစ်မျိုးမှာ ဂိုဏ်းဂဏ စတင်ပေါက်ဖွားလာစေတဲ့ အခြေခံအကြောင်းရင်းတစ်ခုဖြစ်သလို၊ ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားတဲ့စိန်ခေါ်မှုကိုလည်းဖြစ်စေတတ်ပါတယ်။ လူတိုင်းလူတိုင်း မိမိဆန္ဒကိုသာ ရှေ့တန်းတင်ပြီး အမျိုးသားရေးကိုဆက်လုပ်နေကြမယ်ဆိုရင် အမျိုးသားညီညွတ်မှုအတွက် တည်ဆောက်နိုင်ဖို့ လည်းလွယ်ကူတော့မှာမဟုတ်ပါဘူး။
▪️ ဒါကြောင့် မိမိဆန္ဒအခြေပြုပြီး နိုင်ငံရေး လုပ်နေခြင်းထက် အထောက်အထားအခြေပြု နိုင်ငံရေး [Evidence based politics]
ဘက်သို့ ပြောင်းလဲလုပ်ဆောင်တတ်ဖို့အင်မတန်လိုအပ်ပါတယ်။
အထောက်အထားအခြေပြုနိိုင်ငံရေးဆိုတာဘယ်လိုမျိုးပါလဲ?
▪️ လူမျိိုးတစ်မျိုးချင်းစီတိုင်းမှာ မိမိအမျိုးသားရေးကို ရှေး သမိုင်းစဉ်ဆက်ကတည်းက လှုပ်ရှားဆောင်ရွက်ခဲ့လာတဲ့ အစဉ်အလာဆိုတာ အနည်းနဲ့အများရှိထားပြီးသားဖြစ်မှာပဲ။ တစ်ချို့ဆိုရင် ယခုထက်ထိ ရှင်သန်နေဆဲလည်း ရှိတတ်ပါတယ်။ ဥပမာ သမိုင်းကြောင်းရှည်ကြာစွာ ရပ်တည်ရှင်သန်လာခဲ့ကြတဲ့ တော်လှန်ရေးအဖွဲ့အစည်း တွေလိုမျိုး၊ နိုင်ငံပါတီတွေလိုမျိုးပေါ့။
▪️ လူငယ်တွေအနေနဲ့က အဆိုပါ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုသမိုင်းကြောင်းတွေရဲ့ အောင်မြင်မှု၊ ကျရှုံးမှု၊ အားနည်းမှု၊ လစ်ဟာမှု၊ တစ်ချို့ဆိုရင် ပြန်လည်ပျောက်ကွယ်သွားတဲ့ အဖွဲ့အစည်းများ စတဲ့ အတိတ်သမိုင်းရဲ့ အထောက်အထား [Historical evidences] ကို ရှင်းနေအောင် သိထားဖို့လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် နောကြေနေဖို့ လိုအပ်ပါတယ်။ မိမိလူမျိုးရဲ့ ရှေးလူကြီးတွေက အမျိုးသားနိုင်ငံရေးကို ဘယ်လိုအစပျိုးပြီး ဖြစ်တည်လာခဲ့ကြသလဲ။ လုပ်ပုံလုပ်နည်းတွေဘယ်လိုရှိသလဲ။ အစည်းအဝေးကို ဘယ်လိုကျင်းပလာသလဲ? လူတွေကို ဘယ်လို စုလာသလဲ။ ထိုမှ နိုင်ငံရေးကို ဘယ်လိုလုပ်ကြသလဲ။ ဆိုတာတွေကို လေ့လာ သင်ယူဖို့ အင်မတန် လိုအပ်တယ်၊ သမိုင်းတစ်လျှောက်လုံးမှာ အားနည်းချက် အားသာချက်ကဘာလဲ ဆိုတာကို နောင်းလာ လူငယ်တွေ ကြိုတင်လေ့လာဖို့အပ်ပါတယ်။ ပြီးကျလို့ရှိရင် လက်ရှိမျက်မှောက်နိုင်ငံရေးအခြေအနေမှာ မိမိလူမျိုးက ဘာကို တောင်းဆိုနေသလဲ? ဘာလိုအပ်နေသလဲ? [People needed, Youth needed, Community needed] စတာတွေနဲ့ ပေါင်းစပ် တွေးတောကြံံစည်ပြီး မိမိအမျိုးသားရေးကိုလုပ်ဆောင်ဖို့လိုအပ်တယ်။ ဒါမှ ပိိုမိုကျယ်ပြန့်တဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကိုဖော်ဆောင်နိုင်မှာဖြစ်တယ်။
▪️ ဒီအခြေခံကိုသိထားပြီးရင် ဒီအရေးကို လုပ်ဖို့ ဘယ်လိုလူတွေ လိုအပ်လာမလဲ? အဲ့ဒီလူတွေကို ဘယ်လိုစည်းရုံးမှာလဲ? ဆိုတာ နောက်တစ်ဆင့် တက်လာမှာဖြစ်တယ်။ လူရှိခဲ့သည့်တိုင်အောင် လုပ်မယ့်အလုပ်နဲ့ ရှိတဲ့လူတွေရဲ့ စွမ်းဆောင်နိုင်မှုအရည်အချင်း[Capabilities] က ဘယ်လောက်ရှိထားသလဲ ဆိုတာ သုံးသပ်ရသေး တာ၊ အဲ့ဒီလူအယောက်ချင်းဆီတိုင်းမှာ ရှိတဲ့ အမျိုးသားရေးအပေါ် Commitment တွေကော ဘယ်လောက် ရာခိုင်နှုန်း (%) ရှိသလဲ/ခိုင်မာသလဲဆိုတာ ဆန်းစစ်ရသေးတာ။ ဒါမှသာ ဘောလုံးအသင်း တစ်သင်းလို ဟန်ချက် ညီညီ ကစားသွားလို့ရမှာ ဖြစ်တယ်။
▪️ မိမိက အကယ်လို့ မှန်ကန်တဲ့ အမျိုးသားရေးကို လုပ်ချင်တယ်ဆိုရင်တော့ မိမိဆန္ဒတစ်ခုတည်းနဲ့ သွားလို့ပါက ရမှာမဟုတ်ဘူး။ မိမိ၏ အမြင်တူတဲ့လူတွေရှိသလို မတူတဲ့လူတွေလည်း ပါလာနိုင်မှာပဲ။ မတူညီတဲ့ အမြင်ရှိသူ ယူဆချက်ရှိသူတို့၊ အတွေးအခေါ်ရှိသူတွေကို ပထုတ် ချန်လှပ်ထားနေစရာမလိုပါဘူး။ အားလုံးပါဝင်ခွင့်ရှိတဲ့ အမျိုးသားနိုင်ငံရေး အခင်းအကျင်း (Inclusive Political Institution / Space / Platform) ကိုသာ ဖန်တီးပေးဖို့ပဲ လိုအပ်တယ်။
အဲ့ဒီအခင်းအကျင်းပေါ်လာပြီဆိုတာနဲ့ အဲ့ဒီနေရာမှာ စပြီး ဒီမိုကရေတစ်စံတန်းဖိုးဆိုတာ အမျိုးသားစည်းလုံး ညီညွတ်ရေး သို့မဟုတ် အားလုံးပါဝင်ခွင့်ရှိတဲ့ အမျိုးသားနိုင်ငံရေး အခင်းအကျင်းကို သွားမည်ဆိုရင်တော့ အဓိက အခြေခံအကျဆုံးသောအရာဟာ (We all are equal) ဆိုတဲ့ အခြေခံ ခံယူချက် ဖြစ်တယ်။ We all are equal ဆိုတာ ဘာမှန်းမသိ၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်လား၊ ကိုယ့်တပည့်လား၊ တခါတရံ ကိုယ့်ပြိုင်ဘက်လား ဆိုပြီး သွားနေလို့လည်း အဆင်မပြေဘူး။
တချို့ ဒီမိုကရက်တွေက ရှိသေး၊ မိမိပါးစပ်ကသာ ဒီမိုကရေစီ လူ့အခွင့်အရေး ဘာညာ အော်သာအော်တာ တကယ့်(လက်တွေ့) နှဖူးတွေ့ ဒူးတွေ့ တွေ့ကြုံလာတော့ မိမိကိုယ်ကို ဒီမိုကရေစီ စံတန်းဖိုးတွေကို လျစ်လျူရှု သွေဖည်ပြီး အလုပ်လုပ်တဲ့ လူတွေလည်း တစ်ပုံတပြင်ကြီးတွေလည်း တွေ့နေရပါတယ်။ ဒါမျိုးလည်း အဆင်မပြေနိုင်ဘူး။ ကွဲမှာပဲ။
▪️ဒါကြောင့် တချို့ အမျိုးသားရေးစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဝေမျှချင်တာ အမျိုးသားနိုင်ငံရေးမှာ မိမိဆန္ဒတစ်ခုတည်းကိုပဲအခြေခံပြီးလုပ်နေလို့ရှိရင် တစ်ချို့ လုပ်ရပ်တွေက ပညာရပ်ပိုင်းဆိုင်ရာရှုတောင်ကနေ ကြည့်လည်းလုပ်တဲ့လုပ်ရပ် ခံယူထားတဲ့ စံတန်ဖိုးတွေကဟုတ်မနေဘူး ဘောင်ဝင်မနေဘူး၊ အမျိုးသားရေး ရှုတောင့်ကနေ ကြည့်လည်း ဟုတ်မနေသေးဘူး၊ နိုင်ငံရေးရှုတောင့်ကနေ ကြည့်နေလည်း မဟုတ်နေဘူးဆိုတာကို အများကြီးတွေ့လာရမှာဖြစ်တယ်။ နောက်ဆုံး တက်ကြွလှုပ်ရှားသူ [Activist] ရှုတောင့်ကနေ ပြန်ပြောင်း ကြည့်နေရတာတွေလည်းရှိတယ်။ အဲ့တာမှပဲ တချို့လုပ်ရပ်တွေအတွက် အံဝင်ခွင်ကြဖြစ်ပါတော့တယ်။
▪️ ပြောရလို့ရှိရင် အမျိုးသားနိုင်ငံရေးဟာ အင်မတန်မှ နုညံ့သိမ်မွေ့သလို နက်လည်းနက်နဲနေလေတော့ ငါဒါလုပ်ချင်တယ်ဆိုပြီး ထလုပ်တိုင်း မဖြစ်နိုင်ပါဘူး၊ ဒါငါ့ဟာ ငါ့အဖွဲ့အစည်းဆိုပြီးတော့လည်း လုပ်နေလို့မရပါဘူး၊ အထားအခြေပြုနိုင်ငံရေးကို တွန်းတင်နိုင်မှသာလျှင် အမျိုးသားနိုင်ငံရေးဟာ ပိုမို ကျစ်လစ်စည်းလုံးပြီး အောင်မြင်လာမှာဖြစ်တယ်။ သို့မဟုတ်ရင် လုပ်တယ်ဆိုရုံလောက်လေးနဲ့ပဲ အရာရာဟာနိဂုံးချုပ်သွားပါလိမ့်မယ်။
ခွန်စိုးမြင့် [ပ၊ အ၊ မ၊ ဖ]